ထိုးမြဲလက်မှတ်တစ်ခု
ထိုးပြီးသည်၏ အခြားမဲ့၌
ပစ္စုပ္ပန် အကြောင်းခြင်းရာများ၊
အတိတ်အကြောင်း ခြင်းရာများနှင့် အနာဂတ် အကြောင်းခြင်းရာများအကြောင်း စဉ်းစားမိ၏။
ချဲ့ဦးအံ့။
နံနက်စောစော တံခါးခေါက်လာသူကား သီလက္ခန္ဓ၀ိဇ္ဇာလယကျောင်းဆောင်ခေါ်
အဆောင် (၁)မှ တက္ကသိုလ်ကျောင်းသား ဆရာတော်တစ်ပါး ဖြစ်၏။ သူ အတန်းပျက်ရန် ရှိသောကြောင့်
သူ၏ပျက်ကွက်မှုအတွက် သူ့အကြောင်းပြချက် မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ထောက်ခံပေးပါရန် တောင်းဆိုလျှောက်ထား၏။ ရဟန်းချင်း
အငြင်းပွားဖွယ် မရှိပြီ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုသော ရဟန်းများ တစ်ခြားတစ်ပါးသော ရဟန်းတို့၏
ရဟန်းကိစ္စကို အသိအမှတ် ပြုသင့်သည်။ သို့ဖြစ်၍ လက်မှတ်ထိုးရာဝယ် ဆင်ခြင်ချိန်ဆစရာ
တစ်စိုးတစ်စိမျှ မရှိချေ။ (“စာရေး စာချ၊ တရားဟော တရားပြ၊ ဓမ္မဓူတ”၊ ထိုမှတစ်ပါး “သတ္တ၀ါ
မှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့သာယာ ရှိပါစေ”၊ ထို့ပြင်တစ်ဝ “သီတဂူ စန်းလပမာ၊ ချမ်းမြသာယာ
ရှိပါစေ” စသည်။)
ထိုးမြဲလက်မှတ်အကြောင်း
ကြားဖူးသည့်အတိုင်း ကြီးကြီးကျယ်ကျယ် ပြောကြသူများကား ၀င်းဝင်းခိုင် (ဒေါက်တာ ဒေါ်ဝင်းဝင်းခိုင်၊
မိတ္ထီလာ)၎င်း၊ သီသီထွန်း (ဒေါက်တာ ဒေါ်သီသီထွန်း၊ နန့်စီးအောင်)၎င်း၊ . . . . . စစွာသော ဆရာဆရာမတို့၎င်းတည်း။
၎င်းတို့၏ ပါရဂူဘွဲ့ ဘွဲ့ယူကျမ်းစာများကို အလွတ်တန်း ကြီးကြပ်ပေးစဉ် ၎င်းတို့ မှတ်သားဖူးသမျှ
ပြန်လည်ပြောပြ လျှောက်ထားကြသည့် ထိုးမြဲလက်မှတ်အကြောင်း သိကောင်းစရာကို ငါတို့ မှတ်သားတော်မူခဲ့ရဖူး၏။
၎င်းတို့ အဆိုအရ သိပ္ပံနည်းကျ သမိုင်းဆရာကြီး (သွားလေသူ) ဒေါက်တာ (ဦး)သန်းထွန်း (တစ်နည်း)
ဦးတင့်လွင် (ခ) ဦးတင်လွင်သည် ထိုးမြဲလက်မှတ် မလှသည်ကို မြင်ရလျှင်
စိတ်လက်မကြည်မသာ ဖြစ်တတ်၏။ ထိုးမြဲလက်မှတ်မည်သည် ရှင်းလင်းတက်ကြွရမည်ဟု ယုံကြည်သူ
ဖြစ်၏။ ထိုးမြဲလက်မှတ် ရှုပ်သူသည် လူရှုပ်ဖြစ်၍ ထိုးမြဲလက်မှတ်
