Sunday, January 15, 2012

အပျော်ဆုံးနေ့


နိဒါန်း

ကျွန်တော်၏ အမည်သည် မောင်လှ ဖြစ်ပါသည်။ ကျွန်တော်၏ မိဘများသည် လယ်လုပ်ကြပါသည်။ ကျွန်တော့်မှာ အစ်ကိုတစ်ယောက် အစ်မတစ်ယောက် ရှိပါသည်။ အစ်ကိုက မြို့ကျောင်း၌ စာသင်ပါသည်။ အစ်မနှင့် ကျွန်တော်က ရွာကျောင်း၌ စာသင်ပါသည်။ ယခု ကျွန်တော်သည် စတုတ္ထတန်း၌ ပညာသင်ကြား နေပါသည်။ (၁၃.၁.၂၀၁၂)နေ့က ကျွန်တော် အလွန့်အလွန်ပင် ကျေနပ်ပျော်ရွှင် ကြည်လင်ကြည်နူး ဘ၀င်မြူးခဲ့ရပါသည်။

စာကိုယ်

ကျွန်တော်၏ ပျော်ရွှင်မှုကို မျှဝေခံစားကြစေချင်ပါသည်။ ကျွန်တော်၏ ပျော်ရွှင်မှုကို ပြောပြရမည်ဆိုလျှင် ကျွန်တော့်သူငယ်ချင်း ကိုသာစိန့် အကြောင်းလည်း ပြောရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကိုသာစိန်က ကျွန်တော့်ကို ပျော်ရွှင်အောင် ပြုလုပ် ပေးခဲ့သောကြောင့် ဖြစ်ပါသည်။ ကိုသာစိန်သည် ကျွန်တော်နှင့် အတန်းတူသော်လည်း သူက အသက်ကြီးမှ ကျောင်းနေသူ ဖြစ်သောကြောင့် ကျွန်တော့်ထက် အသက်အများကြီး ကြီးပါသည်။ ငါးနှစ် ခြောက်နှစ်လောက် ကြီးပါသည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို ရိုသေလေးစားသမှု ပြု၍ ကိုသာစိန်ဟု ခေါ်ပါသည်။ ဤသည်မှာ ကျွန်တော်တို့၏ မြန်မာ့ ယဉ်ကျေးမှု ဖြစ်ပါသည်။ ကျွန်တော်တို့၏ အပြောအဆို အပြုအမူ အတွေးအကြံများ ယဉ်ကျေးကြရမည်ဟု ကျောင်းအုပ်ကြီး ဦးနုဝင်းနှင့်တကွ လူကြီးမိဘ ဆရာသမားများက ကျွန်တော်တို့ကို ဆုံးမထားပါသည်။ ဆုံးမသည့်အတိုင်း ကျွန်တော် လိုက်နာပါသည်။ သို့ဖြစ်၍ ကျွန်တော်သည် လူလိမ္မာလေး တစ်ယောက် ဖြစ်ပါသည်။ ကျွန်တော့် သူငယ်ချင်းများ ဖြစ်ကြသည့် အေးကြွယ် နှင့် ကိုကိုလေးတို့သည်လည်း လူလိမ္မာလေးများပင် ဖြစ်ကြပါသည်။ ကျွန်တော့် အစ်မလည်း လိမ္မာပါသည်။ သို့သော် ကိုသာစိန်သည်ကား ကျွန်တော်တို့ကဲ့သို့ မလိမ္မာပါ။

