Showing posts with label 04b. Paramidipani - ပါရမီဒီပနီ. Show all posts
Showing posts with label 04b. Paramidipani - ပါရမီဒီပနီ. Show all posts

Thursday, November 16, 2017

ပါရမီဒီပနီ အနှစ်ချုပ် (၃)




အမေး - ၅။ သဗ္ဗညုဗောဓိဆု၊ ပစ္စေကဗောဓိဆု အစရှိသော ဆုတစ်မျိုးမျိုးကို တောင်းကုန်သော အလောင်းအလျာတို့သည် ဗျာဒိတ်ရသောအခါမှ စ၍ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်သလော။ သို့မဟုတ် ဗျာဒိတ်မရဘဲ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်သလော။


အဖြေ - ၅။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝကတို့သည် ဗျာဒိတ်မရဘဲ ပွင့်ရိုး ကျွတ်ရိုး မရှိပေ။ ဗျာဒိတ်ရမှ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်၏။ ပကတိသာဝကတို့သည်ကား ဗျာဒိတ်ရသည်လည်း ရှိ၏။ ဗျာဒိတ်မရသည်လည်း ရှိ၏။


အမေး - ၆။ ဗောဓိဆု တစ်ခုခုအတွက် ဗျာဒိတ်ရပြီးသော အလောင်းအလျာတို့သည် ဗျာဒိတ်ခံထားသည့် ဗောဓိမှ အခြားသော ဗောဓိဆု တစ်ခုခုကို တောင့်တသေးသလော။ အခြားဆုကို မတောင့်တတော့ပြီလော။


အဖြေ - ၆။ ဗျာဒိတ်ရပြီးသော သဗ္ဗညု ဘုရားလောင်းတို့သည် အခြားသော ဗောဓိများကို အိပ်မက်မှာပင် ယူလိုစိတ် မရှိတော့ပေ။


ဘုရားလောင်းတို့ ၀ိပဿနာတရား အားထုတ်သောအခါ အနုလောမဉာဏ်ရလျှင် ရပ်တန့်ကြ၏။ မဂ်ဖိုလ်ရရန် အားမထုတ်တော့ပေ။ သာဝကအဖြစ် ကျွတ်တမ်းမဝင်ပေ (အနုလောမဉာဏံ အာဟစ္စ တိဋ္ဌန္တိ။ မဂ္ဂဖလတ္ထံ ၀ါယမံ န ကရောန္တိ။ ဃဋိကာရသုတ် အဋ္ဌကထာ)။ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်ရလျှင် ရပ်တန့်ကြကုန်၏ (အနုလောမဂေါတြဘုံ အာဟစ္စ ထပေန္တိ။ ပဏ္ဏာသအဋ္ဌကထာ၊ ပုဂ္ဂလပညတ်အဋ္ဌကထာ)။ အနုလောမဉာဏ်၏ အနီးအပါး၊ ဂေါတြဘူဉာဏ်၏ အနီးအပါးဖြစ်သော သင်္ခါရုပေက္ခာဉာဏ်အထိ ဆိုက်ရောက်ကြ၏ (အနုလောမဂေါတြဘူသမီပံ။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ)။ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဉာဏ်ရှစ်ပါး ရ၏။ ကိုးခုမြောက် သစ္စာနုလောမိကဉာဏ် မရတော့ပေ (သင်္ခါရုပေက္ခာဉာဏန္တိ အဋ္ဌဉာဏာနိ ပါပုဏိ။ နဝမံ သစ္စာနုလောမိကမေဝ အပဋိလဒ္ဓပုဗ္ဗံ။ ဇိနာလင်္ကာရဋီကာ)။


ပစ္စေကဗုဒ္ဓါ လောင်းလျာတို့သည် သာသနာတော်တွင်း ကြုံကြိုက်သောအခါ မဂ်ဖိုလ်ရလိုစိတ်ဖြင့် အားထုတ်ကြသေး၏။ သို့သော် နိယတဗျာဒိတ်၏ အာနုဘော်ကြောင့် မဂ်ဖိုလ် မရနိုင်ပေ (သာဝကတ္တံ န ဝဇန္တိ။ ပစ္စေကဗုဒ္ဓအပဒါန်)။


