Sunday, March 21, 2021

ရင်နင့်ဖွယ် သာသနာရေး ရှုခင်းတစ်ကွက်

(ရဟန်းရှင်လူ ပြည်သူမည်သော ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ဤစာကို ဖတ်ရှု၍ . . . အသီးသီးသော မိမိတို့ သန္တာန်၌ တည်ကြည်သော၊ ရဲရင့်သော၊ မတုန်လှုပ်သော သဒ္ဓါတရား ရှိ/မရှိ စစ်ဆေးနိုင်ပါသည်။)

လက်ရှိနွေဦး ကာလ၌ . . . မျိုးဆက်များစွာ ကာလပတ်လုံး သပ်ထိုးခံထားရမှုကြောင့် ဖြစ်တည်ခဲ့သည့် မြန်မာ့ပြဿနာ အဟများ ဖြစ်ကြသော တိုင်းရင်းသားရေး နှင့် လူမျိုးရေးတို့ ပြေလည်မည့်လမ်းစ မြင်နေရပြီ ဖြစ်သည်။ ဥပမာ . . . ကာလရှည်ကြာ ကြုံတွေ့ခဲ့ရသည့် တိုင်းရင်းသားများ၏ ဒုက္ခမျိုးစုံကို မြန်မာတို့ ကိုယ်တွေ့ကြုံ၍ နားလည်နိုင်ပါပြီ၊ စာနာနိုင်ပါပြီ၊ တိုင်းရင်းသားတို့ သွေးစည်းကြပါစို့ဟု ကျယ်ကျယ်လောင်လောင် အသံထွက်နေကြပြီး အာဏာရှင် ပြည်မကြီး တရုတ်ကို အာဏာရှင် အားပေးမှုဖြင့် နားကြည်းသော်လည်း လက်တွဲဖော် ရုန်းကန်ဖက်ဖြစ်သည့် မြန်မာနိုင်ငံသား ခံယူထားသည့် တရုတ်စစ်စစ်များ၊ သွေးနှောတရုတ်များနှင့် အတူတကွ သွေးစည်းနိုင်ကြောင်း ကြွေးကြော်နေကြပြီ ဖြစ်သည်။ ရွှေပြည်တော် မျှော်ရန်မဝေးတော့မည့် အလားအလာကောင်းများ ဖြစ်ပေသည်။ သို့သော် အခြေခံကျသည့် ဗြဟ္မစိုရ်တရားလေးပါး အပါအဝင် မြတ်စွာဘုရားရှင်၏ တရားဓမ္မ အနှစ်သာရများနှင့် အလှမ်းဝေးကွာ သွားရုံမျှမက ဓမ္မ၏ ဖီလာလမ်းသို့ပင် လျှောက်မိလျက်သား ဖြစ်သွားကြသည့် ရဟန်းတော် တော်တော်များများပါ ပါဝင်သည့် မြန်မာဗုဒ္ဓဘာသာ အုပ်စုတစ်ခု အမြင်မှန်ရဖို့ အရေးကား လမ်းစဝေးနေဆဲပင် ဖြစ်သည်ဟု စစ်မှန်သော သာနာရေး အသိဖြင့် ရင်နင့်စွာ နားလည်မိပါသည်။

ထိုဗုဒ္ဓဘာသာအုပ်စု အစွန်းရောက်သွားစေရန် တွန်းအားပေးခဲ့သည်မှာ အာဏာရှင် လူလည်လူယုတ်ကြီးတို့၏ သပ်လျှိုမှု အယုတ်ပယောဂ သက်သက်ကြောင့်ကား မဟုတ်ဟု ဖြည့်စွက်စရာ အကျည်းတန် အကြောင်းတစ်ရပ်ကိုပါ မြင်မိသည်။ ဖြည့်စွက်စရာ ထိုအကြောင်းကား အဘယ်ပါနည်း။ မြန်မာ့ရေမြေ မြန်မာ့ပိုင်နက် အတွင်းမှာပင် ဘာသာခြားတို့နှင့် ယှဉ်ပြိုင်၍ သာသနာပြုရေးအတွက် ဘက်ပေါင်းစုံမှ အ‌ရေးမလှ၊ အရည်အချင်း မပြည့်ဝဘဲ ဗြောင်ကျကျ တစ်ဘက်ပိတ်ကာ သာသနာရေး အသာစီး မတရား ရလိုမှုဖြင့် မတော်မတရား အားကိုးမှားပြီး အာဏာရှင် အစုအလွှာကို သာသနာ့ဒါယကာ ပြုလုပ်၍ အညစ်တုံးများကို မှီခိုကာ သာသနာပြုရန် အားထုတ်ကြခြင်း အကြောင်းတရား ဖြစ်ပါသည်။ ထိုသို့ ကြိုးစားရင်း အာဏာကိုသာ အလေးမူသော အာဏာရှင်တို့၏ အသုံးချခံ အနင်းခံ ဖြစ်သွားကြရသည်ဟု ရင်နင့်စရာကို ပြတ်သားစွာ မြင်မိပါသည်။ (အရေးကြီးပါသဖြင့် ဤစာပိုဒ်ကို အနည်းဆုံး နောက်တစ်ခေါက် ပြန်ဖတ်၍ အထပ်ထပ် သုံးသပ်ပါရန်။)

