Friday, October 4, 2024

ရေချိုးရာမှ ဒဿန (Mind over Matter)

ရန်ကုန် ထေရဝါဒ တက္ကသိုလ်မှာတုန်းက ကြုံခဲ့ရတဲ့ ဩဇီဘုန်းကြီး ဦးဓမ္မိကရဲ့ ရေချိုးရာက လာတဲ့ ဒဿနကို သတိရမိတယ်။ ကျောင်းပိတ်ရက် တစ်ခုမှာ ဦးဓမ္မိကနဲ့ မြန်မာဘုန်းဘုန်းတစ်ပါး အလည်လာကြတယ်။ စကား ထိုင်ပြောနေကြရင်း ရေလာတဲ့အသံကြားတော့ ဦးဓမ္မိက ရေးချိုးချင်တယ်ဆိုလို့ မျက်နှာသုတ်တဘက် အသစ်တည်ထည် ထုတ်ပေးလိုက်တယ်။ ဆပ်ပြာနဲ့ ရေသနုပ်က ရေချိုးခန်းထဲမှာ ရှိပြီးသား။ မျက်နှာသုတ်တဘက် အသစ် ထုတ်ပေးရတာက သူ နိုင်ငံခြားသား ဖြစ်နေလို့တင် မဟုတ်ဘူး။ သူက ဝါငယ်ပေမယ့် အသက်လည်းကြီး၊ ရဟန်းတော်လည်း ဖြစ်နေတာမို့။

သူ ရေချိုးတာ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကြာမယ်။ သူ ရေချိုးခန်းထဲက ထွက်လာပြီး ကိုယ်လက် သုပ်သင်ရင်း စကားဝိုင်းထဲ ပြန်ဝင်တယ်။ စကားဝိုင်းဘေးမှာ ရပ်လျက် စကားပြောရင်း ခေါင်းက ရေကျန်တွေကို တဘက်နဲ့ သုတ်တယ်။ လည်ပင်း၊ နားရွက်၊ မျက်နှာနဲ့ လက်တွေ။ ရင်ဘတ်နဲ့ နောက်ကျော။ နောက်ဆုံး ခြေတောက်တွေ။

သူ့ခြေတောက်တွေကို တဘက်နဲ့ သုတ်တဲ့အခါမှာ သူနဲ့အတူပါလာတဲ့ မြန်မာဘုန်းဘုန်း ပြာပြာသလဲ ဖြစ်သွားတယ်။ အဲ့လို မလုပ်ရဘူး၊ Don’t do like this တွေ ထလုပ်တယ်။ ဦးဓမ္မိက ကတော့ ရယ်ကျဲကျဲပဲ။ ခေါင်းတွေ ခြေတောက်တွေ လုပ်မနေနဲ့ ငါက တစ်ကိုယ်လုံးကို သေသေချာချာ ဆပ်ပြာတိုက်လာတာ တဲ့။ ခြေတောက်ကရေ ပြောင်အောင် မသုပ်ရင် ပွစိပွစိနဲ့ အနေရခက်တယ် တဲ့။ မြန်မာ ဘုန်းဘုန်းကတော့ မရဘူး။ ဘယ်လောက် သန့်ရှင်းသန့်ရှင်း ခေါင်းကခေါင်း၊ ခြေတောက်က ခြေတောက်ပဲ တဲ့။ ဦးဓမ္မိက ကလည်း နောက်ဆုံး ဘုရားနဲ့ ကိုင်ပေါက်တယ်။ မြင့်မြတ်တဲ့ ခေါင်းရော၊ နိမ့်ကျတဲ့ ခြေတောက်ရော အတူတူပဲ။ ဗုဒ္ဓက ရုပ်နဲ့နာမ်ပဲ ဟောခဲ့တာ တဲ့။ တရားပြဖို့ ရည်ရွယ်ပြီးတော့များ လူရှေ့လားပြီး ခြေတောက်တွေကို မျက်နှာသုပ်တဘက် အသစ်နဲ့ သုတ်ပြလေရော့သလား။ သူ့ လုပ်ရိုးလုပ်စဉ်လား။ သူတို့ဆီမှာ အားလုံး ဒီလိုပဲ လုပ်ကြသလား။ သူ့တစ်ယောက်တည်းရဲ့ ပုဂ္ဂလိက အယူအဆနဲ့ အပြုအမူလား။

မေးတော့ မေးရအုံးမယ်။ ဖြေချင်မှ ဖြေကြ။ သူ့အမြင် ကိုယ်အမြင်၊ သူ့ရိုးရာ ကိုယ့်ရိုးရာ၊ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှုတွေ ရှိတတ်ကြရာမှာ ရေးချိုးပြီးတဲ့အခါ ခြေတောက်တွေ ပွစိပွစိ မဖြစ်အောင် သင်းပိုင်းနဲ့၊ ပုဆိုးနဲ့၊ ထမီနဲ့ပဲ ပွတ်လိုက်ကြတာလား။ ခြေတောက်တွေကို တဘက်နဲ့ သုတ်ကြသလား၊ သုတ်ဖူးကြသလား။ မသုတ်ဖူးသေးရင် စမ်းကြည့်ဖို့ စိတ်ကူးရှိသလား။ လုံးဝပဲလား။ (ပြန်မေးခြင်း သည်းခံပါ။) :)

No comments:

Post a Comment