ကိုသာစိန်သည် ကျောင်းအုပ်ကြီးနှင့် ဆွေမျိုးတော်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုသာစိန်၏ မွေးစားအဖေဖြစ်သူ ကျောင်းဒရ၀မ်ကြီး ဦးသာရွှေသည် ကျောင်းအုပ်ကြီး ဦးနုဝင်း၏ ညီအရင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကိုသာစိန်သည် ကျောင်းအုပ်ကြီးနှင့် ဆွေမျိုးတော်သော်လည်း ကျောင်းစာမတော်ပါ။ စာလည်း မကြိုးစားပါ။ ဉာဏ်လည်း မကောင်းပါ။ အကျင့်လည်း ယုတ်ပါသည်။ သို့သော် သူသည် ကျောင်းသားကြီးဖြစ်သောကြောင့် ကျွန်တော်တို့ ကျောင်းသားငယ်များက သူ့ကို လေးစားရပါသည်။ ကြောက်လည်း ကြောက်ရပါသည်။ မကြောက်လို့လည်း မရပါ။ ကျွန်တော်တို့က သူ့ကို မကြောက်လျှင် သူက ကျွန်တော်တို့ကို နားပန်ကျင်းတတ်ပါသည်။ လည်မျိုလည်း ညှစ်တတ်ပါသည်။ ကျွန်တော်တို့၏ နှာခေါင်းနှင့် ပါးစပ်တို့ကို သူ့လက်နှင့် ပိတ်အုပ်ထားပြီးလျှင် ကျွန်တော်တို့ အသက်မရှုနိုင်အောင် နှိပ်စက်တတ်ပါသည်။ သူနှင့် မတည့်သူကို မှတ်ထား၍ ရေကန်ထဲ၌ ကျွန်တော်တို့ ရေချိုးကြသည့်အခါ ရေနှစ်သတ်တတ်ပါသည်။ တကယ် သေအောင် သတ်သည်တော့ မဟုတ်ပါ။

ကိုသာစိန်နှင့် ပတ်သက်၍ ကျွန်တော့်မှာ အမှတ်ရစရာများ မြောက်များစွာ ရှိပါသည်။

နောက်ဆုံး ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်မှာ (၂၀၁၁-၂၀၁၂)ခုနှစ် ပညာသင်နှစ်၏ ပထမဆုံး ကျောင်းစဖွင့်သည့်နေ့က ဖြစ်ပွားခဲ့ပါသည်။ ထိုနေ့က ကျွန်တော် ရေသောက်သွားနေစဉ် ကိုသာစိန်က စာသင်ခုံပေါ်မှာ ကျွန်တော် တင်ထားခဲ့သည့် ကျွန်တော့်လွယ်အိပ်ထဲမှ ဗလာစာအုပ် အသစ်ကို ကျွန်တော်မသိအောင် နှိုက်ယူပါသည်။ သူက အလစ်သုတ်သော်လည်း ကျွန်တော်က မြင်မိအောင် မြင်လိုက်ပါသည်။ ထို့နောက် ကျွန်တော်က ကိုသာစိန့်ထံ အသနားခံ၍ ကျွန်တော့်ဗလာစာအုပ် ပြန်ပေးပါဟု ပြောသော်လည်း ကိုသာစိန်က ပြန်မပေးပါ။ ပြုံးစိစိ လုပ်နေပါသည်။ မခန့်ပြုံး ပြုံးခြင်း ဖြစ်ပါသည်။ ထိုနေ့က ကျွန်တော့်မှာ ဗလာစာအုပ် အသစ် တစ်အုပ်ထဲသာ ရှိပါသေးသည်။ သို့ဖြစ်၍ ကျွန်တော်လည်း ကျောင်းအုပ်ကြီးထံ သွားရောက်၍ တိုင်ကြားလိုက်ပါသည်။ ကျောင်းအုပ်ကြီးက “သူ့စာအုပ် ပြန်ပေးလိုက်”ဟု ကိုသာစိန်ကို ပြောပါသည်။ ကိုသာစိန်ကလည်း “ဟုတ်ကဲ့”ဟု ပြန်ပြောပါသည်။ သူက ကျွန်တော့်ကို မျက်စောင်းထိုးပါသည်။ ဟုတ်ကဲ့ဟု ဆိုသော်လည်း ကိုသာစိန်သည် ကတိမတည်ပါ။ ကျွန်တော့်စာအုပ်ကို ပြန်ပေးမလိုလို ပြန်ပေးမလိုလိုနှင့် အချိန်ရွှေ့ပြီး မေ့ချင်ဟန် ဆောင်နေလိုက်ပါသည်။ မတတ်သာ၍ ကျွန်တော်လည်း မေ့ချင်ဟန် ဆောင်နေလိုက်ရပါတော့သည်။ ထိုနေ့က ကျောင်းစဖွင့်သည့်နေ့ ဖြစ်သောကြောင့် ကျွန်တော်တို့ ဘာစာမှ မရေးရ၍ တော်ပါသေးသည်။ စာရေးရလျှင် ကျွန်တော့်မှာ ရေးစရာ ဗလာစာအုပ် မရှိ၍ ဒုက္ခရောက်ရမည် ဖြစ်ပါသည်။