ရှင်းသူသည် လူရှင်း ဖြစ်၏။ ထိုးမြဲလက်မှတ်၌ အဆွဲအသတ်များ
အောက်သို့ထိုးစိုက်နေလျှင် အောက်ကျသူဖြစ်၍ အထက်သို့ ထိုးတက်နေလျှင် တိုးတက်သူ
ဖြစ်၏ဟု ယုံကြည်သူတည်း။
ထိုမှတစ်ဆင့် မန္တလေး သာသနာ့တက္ကသိုလ်
မော်ကွန်းထိန်းဟောင်း (သွားလေသူ) ဆရာတော် ဦးတိဿ၏ ထိုးမြဲလက်မှတ် ဒဿနကို
သတိရမိပြန်သည်။ “ဒီကောင် ကိုယ့်လက်မှတ် ကိုယ် ပြန်ဖျက်တဲ့ကောင်။” ထိုးမြဲလက်မှတ်၌ ဘာမဆိုင်ညာမဆိုင်
အလယ်မျဉ်းဖြောင့် ကန့်လန့်ဖြတ်ပါလျှင် လက်မှတ်ထိုးသူကို ဆရာတော် ဦးတိဿက ထိုသို့
ငေါက်ငမ်းတော်မူတတ်၏။ သူ မှတ်သားဖူးသည့်အတိုင်း နည်းယူ၍ ငေါက်ငမ်းခြင်း
ဖြစ်မည်ထင်၏။
ဤကား ၀င်းဝင်းခိုင်တို့ ကြားဖူးသမျှ ပြန်ပြောပြကြသည်ကို ကြားရစဉ်က
ဦးတိဿထံမှ ကြားရသည်ကို ပြန်လည်၍ သတိရမိခဲ့ကြောင်း ပြန်ပြောပြခြင်း ဖြစ်၏။
ထိုအခါမှ စ၍ ထိုးမြဲလက်မှတ် ရေးထိုးတိုင်း ရှင်းရှင်းလင်းလင်း ဖြစ်နေအောင်
သတိထားရတော့သည်။ လက်မှတ်ဒီဇိုင်း အသစ်ပြန်လုပ်ရသည်။ အဆွဲအသတ်များ အထက်ထောင်ရန် လေ့ကျင့်ရသည်။
အထက်ပါ အဆိုများအရ ထိုးမြဲလက်မှတ်မှန်သမျှ လှရမည်၊ ရှင်းရမည်၊ ခန့်လည်း ခန့်ရမည် မဟုတ်လော။
ထိုသို့ဆိုလျှင် လူထိုးသော လက်မှတ်သည် လူ့ဘ၀နှင့် မည်သို့ သက်ဆိုင်သနည်း။
အဖြေကား ဆိုင်ပါသည်။ အနည်းဆုံး နည်းနည်းတော့ ဆိုင်ပါသည်။ လူ့လက်မှတ်သည် လူ့သိက္ခာ မဟုတ်လော။
လူ့လက်မှတ်က လူ့စရိုက်ကို ဖော်ကြူးနိုင်သည် မဟုတ်လော။
အလားတူ သက်ရောက်မှု၊ ဆက်စပ်မှုနှင့် စပ်လျဉ်း၍ သတိရမိရာ တစ်ခု
ရှိသေး၏။ ကြယ်များနှင့် နေ၊ လ၊ နက္ခတ်တို့က လူ့ဘ၀ကို မည်သို့ လွှမ်းမိုးနိုင်ပါမည်နည်းဟု
မေးခွန်းရှင်က မေး၏။ (မေးသူသည် ဗေဒင်နက္ခတ်ကို ဗုဒ္ဓဘာသာ ကမ္မ၀ါဒနှင့်
ထုသတ်လိုဟန်တူ၏။ လူသည် လူ့ကံအတိုင်း ဖြစ်ရသည်၊ နက္ခတ်တာရာများနှင့် မဆိုင်ဟု မေးခွန်းရှင်က
ဆိုလိုပုံ ပေါ်နေ၏။) တည်တောဆရာတော်၏ အဖြေကား သြကာသလောကသည် လူကြောင့် ဖြစ်ပေါ်လာရသည်၊
လူနှင့် ဆက်စပ်ပတ်သက်နေရသည်၊ လူနှင့် အကျိုးအကြောင်းမကင်း။ သို့ဖြစ်သောကြောင့် သြကာသလောက၏