အရှင်ဒဗ္ဗအလောင်း စသည်ကဲ့သို့ ဗျာဒိတ်ရပြီးသော သာဝကတို့သည်လည်း တစ်ပါးသော ဗောဓိများ ယူလိုစိတ် ဖြစ်ကြသေး၏။ သို့သော် မရနိုင်ပေ (ပဗ္ဗတသိခရံ အာရုဟိတွာ . . . . . သမဏဓမ္မံ အာရဘိံသု။ ထေရဂါထာအဋ္ဌကထာ)။


အမေး - ၇။ ဗောဓိဆု တစ်ခုခုကို မရည်မှတ်ဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့််ကျင့်သူသည် အဘယ်ဗောဓိဖြင့် တရားထူးရသနည်း။


အဖြေ - ၇။ သမ္မာသမ္ဗောဓိဆု၊ ပစ္စေဗောဓိဆု၊ အဂ္ဂသာဝကဗောဓိဆု၊ မဟာသာဝကဗောဓိဆုတို့ကို လိုလားတောင့်တမှသာလျှင် သက်ဆိုင်ရာဆုကို ရနိုင်၏ (ဆန္ဒတာ)။ မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ တောင့်တ၍ ၀ိဝဋ္ဋကုသိုလ် ပြုဆည်းပူးသူသည် ၀ိသေသဆု တစ်ခုခုကို တောင့်တခြင်း မရှိသောကြောင့် ဗျာဒိတ်ဝိသေသကို မရနိုင်။ ဗောဓိတစ်ခုခုဖြင့် ပွင့်ခြင်း ကျွတ်ခြင်းငှာ မထိုက်။ ပကတိသာဝက အဖြစ်ဖြင့်သာ ကျွတ်တမ်းဝင်ရ၏။


ဤနေရာ၌ ၀ိဝဋ္ဋကုသိုလ်ကို ကာလကြာမြင့်စွာ ပြုလုပ်ပြီးဖြစ်လျှင် ပါရမီထုထည် ကြီးမားလှသောကြောင့် အလိုရှိရာ ဗောဓိ တစ်ခုခုဖြင့် ကျွတ်နိုင်သင့်သည် မဟုတ်လောဟု မေးဖွယ် ရှိ၏။


ဗောဓိတစ်ခုခုဖြင့် မကျွတ်သင့်ဟုသာ ဖြေရမည်။ ဗောဓိတစ်ခုခု၏ ဂုဏ်ကျေးဇူးကို မသိ၊ သက္ကာယဒိဋ္ဌိ အထုံဝါသနာ အားကြီးသဖြင့် စွန့်ခြင်းကြီး ငါးမျိုးကဲ့သို့သော ခက်ခဲသည့် ပါရမီ အမှုတို့ကို မပြုကျင့်ဝံ့၊ ပါရမီဖြည့်ရာ ကာလတို့ကို ကြာလွန်းသည်ဟု ထင်၍ ကြောက်ရွံ့သည်။ ထို့ကြောင့် ပြုသောကုသိုလ်မှာ အစွမ်းသတ္တိ ညံ့သည်။ မည်မျှပင် ကာလကြာသော်လည်း ကြီးမားသော ပါရမီထုထည် ဖြစ်မလာပေ။ ထို့ကြောင့် ပကတိသာဝက အဖြစ်ဖြင့်သာ ကျွတ်တမ်းဝင်ရ၏။


ဗောဓိဆုထူး တစ်ခုခုကို မတောင့်တဝံ့ကုန်သူတို့သည် ကျွတ်လွတ်ချိန် မနှောင့်နှေးရအောင် ၀ိဝဋ္ဋကုသိုလ် ပြုဆည်းပူး၍ ကြုံကြိုက်ဆဲ ဘုရားသာသနာတွင်း၌ပင် ကျွတ်လွတ်ရေးအတွက် ဆောလျှင်စွာ အားထုတ်သင့်ကြ၏။

(ဆက္ရန္ . . . . .)

