Showing posts with label 09. Child - ကေလး. Show all posts
Showing posts with label 09. Child - ကေလး. Show all posts

Sunday, May 28, 2017

သူတော်ကောင်း

(May 20, 2017)

 "သူတော်ကောင်း သားတို့သမီးတို့ရဲ့ ယဉ်ကျေးလိမ္မာ တရားစခန်း သုံးရက် ပြည့်ပါပြီ။ သူတော်ကောင်းဆို့တော့ . . . တကယ့်သူတော်ကောင်းလား၊ သူတော်ကောင်း အစစ်လား။ နာမည်ခံ သူတော်ကောင်းလား။ အစစ်ဖြစ်ဖို့ အရေးကြီးတယ်။ အားလုံး လိုက်ဆိုကြမယ်။"

"သားတို့မှာ သမီးတို့မှာ သဒ္ဓါတွေ အများကြီး ရှိပါတယ်။ သဒ္ဓါဆိုတာ ယုံကြည်တာပါ။ ဘုန်းဘုန်းကို ယုံကြည်ပါတယ်။ ဆရာဆရာမကို ယုံကြည်ပါတယ်။ သူငယ်ချင်းကို ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကိုယ့်အလုပ်ကိုယ် ယုံကြည်ပါတယ်။"

"သားတို့မှာ သမီးတို့မှာ ဝီရိယတွေ အများကြီး ရှိပါတယ်။ ဝီရိယက တွန်းပေးပါတယ်။ ထောက်ပေးပါတယ်။ ထောင်ပေးပါတယ်။ မတ်ပေးပါတယ်။ တက်တက်ကြွကြွ ကျက်သရေရှိရှိ လန်းလန်းဆန်းဆန်း နေနိုင်ပါတယ်။"

"သားတို့မှာ သမီးတို့မှာ သတိတွေ အများကြီး ရှိပါတယ်။ သတိရှိလို့ သိပါတယ်။ အခြေအနေကို သိပါတယ်။ ဘယ်ရောက်နေတယ် သိပါတယ်။ ဘာလုပ်နေတယ် သိပါတယ်။ ကိုယ်ကိုယ်ကိုယ် သိပါတယ်။"

"သားတို့မှာ သမီးတို့မှာ သမာဓိတွေ အများကြီး ရှိပါတယ်။ သမာဓိရှိလို့ စူးစိုက်ပါတယ်။ တည်ကြည်ပါတယ်။ စာကျက်တဲ့ခါ စူးစိုက်ပါတယ်။ သင်္ချာတွက်တော့ စူးစိုက်ပါတယ်။ စာသင်ခန်းထဲမှာ စူးစူးစိုက်စိုက် တည်ကြည်ပါတယ်။"

"သားတို့မှာ သမီးတို့မှာ ပညာတွေ အများကြီး ရှိပါတယ်။ ပညာရှိလို့ ခွဲခြားတတ်ပါတယ်။ အမှန်အမှား ခွဲခြားတတ်ပါတယ်။ သင့်တော်မတော် ခွဲခြားတတ်ပါတယ်။ ပြောသင့် မပြောသင့်၊ လုပ်သင့် မလုပ်သင့် ခွဲခြားတတ်ပါတယ်။"

"ပစ္စည်းရှိမှ လူချမ်းသာ။ ဥစ္စာရှိမှ လူချမ်းသာ။ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ။ ငါးမျိုးဆိုတာ သူတော်ကောင်းတို့ရဲ့ ပစ္စည်းပါ။ သဒ္ဓါတွေ ရှိမှ၊ ဝီရိယတွေ ရှိမှ၊ သတိတွေ ရှိမှ၊ သမာဓိတွေ ရှိမှ၊ ပညာတွေ ရှိမှ သူတော်ကောင်း အစစ်ပါ။"

"သူတော်တွေ ပိုင်ဆိုင်တဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ သူတော်ကောင်းဥစ္စာတွေ စုဆောင်းပိုင်ဆိုင်ပြီး သူတော်ကောင်း အစစ်လေးတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။"

:)
ရှင်အာစာရ



Friday, September 28, 2012

ကျောင်းဝတ် ကန်ဝတ်


“ဘုန်းဘုန်း ကျွေးတဲ့ ချိုချဉ် စားရင် ကျောင်းမှာ မြက်နှုတ်ရတယ်။
ဘုန်းဘုန်း ကျွေးတဲ့ ကွမ်းယာ စားတာ မြက်နှုတ်ရမယ်။”
-----
ရွှေရည်မိုးမြင့်
KG1, Rahula Dhamma School,
Sai Pyin Gyi, Dipeyin, Sagaing

Thursday, March 15, 2012

Youth and Dhamma - လူငယ်နှင့် ဓမ္မ



Q: “How can the Dhamma help children? How can we teach the Dhamma to children?”

