Showing posts with label 11. Mirror - မှန်. Show all posts
Showing posts with label 11. Mirror - မှန်. Show all posts

Thursday, September 1, 2016

အကြောပြင်သည်

အနာတစ်မျိုး ဆေးဆယ်မျိုးဟု ဆို၏။ ရောဂါတစ်ခု ပျောက်ကင်းရေးအတွက် ဆေးမျိုးစုံ ရှိသည်။ ထို့အတူပင် ဆေးကားတစ်မျိုး အနာဆယ်မျိုးဟုလည်း ဆိုရမည် ဖြစ်၏။ ဆေးတစ်မျိုးက ရောဂါများစွာကို ပျောက်ကင်းစေနိုင်၏။ ထို့သို့ အပြန်အလှန် တွေးယူခဲ့ရ၏။
ထို့ပြင် သမားတော် ဆရာဇီဝကအတွက် ဆေးဘက်မဝင်သည့် နွယ်မြက်သစ်ပင်ဟူ၍ မရှိကြောင်း ကြားဖူးသည့် ပုံပြင်ဖြင့်လည်း ဆွဲယူတွေးဆခဲ့ရ၏။ 

"ဘုန်းဘုန်း ဘာဖြစ်တာလဲ။"

"ညာဘက် ခြေသူကြွယ် ထုံနေလို့ပါ။ တစ်လလောက် ရှိပြီ။"

မြန်မာသမားတော်သည် အကြောဖွင့်ပေးသည် ဆို၏။ ညာဘက်ခြေသူကြွယ် အဖျားကို အထက်အောက် ဖိ၍ တအားနှိပ်၏။ စူးစူးရှရှ နာကြင်သောကြောင့် စူးစူးဝါးဝါး အော်ဟစ်ရသည်။ သို့သော် အခြားသော ခြေဖမိုး နှိပ်ချက်များ မနာကြင်လှပေ။ မျက်စိမှိတ်သွားရုံလောက်သာ နာကြင်၏။ ခြေကျင်းဝတ်ကို လိမ်၍ချိုးလိုက်ခြင်းသည် နောက်ဆုံးကုသချက် ဖြစ်၏။ ချွတ်ကနဲ အသံမြည်သွားသည်။

"ခြေသူကြွယ်ကို စမ်းကြည့်ပါအုံး ဘုရား . . .။"

"အင်း . . . သိပ် မထုံတော့သလိုပဲ။"

"ခြေကျင်းဝတ်မှာ အကြောလိမ်နေတာပါ ဘုရား။ လေဖြတ်ချင်လို့ ထုံတာမျိုး မဟုတ်ပါဘူး။"

"ဟူးးးးးး။"

"ဘုန်းဘုန်း ဒီဆေးလိမ်းရမယ်။ တစ်ပတ် . . . သနပ်ခါးနဲ့ သွေးလိမ်း။ ခြေဖမိုးကို ရေနွေးအဝတ် ကပ်ပေး။ ပြီးမှ ဆေးလိမ်း။ တစ်ရက် တစ်ခါ . . .။"

မြန်မာသမားတော်၏ နှိပ်ချက်များ မည်မျှ စွမ်းသည် ဖြစ်စေကာမူ၊ လိမ်းဆေးနှင့် ပတ်သက်၍ မည်သို့ တွေးယူသည်ပင် ဖြစ်စေကာမူ ဆေးနာမည်ကိုကြည့်၍ တုန်လှုပ်စွာ ပြုံးမိခဲ့သည်မှာ အမှန်ပင် ဖြစ်ပေသည်။

:)
ရှင်အာစာရ
(ခေတ္တ အမရပူရ)

Saturday, August 13, 2016

ဆင် ဆိုသည်မှာ

တစ်ခါသော် ရွာတစ်ရွာ၌ ဆင်ကို မမြင်ဖူးသည့် ပုဏ္ဏားကန်း ခြောက်ယောက် ရှိ၏။ ထိုပုဏ္ဏားတို့သည် အသက်နှစ်ဆယ်ကျော်မှ ကန်းသူများ ဖြစ်ကြ၍ ဆင်ကို မမြင်ဖူးသော်လည်း သက်ရှိသက်မဲ့ များစွာကို မြင်ဖူးထားကြ၏။ တစ်နေ့သ၌ ထိုပုဏ္ဏားတို့ စုဝေးကြပြီး ဆင်၏ပုံသွင် မည်သို့ရှိသည်ကို စူးစမ်းရန် တိုင်ပင်ကြပြီး ဆင်တစ်ကောင်ကို ဆောင်ယူစေကာ ဆင်ကို လက်နှင့် ကိုင်တွယ်စမ်းသပ်၍ ဆင်၏ပုံသွင် မည်သို့ဖြစ်သည်ကို ပြောဆိုဆွေးနွေးကြလေ၏။