:)
ရွင္အာစာရ

Saturday, June 3, 2017

“ပါရမီဒီပနီ အနှစ်ချုပ် (၂)


(. . . . .မွ အဆက္)

အမေး - ၄။ ပညာလွန်ကဲသော ပညာဓိက သဗ္ဗညု ဘုရားလောင်းတို့သည် ကမ္ဘာပေါင်း လေးသချေင်္နှင့် တစ်သိန်း၊ သဒ္ဓါလွန်ကဲသော သဒ္ဓါဓိက သဗ္ဗညု ဘုရားလောင်းတို့သည် ကမ္ဘာပေါင်း ရှစ်သချေင်္နှင့် တစ်သိန်း၊ ဝီရိယလွန်ကဲသော ဝီရိယာဓိက သဗ္ဗညု ဘုရားလောင်းတို့သည် ကမ္ဘာပေါင်း တစ်ဆယ့်ခြောက်သချေင်္နှင့် တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ ပစ္စေကဗုဒ္ဓါ လောင်းလျာတို့သည် ကမ္ဘာပေါင်း နှစ်သချေင်္နှင့် တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ အဂ္ဂသာဝက လောင်းလျာတို့သည် ကမ္ဘာပေါင်း တစ်သချေင်္နှင့် တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ မဟာသာဝက လောင်းလျာတို့သည် ကမ္ဘာပေါင်း တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ ပကတိသာဝက လောင်းလျာတို့သည် ကမ္ဘာပေါင်း တစ်ရာဖြစ်စေ၊ တစ်ထောင်ဖြစ်စေ ပါရမီ ဖြည့်ကြရသည်။ ထိုသို့သော ပါရမီဖြည့်ရာကလတို့ကို ရေတွက်ရာ၌ အလိုရှိအပ်သောဆုုကိုု တောင်းသောအခါမှ စ၍ ရေတွက်သလော။ သို့မဟုတ် ဗျာဒိတ်ရသောအခါမှ စ၍ ရေတွက်သလော။

အဖြေ - ၄။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက နှင့် မဟာသာဝကတို့၏ ပါရမီဖြည့်ရာကာလကို ရေတွက်ရာ၌ ဗောဓိဆု ဧကန်ပြည့်မည်ဟု ဘုရားတစ်ဆူဆူက မိန့်ကြားအပ်သော နိယတဗျာဒိတ် ပထမဆုံး ရသောကမ္ဘာမှ စ၍ ရေတွက်အပ်၏။ နိယတဗျာဒိတ် မရမီ ပါရမီဖြည့်ရာ ကာလမှစ၍ မရေတွက်အပ်။ အနိယတဗျာဒိတ် ရရာကာလမှ စ၍လည်း မရေတွက်အပ်။ နောက်နောက်သော ဘုရားတို့ထံ ထပ်မံ၍ နိယတဗျာဒိတ် ခံယူရာ ကာလမှ စ၍လည်း မရေတွက်အပ်။

ပကတိသာဝကတို့ ပါရမီဖြည့်ရာကာလကို ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်ဟု သတ်မှတ်ခြင်းကား ပုံသေမဟုတ်။ ပကတိသာဝကတို့၏ ဗျာဒိတ်ရခြင်း အမြဲမရှိသောကြောင့် ၀ိဝဋ္ဋကုသိုလ် ပြုသောကာလမှ စ၍ ရေတွက်အပ်၏။