အထက်က ဆိုခဲ့သည့် အ‌ရေးမလှ အရည်အချင်း မပြည့်ဝမှု ဥပမာ အနေဖြင့် . . . (တိုးတက်သည့် နိုင်ငံတော်သစ်၌ အရေးတကြီး မလိုအပ်တော့မည့်) ကျန်းမာရေး နှင့် ပညာရေး စွမ်းဆောင်ချက် သာသနာပြု ပရဟိတ ကိစ္စနှစ်ခုကို ညွှန်ပြလိုပါသည်။ သာသနာပြု ကျန်းမာရေး ပရဟိနှင့် ပတ်သက်လျှင် အိမ်ကျယ်ဖြစ်တော်မူကြ‌သော မြန်မာပရဟိတ ဘုန်းတော်ကြီးများ အနေဖြင့် ကမ္ဘာ့တန်းဝင် မာသာထရီဇာ၏ နှလုံးသားကို ယှဉ်နှိုင်ရန် မလွယ်ပါ။ အများစုမှာ ဒေါက်တာ ဆင်သီယာမောင်၏ ခြေဖျားကိုပင် မော့ကြည့်ရမည့် အခြေအနေ ဖြစ်ပါသည်။ ဘုန်းတော်ကြီးများ ဦးဆောင်သည့် ပရဟိတ ဆေးရုံဆေးခန်းများ၏ လူမှုအကူအညီကို ငြင်းပယ်စရာ မရှိသော်လည်း ထိုဆေးရုံ ဆေးခန်းများက ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးမှ သာမဏေငယ် များစွာတို့၏ ဒက်ချေးကို အမြစ်ဖြတ်ပြီး သာသနာ အသရေတင့်အောင် ဆောင်ရွက်ရေးကဲ့သို့သော အခြေခံ ကိစ္စများကို မေ့လျော့နေသည်မှာ အလှမ်းကျယ်၍ အလယ်လပ်ခြင်းဟု ဆိုရမည်သာ ဖြစ်ပါသည်။ သာသနာပြု ပညာရေး ပရဟိတနှင့် ပတ်သက်လျှင် နောက်ခံကောင်း၍ စနစ်ကျသည့် မစ်ရှင်ကျောင်းများကို ပြည်သူတို့၏ မူးစုပဲစု အလှူငွေ နှင့် ပရဟိတ ဆရာ ဆရာမများကို အားကိုးအားထား ပြုရသည့် ယိုင်နဲ့နဲ့ ဘုန်းတော်ကြီးသင် (အများစုမှာ ဘုန်းတော်ကြီးမသင်) ပညာရေးကျောင်းများက မည်သို့ ယှဉ်နိုင်ပါမည်နည်း။ အခြေအနေကို သူတော်ကောင်းစိတ်နှင့် သမာသမတ်ကျကျ မသုံးသပ်နိုင်သည့်အပြင် လူကြီးလူကောင်းစိတ်ပင် မမွေးမြူနိုင်ဘဲ ဗြောင်ကျကျ တစ်ဘက်ပိတ်ကာ သာသနာရေး အသာစီး မတရား ရလိုမှုဖြင့် မတော်မတရား အားကိုးမှားပြီး အာဏာရှင် အစုအလွှာကို သာသနာ့ဒါယကာ ပြုလုပ်၍ အညစ်တုံးများကို မှီခိုကာ သာသနာပြုရန် ကြိုးစားရင်း အာဏာရှင်တို့၏ အသုံးချခံ အနင်းခံ ဖြစ်သွားရသည်ဟု ရိုးသားစွာ မြင်မိပါသည်။ အဆိုးမြင်လွန်းသည်ဟု အပြစ်မဆိုစေလိုပါ။ ကဏ္ဍများစွာမှ အားနည်းချက် များစွာကို ရိုးသားရဲရင့်စွာ မြင်အောင်ကြည့်ပြီး လိုအပ်ချက်တို့ကို အစွမ်းကုန် ဖြည့်ဆည်းကြရန် ညွှန်ပြလိုရင်း ဖြစ်သည့် ကုသိုလ်စေတနာ ဇောအစုကို အသိအမှတ် ပြုနိုင်ကြစေချင်ပါသည်။

