Friday, October 7, 2011

Note on Man - လူမှတ်စု


“ယခုခေတ်မှာ ကျေးဇူးမသိတတ်တဲ့ သူတွေရဲ့ အတွေးအခေါ်တွေကို လေ့လာပြီး ကျေးဇူးမသိတတ်တဲ့ ဓာတ်သဘောချင်းတူတဲ့ သူတွေက မိဘတွေကို ကျေးဇူးမတင်ချင်ကြဘူး။ ကျေးဇူးမတင်ရုံတောင် မကသေးဘူး။ မိဘတွေ ကမြင်းလို့ လူဖြစ်လာပြီး ဒုက္ခရောက်နေရတယ်လို့တောင် အပြစ်ပြောတတ်ကြသေးတယ်။ အဲဒါကတော့ တော်တော်ကြောက်စရာ ကောင်းတဲ့ အမြင်မှားကြီးပါပဲ။ အမှန်ကတော့ ဒီခန္ဓာဝန်ကို ရလာရာမှာ အကြောင်းရင်းက မိဘမဟုတ်ဘူး။ ကိလေသာနဲ့ ကံက အကြောင်းရင်းပဲ။ မိဘကတော့ အထောက်အပံ့ အကြောင်းလောက်သာ ဖြစ်ပါတယ်။ အကယ်၍ လူသားဖြစ်တဲ့ မိဘတွေ မရှိဘူးဆိုယင် ကိလေသာနဲ့ကံ မကင်းတဲ့သူတွေမှာ အပါယ်လေးပါးမှာ ဖြစ်ဖို့က များနေပါတယ်။”
(မဟာစည်ဆရာတော်)
-----
"ကိလေသာနဲ့ ကံက အကြောင်းရင်းပဲ။ မိဘကတော့ အထောက်အပံ့ အကြောင်းလောက်သာ ဖြစ်ပါတယ်။"
လူ့ဘ၀ ပဋိသန္ဓေ စတင်ဖြစ်ပေါ်ဖို့ အကြောင်းအင်္ဂါရပ် သုံးချက်ရှိပါတယ်။
၁။ မာတာပိတရော စ သန္နိပတိတာ၊ မိဘနှစ်ပါးတို့ အသင့်ပေါင်းဆုံမိခြင်း၊
၂။ မာတာ စ ဥတုနီ၊ မိခင်၏သွေးဥ ကျဆင်းပြီး ဖခင်၏ သွေးဥနှင့်ပေါင်းဆုံရန် အသင့်ရှိခြင်း၊
၃။ ဂန္ဓဗ္ဗော စ ပစ္စုပဋ္ဌိတော၊ ဘ၀ဟောင်းမှ စုတေ၍ လူဘ၀သို့ရောက်မည့် သတ္တ၀ါ အသင့်ရှိခြင်း။
(မဟာတဏှာသင်္ခယသုတ်၊ အဿလာယနသုတ်)
-----
အကြောင်းအင်္ဂါရပ် သုံးချက် ညီညွတ်တဲ့အခါ
ပထမံ ကလလံ ဟောတိ၊ ရက်သတ္တ ပထမပတ်မှာ ကလလရေကြည် တည်ပါတယ်။
ကလလာ ဟောတိ အဗ္ဗုဒံ၊ ရက်သတ္တ ဒုတိယပတ်မှာ ကလလရေကြည်ကနေ အမြှုပ်ဖြစ်လာပါတယ်။
အဗ္ဗုဒါ ဇာယတေ ပေသိ၊ ရက်သတ္တ တတိယပတ်မှာ အမြှုပ်ကနေ နီနီပျော့ပျော့ အသားတစ်လေး ဖြစ်လာပါတယ်။
ပေသိ နိဗ္ဗတ္တတေ ဃနော၊ ရက်သတ္တ စတုတ္ထပတ်မှာ အသားတစ်ကလေး မာလာပါတယ်။
ဃနာ ပသာခါ ဇာယန္တိ၊ ရက်သတ္တ ပဉ္စမပတ်မှာ ခြေနှစ်ဘက် လက်နှစ်ဘက်နဲ့ ဦးခေါင်းဖြစ်လာမယ့် အဖုလေးငါးခု၊ ခက်မငါးဖြာ ဖြစ်လာပါတယ်။
ကေသာ လောမာ နခါ ပိစ၊ ရက်သတ္တ ဆဋ္ဌပတ်နောက်ပိုင်းမှာ လူပုံပီလာပြီး ဆံပင် မွေးညင်း ခြေသည်း လက်သည်းစတာတွေ ဖွံ့ဖြိုးလာပါတယ်။
(ဣန္ဒကသုတ်)
-----
“ဒီ မန်ကျည်းပင်ကြီးဟာ အကိုင်းတွေထွက်၊ အရွက်တွေပေါက်၊ အညွန့်တွေဝေလာ၊ အသီးတွေသီး။ လူတွေက အညွန့်တွေ အသီးတွေ ခူးစား။ အဲဒီ အရွက်တွေ အညွန့်တွေ အသီးတွေဟာ ဒီ အပင်ကြီးရဲ့ သားသမီးတွေ နေမှာ။ တစ်ချို့လည်း ကြွေကျ။ နောက် ပြန်ပေါက်။ သူလည်း အသက်ရှိတာပဲ။ လူတွေလိုပဲ နေမှာပေါ့။ အငယ်ကလေး မွေးလာ။ ကြီးတော့ သေသွား။ နောက်တော့ ကလေးတွေ ပြန်ဖြစ်။ ဟုတ်တယ်။ ဒီ မန်ကျည်းပင်ကြီး အတိုင်းပဲ။ ပြီးတော့ ခုချိန်ခါမှာ ငါတို့က ဒီအပင်ကြီးရဲ့ အရွက်တွေ အသီးတွေကို ခူးစားတယ်။ တစ်နေ့ကျရင် ငါတို့လည်း ဒီမန်ကျည်းပင်ကြီးရဲ့ အရွက်တွေ အညွန့်တွေ အသီးတွေ သွားဖြစ်နေအုံးမှာပဲလား။ ပြီးတော့ မန်ကျည်းရွက်တွေက လူတွေဖြစ်ပြီး ငါတို့ကို တစ်လှည့် ပြန်ခူးစားနေကြအုံးမှာလားပဲ။”