လေးသချေင်္နှင့် တစ်သိန်း၊ ရှစ်သချေင်္နှင့် တစ်သိန်း၊ တစ်ဆယ့်ခြောက်သချေင်္နှင့် တစ်သိန်းဟူသော ပါရမီဖြည့်ရာ ကာလကမ္ဘာ (၁ း ၂ း ၄)နှင့် လျော်ညီစွာ ပညာဓိက ဘုရားလောင်း၊ သဒ္ဓါဓိက ဘုရားလောင်း၊ ဝီရိယာဓိက ဘုရားလောင်းဟူ၍ သုံးမျိုး ကွဲပြားသကဲ့သို့ ပစ္စေကဗုဒ္ဓါတို့လည်း သုံးမျိုးကွဲပြား၏။ ပညာဓိက ပစ္စေကဗုဒ္ဓါတို့သည် နှစ်သချေင်္ နှင့် ကမ္ဘာတစ်သိန်း၊ သဒ္ဓါဓိက ပစ္စေကဗုဒ္ဓါတို့သည် နှစ်သချေင်္ နှင့် ကမ္ဘာနှစ်သိန်း၊ ဝီရိယာဓိက ပစ္စေကဗုဒ္ဓါတို့သည် နှစ်သချေင်္ နှင့် ကမ္ဘာကုဋေ ပါရမီဖြည့်ကြရသည်။

ထို့အတူ အဂ္ဂသာဝကတို့လည်း ပညာဓိက၊ သဒ္ဓါဓိက၊ ၀ိရိယာဓိက ဟူ၍ သုံးမျိုး ကွဲပြားသည်။ အဂ္ဂသာဝကတို့၏ ပါရမီဖြည့်ရာ ကာလကမ္ဘာကိုလည်း သုံးစုခွဲအပ်၏။ တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းမှ စ၍ နှစ်သချေင်္ မပြည့်မီအတွင်း ကာလကို (၁ း ၂ း ၄ အချိုးကို နည်းမှီ၍) သုံးစုခွဲအပ်၏။ အလားတူပင် မဟာသာဝက သုံးမျိုးအတွက်လည်း ကမ္ဘာတစ်သိန်းမှ စ၍ နှစ်သိန်းမပြည့်မီ ကြားကာလကို သုံးစုခွဲအပ်၏။

မေးခွန်းအမှတ်(၄)နှင့် စပ်လျဉ်း၍ အမေးကို ပြည့်စုံစွာ ဖြေဆိုသည့်အပြင် အောက်ပါမေးခွန်းကို စံကျောင်းဆရာတော်ဘုရားကြီး မမေးခဲ့ဘဲ အရှင်ဉာဏဓဇက ထည့်သွင်းပြီး ၀ါဒကွဲ အဖြေများကိုပါ ပေးခဲ့သည်။

မေး။ ။ သဗ္ဗညု ဘုရားလောင်းတို့ နိယတဗျာဒိတ် မခံယူမီ နိယတဗျာဒိတ် ရရန်အတွက် အချိန်ကာလ မည်မျှကြာအောင် ပါရမီဖြည့်ရသနည်း။

ဖြေ။ ။ (၁) သမန္တဘဒ္ဒိကာမည်သော အနာဂတဝင် အဋ္ဌကထာကျမ်း၊ ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိတို့ အဆိုအရ ဘုရားလောင်း အားလုံးတို့သည် ဟိရီသမ္ပတ္တိ ဘဝငါးရာ၊ သြတ္တပ္ပသမ္ပတ္တိ ဘဝတစ်ထောင်၊ အာဂမသမ္ပတ္တိ ဘဝငါးထောင်ဟူ၍ သမ္မတ္တိသုံးပါးကို ဘဝပေါင်း ခြောက်ထောင့်ငါးရာကြာအောင် ဖြည့်ကျင့်ရသည်။ ထို့နောက် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ရသည်။ ဤသို့လျှင် ကမ္ဘာတစ်သိန်း နှင့် ဘဝပေါင်း ခြောက်ထောင့်ငါးရာ ပါရမီဖြည့်ပြီးမှ နိယတဗျာဒိတ် ရကြ၏။