၁။ ရှေးဦးစွာ ပုဏ္ဏားတို့၏ ဦးဆောင် ခေါင်းဆောင် ထွဋ်ခေါင် အချုပ်အချာ အာကျယ်စွာကျယ် ဆရာလည် ပုဏ္ဏားကြီးသည် ဆင်၏ နှာမောင်းကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ  ဆင်၏အသွင်ကို ပြောပြ၏။

“အဟမ်း၊ အဟမ်း။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။”



၂။ ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ အစွယ်ကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ  ဆင်၏အသွင်ကို ပြောပြ၏။

“ငါ့ရှင်တို့ . . . ဆင်ဆိုတာ . . . လှံတစ်ချောင်း . . .”



ထိုစဉ် ဆရာပုဏ္ဏားကြီးက အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်၏။

“အဟမ်း။”



ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။

“အင်း . . . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ . . .။”



၃။ ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ နားရွက်ကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ  ဆင်၏အသွင်ကို ပြောပြ၏။

“ငါ့ရှင်တို့ . . . ဆင်ဆိုတာ . . . ယပ်တောင်တစ်ချောင်း . . .”



ထိုစဉ် ဆရာပုဏ္ဏားကြီးက အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။

“အဟမ်း။”



ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။

“အင်း . . . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ . . .။”



၎။ ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ လက်ခြေတို့ကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ  ဆင်၏အသွင်ကို ပြောပြ၏။

“ငါ့ရှင်တို့ . . . ဆင်ဆိုတာ . . . ကျွန်းတိုင် . . .”



ထိုစဉ် ဆရာပုဏ္ဏားကြီးက အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။

“အဟမ်း။”



ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။

“အင်း . . . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ . . .။”



၅။ ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ နံပါးကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ  ဆင်၏အသွင်ကို ပြောပြ၏။

“ငါ့ရှင်တို့ . . . ဆင်ဆိုတာ . . . အုတ်နံရံ . . .”



ထိုစဉ် ဆရာပုဏ္ဏားကြီးက အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။

“အဟမ်း။”



ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။

“အင်း . . . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ . . .။”



၆။ ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ အမြီးဖျားကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ  ဆင်၏အသွင်ကို ပြောပြ၏။

“ငါ့ရှင်တို့ . . . ဆင်ဆိုတာ . . . သားမြီးယပ် . . .”



ထိုစဉ် ဆရာပုဏ္ဏားကြီးက အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။

“အဟမ်း။”



ထို့နောက် နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။

“အင်း . . . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ . . .။”



ဤသို့လျှင် ပုဏ္ဏားကန်းတို့သည် ဆင်ဆိုသည်မှာ ဆရာကြီး၏ ချောင်းဟန့်သံသာဖြစ်ကြောင်း သတ်မှတ်လိုက်ကြလေသတည်း။



:)

ရှင်အာစာရ

(ခေတ္တ မန္တလေး)

Tuesday, July 12, 2016

ရာဟုလာ၊ သုခ နှင့် သာဓု

“ဟ သုခပါလား။”

“အေးဟ ဖိုးသာဓုရ။”

“ငါးလည်း ဆရာသမား ခေါ်လို့ ရာဟုလာ သိမ်သမုတ်ပွဲ လိုက်လာတာ။ မောင်သုခ . . . မင်းလည်း မင့် ဆရာသမားနဲ့ လိုက်လာတာ မဟုတ်လား။”

“အင်းပါ့ မောင်ရာ။”