မေး။  ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။

ဖြေ။  ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။

သူတစ်ပါးကို အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ ကလေးတွေကို ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။

ကလေးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဘာသာ သန္ဓေတည်လာအောင် အိမ်မှာ စပြီး လုပ်ပေးသင့်ပါတယ်။ အိမ်မှာ ဘုရားစင် ရှိတယ်ဆိုရင် ကလေးတွေ ဘုရားစင်နဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စ ဆောင်ရွက်ခွင့် ရတာပေါ့။ ဘုရားဦးချပုံ၊ ဆွမ်းကပ်ပုံ၊ ပန်းကပ်ပုံ၊ ရေချမ်းကပ်ပုံတွေ သင်ပေးနိုင်တာပေါ့။ ကလေးတွေနဲ့အတူ ဘုရားဝေယျာဝစ္စ ဆောင်ရွက်သင့်ပါတယ်။ ကလေးတွေ ငယ်ငယ်ကတည်းက မိဘနဲ့ သားသမီး ဘာသာရေးအရ ဆက်စပ်နေသင့်ပါတယ်။ ငယ်ငယ်ကတည်းက အလေ့အကျင့် ရထားရင် အရွယ်ရောက်တဲ့ အခါမှာ အလားအလာ ကောင်းတာပေါ့။

ကလေးတွေဟာ ဂီတကို မြတ်နိုးတတ်ကြပါတယ်။ ဂီတသံနဲ့ ရွတ်တာဖတ်တာကို ကလေးတွေ သဘောကျတတ်ပါတယ်။ ခံစားမှုသီချင်းတွေနဲ့ သားချော့တေးတွေအပြင် ဓမ္မဂီတကိုပါ ကလေးတွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ပင်ပန်းနေတာ၊ အလိုမကျ ဖြစ်နေတာ သတိထားမိရင် ကလေးအတွက် ဂါထာမန္တာန် ရွတ်ပေးကြည့်ပါ။ ကလေးရဲ့ အပြုသဘော တုံ့ပြန်မှုကို တွေ့ရပါလိမ့်မယ်။

အသိမိတ်ဆွေ မိသားစု တစ်ခုမှာ ထမင်းမစားခင် မိသားစုလိုက် ဆွမ်းတော်ကပ်ကြတာ တွေ့ဖူးပါတယ်။ ဒီထက် ပိုပြီး ထူးခြားတာက ဆွမ်းတော်ကပ် ၀တ်ရွတ်စဉ်ကို ငါးနှစ်သား ကလေးက ရှေ့ကတိုင်ပေးသွားပါတယ်။ ဒါဟာ ရိုးတယ်ထင်ရပေမယ့် ကလေးနဲ့ မိဘကြားက လေးနက်တဲ့ ဓမ္မဆက်ထုံးတစ်ခု ဖြစ်ပါတယ်။

တစ်ပတ်တစ်ခါ တစ်လတစ်ခါ နီးစပ်ရာ မိသားစုတွေ စုဆုံပြီး ဘာသာရေးကိစ္စ ဆောင်ရွက်ကြတာတွေလည်း တော်တော်များများ တွေ့ဖူးပါတယ်။ ဒီလို ပုံမှန်လုပ်နေတာဟာ ကလေးတွေကို ဓမ္မသင်တန်း အတက်ခိုင်းပြီး သင်တန်းပြီးတာနဲ့ ကိစ္စပြီးသွားတာထက် အများကြီး သာပါတယ်။ မိသားစုကို ပစ်ထားခဲ့ပြီး၊ မိတ်ဆွေတွေကိုလည်း သတိမရနိုင်ဘဲ အချိန်လု စီးပွားရှာကြရတဲ့ ခေတ်ကြီးထဲမှာ ဒီလို ပုံမှန်လေး လုပ်သွားနိုင်ရင် မိသားစုတွေ စုစည်းပျော်ရွှင်မှု လောကီအကျိုးလည်း ရရှိသလို ဘာသာရေးကို ကျင့်သုံးပြီးလည်း ဖြစ်သွားပါတယ်။ မိတ်ဆွေမိသားစုတွေ အချင်းချင်းလည်း အပြန်အလှန် ကူညီခွင့်တွေ ရလာတာပေါ့။ ကလေးငယ်တွေအနဲ့အတူ ဘာသာရေးကိစ္စ တစ်ခုခု သဘောလောက် ခပ်ကျဉ်းကျဉ်း လုပ်လိုက်ပြီး ပျော်ပွဲစားကြတယ်၊ ကစားကြတယ် ဆိုရင်ကိုပဲ တော်တော်လေး ထိရောက်ပါတယ်။ ပျော်ပွဲစာထွက်ရင်း၊ ကစားခုန်စားလုပ်ရင်း ဘာသာရေးကိစ္စ ဆောင်ရွက်သင့်သလားလို့ မေးချင် မေးနိုင်ပါတယ်။ ဘာဖြစ်လို့ မလုပ်သင့်ရမှာလဲ။ လုပ်ရမှာ ကြောင်တယ်လို့ ထင်မိသလား။ မထင်ပါနဲ့။ သူတစ်ပါးက ငကြောင်လို့ အထင်ခံရမှာ ကြောက်သလား။ ထင်ချင်သလို ထင်ကြပါစေ။ ကိုယ့်ဘာသာရေး ကိုယ်လုပ်တာပဲ။