(၂) သောတ္တကီကျမ်း၊ ယွန််းပဏ္ဏာသကျမ်း၊ တထာဂတုပ္ပတ္တိကျမ်းစသော ထိုထိုကျမ်းစာတို့ အဆိုအရ ဂေါတမဘုရားလောင်းသည် တစ်သိန်း နှစ်သောင်း ငါးထောင်သော ဘုရားရှင်တို့ ပွင့်ရာဖြစ်သော ခုနစ်သချေင်္ ကာလပတ်လုံး စိတ်ဖြင့်သာ ဆုတောင်း၍ ပါရမီ ဖြည့်တော်မူခဲ့သည်။ သုံးသိန်း လေးသောင်း နှစ်ထောင်သော ဘုရားရှင်တို့ ပွင့်ရာဖြစ်သော ကိုးသချေင်္ ကာလပတ်လုံး နှုတ်ဖြင့်သာ ဆုတောင်း၍ ပါရမီ ဖြည့်တော်မူခဲ့သည်။ ဤသို့လျှင် နိယတဗျာဒိတ် မရမီ တစ်ဆယ့်ခြောက်သချေင်္ ကာလပတ်လုံး ပါရမီ ဖြည့်တော်မူခဲ့သည်။ ဘုရားလောင်းအားလုံး ဤနည်းတူဟု မှတ်အပ်၏။

(၃) မဟာဝဂ္ဂသံယုတ်ဋီကာ အာစရိယဝါဒ အလိုအားဖြင့် မုဒဘဝ ဆယ့်ခြောက်သချေင်္၊ မဇ္စျုံဘဝ ရှစ်သချေင်္၊ တိက္ခဘဝ လေးသချေင်္အားဖြင့် နှစ်ဆယ့်ရှစ်သချေင်္ ပါရမီ ဖြည့်ရသည်။ တိက္ခဘဝ ရောက်မှသာ နိယတဗျာဒိတ် ရသောကြောင့် နိယတဗျာဒိတ် မခံမီ ရှေးအဖို့၌ မုဒုပုဂ္ဂိုလ် အဖြစ်ဖြင့် ဆယ့်ခြောက်သချေင်္၊ မဇ္စျုံပုဂ္ဂိုလ် အဖြစ်ဖြင့် ရှစ်သချေင်္ဟူ၍ နှစ်ဆယ့်လေးသချေင်္ ကာလပတ်လုံး ပါရမီ ဖြည့်ရ၏။

(၄) ထေရအပဒါန် အဋ္ဌကထာ အလိုအားဖြင့် မုဒဘဝ ဆယ့်ရှစ်သချေင်္၊ မဇ္စျုံဘဝ ဆယ့်ခြောက်သချေင်္၊ တိက္ခဘဝ လေးသချေင်္အားဖြင့် သုံးဆယ့်ရှစ်သချေင်္ ပါရမီ ဖြည့်ရသည်။ တိက္ခဘဝ ရောက်မှသာ နိယတဗျာဒိတ် ရသောကြောင့် နိယတဗျာဒိတ် မခံမီ ရှေးအဖို့၌ မုဒုပုဂ္ဂိုလ် အဖြစ်ဖြင့် ဆယ့်ရှစ်သချေင်္၊ မဇ္စျုံပုဂ္ဂိုလ် အဖြစ်ဖြင့် ဆယ့်ခြောက်သချေင်္ဟူ၍ သုံးဆယ့်လေးသချေင်္ ကာလပတ်လုံး ပါရမီ ဖြည့်ရ၏။

(၅) ဗုဒ္ဓအပဒါန် ပါဠိတော်လာ အရှင်အာနန္ဒအား မြတ်စွာဘုရား မိန့်တော်မူသည့် စကားကိုထောက်၍ စိတ်ဖြင့် ဘုရားဆုတောင်းရာ ကာလမှာ အသချေင်္မည်မျှဟု ပိုင်းခြားသတ်မှတ်၍ မရနိုင်အောင်ပင် ကြာမြင့်သည်ဟု ဆိုနိုင်၏။ (မနသာယေဝ ဟုတွာန၊ ဓမ္မရာဇာ အသင်္ခယာ)

ဤသို့ နည်းငါးမျိုး ကွဲပြားရာ၌ ငါးခုမြောက်ဖြစ်သော ပါဠိတော်နည်းသည်သာလျှင် အားအကောင်းဆုံးဟု မှတ်အပ်၏။ စုံစမ်းကြပါကုန်။