“ဒီတစ်ခါတော့ မှတ်သားစရာပါပဲ သုခရာ။ ကျောင်းအပေါ်ထပ်မှာ သိမ်သမုတ်တော့လည်း ရှင်းနေတာပါလား။ ဆရာသမားနောက်က လိုက်ရတဲ့ သိမ်သမုတ်ပွဲတွေ အများကြီး ကြုံးဖူးပါရဲ့။ ကံဆောင်သံဃာတွေ ဖတ်ဖတ်ကို မောလို့။ သိမ်နှုတ်တာတောင် တစ်ရက်တည်းနဲ့ ပြီးတာမဟုတ်ဘူး။ ခုတစ်ခါတော့ နှုတ်လည်းမနှုတ်၊ နိမိတ်လည်း မစောင့်။ နယ်လည်းမစောင့်။ တစ်နာရီအတွင်း ပြီးသွားတာပဲ။”

“ဒါက ဥပရိပါသာဒသိမ်လေကွာ။ ကောင်းကင်သိမ်၊ အာကာသသိမ်။ အမျိုးမျိုး ခေါ်ကြတာပဲ။ ငါလည်း ခုမှ ကိုယ်တွေ့ကြုံးဖူးတော့တယ်။”

“နာမည် ဘယ်လိုပဲခေါ်ခေါ်ပေါ့ကွာ။ နယ်မစောင့်၊ နယ်မသိမ်းဆိုတော့ သိမ်သမုတ်ရတာ လွယ်လိုက်တာ။”

“မင်းသာ လွယ်နေ။ ဒီကလူတွေ ဖတ်ဖတ်မောတာ ငါသိတာပေါ့။ ဒါမျိုးသိမ်က လုပ်ချင်တိုင်း လုပ်လို့ မရဘူးကွ။ အခွန်လွတ် သာသနာ့မြေဖြစ်မှ ရတာတဲ့ ဟ။ သာသနာ့မြေဖြစ်ဖို့ လွယ်တာမှတ်လို့။ သ-စ-အ ဆရာတော်ကြီး ရှင်းပြသွားတာ မကြားလိုက်ဘူးလား။”

“အင်း။ ကြားလိုက်သားပဲ။ ဒါမျိုး တစ်ခါမှ မကြုံဖူးလို့ အံ့သြနေတာ။”

“ငါက မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးတယ်ကွ။ ဒါက သာသနာပိုင် ဆရာတော် ဦးဗုဓ်နည်းတဲ့။ ဆရာတော် ဦးဗုဓ် ဆိုတာက ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး လေကွာ။ ဗုဓ်စ ဆိုတာက ဗုဒ္ဓဘုရား။ သာသနာတော်ရဲ့ အစ။ ဗုဓ်လယ် ဆိုတာက အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသ။ ဗုဓ်ဆုံး ဆိုတာက ဆရာတော်ဦးဗုဓ်။ သူ့အထက်မှာ ဘုရားနဲ့ အဋ္ဌကထာဆရာပဲ ရှိတော့တာ။ သာသနာပိုင် ရွှေဟင်္သာဆရာတော်ကြီးလည်း ဒီနည်း ကျင့်သုံးတယ်တဲ့ကွ။”

“ဆရာကြီးစတိုင် ဖမ်းမနေစမ်းပါနဲ့ သုခရာ။ သ-စ-အ ဆရာတော်ကြီး ရှင်းပြသွားတာ ငါလည်း ကြားလိုက်ပါတယ်။ ဘယ်သူ့နည်း ဖြစ်ဖြစ်ကွာ။ ငါတော့ သဘောကျတယ်ဟေ့။ ၀ိနည်းကံ၊ ၀ိနည်းကိစ္စကွာ သံဃာချမ်းသာဖို့ပဲ။ သံဃသုဋ္ဌုတာယ၊ သံဃဖာသုတာယ။ ၀ိနည်းဆိုတာ သီလရှိတဲ့ သံဃာချမ်းသာဖို့ ပဲ။ သီလမရှိတဲ့ သံဃာကို နှိပ်ကွပ်ဖို့ပဲ။ မဟုတ်ဘူးလား။”

“အေး။ ငါလည်း ကျောင်းတိုက်တည်ထောင်ရင် အာကာသသိမ်ပဲ သမုတ်မယ်ကွာ။ ရိုးရိုးသိမ်ဆိုရင် နယ်သိမ်းရတာ ခက်တယ်ဟ။ တမင်သက်သက် ညစ်ပတ်ပြီး နယ်သိမ်းလို့မရအောင် လုပ်တာတွေတောင် ရှိသေးတာ။”