တစ်နေ့သ၌ကား အစ်မနှင့် ကျွန်တော်တို့ ကျောင်းသို့ မနက်စောစော ရောက်နေကြပါသည်။ နေ့ကျောင်းဆင်းလျှင် အိမ်မပြန်ရအောင် ထမင်းချိုင့်လည်း ယူခဲ့ကြပါသည်။ ကျွန်တော်တို့ ယူလာသည့် ဟင်းများမှာ အမဲနှပ်၊ ကုလားပဲနှပ်နှင့် ချဉ်ပေါင်ကြော်တို့ ဖြစ်ကြပါသည်။ ထိုနေ့က ကိုသာစိန်လည်း ကျောင်းသို့ စောစောစီးစီး ရောက်လာပါသည်။ ကိုသာစိန်သည် ကျွန်တော်တို့ကဲ့သို့ ထမင်းချိုင့် ယူမလာခဲ့ပါ။ သူက ကျွန်တော့် ထမင်းချိုင့်ကို ယူ၍ ဖွင့်ကြည့်ပြီး ပါလာသမျှ အမဲသားတုံးများကို နှိုက်စားပါသည်။ ကျွန်တော် ငိုမဲ့မဲ့ ဖြစ်သွားပါသည်။ သို့သော် ကျွန်တော် မငိုပါ။ “ယောက်ျားဆိုတာ မငိုရဘူးကွ”ဟု ဖေဖေ ပြောထားသည့် စကားကို သတိရလိုက်သောကြောင့် ဖြစ်ပါသည်။ အစ်မက “ကျောင်းအုပ်ကြီးကို သွားတိုင်မယ်”ဟု ပြောပါသည်။ ကိုသာစိန်ကလည်း “တိုင်ပေါ့။ တိုင်တစ်လုံး ငါးကျပ်”ဟု ပလုပ်ပလောင်းနှင့် မခန့်လေးစား ပြန်ပြောပါသည်။ ကျောင်းအုပ်ကြီး သွားတိုင်မည် ဆိုသော်လည်း တကယ် မတိုင်ဖြစ်ပါ။ ကျွန်တော်တို့ သည်းခံခဲ့ကြပါသည်။