မိဘနဲ့ သားသမီး အတူတူ တရားထိုင်နိုင်ပါတယ်။ ကလေးတွေအတွက် အချိန် သိပ်ကြာစရာ မလိုပါဘူး။ ကလေးတွေကို အားစိုက်သတိထားပြီး အသက်ရှူဖို့ သင်ပေးပါ။ ဘယ်လိုခံစားလိုက်ရတယ် ဆိုတာကို သတိထားမိအောင် အသက်ရှူခိုင်းပါ။ တရားထိုင်တာကို ကြီးလေးမွန်မြတ်တဲ့ ကိစ္စကြီး၊ ကလေးတွေနဲ့ မဆိုင်တဲ့ ဘာသာရေး လုပ်ငန်းကြီးလို့ မသတ်မှတ်ပါနဲ့။ မွန်မြတ်တဲ့ ကိစ္စတိုင်း ကြီးလေးစရာ မလိုပါဘူး။ လွယ်လွယ်လေးနဲ့လည်း မွန်မြတ်လို့ ရပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းက ကလေးတွေအတွက် ခက်နေရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း အပွားခိုင်းပါ။ ကမ္မဋ္ဌာန်းဆိုပြီး စကားလုံးကသာ ကြီးနေတာ လုပ်ရတာက ရိုးရိုးလေးပါ။ ဘုရားဂုဏ်ကို အာရုံပြုလိုက်ရုံပဲ မဟုတ်လား။ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်ထဲမှာ ပုံဖော်ကြည့်ခိုင်းနိုင်ပါတယ်။ ဒီလောက်တော့ ကလေးတွေအတွက် မခက်ပါဘူး။ မေတ္တာပွားတာလည်း ကလေးတွေ လုပ်နိုင်တာပေါ့။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေတတ်တာဟာ ဘ၀မှာ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။ ဒီစွမ်းရည်ကို မေတ္တာပွားခြင်းအားဖြင့် တည်ဆောက်နိုင်ပါတယ်။

မိဘတွေနဲ့ သားငယ်သမီးငယ်တွေ စုပေါင်းတိုင်ပင်ပြီး ဇာတ်လမ်းဇာတ်ကွက်လေးတွေ ကစားနိုင်ပါတယ်။ ဆိုပါစို့ ဇာတ်ကောင်တွေ အားလုံးက အတ္တစိတ်နဲ့ သူတစ်ပါးကို မငဲ့ဘဲ ကိုယ်ချမ်းသာဖို့ ကိုယ်ပျော်ဖို့ပဲ ဦးစားပေးကြတဲ့ ဇာတ်လမ်းမျိုး။ နောက်တစ်ခါ ဒီဇာတ်ကောင်တွေကပဲ သူတစ်ပါးကို ငဲ့ညှာပြီး ကိုယ်ကျိုးစီးပွားထက် သူတစ်ပါးရဲ့ အကျိုးစီးပွားကို ငဲ့ကွက်ပြီး သူတစ်ပါး ချမ်းသာပျော်ရွှင်အောင် လုပ်ပေးတဲ့ ဇာတ်လမ်းမျိုး။ ဒီလို ကစားတာဟာ ကလေးတွေကို ပြဿနာ ဖြေရှင်းနည်း သင်ပေးတာပါပဲ။ ကလေးတွေဟာ မတူကွဲပြားတဲ့ အပြုအမူတွေကနေ ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်တွေကိုလည်း သိမြင်နိုင်ကြမှာပါ။

မိသားစုလိုက် ကျောင်းကန်ဘုရား စေတီပုထိုးတွေ သွားရောက် လည်ပတ်နိုင်ပါတယ်။ ဘိုးဘွားရိပ်သာလို လူမှုရေး ဆောင်ရွက်တဲ့ နေရာဌာနတွေလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ လည်ပတ်ရာက ပြန်လာရင် ဘာတွေ မြင်တွေခဲ့ရတယ်၊ ဘယ်လိုတွေ ခံစားခဲ့ရတယ်၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်ချင်စိတ် ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ဆွေးနွေးသင့်ပါတယ်။

ကလေးတွေအတွက် ထုတ်ဝေထားတဲ့ ဗုဒ္ဓ၀င်စာအုပ်တွေကို ကလေးနဲ့မိဘ အတူဖတ်သင့်ပါတယ်။ ဗုဒ္ဓ၀င် ဗီဒီယိုတွေ အတူ ကြည့်သင့်ကြပါတယ်။ မိဘက ကလေးတွေကို လမ်းပြသွန်သင်နိုင်တာပေါ့။ ကလေးတွေအတွက် ထုတ်ဝေတဲ့ ဓမ္မစာအုပ်တွေ အများကြီး ရှိပါတယ်။ ဗုဒ္ဓ၀င် ကာတွန်းဇာတ်လမ်းတွေလည်း ပေါပါတယ်။ စာတွေဖတ်၊ ဗီဒီယိုတွေကြည့်ပြီး ကလေးတွေနဲ့ မသိမသာ ဆွေးနွေးကြည့်ပါ။ ကလေးတွေ ပျော်အောင် ပေါ့ပေါ့ပါးပါး ဆွေးနွေးပါ။ လမ်းညွှန်မှုနဲ့ ဆွဲဆောင်ပြီး ဆွေးနွေးပါ။ ကလေးတွေဟာ နက်နဲတဲ့ ကံတရား၊ ဘ၀သံသရာ သဘောတရားတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ တိရစ္ဆာန်တွေ၊ နိမ့်ကျသူတွေကို သနားတတ်လာတာကိုလည်း တအံ့တသြ တွေ့ရပါလိမ့်မယ်။

ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားတွေမှာ ကာယိနြေ္ဒကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး စောင့်ထိန်းထားတတ်ကြပါတယ်။ ရဟန်းသံဃာတွေ လူကြီးမိဘတွေရှေ့မှာ ငြိမ်ငြိမ်သက်သက် နေတာဟာလည်း ဗုဒ္ဓဘာသာရဲ့ အလေ့အထ တစ်ခုပါပဲ။ ဗုဒ္ဓဘာသာမှာမှ မဟုတ်ပါဘူး။ ကာယိနြေ္ဒ ထိန်သိမ်းခြင်းကို တော်တော်များများက လိုလားကြပါတယ်။ ဒီအလေ့အထနဲ့ ပတ်သက်လို့ “ကလေးတွေ အငြိမ်ကို မနေနိုင်ကြဘူး”လို့ ညည်းညည်းညူညူ ပြောကြတဲ့ မိဘတွေ အများကြီး တွေ့ဖူးပါတယ်။ ကလေးတွေ ဂနာမငြိမ်တာဟာ မိဘတွေဆီက သင်ယူခဲ့တာ ထင်ပါတယ်။ အဲဒီလို မိဘတွေ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သူတို့ကလေးတွေ တွေ့ရခဲ မြင်ရခဲမယ် ထင်ပါတယ်။ လူကြီးတွေ ဣနြေ္ဒရရ ထိုင်နေတာကို မြင်ရတဲ့ ကလေးတွေဟာ ဣနြေ္ဒရရ ငြိမ်ငြိမ်သက်သက် ထိုင်နေချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တိတ်ဆိတ်အေးချမ်းမှုကို ကလေးနဲ့မိဘ အတူတူ အလျဉ်းသင့်သလို မျှဝေခံစားသင့်ပါတယ်။ ဥပမာ ကလေးက မိဘရင်ခွင်မှာ ထိုင်နေမယ်၊ မိဘက ဘုရားစာ တရားစာ ရွတ်ဖတ်နေမယ်ပေါ့။ တစ်ချို့ မိဘတွေက တရားထိုင်တဲ့ အခါမှာ ကလေးတွေ လာနှောင့်တာ မခံချင်ကြပါဘူး။ မိဘဆန္ဒကို ကလေးတော်တော်များများက လေးလေးစားစား နားလည်တတ်ကြပါတယ်။ ကလေးက နားမလည်နိုင်လို့ တရားထိုင်နေတုန်း ရင်ခွင်ထဲ လာထိုင်တယ် ဆိုရင်လည်း ပြဿနာလို့ မယူဆသင့်ပါဘူး။ ကလေးကို ရင်ခွင်မှာထားပြီး တရားအားထုတ်လို့လည်း ရတာပါပဲ။

ဆယ်ကျော်သက်တွေနဲ့ စုဖွဲ့ပြီး ဆွေးနွေးတဲ့ နည်းကလည်း ထိရောက်ပါတယ်။ ဖော်ရွေရင်းနှီးမှုအကြောင်း၊ အတင်းအဖျင်း စကားတွေအကြောင်း၊ ချိန်းဆိုတွေဆုံတဲ့အကြောင်း စသည်ဖြင့် ဆယ်ကျော်သက်တွေနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုခုကို ယူပြီး လူကြီးက ဦးဆောင်ဆွေးနွေးပေါ့။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာ အကြောင်းအရာ အဖြစ်အပျက်နဲ့ ကိုက်ညီအောင် ဗုဒ္ဓဘာသာကို ဘယ်လို အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ဆွဲယူပြပေါ့။ အကြမ်းမဖက်ခြင်း မေတ္တာ၊ အရေးကိစ္စ ကြုံရတဲ့အခါ ထည့်ဝင်လှူဒါန်းခြင်း ရက်ရောမှု ဒါန အစရှိတဲ့ ဗုဒ္ဓဘာသာ အလေ့အကျင့်တွေကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ပြောပြပေါ့။ ကမ္ဘာကြီးအကြောင်း၊ တစ်ခြားနိုင်ငံက လူသားတွေအကြောင်း လူငယ်တွေ သိနားလည်ခွင့် ရရှိမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ တရားတော်ကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အလှတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရား တန်ဖိုးတွေ၊ အကြင်နာ မေတ္တာတွေ ရှိနေတယ်၊ ဗုဒ္ဓဘာသာဟာ ဘ၀အတွက် အသုံးဝင်တယ်လို့ လူငယ်တွေ သိနိုင်ကြလေလေ သူတို့ရဲ့ ဘာသာတရားကို သူတို့ ပြန်ပြီး လေးစားနိုင်ကြလေလေ ဖြစ်ပါလိမ့်မယ်။

တစ်ခါတုန်းက အသက်နှစ်ဆယ်အရွယ် ကလေးတွေ “ယောက်ျားလေးနဲ့ မိန်းကလေး ဆက်ဆံရေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးကြတာကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။ တစ်ယောက်ပြီးတစ်ယောက် အပြန်အလှန် ပြောကြတယ်။ သူတို့ဘ၀၊ သူတို့ခံစားချက်တွေအကြောင်း ပြောကြတာ ဖြစ်ပေမယ့် တရားဓမ္မနဲ့ သက်ဆိုင်တဲ့ သဘောတရားတွေ အများကြီး ပါနေပါတယ်။ ဗုဒ္ဓဘာသာ တရားတော်ကိုက သဘာဝတရားကို ဖော်ထုတ်ပြထားတာကိုး။ ဆိုပါစို့ ကိုယ်ကျင့်သိက္ခာ ပြည့်ပြည့်၀၀နဲ့ နေထိုင်ရှင်သန်ဖို့ အရေးကြီးတယ်၊ အမှန်ကိုသာ ပြောကြဖို့ အရေးကြီးတယ်၊ ဘယ်လိုအချိန်မှာ ဘယ်လို ယုံကြည်မှု ရှိသင့်တယ်ဆိုတာ လေ့လာရမယ် ဆိုတာတွေကို ကလေးတွေ ပြောကြဆွေးနွေးကြပါတယ်။ သူတို့ ပြောဆိုဆွေးနွေးတာကို ဦးဆောင်ပေးသူ တစ်ယောက်အနေနဲ့ ဘာမှ ၀င်မပြောခဲ့ပါဘူး။ သူတို့ ပြောကြတာတွေကို လေးလေးစားစား နားထောင်ပေးခဲ့တာပါပဲ။ ဆွေးနွေးပွဲပြီးတော့ တစ်ချို့ ကောင်လေးတွေ ကောင်မလေးတွေ လာပြောကြတယ်။ “အံ့သြစရာပဲ။ ဘာသာရေး ခေါင်းဆောင်တစ်ယောက်ရှေ့မှာ ဒီလို ပြောရတာ ဒါ ပထမဆုံးပဲ”တဲ့။ ကလေးတွေဟာ အထိအခိုက် အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာ တစ်ခုကို လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ပြီး ဘာသာရေး ခေါင်းဆောင်တွေဟာ လူငယ်တွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားကြပါလား၊ စာနာတတ်ကြပါလားလို့လည်း သတိထားသွားမိကြပါတယ်။ သူတို့ဘ၀နဲ့ တရားဓမ္မ ဆက်စပ်မှု ရှိနေပါလားလို့လည်း သဘောပေါက်သွားကြပါတယ်။