“အင်း။ အခွန်လွတ် သာသနာ့မြေတော့ အရင်လျှောက်ပေါ့ကွာ။ လွယ်လွယ်တော့ မတွေးနဲ့။ ဒါနဲ့ မင်းက ဘယ်တော့ ကျောင်းတိုက်တည်ထောင်မှာလဲ။”

“ဟဲဟဲ။ ဖြည်းဖြည်းပေါ့ကွာ။ သာသနာ မကွယ်သေးပါဘူး။”

“အေး။ မင့် ကျောင်းတိုက် နောက်မှတည်ကွာ။ ဆွမ်းစားကျောင်း ကြွကြစို့။”

“ကောင်းတာပေါ့။ သာဓု သာဓု သာဓုပါ . . . ဖိုးသာဓုရာ။”

Thursday, July 7, 2016

ဘီလူး


နာရီပြန် (၂)ချက်ထိုးသည်ထိ ချွေးစို့နေသည်။ ပုံမှန် ပတ်ဝန်းကျင် အခြေအနေမှာ ရာသီဥတု အပူကင်းပြီ ဖြစ်၍ အေးအေးဆေးဆေး အိမ်မောကျရမည့် အချိန်ဖြစ်သော်လည်း ကြောက်စိတ်ကြောင့် အိပ်မရဘဲ ချွေးပျံနေသည်။ ညနေက ပြောစကားကို ပြန်၍ သတိရမိခြင်းကြောင့် ကြောက်အား ပိုမြင့်လာပြီး ချွေးထွက်များလာပြန်သည်။

“တပည့်တော်တို့ ငယ်ငယ်ကဆိုရင် သာသနာ့တက္ကသိုလ်က ကိုင်းတောကြီး။ ဘယ်သူမှ မ၀င်ရဲဘူး။ တပည့်တော်တို့ ကလေးတွေတောင် အတုမရှိထဲမှာပဲ ကစားကြတာ။ မီးလောင်ငုတ် ကျောင်းတိုင်တွေကို . . . တိုင်မှတ်တမ်း ခွေးရူးလိုက်ကြတာ။ ကိုင်းတောထဲတော့ မ၀င်ရဲကြဘူး။”

ရှေးယခင်က ကင်းဆိတ်ရာဒေသ ဖြစ်ခဲ့သည်ဟူသော အသိက ပစ္စက္ခ စည်ပင်မှုကို သိမ်ငယ်စေသည်။ မီး မပျက်ဘဲ အပြင်မှာ လင်းထိန်နေသော်လည်း အခန်းထဲမှာ ချောက်ချားနေသည်။ ခွေးများ သံရှည်ဆွဲ၍ အူခြင်းသည် နာနာဘာဝ မြင်ရခြင်း သင်္ကေတသာ ဖြစ်ရမည်။ အခန်းထဲမှာ လှောင်အိုက်နေပြီဖြစ်သော်လည်း ACကို ဖွင့်လိုက်လျှင် အပြင်က ပန်ကာလည်သွားမည် ဖြစ်သောကြောင့် ငြိမ်၍သာ အိုက်နေသင့်တော့သည်။ မှန်ပြတင်း ခန်းဆီးလိုက်ကာကြားမှ အပြင်သို့ ချောင်းကြည့်ရန် စိတ်ကူးလိုက်သေးသည်။ ခွေးများ ၀ိုင်းအူနေကြသည့် အကောင်းကြီးကို ကြည့်လိုက်ချင်သည်။ ခန်းဆီးစကို ဟလိုက်မည် စိတ်ကူးပြီးမှ ဖွင့်မကြည့်ရဲဘဲ ငြိမ်နေလိုက်သည်။ ဖြူဖြူအကောင်းကြီး ဖြစ်ချင်ဖြစ်မည်။ မည်းမည်းကြီးလည်း ဖြစ်နိုင်သည်။ ၀ိုင်းအူနေသည့် ခွေးများကို မထီလေးစား လုပ်နေမည့် အကောင်ကြီး လမ်းလျှောက်နေခြင်း ဖြစ်လိမ့်မည်။ ၀ိုင်းအူနေသည့် ခွေးများ နေရာ ရွေ့ရွှေ့သွားသည်။