:)
ရှင်အာစာရ

Thursday, February 16, 2017

ပါရမီဒီပနီ အနှစ်ချုပ် (၁)

လယ်တီဆရာတော်လောင်းလျာ အရှင်ဉာဏဓဇသည် ရဟန်း(၈)၀ါ ရသောအခါ စံကျောင်းတိုက်၌ ပထမစာချ ဖြစ်ခဲ့သည်။ အရှင်ဉာဏဓဇ (၁၄)၀ါ ရသောအခါ စံကျောင်းဆရာတော် ဘုရားကြီး၏ အမေးပုစ္ဆာ (၂၀) ထွက်ပေါ်လာသည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့၏ ပါရမီနှင့် စပ်လျဉ်း၍ အချက်ပေါင်း (၂၀)ကို ပါဠိဘာသာဖြင့် မေးခွန်းထုတ်ထားခြင်း ဖြစ်သည်။ အမေးပုစ္ဆာများ၏ အဆုံး၌ “ပညာမရှိသောသူတို့သည် ကုပ်၍ နောက်ဆုတ်ကြကုန်လော့။ အဘယ့်ကြောင့်ဆိုသော် ပထမတန်း သာသနာ့တံခွန်များသည် ဤပုစ္ဆာများကို ဖြေဆိုကြလိမ့်မည် ဖြစ်သောကြောင့်တည်း။”ဟု ပါရှိသည်။ ထိုအမေးတို့ကို အရှင်ဉာဏဓဇက ပါဠိဘာသာဖြင့် ဖြေဆိုခဲ့သည်။ ဤသည်ပင်လျှင် လယ်တီဆရာတော် အရှင်ဉာဏဓဇ၏ ပထမဆုံးသော လက်ရာ ပါရမီဒီပနီကျမ်းစာ ဖြစ်ပေသည်။

ပါရမီနှင့် စပ်လျဉ်း၍ ဖြေဆိုရာ၌ ကျမ်းဂန်အထောက်အထား ပြည့်စုံစွာဖြင့် အကျယ်တဝင့် ဖြေကြားထားသည်။ သာမန်စာဖတ်သူတို့အတွက် ကျယ်လွန်းသော ပါရမီဒီပနီကျမ်းမှ ကောက်နုတ်၍ အနှစ်ချုပ် ယူထားပါသည်။ အကျယ် သိလိုပါက ပါရမီဒီပနီ ကျမ်းစာကို ကြည့်ရှုရန် ဖြစ်ပါသည်။ သာမန်စာဖတ်သူတို့ ပါရမီနှင့် စပ်လျဉ်း၍ သိမှတ်နိုင်ကြပါစေကြောင်း။


-----


အမေး - ၁။ အသက်ရှည်ခြင်း၊ ဥစ္စာပေါခြင်း အစရှိသော လောကီချမ်းသာ၊ မဂ် ဖိုလ် နိဗ္ဗာန်ဟူသော လောကုတ္တရာချမ်းသာ ဤသို့သော ချမ်းသာနှစ်မျိုးလုံးကို တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သောသူသည် လောကီချမ်းသာကိုသာ ရသလော၊ လောကုတ္တရာ ချမ်းသာကိုသာ ရသလော၊ ချမ်းသာနှစ်မျိုးလုံးကို ရသလော၊ ချမ်းသာနှစ်မျိုးလုံးကို မရဘဲ ရှိသလော။


အဖြေ - ၁။ လောကီ၊ လောကုတ္တရာ ချမ်းသာနှစ်မျိုးလုံးကို တောင့်တ၍ ပြုအပ်သော ကုသိုလ်ကံသည် အဟောသိကံ (အကျိုးပေးခွင့် မရသောကံ) ဖြစ်မသွားလျှင် ချမ်းသာနှစ်မျိုးလုံးကို အကျိုးပေးနိုင်သည်။ အဟောသိကံ ဖြစ်သွားလျှင် လောကုတ္တရာ ချမ်းသာကိုသာ ပေးနိုင်၏။ မှန်၏။ လောကီအကျိုးကို ပေးရာ၌သာ အဟောသိကံ ဖြစ်နိုင်၏။ လောကုတ္တရာ အကျိုး၌ အဟောသိကံဟု မရှိပေ။