တရားဓမ္မက ကလေးတွေရဲ့ ဘ၀ကို ထောက်ပံ့ပေးနိုင်တယ်၊ ကလေးတွေကို နည်းမျိုးစုံနဲ့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်ပြီးတော့တစ်မျိုး နည်းအမျိုးမျိုးနဲ့ တရားဓမ္မတွေ သင်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။

:)
ရှင်အာစာရ
-----

ရည်ညွှန်း -

pp 18-22, “Dealing with Life's Issues, a Buddhist Perspectivs” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

Move (4) - အရွေ့ (၄)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းသားငယ်များအတွက် အဓိက ရည်ရွယ်သည့် အပတ်စဉ် စနေ-တနင်္ဂနွေနေ့တိုင်း နှစ်ပေါက် သင်ကြားမည့် “ရာဟုလာ” ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်ရန် စိတ်ကူးရှိတော်မူသည့် ဆရာတော် ဒေါက်တာအရှင်အာစာရ (PhD, BDh)အား ရဟန်းဒကာ ဦးမောင်မောင် ရဟန်းဒါယိကာမ ဒေါ်ခင်ဇာ မိသားစုတို့က စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် စိုင်ပြင်ကြီးကျေးရွာ စိတ္တသုခရပ်ကွက် အတွင်းရှိ မိသားစုပိုင် မြေနေရာ (၆)ဧကကို ဓမ္မသင်တန်းကျောင်းအတွက် မနေ့က (14Mar12) လှူဒါန်းခဲ့ကြောင်း၊

သို့သော် အမျိုးဘာသာသာ သာသနာအတွက် အမြော်အမြင် ကြီးမားတော်မူကြပြီး သူတော်ကောင်းတရားများကို ဒကာဒကာမများအား အာဘောင်အာရင်းသန်သန် ခပ်များများကြီး ဟောကြားတော်မူလေ့ ရှိတော်မူကြသော ဒေသခံ သံဃာတော် အရှင်ကောင်း အရှင်မြတ်များက ကျောင်းသစ်တည်ထောင်ခွင့် ပေးတော်မမူနိုင်သေးသောကြောင့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်မည့် အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ရကြောင်း၊

တည်ဆဲဥပဒေအရ ဒေသခံ သံဃာတော်များ၏ ထောက်ခံအားပေးမှု မရှိလျှင် ကျောင်းသစ်ကန်သစ် မတည်ထောင်နိုင်ကြောင်း၊

သို့ဖြစ်၍ အမျိုး ဘာသာ သာသနာ တိုးတက်ကြီးပွားရွေးအတွက် စိတ်ဓာတ်များနှင့် ဥပဒေများကို ပြင်ဆင်ရန် သုံးသပ်သင့်ကြပြီ ဖြစ်သည်ဟု ဆရာတော် ဒေါက်တာအရှင်အာစာရ (PhD, BDh)က အမိန့်ရှိကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရှိရသည်။

Comment:
(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

Wednesday, March 7, 2012

Move (2) - အရွေ့ (၂)



“ဓမ္မအမွေ ခံယူကြစေစို့”

ဒေါက်တာ အရှင်အာစာရ (PhD, BDh)



-----

အချို့အချို့သော လူဒကာဒကာမ မြန်မာဗုဒ္ဓဘာသာဝင်များ ဘာသာတရား လိုက်စားနေကြပုံမှာ လေးလေးနက်နက် ရှိလှပြီး ၎င်းတို့၏ ဘာသာရေးအသိ ပြည့်စုံမှု၊ ဘာသာရေး ဗဟုသုတ ကြွယ်ဝမှု၊ ဘာသာတရား၏ အဆုံးအမကို လက်တွေ့ လိုက်နာကျင့်သုံးမှုတို့မှာလည်း လေးစားထိုက်လှကြောင်း၊ ၎င်းတို့သည် အရိယာ သူတော်စဉ်များနှင့် ဆင်တူကြကြောင်း၊