အစိတ်အပိုင်းဖြစ်သော ကြယ်များနှင့် နေ၊ လ၊ နက္ခတ်တာရာများတို့သည် လူ (လူ့ကံကြမ္မာ)နှင့်
ဆက်စပ်လျက် ရှိသည်သာတည်း ဟူ၏။
ထိုအဖြေနှင့် စပ်လျဉ်း၍ လူ၏ ထိုးမြဲလက်မှတ်သည်
လက်မှတ်ထိုးသူ လူ၏ ဘ၀နှင့် မည်သို့ ဆက်စပ်နေသနည်းဟု မေးရန်ရှိ၏။ အဖြေကား အထက်၌ ဖြေဆိုပြီး ဖြစ်၏
(အဖြေကား ဆိုင်ပါသည်။ အနည်းဆုံး နည်းနည်းတော့ ဆိုင်ပါသည်။ လူ့လက်မှတ်သည် လူ့သိက္ခာ မဟုတ်လော။
လူ့လက်မှတ်က လူ့စရိုက်ကို ဖော်ကြူးနိုင်သည် မဟုတ်လော။)။
စပ်မိ၍ ပြောရန်ရှိသေး၏။ အချို့ကား တစ်သက်တာ ကာလအတွင်း တစ်ခါမှ
လက်မှတ် ထိုးဖူးဟန် မတူပေ။ ထိုးလည်း မထိုးတတ်လောက်၊ ထိုးစရာလည်း မလိုလောက်ပေ။ အချို့ကား
မကြာမကြာ လက်မှတ်ထိုးကြရ၏။ ထိုးကြသည့် လက်မှတ်များ၏ တန်ဖိုးကား အမျိုးမျိုး ကွဲပြား၏။
မည်သို့ဆိုစေ လက်မှတ်ထိုးခြင်းသည် လူ့ကိစ္စ ဖြစ်သောကြောင့် လူတိုင်းလူတိုင်း
လက်မှတ်လှလှ၊ လက်မှတ်ခန့်ခန့် ရေးထိုးတတ်သင့်သည်ဟု ထင်မိ၏။
ရှင်းလင်း၍ လှပခန့်ငြားသည့် ဤထိုးမြဲလက်မှတ်၌ “အ”၏ ဦးခေါင်းသည်
သိသိသာသာ ကြီးနေ၏။ ထို့ကြောင့် ဤလက်မှတ် ပိုင်ရှင်သည် ဦးခေါင်း (သို့) ဦးနှောက် ကြီးရမည်။
ဤလက်မှတ် ရှင်းလင်းသောကြောင့် ဤလက်မှတ်ပိုင်ရှင်သည် ရှင်းလင်းသူ၊ ပွင့်လင်းမြင်သာသူ
ဖြစ်ရမည်။ ဤလက်မှတ်၌ အဆွဲအသတ်များ အထက်သို့ ထောင်တက်နေသောကြောင့် ဤလက်မှတ်ပိုင်ရှင်သည်
တိုးတက်သူ ဖြစ်ရမည်။ “ဟထိုး”၏ အသွင်အတိုင်းသာ ဖြစ်မည်ဆိုလျှင် အနည်းငယ် ဗိုက်ပူသူ ဖြစ်ရမည်။
ထိုမှတစ်ဖန် ထိုးမြဲလက်မှတ် လေ့ကျင့်ခန်းများ “ရာဟုလာ” ဓမ္မသင်တန်းကျောင်း(များ)၌ စီစဉ်သင့်သည်ဟု
စဉ်းစားမိပြန်၏။ ကျောင်းသူကျောင်းသားတို့၏ ထိုးမြဲလက်မှတ်များ ပြင်ဆင်သတ်မှတ် ပုံဖော်ပေးရလျှင်
ကောင်းချိမ့်မည်။
:)
ရှင်အာစာရ
-----
Comment:
ဆင်တူယိုးမှား အတုအပ သတိပြုတော်မူကြပါ။
Yar
ReplyDeleteYar
ReplyDeleteအေမီဝင်း
ReplyDeleteYan Naing Oo
ReplyDeleteအေးချမ်း
ReplyDelete