July 27, 2021
အချိန်တို အတွင်းမှာပဲ အောက်စီဂျင် အလှူတော်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းထောင့်ငါးရာ ပြည့်လုနီးပါး ရှိနေပါပြီ။ ဝိုင်းဝန်းပံပိုးအား ကောင်းလှပါတယ်။ အားလုံးကို ကျေးဇူးတင်စရာ၊ ဝမ်းမြောက်စရာပါ။ အလှူရှင်တွေ ကြိုးကြား လာနေဆဲပါ။
"ဘုန်းဘုန်း အောက်စီဂျင် လာလှူတာပါ ဘုရား။"
"အေး၊ အောက်စီဂျင်က နောက်မှ။ မတ်စ် တပ်ထားကြ။ အောက်စီဂျင် အနုမောဒနာတရား မဟောရဘူး။ မတ်စ်တပ်ဖို့ပဲ ပြောနေရတယ်။"
"တပ်ပါတယ် ဘုရား။ ကျောင်းရောက်မှ အားနာလို့ ချွတ်ခဲ့တာပါ။"
ဘုန်းဘုန်းဆီက ရောဂါတွေ သူတို့ဆီ မကူးအောင် မတ်စ် တတ်တယ်လို့ အဓိပ္ပါယ်ရောက်မှာစိုးပြီး ဘုန်းဘုန်းရှေ့မှာ မတ်စ်တပ်ရတာ အားနာတဲ့ သဘောမျိုး ထင်ပါရဲ့။ တတ်နိုင်သလောက် ပြောပေးရပါတယ်။
"ဘာ အားနာရမှာလဲ။ တပ်ထားကြ။"
"တင်ပါ့ ဘုရား။"
"မတ်စ် တပ်တယ် ဆိုတာက သူများဆီကနေ ကိုယ့်ဆီ ရောဂါပိုး မကူးအောင် တပ်ရတာက နည်းနည်းရယ်။ ကိုယ်ဆီကနေ သူများဆီ မကူးဖို့က ပိုများတာ။ ဘုန်းဘုန်းကတော့ အားမနာဘူး။ ပြောရမှာပဲ။ မတ်စ် တပ်ထားကြ။ အဲ့ဒီနားမှာပဲ ထိုင်ကြ။ စားပွဲပေါ်မှာ စာအိပ်နဲ့ ဘောပင် ရှိတယ်။ စာအိပ်ထဲ အလှူငွေထည့်။ စာအိပ်ပေါ် အလှူရှင် နာမည်ရေး။ ပြီးရင် ဟိုမှာ ချိတ်ထားတဲ့ အိပ်ကြီးထဲ ထည့်ခဲ့ကြ။ ဂေါပကတွေလာရင် ပေးလိုက်မယ်။ ပြီးရင် လက်ကို စပရေး ဖျန်းကြ။"
"အဲ့လိုလား ဘုရား။ တင်ပါ့ ဘုရား။ မသိလို့ပါ ဘုရား။"
"အေ၊ ဟုတ်တယ်။ အခု သိပြီ မဟုတ်လား။ မသိတဲ့ သူတွေကိုလည်း ရှင်းပြလိုက်ကြ။ ရောဂါရှိသူက မတ်စ် မတပ်ဘဲ ရောဂါမရှိသူကပဲ မတ်စ် တပ်ထားပြီး နီးနီးကပ်ကပ် နေကြရင် ရောဂါပိုးကူးဖို့ ခုနစ်ဆယ် ရာခိုင်နှုန်း ရှိတယ် တဲ့။ အားနာရင် မတ်စ် တပ်ထားကြ။ ကျောင်းလာတဲ့သူမှာ ရောဂါပိုး ပါလာရင် ဘယ်လိုလုပ်မလဲ။ ရောဂါပိုးရှိတဲ့သူက မတ်စ် တပ်ထားရင် ရောဂါပိုး မရှိတဲ့သူက မတ်စ် တပ်မထားရင်တောင်မှ ရောဂါပိုးကူးဖို့ ဖြစ်နိုင်ခြေက ငါးရာခိုင်နှုန်းပဲ ရှိတော့တာ တဲ့။ ကိုယ့်မှာ ရောဂါ ရှိတယ်လို့ သဘောထားပြီးတော့ လူချင်းတွေ့တိုင်း မတ်စ် တပ်ထားကြတာ အကောင်းဆုံးပဲ။ တစ်ဘက်သားကို စာနာသနားရာရောက်တယ်။ ရောဂါပိုး ရှိသူရော မရှိသူပါ မတ်စ် တပ်ထားရင် ပိုးကူးဖို့ ဖြစ်နိုင်ခြေ တစ်ဒဿမငါး ရာခိုင်နှုန်းပဲ ရှိတော့တယ် တဲ့။ အကြိမ်နှစ်ရာ တွေ့ကြမှ သုံးကြိမ်ပဲ ကူးနိုင်ခြေ ရှိတော့တာ။ မတ်စ် တပ်ထားဖို့ အရေးကြီးတယ်။ လူချင်း တွေ့စရာရှိရင် ဝေးဝေးနေကြ။ ကိုယ်နဲ့ တွေ့တဲ့သူက မတ်စ် တပ်မထားရင် တပ်ဖို့ ပြောကြ။ အားမနာနဲ့။"
"တင်ပါ့ ဘုရား။ ဒါလည်း တန်ဖိုးရှိတဲ့ အောက်စီဂျင် အနုမောဒနာ တရားပါပဲ။ သာဓုပါ ဘုရား၊ သာဓု၊ သာဓု။"
တစ်ဘက်သားဆီ ပိုးမကူးရေးအတွက် တစ်ဘက်သားအပေါ် ကရုဏာထားပြီး မတ်စ် တပ်ကြရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်လည်း မတ်စ် တပ်ကြရပါမယ်။ မလွှဲသာ မရှောင်သာ လူချင်း တွေ့ကြရမယ်ဆိုရင် နီးနီးကပ်ကပ် မနေကြဘဲ အားလုံး မတ်စ် တပ်ထားကြရပါမယ်။