သို့သော် အခြားတစ်ဘက်၌ ဘုရားရှင်၏ အဆုံးအမနှင့် ပြတ်ပြတ်သားသား ကင်းဝေးနေသူ၊ မသိမသာ အလှမ်းကွာနေသူ၊ တရားမျက်စိ ကန်းနေသူ၊ တရားနား ထိုင်းနေသူ၊ တရားအ တရားဆွံ့ ဗုဒ္ဓဘာသာ အနွယ်ဝင်များလည်း မြောက်များစွာ ရှိနေကြောင်း၊ ၎င်းတို့အနက် အချို့သည် သာသနာပ မိစ္ဆာဒိဋ္ဌိများနှင့် တူလှသည်ဟုပင် ထင်မိကြောင်း၊

တရားနီးသူနှင့် တရားဝေးသူ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအသိ ဘာသာရေး အရည်အသွေး ကွာဟမှုမှာ ကြီးမားလွန်းလှသည်ဟု ရိုးသားစွာ၊ စိတ်မအေးစွာ၊ တာဝန်မကင်းစွာ အကဲခတ် သုံးသပ်မိကြောင်း၊

ဤကွာဟမှုကြီးကို မြန်မာ့သာသနာ၏ ဟာကွက်ကြီးတစ်ခုအဖြစ် ပြတ်ပြတ်သားသား ရှုမြင်မိကြောင်း၊

ဗုဒ္ဓဓမ္မနှင့် အဆက်အစပ် နည်းပါးသူများအတွက်၊ ဘုရားအဆုံးအမနှင့် ကင်းကွာနေသူများအတွက်၊ အထူးသဖြင့် လူငယ်များအတွက် ဘာသာရေးလမ်းစ ဖွင့်ပေးသည့် အနေဖြင့် စွမ်းနိုင်သူတို့က ဓမ္မသင်တန်းများ ဖွင့်လှစ်ပေးသင့်ကြကြောင်း၊

ကျောင်းသူကျောင်းသား လူငယ်များအတွက် ကျောင်းပိတ်ရာသီများ၌ စီစဉ်ပေးသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကာလတို သင်တန်းများနှင့် လူကြီးများအတွက် ဖွင့်လှစ်သည့် အဘိဓမ္မာ ၀ိသုဒ္ဓိမဂ် အစရှိသော အဆင့်မြင့် သင်တန်းများအပြင် စနေ တနင်္ဂနွေ အပတ်စဉ် ကျောင်းပိတ်ရက်များ၌ နှစ်ပေါက် ဖွင့်လှစ်ပေးသည့် အခြေခံဓမ္မသင်တန်းများလည်း ရှိသင့်ကြောင်း၊ သို့မှသာလျှင် မြန်မာဗုဒ္ဓဘာသာတို့၏ ပျမ်းမျှဘာသာရေးအရည်အသွေး မြင့်တက်လာမည်ဖြစ်ကြောင်း၊

ဤအမြင် ဤစိတ်ကူးဖြင့် ဆက်စပ်ပတ်သက်သူများနှင့် လက်တွဲကာ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ကျေးလက်များ မြို့ပြများ၌ “ရာဟုလာ” ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊

“ရာဟုလာ” ဓမ္မသင်တန်းကျောင်းများ၌ ဗုဒ္ဓဓမ္မကိုသာ အဓိကထား၍ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများ၏ ကျောင်းဖွင့်ရာသီ အပတ်စဉ် စနေ-တင်္ဂနွေ ကျောင်းပိတ်ရက်များကို ဓမ္မသင်တန်းကျောင်း ဖွင့်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊

အဆိုပါ သင်တန်းကျောင်းများကို ဦးဆောင်ပုံဖော်မည့် ဆရာတော် ဒေါက်တာ အရှင်အာစာရ (PhD, BDh)က မိန့်ကြားတော်မူသည်။


-----
Comment:

သို့မှသာလျှင် မြန်မာဗုဒ္ဓဘာသာတို့၏ ပျမ်းမျှဘာသာရေးအရည်အသွေး မြင့်တက်လာမည်ဖြစ်ကြောင်း၊

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

မရမ်းကုန်းစစ်တမ်း


နာမ၀ိသေသန ခုံမင်တော်မမူသည့် ရဟန်းတော်တစ်ပါး အပါအ၀င် အဓိကဇာတ်ကောင် ဆယ့်တစ်ဦး ပါဝင်ကပြရသော ဤအရုဏ်ဦး အခန်းဆက် ၀တ္ထုရှည်၌ ဇော်ဇော်အောင်သည် အိပ်ပုပ်ကြီး၏။ အိပ်မက်လည်း ကြီး၏။ ရောက်ဆဲကောဇာ ဖြစ်၏။ မတ်လ ခုနစ်ရက်၊ နှစ်ထောင့် ဆယ့်နှစ်ခုနှစ် ဖြစ်၏။