လောကုတ္တရာချမ်းသာကို ပေး၏ဟု ဆိုရာ၌ လောကုတ္တရာ တရားသည် ဒါနစသော လောကီကုသိုလ်၏ မုချအကျိုးမဟုတ်၊ အာနိသံသအကျိုးသာ ဖြစ်သည်။ လောကီကုသိုလ်သည် အားကြီးသော ကိလေသာကို အားနည်းအောင် ပြုနိုင်၏။ ထို့ကြောင့် မဂ်ဖိုလ်ရကြောင်း အားကောင်းသော အထောက်အပံ့ (ဥပနိဿယ) ဖြစ်၏။ ဤသို့ အထောက်အပံ့ ဖြစ်ခြင်းသည် အာနိသံသအကျိုး မည်၏။


အမေး - ၂။ လောကီချမ်းသာကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သောသူသည် လောကီချမ်းသာကိုသာ ရသလော၊ လောကုတ္တရာ ချမ်းသာကိုလည်း ရသလော။


အဖြေ - ၂။ လောကီချမ်းသာကိုသာ တောင့်တ၍ ပြုအပ်သော ကုသိုလ်သည် မဂ်ဖိုလ်ရကြောင်း အားကောင်းသော အထောက်အပံ့ (ဥပနိဿယ) မဖြစ်။ လောကီစည်းစိမ်ကိုသာ ပေးနိုင်၏။
ဤနေရာ၌ လောကီချမ်းသာကို တောင့်တ၍ ပြုအပ်သော ကုသိုလ်သည် ပါရမီမမြောက်ဟု ဇိနာလင်္ကာရဋီကာ ဆို၏။ ပါရမီ မမည်သော်လည်း မေးခွန်းအစဉ်တည့်အောင် ထည့်သွင်း၍ ပါရမီဟူသော အမည်ဖြင့် မေးထားခြင်း ဖြစ်သည်။ တစ်နည်း - ပရမာနံ ပဏ္ဍိတာနံ ကမ္မံ ပါရမီ (မြတ်သော ပညာရှိတို့၏ အမှုကိစ္စသည် ပါရမီမည်၏) ဟူသော ပရိယာယ်စကားကြောင့် ပါရမီဟုပင် ခေါ်ဆိုနိုင်၏။


အမေး - ၃။ လောကုတ္တရာ ချမ်းသာကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သောသူသည် လောကုတ္တရာ ချမ်းသာကိုသာ ရသလော၊ လောကီ ချမ်းသာကိုလည်း ရသလော။


အဖြေ - ၃။ အလွန်မြင့်မြတ်သော ဤကုသိုလ်သည် မဂ်ဖိုလ်ရကြောင်း အားကြီးသော အထောက်အပံ့လည်း ဖြစ်၏၊ မဂ်ဖိုလ်မရခင် ကာလ၌ ဘဝချမ်းသာ၊ ပစ္စည်းချမ်းသာကိုလည်း ပေး၏။
ဤကုသိုလ်မျိုးသည် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကုန်ခြင်းကို ပြုတတ်သော (ကမ္မက္ခယကရ) ကုသိုလ်ဖြစ်သောကြောင့် လောကုတ္တရာ အကျိုးကိုသာပေးသည်၊ လောကီအကျိုးကို မပေးဟု အချို့ဆရာတို့က ဆို၏။ အမှန်မှာ ကမ္မက္ခယကရ ကုသိုလ်ဟူသည်မှာ မဂ်စေတနာ၊ မဂ်ဉာဏ်များသာ ဖြစ်၏။ လောကုတ္တရာ ချမ်းသာကိုသာ တောင့်တ၍ ပြုအပ်သည့် ဤကုသိုလ်မျိုး မဟုတ်ပေ။