တစ်နေ့သ၌မူ နေ့လယ်ကျောင်းနားချိန်၌ ကျွန်တော်၊ အေးကြွယ် နှင့် ကိုကိုလေးတို့ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြပါသည်။ ဖေဖေ မြို့က ၀ယ်လာခဲ့သော လေပူဖောင်းလေးကို အသာပုတ်၍ ကစားနေကြခြင်း ဖြစ်ပါသည်။ လေပူဖောင်းလေး အပေါ်မြောက်တက်သွားအောင် ကျွန်တော်တို့ တစ်လှည့်စီ ပုတ်နေကြပါသည်။ တစ်ယောက်က ပုတ်တင်လိုက်ပြီး ပြန်ကျလာသည့် လေပူဖောင်းကလေးကို နောက်တစ်ယောက်က ပြန်၍ ပုတ်တင်ရပါသည်။ ပျော်စရာ အလွန်ကောင်းပါသည်။ ကျွန်တော်တို့ ကစားနေရာသို့ ကိုသာစိန် ရောက်လာပြီး လေပူဖောင်းလေးကို သူ့လက်နှင့် ပုတ်လိုက်ရာ လေပူဖောင်းလေးမှာ ဖောင်းကနဲ ပေါက်ကွဲသွားပါသည်။ သူ့ လက်ထဲ၌ ဆူးတစ်ချောင်း ပါလာသောကြောင့် ဖြစ်ပါသည်။ ပျော်ချင်လို့ ခင်ခင်မင်မင် ၀င်ပုတ်ခြင်း မဟုတ်ဘဲ တမင်သက်သက် ညစ်ပတ်ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့ ဆက်ကစားလို့ မရတော့ပါ။ ထိုအခါ အေးကြွယ်က “ဟေ့ကောင် မခံနဲ့။ ကျောင်းအုပ်ကြီးဆီ သွားတိုင်”ဟု ကျွန်တော့်ကို ပြောသောကြောင့် ကိုသာစိန်က အေးကြွယ်ကို နားပန်ကျင်းပါသည်။ လက်သံ တော်တော်ပြောင်ပါသည်။ အေးကြွယ်ခမျာ ရှေ့သို့ ယိုင်သွားပြီး ဟပ်ထိုးလဲလုနီးပါး ဖြစ်သွားပါသည်။ ကိုကိုလေးသည် ကိုသာစိန်ကို မျက်စောင်းထိုး၍ ကြည့်ရင်း အံကျိတ်နေပါသည်။ ကိုသာစိန် မမြင်လိုက်၍ တော်ပါသေးသည်။ ကိုသာစိန်သာ မြင်လိုက်လျှင် ကိုကိုလေးပါ နားပန်ကျင်း ခံရနိုင်ပါသည်။

ကိုသာစိန်သည် ကျွန်တော့် ဗလာစာအုပ်ကို ယူခဲ့ဖူးပါသည်။ ကျွန်တော့် ထမင်းချိုင့်ထဲက အမဲနှပ်ကို လု စားခဲ့ဖူးပါသည်။ ကျွန်တော့် လေပူဖောင်းကို ခွဲခဲ့ဖူးပါသည်။ ဤမျှသာ မကသေးပါ။ ကျွန်တော့်ထံမှ ကိုသာစိန် မတရား ယူသွားခဲ့သော ပစ္စည်းများ မြောက်များစွာ ရှိပါသည်။ ခဲချွန်စက်၊ ခဲဖျက်၊ ခဲတံ၊ မင်တံ၊ စက်ဝိုင်းခြမ်း၊ ထောက်ချွန်၊ ကွန်ဖာ၊ ကွန်ဖာဗူး၊ မန်းကျည်းစေ့လှော်၊ ပဲကြီးလှော်၊ ချိုချဉ်၊ ကရေကရာ၊ ထိုးမုန့်၊ အေးလမုံ့၊ ရွှေခြည်၊ နနွင်းမကင်း၊ ဘိန်းမုန့်၊ မုန့်ပျားသလက်၊ အထက်မီးအောက်မီး၊ ပစ်တိုင်းထောင်၊ သားရေကွင်း၊ လောက်စာလုံး၊ လေးခွ၊ ဦးထုပ်၊ အိုးစည်၊ ဓာတ်ခဲလက်ပတ်နာရီ စသည်တို့ ဖြစ်ပါသည်။ ကျွန်တော့်ထံမှ ကိုသာစိန် ယူသွားသည့် ပစ္စည်းများအနက် ပါဝါရိန်းဂျား အရုပ်ကလေးကို ကျွန်တော် အနှမြောဆုံး ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်က ပါဝါရိန်ဂျား ကြိုက်သောကြောင့် ဖြစ်ပါသည်။

ကိုသာစိန်သည် တော်တော်ဆိုးပါသည်။ ငယ်ရွယ်သူကို မသနားတတ်ပါ။ အနိုင်ကျင့်တတ်ပါသည်။ သူသည် ကျွန်တော့်ကိုသာမက အခြား ကျောင်းသူကျောင်းသားများကိုလည်း နိုင်လျှင်နိုင်သလို အနိုင်ကျင့်တတ်ပါသည်။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားများ၏ ပစ္စည်းများကို ရလျှင်ရသလို ယူတတ်ပါသည်။ ကျွန်တော်တို့၏ ဟင်းများ မုံ့များကိုလည်း လုယူ စားသောက်တတ်ပါသည်။