ထိုဆိုင်၌ လုပ်သားအင်အား စုစုပေါင်း ကိုးယေက်တိတိ ကုန်ကျ၏။ တော်တော်ကြီး ကြီးမားထည်ဝါထသော၊ “ပညာရေးဝန်ထမ်းများသမ၀ါယမအသင်းလီမီတက်”ဟူသော ဆိုင်းဘုတ်ကြီးသည် လက်ဖက်ရည်ဆိုင်၏ နာမည်မဟုတ်သည်မှာ သေချာသူများထဲတွင် သင်္ချာပါမောက္ခ တစ်ယောက်လောက်ထိ စာမတတ်သူ၊ မြန်မာ့ရိုးရာ သနပ်ခါးကို တစ်ပတ်လျှို ပါးကွက်ကြား ပန်ဆင်ထားသူ မောင်မင်းကိုနိုင်ကဲ့သို့သော ကလေးများသည်ပင် သေချာ၏။ [‘ထသော’ ‘သော’ဟူ၊ ၀ိသိသ်ယူ၊ ‘တွင်’မူ နိဒ္ဓါရဏ။ ထသောဟူ၍ ဖြစ်စေ၊ သောဟူ၍ ဖြစ်စေ အနက်မြန်မာ ပြန်ဆိုရသော. . . . . နိဒ္ဓါရဏ အနက်ရှိသောပုဒ်၊ နိဒ္ဓါရဏပုဒ်များ ဖြစ်ကြ၏။] အဆိုပါ လက်ဖက်ရည်ဆိုင်၏ နာမည်ကိုကား ဆိုင်းဘုတ်သေးသေးဖြင့် သီးသန့် ရေးသားထား၏။ ဆိုင်နာမည်၏ အထက်၌ “GEC”ဟု ခေါင်းစီးလည်း ရေးထားလိုက်သေး၏။ စင်စစ်အားဖြင့် ဆိုင်နာမည်သည် ပညတ်မျှသာ ဖြစ်သောကြောင့် ချန်လှပ်ထားလိုက်သင့်သေး၏။


အမှန်ဆိုရသော် “လက်ဘက်ရည်နှင့် အခြားမုံ့များ လက်ဘက်ရည်ဆိုင်” ဖြစ်၏။ ရန်ကုန်စံတော်ချိန် နံနက် (၆)နာရီသည် ထို့ထက်စောစောထ၍ ဆိုင်ဖွင့်ရန် ပြင်ဆင်ခဲ့ရပုံရ၏။ ထိုဆိုင်၌ ဆိုက်ရောက်ဗီဇာ ယူပြီးချိန်၌  မွဲခြောက်ခြောက် လက်ဘက်ရည်ဆိုင်ကြီး တော်တော်ကြီး စိုစိုစည်စည် စည်နေပြီဖြစ်၏။ မောင်မင်းကိုနိုင်မှ တစ်ဆင့် အရုဏ်စာများ မှာယူ၏။ မုန့်ဟင်းခါးရ၏။ စမူစာ၊ ပလာတာ၊ အီကြာကွေး၊ ထိုးမုံ့၊ လမုံ့နှင့် ထိုထိုဤဤ မုံ့များနှင့် အခြားမုံ့များနှင့် ကော်ဖီနှင့် လက်ဘက်ရည်နှင့် စားသုံးသူများ ရ၏။ များများစားလျှင် များများစားစား ရလိုက်၏။ အများအားဖြင့် များများလည်း ပေးလိုက်ရတတ်၏။ ဗိုက်ခေါင်းသေး၍ အစားသေးသဖြင့် လေးရာ့ငါးဆယ်ကျပ်သာ ကုန်ကျ၏။ ကန် တစ်ဒေါ်လာဖိုး မပြည့်ဘဲ ဗိုက်ပြည့်၏။ မပြည့်၏ဘဲ ကိုသဲသည် မပြည့်၏ သမီးရည်းစားဖော် ဖြစ်ပုံရကြောင်း  စာသုံးသူ (၂၅)ယောက်ကျော်တို့က သံသယဖြင့် ကြည့်ကြ၏။

“အတ် ဖော် နိုး ဆိတ်”ဟု ဆိုကြ၏။ ဆိတ်နို့ကမှ သောက်လို့ ရသေး၏။ သို့ဖြစ်၍ လူပြိန်းနားလည်အောင် လယ်တီမူအတိုင်းသာ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း ရေးသားရတော့၏။ ဆိုလိုရင်း ပြန်ကောက်ရသော် ဆိတ်နို့ မရကြောင်းက စ၍ ဆက်သင့်၏။ အအေး ရ၏။ လက်ဖက်ရည်မျိုးစုံ ရ၏။ ကော်ဖီမျိုးစုံ ရ၏။ ဆေးလိပ်မျိုးစုံရ၏။ ကော်ဖီကိုလည်း မောင်မင်းကိုနိုင်မှ တစ်ဆင့် မှာယူစားသောက်ရ၏။

ချဲ့ဦးအံ့။
၁။ ဆိုင်ရှင် ဒကာကြီးသည် ငွေရှင်းကောင်တာ၌ ထိုင်၏။ သဘောကောင်းပုံ ရ၏။
၂။ ဆိုင်ရှင် ဒကာမကြီးသည် မုန့်ဟင်းခါး ရောင်းချရ၏။ သူသည်လည်း သဘောကောင်းပုံ ရ၏။
၃။ ကိုအောင်ဆန်းသည် စမူစာ၊ ပလာတာ၊ ထပ်တစ်ရာနှင့် အီကြားကွေးတို့ကို တစ်လှည့်စီ ကြော်ရ၏။
၎။ ကိုတာရာသည် အသံကုန် ဟစ်အော်ရ၏။ တစ်ခါတစ်ခါ အီးကြားကွေး မွှေရ၏။ ကြော်ရ၏။
၅။ ကိုလှမြိုင်သည် စာပွဲထိုးခေါင်းဆောင် ဖြစ်ပုံရ၏။

(လူနံပါတ် ၃-၄-၅တို့သည်လည်း သဘောကောင်းပုံရ၏။ ၎င်းတို့သည် ကျွမ်းကျင်လုပ်သားများ ဖြစ်ကြရ၏။)