ရနာပုံခေတ်က မင်းညီမင်းသားများကို ကွပ်မျက်ပြီး မြှုပ်နှံရာ သုဿာန်ဟု မှတ်သားဖူးသည့် နေရာဆီမှာလည်း ခွေးများ အူနေကြသည်။ ခွေးချင်း ချိတ်ဆက်မိခြင်း ဖြစ်နိုင်သည်။ နာနာဘာဝချင်း ချိတ်ဆက်မိခြင်းလည်း ဖြစ်နိုင်သည်။

ကြောက်တတ်သည့် ခွေးတစ်ကောင်းက အခန်းဘေး အပြင်နံရံကို လာကပ်၍ တဖြီးဖြီး မာန်ဖီနေသည်။ သူ့မှာ နောက်ကျောလုံနေပုံရသည်။ သူ့ကို ချောက်ထုတ်လိုက်လျှင် ဟိုအကောင်ကြီးက ကိုယ့်ကိုပါ သတိထားမိလိမ့်မည် ဖြစ်သောကြောင့် မာန်ဖီနေသည့် ခွေးကို သည်းခံပြီး ငြိမ်နေလိုက်ရသည်။ သေချာအောင် မီးပိတ်လိုက်သည်။ သတ္တိခဲ ခွေးတစ်ကောင်က တ၀ုတ်ဝုတ် ဟောင်ရင်း တဇွတ်ထိုး ၀င်သွားပုံရသည်။ သို့သော် ဂိန်ကနဲ တစ်ချက်အော်ပြီး ရပ်သွားသည်။ မာန်ဖီသံ ကြားနေရသည်။ ဟိုအကောင်ကြီးက မျက်လုံးပြူးပြလိုက်ခြင်း ဖြစ်မည်။ ကြောက်ပြုံး ပြုံးမိသည်။

ခွေးအူသံ ခွေးဟောင်သံများ ရပ်သွားပြန်သည်။ တီးလုံးတိုက်ထားသကဲ့သို့ ရုတ်တရက် တစ်ပြိုက်နက်တည်း ငြိမ်ကျသွားခြင်း ဖြစ်သည်။ ဟိုအကောင်ကြီး ဖျပ်ကနဲ ကိုယ်ရောင်ဖျောက်လိုက်သောကြောင့် ခွေးအားလုံး မှင်တက်မိသွားခြင်း ဖြစ်နိုင်သည်။

“ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ”ကို သတိရမိပြီး ဂုဏ်တော်ပွားသည်။ အရဟံမှ စသော်လည်း ဘဂ၀ါထိ မဆုံးဘဲ အရဟံမှ ပြန်ပြန်စနေရသည်။ မိုးသာ မြန်မြန်လင်းစေချင်တော့သည်။

မိုးမလင်းခင် ခဏတော့ အိပ်ပျော်သွားသေးသည်။ ခွေးများကား တရုန်းရုန်းနှင့် အူနေဆဲ ဟောင်နေဆဲ ဖြစ်သော်လည်း ဆွမ်းစားကျောင်းမှ အရုဏ်ဆွမ်းပင့် တုံးခေါက်သံ ကြားလိုက်ရ၍ အားတက်လာသည်။ ခန်းဆီစကို ရဲရဲလှစ်၍ မှန်ပြတင်းမှ ကြည့်လိုက်ရာ ခွေးတစ်သိုက် ခွေးဇာတ်ခင်းနေသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့သည်။ တဏှာဘီလူး ပူးဝင်အပ်သည့် ခွေးတို့ပေးတကား။

(ဖိုတို - ခွက်ဒစ် အင်တာနက်)

:)
ရှင်အာစာရ
ခေတ္တ မန္တလေး

Tuesday, May 10, 2016

ရှင်အာစာရ ဆုံးမစာ


  ၁။    အပွားအစီး၊ ခိုင်ထွားဖြီး၍၊ ကြီးပွားကြစေ၊ ဆုံးမပေမည်၊ မောင်တွေမယ်တို့ မှတ်စေဖို့။
    
  ၂။    ရာဟုလာကျောင်း၊ စိမ်းညိုမောင်း၌၊ ကိန်းအောင်းပျော်ရွှင်၊ ပညာသင်သည့်၊ မောင်ရှင်အများ၊ ရွတ်ဖတ်ပွားသည်၊ အားခဲ ကြိုးကုတ် ကျက်လေလော့။
    