ယုတ်နိမ့်သော အစွန်းရောက် အမြင်ကို စွမ်းရည်ပြည့်ဝသော ဗြဟ္မစိုရ် အမြင်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသည်။ ထိုသို့ ပြောင်းလဲနိုင်ရေးအတွက် ပြောင်းလဲမှုများစွာ လိုအပ်ပါသည်။ ဥပမာ . . . ပညာရေးစနစ်ကို ပြောင်းလဲရပါမည်။ တိပိဋက နှင့် နိကာယ်ဆိုင်ရာ သာသနာရေး လုပ်ငန်းများကဲ့သို့ ပရိယတ် သက်သက်ကို ရှေးရိုးနည်းအတိုင်း ထိန်းသိမ်းထားသည့် နယ်ပယ်တစ်ခုကို သီးခြားတန်ဖိုးဖြင့် သီးခြားထားရှိပြီး ဗုဒ္ဓတက္ကသိုလ်များ၊ ဗုဒ္ဓဓမ္မ ကောလိပ်များကဲ့သို့ စနစ်သစ် ဗုဒ္ဓဘာသာ ပညာရေး နယ်ပယ်ကို ကမ္ဘာ့ပညာရေးစနစ်၊ ကမ္ဘာ့လူနေမှု ပုံစံတို့နှင့် အစပ်အဟပ်တည့်အောင် ပုံဖော်ရမည် ဖြစ်ပါသည်။ လက်ရှိ အခြေအနေမှာ ဟန်မကျသေးပါ။ ဘွဲ့နှင်းသဘင် ခမ်းမများ ခမ်းနားနေရုံမျှနှင့် နှလုံးလှ ပညာတတ် သာသနာပြု ပုဂ္ဂိုလ်ကျော်များ ထွက်ပေါ်မလာနိုင်သည်ကို သတ္တိရှိရှိ ကြည့်မြင်နိုင်ဖို့ လိုပါသည်။ မဝေးတော့သည့် အပွင့်ကမ္ဘာ၌ အားပြိုင်မှု များစွာကို ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပါ။ မျှမျှတတ စနစ်တကျ ရေရှည်ယှဉ်ပြိုင် သာသနာ ပြုနိုင်ရေးအတွက် အစုအဖွဲ့လိုက် စည်းလုံးစွာ လုပ်ဆောင်မှုဆိုင်ရာ နည်းနာနယ များစွာကို လေ့လာသင်ယူပြီး လက်တွေ့ ကျင့်သုံးနိုင်ဖို့လည်း လိုပါလိမ့်မည်။

ထိုသို့ မစွမ်းဆောင်နိုင်ပါက . . . နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားရေး၊ လူမျိုးရေး ကဏ္ဍတို့၌ ပန်းပေါင်းဝေဆာသည့်တိုင်အောင် သာသနာရေး လောက၌ ပေါင်းမျိုးစုံ ရှုပ်ထွေးလျက် ရှိနေဦးမည်သာ ဖြစ်ပါကြောင်း။

***

ဝီမံသနပေါထုဇ္ဇနိကသဒ္ဓါဖြင့်
သာသနာတော်ကို မြတ်နိုးလျက်
ရှင်အာစာရ (PhD, BDh)
၂၁-၃-၂၀၂၁

----------
လွတ်လပ်စွာ ဓမ္မဒါန ပြုနိုင်ပါသည်။

No comments:

Post a Comment