၆။ မောင်မင်းကိုနိုင်
၇။ မောင်ကိုကိုကြီး
၈။ မောင်မြအေး
၉။ မောင်ဌေးကြွယ်တို့သည် အသက်အရွယ်အားဖြင့် ခုနစ်နှစ်၊ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ်ခန့်သာ ရှိပုံရ၏။ အရေးပေါ် စားပွဲထိုးများ ဖြစ်ကြရ၏။ နံပါတ်(၆)သည် အီကြာကွေး နှစ်ချောင်းသုံးချောင်းကို အခက်အခဲမရှိ သယ်နိုင်၏။ နံပါတ်(၇)သည် ပေါက်စီနှင့် ပေါင်မုံ့ကို တစ်ပြိုင်နက်တည်း သယ်ယူနိုင်၏။ နံပါတ်(၈)သည် ဆိုင်ရှင်ဒကာကြီးကို ပေါ့ပေါ့ပါးပါး စလိုက်နောက်လိုက်သေး၏။ ဆိုင်ရှင် ဒကာကြီးက “အီကြာကွေး မရသေးဘူးလား”ဟု မေးသောအခါ “အီကြာကွေး ပူပူလေးလို့ မှာတာလေ။ အေးနေလို့ လာမချတာ”ဟု မောင်ကိုကိုကြီးက စကားတုံ့ ဆို၏။ နံပါတ်(၇)သည် လူနောက်ကလေး ဖြစ်၏။ နံပါတ်(၈)သည် ပလပ်စတစ် လက်ဆွဲပုံးကြီးဖြင့် ရေးများ မနိုင်မနင်း သယ်လာပြီး ရေနွေးအိုးကြီးထဲ မနိုင်မနင်း ထည့်၏။ ဤကား ဤလက်ဖက်ရည်ဆိုင်ကြီး၏ ပင်ပန်းကြီးသော အလုပ်များထဲမှ တစ်ခု ဖြစ်၏။ မောင်မင်းကိုနိုင်၊ မောင်ကိုကိုကြီး၊ မောင်မြအေး၊ မောင်ဌေးကြွယ်တို့လည်း သဘောကောင်းကြပုံရ၏။


ဆိုင်အတွင်းသို့ အသစ် ၀င်လာသည့် စားသုံးသူ မရှိသေးလျှင်၊ စားသောက်နေဆဲ ဧည့်သည်များ ငွေမရှင်းကြသေးလျှင် ချာတိတ်လေးများ ဗီဒီယို ကြည့်ခွင့်ရကြ၏။ သူတို့ ပျော်နေပုံရ၏။ အတော်အတန် အပူအပင် ကင်းကြပုံရ၏။ ထင်တော့ ထင်၏။ သို့ဖြစ်၍ သေချာအောင် မေးကြည့်လိုက်၏။

“မင်းတို့ . . . ဒီနေ့ ကျောင်းပိတ်လား။”

“သားက အလုပ်လုပ်တာ။ ကျောင်းမတက်ဘူး။”

“ဒီဆိုင်မှာ ညအိပ်တာလား။”

“လှိုင်သာယာက လာတာ။”

မောင်မင်းကိုနိုင်သည် စကားပြောရင်း ကုန်ကျငွေ တွက်ပေး၏။ စိတ်တွက် တွက်၍ (၄၅၀)ဟု ပြော၏။ သံသယ ရှိဟန်ပြ၍ ပြန်တွက်ပြခိုင်းသောအခါ အသံထွက်၍၊ စားခွက်များကို လက်နှင့်တို့၍တို့၍ တစ်ခုချင်း တစ်ခုချင်း၏ ကျသင့်ငွေကို ရှင်းအောင်တွက်ပြရရှာ၏။  မုန့်ဟင်းခါး ၂၀၀။ ကော်ဖီ ၂၀၀။ စမူစာ ၅၀။ ၄၅၀။ ဤကျွမ်းကျင်မှုမျိုးဖြင့် သင်္ချာပညာရှင်ကြီး ဖြစ်စေချင်လှ၏။ သင်္ချာပညာရှင်ကြီးသည် (၅၀၀)ကျပ်တန်ကို ယူ၍ “၅၀ အမ်းမယ်”ဟု အော်ရင်း ဆိုင်ရှင်ဒကာကြီးထံသို့ ငွေသွားအပ်ရ၏။

ခဏကြာသော် မောင်မင်းကိုနိုင် ပြန်ရောက်လာပြီး အမ်းငွေ (၅၀)ကို ပြန်ပေး၏။ ဖိနပ်ချွပ်၍ ကိုယ်ကိုညွတ်ကိုင်းကာ လက်နှစ်ဘက်နှင့် ရိုသေစွာ ဆက်ကပ်၏။ (၅၀)ကျပ်တန် အနာမာသ အကပ္ပိယ၀တ္ထုကို ဆရာတော် သိမ်းဆည်းနေစဉ် မောင်ကိုကိုကြီး ရောက်ရှိလာပြီး ဆရာတော်၏ ပိုက်ဆံအိပ်ထဲရှိ ပိုက်ဆံများကို စိတ်နှင့်လှမ်း၍ ရေတွက်ကြည့်နေလေ၏။



ရန်ကုန်စံတော်ချိန် နံနက် (၆)နာရီ (၃၀)မိနစ်သည် ကလေးများ ကျောင်းအပ်ရန် ရှိနေသေး၏။

:)
ရှင်အာစာရ


----- 

Comment:
သက်ဆိုင်သူများ မနင့်နာအောင် နာမည်များ ပြောင်းထား၏။