  ၃။    ကျိုးကြောင်းစိစစ်၊ အမှန်ချစ်ဖို့၊ ပျိုမျစ်နုစဉ်၊ ပညာသင်လော့။

  ၄။    ပညာနိမ့်ပြန်၊ အမှန်မချစ်၊ ကြောင်းကျိုပစ်ခွာ၊ နေထိုင်ပါသော်၊ လူသာဖြစ်လည်း လူငနဲ။

  ၅။    ခေတ်သစ်ပညာ၊ ကင်းလွှတ်ကွာသော်၊ ခေတ်မှာလူထဲ၊ ဝင်နိုင်ခဲ၍၊ အမြဲနောက်ကျ နေမည်ပ။

  ၆။    ဘုရားအသိ၊ ကွာကင်းဘိသော်၊ ပျက်တိချော်မျိုး၊ ဂုဏ်မတိုးဘဲ၊ နွမ်းညှိုးအသရေ ယုတ်မည်ပ။

  ၇။    တရားအသိ၊ ကွာကင်းဘိသော်၊ ပျက်တိချော်မျိုး၊ ဂုဏ်မတိုးဘဲ၊ နွမ်းညှိုးအသရေ ယုတ်မည်ပ။

  ၈။    သံဃာအသိ၊ ကွာကင်းဘိသော်၊ ပျက်တိချော်မျိုး၊ ဂုဏ်မတိုးဘဲ၊ နွမ်းညှိုးအသရေ ယုတ်မည်ပ။

  ၉။    သရေပြည့်ဝ၊ လူလုံးလှအောင်၊ ဗုဒ္ဓစာပေ၊ မလွတ်စေဘဲ၊ ထွေထွေဝိဇ္ဇ္ဇာ၊ သင်္ချာသိပ္ပံ၊ တတ်ကောင်းရန်ကို၊ အားသန်လုံ့လ ခဲလေလော့။

၁ဝ။    အားခဲကြိုးကုတ်၊ ပညာလုပ်စဉ်၊ နှုတ်ရေးလှပ၊ ပြေပြစ်ကြစေ၊ မိတ္တဆွေကို၊ နှိမ်လေချလှောင်၊ နာမည်ပြောင်နှင့်၊ ငကြောင် ငနက်၊ ပုတက် ဂင်တို၊ ဝက်အို လောရှည်၊  စသည်များစွာ၊ နာမည်မဟုတ်၊ ဂုဏ်သိန်ယုတ်ဖြင့်၊ အာလုပ်ခေါ်နည်း ရှောင်လေလော့။

၁၁။    သူရှက်လေအောင်၊ သူ့ကိုလှောင်ဖို့၊ အပြောင်အပျက်၊ နာမည်ဖျက်သူ၊ နှုတ်ထက်သူ၏၊ ပူတိအပုပ်၊ စိတ်အစုတ်မှာ၊ ဖုံးအုပ်ကွာသည်၊ ဟာလာဟင်းလင်း ပွင့်လေ၏။

၁၂။    ကြင်ကြင်နာနာ၊ ရိုသေစွာလျှင်၊ သာယာခေါ်ထူး၊ ချစ်မှုန်ကူးလျက်၊ စာကျက်စာအံ၊ အလုပ်မှန်သည်၊ ကစားချိန်တန်က ကစားကြ။

၁၃။    ငယ်စဉ်နုငြား၊ ပိတ်လှောင်ထား၍၊ မကစားဘဲ၊ စာကိုစွဲသော်၊ ထူထဲထုံထိုင်း ပျော့တတ်စွ။

၁၄။    ကစားပွဲရှုံး၊ စာပြိုင်ရှုံးသော်၊ အရှုံးကိုပင်၊ မလိုချင်လည်း၊ ယဉ်ယဉ်ကျေးကျေး၊ အရှုံးပေးသည်၊ ပြုံးဆေး အငုံမပျက် ပါစေနှင့်။

၁၅။    စာသင်ခန်းတွင်း၊ ကစားကွင်းမှ၊ လုံးရင်းများစွာ၊ မှတ်ဖွယ်ရာကို၊ သေချာယူကျင့် ကျွမ်းလေလော့။

၁၆။    ကျောင်းသင်္ခန်းစာ၊ ဆိုသည်မှာလည်း၊ ရွေးကာသတ်မှတ်၊ ပြဋ္ဌာန်းအပ်သည်၊ ကန့်သတ်များတိ ရှိချေ၏။