ကိုသာစိန်၏ မိုက်မဲမှုများကြောင့် ကျောင်းအုပ်ကြီးက ကိုသာစိန်ကို မကြာခဏ ဆုံးမရပါသည်။ ဦးသာရွှေကလည်း သူ့သားသူ ဆုံးမပါသည်။ ရပ်ရွာ လူကြီးများကလည်း ကိုသာစိန်ကို ဆုံးမပေးကြပါသည်။ ပါးစပ်နှင့် ဆုံးမရုံမျှမက ရိုက်နှက်၍ ဆုံးမကြသည့် အခါများလည်း ရှိပါသည်။ ရွာဦးကျောင်း ဆရာတော်နှင့် တစ်ခြားရွာမှ ဆရာတော်များကလည်း ကိုသာစိန်နှင့်တွေ့လျှင် အခွင့်သင့်သလို ဆုံးမကြပါသည်။ သို့သော် ကိုသာစိန်သည် ဆုံးမစကားများကို လေးလေးနက်နက် နားမထောင်ပါ။ ပါးစပ်ကသာ “ဟုတ်ကဲ့ ဟုတ်ကဲ့”၊ “တင့်ပါ တင်ပါ့”ဟု ပြောတတ်ပါသည်။ ဆုံးမလိုက်တိုင်း ခဏသာ လိမ္မာသလိုလို နေပါသည်။ ထို့ကြောင့် လူကြီးသူမများက သူ့ကို “ခွေးမြီးကောက် ကျည်တောက်စွပ်”ဟု ခေါ်ကြပါသည်။

နိဂုံး

စာဖတ်ပရိသတ်ကြီး ခင်ဗျား . . .။ ပရိသတ်ကြီး အနေနဲ့ ကျွန်တော် မောင်လှကို အထင်မလွဲကြပါနဲ့။ အပျော်ဆုံးနေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးမလိုလိုနဲ့ ကိုသာစိန့်အကြောင်း ပျော်စရာ မကောင်းတာတွေ ရေးပြနေတယ်ဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးမိကြရင် ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ ဟုတ်ကဲ့။ ကျွန်တော် ပျော်ရတာကိုလည်း ထည့်ရေးပါမယ် . . .။ ကျွန်တော် ဘာလို့ ပျော်ခဲ့ရသလဲ ဆိုတာတော့ အဲဒီနေ့တုန်းက ကိုသာစိန်က ကျွန်တော့်ရဲ့ ပါဝါရိန်းဂျား အရုပ်ကလေးကို ကျွန်တော့်ဆီ ပြန်ပေးလိုက်လို့ ဖြစ်ပါတယ်။ သူ ဘာဖြစ်လို့ ပြန်ပေးတယ်ဆိုတာ မသိပေမယ့် ကျွန်တော် ပျော်တာကတော့ သေချာပါတယ် ခင်ဗျား . . .။

ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အေးကြွယ် နဲ့ ကိုကိုလေးတို့လည်း ပျော်ကြပါတယ်။ ကျွန်တော့် အစ်မလည်း ပျော်ပါတယ်။ “သာစိန် လိမ္မာလာတော့မှာလား မသိဘူး”လို့ အစ်မက ပြောပါသေးတယ်။

စာဖတ်ပရိသတ်ကြီး ပျော်ရွှင်နိုင်ပါစေလို့ ကျွန်တော် မောင်လှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ ပါဝါရိန်းဂျား အရုပ်ကလေးကို ကျွန်တော့်ဆီ ပြန်ပေးတဲ့ ကိုသာစိန်ကို ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်
မောင်လှ (စတုတ္ထတန်း)
ရင်းရဲကျေးရွာ၊ ဒီပဲယင်းမြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----

Comment:
:)
ရှင်အာစာရ

No comments:

Post a Comment