အထက်ပါ မေးခွန်းသုံးခုနှင့် ဆက်စပ်၍ ဖြစ်သင့်သည့် အောက်ပါမေးခွန်းကို စံကျောင်းဆရာတော်ဘုရားကြီး မမေးခဲ့ဘဲ အရှင်ဉာဏဓဇက ထည့်သွင်းပြီး အဖြေကိုပါ ပေးခဲ့သည်။

မေး။ ။ လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ နှစ်ပါးတို့တွင် မည်သည့် ချမ်းသာကိုမှ မတောင့်တဘဲ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သူသည် လောကီချမ်းသာကိုသာ ရသလော၊ လောကုတ္တရာချမ်းသာကိုသာ ရသလော၊ ချမ်းသာနှစ်မျိုးလုံး ရသလော၊ ချမ်းသာနှစ်မျိုးလုံး မရသလော။


ဖြေ။ ။ ထိုကဲ့သို့ အမှတ်တမဲ့ ပြုအပ်သော ဒါနအစရှိသော ကုသိုလ်သည် လောကီချမ်းသာကိုသာ ပေးနိုင်သည်။ လောကုတ္တရာ ချမ်းသာကို မပေးနိုင်ပေ။

မိဘ သားသမီးတို့ အချင်းချင်း၌ ဖြစ်သော မေတ္တာစိတ်သည် တစ်စုံတစ်ခုသော ချမ်းသာကို တောင့်တ၍ ဖြစ်စေအပ်သော စိတ်မဟုတ်သော်လည်း စကြာမင်းစည်းစိမ်ကိုပင် ပေးနိုင်ကြောင်း စက္ကဝတ္တိသုတ် အဋ္ဌကထာ ဆို၏။ ထို့ကြောင့် တစ်စုံတစ်ခုသော ချမ်းသာကို မတောင့်တဘဲ ပြုအပ်သော ကုသိုလ်သည် အစွမ်းသတ္တိအားလျော်စွာ လောကီချမ်းသာ အမျိုးမျိုးကို ပေးနိုင်၏။


သံသာရဝဋ္ဋဒုက္ခတော . . . . သံသာရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရှင်ရဟန်း ပြုခဲ့ပြီး ရှင်ရဟန်းအကျင့် ကျင့်သုံးလျက် သင်္ကန်းချုပ်ခြင်းစသော အမှုကြီးငယ် ပြုလုပ်ရာ၌ မဂ်ဖိုလ်ကို အထူးမတောင့်တဘဲ အမှတ်တမဲ့ ပြုလုပ်ခြင်း ဖြစ်သော်လည်း မူလရည်ရွယ်ချက်ကြောင့် ဝဋ်ဆင်းရဲကင်းရာကို ရည်ရွယ်သည့် ၀ိဝဋ္ဋနိဿိတကုသိုလ်၌ သွင်းအပ်၏။


အချုပ်အားဖြင့် -
၁။ တစ်စုံတစ်ခုကို မတောင့်တဘဲ အမှတ်တမဲ့ ပြုအပ်သည့် ကုသိုလ်၊
၂။ လောကီသက်သက်ကိုသာ တောင့်တ၍ ပြုအပ်သည့် ကုသိုလ်၊
၃။ လောကီ၊ လောကုတ္တရာ ချမ်းသာနှစ်မျိုးလုံးကို တောင့်တ၍ ပြုအပ်သည့် ကုသိုလ်၊
၄။ လောကုတ္တရာ ချမ်းသာသက်သက်ကိုသာ တောင့်တ၍ ပြုအပ်သည့် ကုသိုလ်
ဤလေးမျိုးတို့တွင် စတုတ္ထ ကုသိုလ်ကိုသာ ပြုအပ်၏။ စတုတ္ထကို မတတ်နိုင်မှ တတိယ၊ တတိယကို မတတ်နိုင်မှ ဒုတိယ၊ ဒုတိယကို မတတ်နိုင်မှ ပထမကို ပြုသင့်သည်။









:)
ရှင်အာစာရ