၁၇။    အကန့်ကိုကျော်၊ တတ်ပါသော်မှ၊ တော်မြတ်လှသည်၊ ဇာနည် စာတတ် ဖြစ်လေလော့။

၁၈။    စာသင်ခန်းကျော်၊ အသိမော်ဖို့၊ တော်ရာသင့်ရာ၊ တွေ့လေရာမှာ၊ စာပေဖတ်ရှု လေ့လေလော့။

၁၉။    တွေးကြံခံစား၊ အသိပွားဖို့၊ စာများ များမြောင် ဖတ်လေလော့။

၂ဝ။    စာလာပေလာ၊ ဖတ်ဖွယ်ရာလည်း၊ ဆရာရေးသား၊ အတွေးများနှင့်၊ ခံစားချက်သာ၊ သူရေးစာကို၊ ဥာဏ်မှာတင်၍ ချင့်လေလော့။

၂၁။    ချင့်ချိန်တွက်ကာ၊ ကိုယ့်ဘာသာနှင့်၊ မြန်မာကိုယ့်ပြည်၊ ချစ်ရမည်တည့်၊ သာကီမျိုနွယ်၊ ဂုဏ်မငယ်အောင်၊ ခြယ်လှယ်သွက်လက်၊ ချက်ချက်ချာချာ၊ စိတ်ရင်းမာသည်၊ ဖြူစွာ ငြိုးမုန်း ကင်းလေလော့။

၂၂။    ကိုယ့်ပြည်သာယာ၊ ကိုယ့်ကျောင်းသာဖို့၊ စိမ်းဝါဖြူနီ၊ သီးပွင့်စည်အောင်၊ ညီညီညွတ်ညွတ်၊ စီတန်းပြွတ်လျက်၊  မချွတ်ယှက်ဖြာ၊ ပင်များစွာကို၊ စိုက်ကာ ခိုင်ထွား ပွားစေလော့။

၂၃။    ဝန်းကျင်သာယာ၊ စိတ်ချမ်းသာသည်၊ ကိုယ်မှာခန့်ကျန်း လန်းလေလိမ့်။

၂၄။    မာမာချာချာ၊ စိတ်ချမ်းသာသော်၊ ဥစ္စာစုစည်း ကြီးနိုင်လိမ့်။

၂၅။    ဆင်ခြင်တိုင်းထွာ၊ ပြည့်ပညာနှင့်၊ မှန်ရာကိုချစ်၊ ဘာသာချစ်၍၊ ပြည်ချစ်ကျန်းမာ၊ စည်းစိမ်လာသော်၊ ခေမာတိုင်ထိ၊ လက်ကိုင်မိအောင်၊ လွယ်ဘိမခက်၊ အကျင့်စွက်သည်၊ နရက်ကင်းဝေး အေးလေလိမ့်။

        ရှင်အာစာရ ဆုံးမစာ ပြီး၏

Tuesday, March 29, 2016

အိုးမဖုတ်ခင်

အမည်မှာ မောင်ကျော်ဇင်ဖြိုး ဖြစ်ပါသည်။ အသက်မှာ ငယ်လွန်းသေးသဖြင့် မူကြိုပင် မတက်နိုင်သေးသော အရွယ် ဖြစ်ပါသည်။ ကျောင်းကန်ဘုရားနှင့် နီးစပ်မှုရှိသဖြင့် ရဟန်းများကို “ဘုန်းဘုန်း”ဟု ခေါ်တတ်သူ ဖြစ်ပါသည်။ လက်ကိုင်ဖုန်း၌ ပါရှိသည့် ကစားနည်းများစွာကို ကစားတတ်သူ ဖြစ်သည့်အလျှောက် “ဘုန်းဘုန်း ဖုန်းထဲမှာ ဂိမ်းမရှိရင် သားသား ထည့်ပေးမယ်။ ဇက်ပြာ ဖွင့်လိုက်အုံးမယ်”ဟု သူ၏ နည်းပညာ ဗဟုသုတကို ကြွားလုံးထုတ်လေ့ ရှိပါသည်။ ပွဲလမ်းသဘင် မှန်သမျှကို “မင်္ဂလာဆောင်”ဟုသာ သူ ထင်ပုံရသည်။ ကျောင်းတွင်း၌ ကျင်းပသည် ပွဲလမ်းများစွာကို သူ ကြုံဖူးသည်ဖြစ်ရာ “ဘုရားကြီး မင်္ဂလာဆောင်တုန်းက . . .”ဟူ၍ အစချီကာ သူ၏ ဘုရားပွဲ အတွေ့အကြုံကို မျှဝေလေ့ ရှိပါသည်။ “ချစ်စဖွယ်။”