(အရှင်ဇနကာဘိဝံသလောာင်းလျာ) မောင်ဌေးလွင်ကလေးသည် တောင်စဉ်ရေမရ ဦးတည်ရာ လျှောက်တွေးနေမိသည်။ ကလေးဖြစ်၍ ဘာမျှ နာမည် မတပ်တတ်သော်လည်း အမှန်မှာ အယူမှားနေသော ဒိဋ္ဌိတစ်မျိုး ၀င်နေခြင်းဖြစ်၏။
-----
ကံပေါ်မှာ အခြေတည်ပြီး ထိုက်တန်ရာ နေရာမှာ၊ ထိုက်တန်တဲ့ မိဘတို့ရဲ့ သားသမီးများ ဖြစ်ကြရပါတယ်။ မိဘ၊ ဆွေမျိုး၊ အပေါင်းဖော်၊ ကာလ၊ ဒေသစတဲ့ ပြင်ပ ပယောဂတွေနဲ့  ကံ၊ ဉာဏ်၊ ၀ီရိယ စတဲ့ လူရဲ့ကိုယ်ပိုင် အတွင်းပယောဂတို့ ပုံဖော်ပေးတဲ့အတိုင်း လူ့ဘ၀ စည်ပင်ရပါတယ်။ ဘ၀တစ်လျှောက်လုံး ကိလေသာ တစ်ထွေးကြီးနဲ့ ကံမျိုးစုံ ပြုလုပ်ရင်း ဘ၀မျိုးစေ့ စုဆောင်းကြပါတယ်။

:)
ရှင်အာစာရ


ကျမ်းညွှန်းမှတ်စု
-----
၁။ ဘာရသုတ္တန် တရားတော်ကြီး၊ မဟာစည်ဆရာတော်
၂။ မဟာတဏှာသင်္ခယသုတ်၊ မူလပဏ္ဏာသ၊ မဇ္ဈိမနိကာယ်
၃။ အဿလာယနသုတ်၊ မဇ္ဈိမပဏ္ဏာသ၊ မဇ္ဈိမနိကာယ်
၎။ ဣန္ဒကသုတ်၊ ယက္ခသံယုတ်၊ သံယုတ္တနိကာယ်
၅။ “အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာ”
      ဆရာတော် ဦးဃောသိတ ရေး၊ တတိယအကြိမ်ထုတ်၊ ၂၀၀၀ ခုနှစ်၊ မေလ၊ မဟာဂန္ဓာရုံစာပေ။

No comments:

Post a Comment