တစ်နေ့သ၌ အဓိပတိဒါယာဒ (ရာဟုလာ၊ စိုင်ပြင်) ကျောင်းဆောင်အတွင်း၌ မောင်ကျော်ဇင်ဖြိုး တစ်ယောက်တည်း ဘောလုံး ကစားပါသည်။ နာယက ဆရာတော်က ကျောင်းဆောင်အတွင်း မဆော့ရန် စကားဖြင့် တားမြစ်ပါသည်။ မရပါ။ ဘောလုံးကိုသာ သိမ်းယူလိုက်ရပါတော့သည်။ “မှတ်ကရော ကွာ။”



မောင်ကျော်ဇင်ဖြိုး၏ အမှတ်အတေးသည် နောက်နေ့အထိ အသက်ဝင်နေပါသေးသည်။ သူ့အမေသည် ဆရာတော်အတွက် ငါးမုန့် ကြော်လေရာ “သူ့ကို ငါးမုန့် မကျွေးနဲ့။ သားသား ဘောလုံးကို သူ သိမ်းတာ။ သူ့ကို မခေါ်ကြနဲ့။” ဆရာတော်ကို ပစ်ပယ် ဒဏ်ခတ်ဖို့ စည်းရုံးပါပြီ။ “မှတ်ပြီလား?”



မောင်ကျော်ဇင်ဖြိုးသည် မထင်လျှင် မထင်သလို လုပ်မည့်သူသာ ဖြစ်ပေမည်။ နာယက ဆရာတော်အပေါ် သူ၏ အမြင် မကြည်လင်မှု အားကြီးလွန်းလာလျှင်  . . . “သူ့ကို ဒီကျောင်းမှာ မထားတော့ဘူး”ဟူ၍ ပွင့်ထွက်လာသည်အထိ . . . ရယ်ရပါသည်။ “ကလေးဆိုး။”



မောင်ကျော်ဇင်ဖြိုး ကျောင်းနေအရွယ် ရောက်လာလျှင် ရှိလာနိုင်သည့် ကလေးဆိုး အမူအရာများကို စိတ်မှန်းဖြင့် မြင်ယောင်၍ . . . ပြုံးလိုက်မိပါသည်။ နေရာတကာ သူ့စိတ် . . . သူကသာ အမြဲတမ်း အနိုင်ယူလိုပြီး သူ့နှင့် ဆန့်ကျင်သူ ကျောင်းနေဘက် တစ်ယောက်ယောက်အပေါ် မကျေနပ်လျှင် “သူ့ကို မခေါ်ကြနဲ့”ဟု ပစ်ပယ် ဒဏ်ခတ်ရေးလမ်း ဖော်လိမ့်မည်လား။ “သူနဲ့ခေါ်ရင် မင်းတို့ကိုပါ ငါ ဆော်မှာ” ဟု အငြိုးနှင့် စူစွာတတ်သည့် ကျောင်းသားငကျယ် ဖြစ်မည်လား။ “ဆိုးလတ်ထှာ။”



ကျောင်းသားအရွယ်ထိ အကျင့်ဆိုး ပါသွားလျှင် မကောင်းလှ ပေမင့် ပြင်နိုင်ခွင့် ရှိပါသေးသည်။ ခွင့်လွှတ်နိုင်ဖွယ်လည်း ရှိပါသေးသည်။ သို့သော် . . . . . လူလားမြောက်၍ ကြီးပျင်းလေသော်၊ ထို့ပြင် ရှင်ရဟန်း တစ်ဆူတစ်ပါး ဖြစ်ခဲ့ငြားသော် . . . ချစ်စဖွယ် အမူအကျင့်များ ဖော်ကျူးခဲ့လျှင် အသရေ တင့်ပေမင့် ကလေးဆိုး ဟန်မူယာတို့ ခေါင်းထောင်လာခဲ့လျှင်ကား ရယ်အားထက် ရွံအားသာ သန်ကြပါလိမ့်မည်။ “ဥုံဖွ။ လွဲပါစေ။”



:)

ရှင်အာစာရ

(ခေတ္တ မန္တလေး)