Friday, October 26, 2012

ရွှေအိမ်စည် (၁)


“မိအိမ်စည် နားလည်ပါပြီ . . .။ မိအိမ်စည် သဘောပေါက်ပါပြီ ခမည်းတော် ဘုရား. . .။ မြင့်မိုရ်လောက်ကြီးမားတဲ့ ခမည်းတော်ဘုရားရဲ့ မေတ္တာတွေ၊ စိန်သားလို သိပ်သည်းတဲ့ ခမည်းတော်ဘုရားရဲ့ စေတနာတွေ၊ ပင်လယ်ကြီးလို ကျယ်ပြန့်နက်ရှိုင်းတဲ့ ခမည်းတော်ရဲ့ မြော်မြင်နိုင်စွမ်းအားတွေကို အချိန်နဲ့အမျှ မိအိမ်စည် နားလည်တတ်လာတာပါ . . .၊ နားလည်နိုင်လာတာပါ . . . ခမည်းတော် ဘုရား . . .။

စွမ်းရည်မြင့်မြင့်နဲ့ မြော်မြင်တတ်တဲ့ ခမည်းတော်မို့လည်း ပုဂံနေပြည်တော်ကြီး သာယာဝပြောအောင် ဆောင်ရွက်တော်မူနိုင်ခဲ့တာပေါ့ . . .။ တိုင်းသူပြည်သားတွေ စည်းစည်းလုံးလုံးဖြစ်အောင် စည်းရုံးသိမ်းသွင်းတော် မူနိုင်ခဲ့တာပေါ့။ ပုဂံနေပြည်တော်ကြီးရဲ့ အမျိုးဘာသာ သာသနာရေး အားပေးမြှင့်တင်တော်မူနိုင်ခဲ့တာပေါ့ . . .။ ဒါကြောင့်မို့လည်း ခမည်းတော်ကို ရဟန်းရှင်လူ ပြည်သူတွေက ချစ်ခင်မြတ်နိုး တန်ဖိုးထားကြတာပေါ့ . . .။ ယနေ့ထိတိုင် လေးစားနေကြတာပေါ့လေ . . .။

အကြင်နာ ကြီးမားတဲ့ ဖခမည်းတော်မို့လည်း သမီးတော်ကို ကောင်းရာညွှန်ပြခဲ့တာပေါ့ . . .။ ဒါတောင်မှ သမီးမိုက်က ခမည်းတော်ကို စိတ်ထဲက မကျေမနပ် ဖြစ်ခဲ့သေးတာ . . .။ ဖခည်းတော် ကောင်းရာညွှန်ခဲ့တယ်ဆိုတာ အစကတော့ သမီးတော် နားမလည်နိုင်ခဲ့ပါ ဘုရား . . .။ ဖခမည်းတော်ဟာ ဖခင်အာဏာကို အလွဲသုံးစားလုပ်တာပဲ၊ ခမည်းတော် သိပ်အတ္တကြီးတာပဲ၊ ခမည်းတော် သိပ်ကျဉ်မြောင်းတာပဲလို့ ကျဉ်းကျဉ်းမြောင်းမြောင်း နားလည်ခံစားပြီး ခမည်းတော်ကို အလွဲလွဲ အမှားမှား ခံပြင်းဒေါသ ထွက်ခဲ့တဲ့ သမီးတော်ပါ . . .။ သမီးတော် မိုက်မှားမိခဲ့ပါတယ် ခမည်းတော် ဘုရား . . .။ သမီးမိုက် စိတ်နဲ့ပြစ်မှားမိခဲ့သမျှ . . . ခမည်းတော် ရောက်ရာဘ၀ကနေ ခွင့်လွှတ်နိုင်ပါစေ . . . . .။

ရူးသွပ်ချိန်မှာ မိုက်မဲခဲ့ပေမယ့် . . . ကြာလေကြာလေ နားလည်လေ၊ ရှည်ရှည်ဝေးဝေး လေးလေးနက်နက် စဉ်းစားသုံးသပ်လေ ပြတ်ပြတ်သားသား သဘောပေါက်လေပါပဲ ဖခမည်းတော် ဘုရား . . .။

ခုတော့ . . . မိအိမ်စည်ရဲ့ နှလုံးသားမှာ ပရိက္ခရားဆိုတာ မရှိတော့ပါဘုရား . . .။ မှတ်ဥာဏ်မှာ ထင်ဖူးတဲ့ အရိပ်တွေ လာလာပြီး အရောင်ပြတတ်ပေမယ့် အဲ့ဒီအရိပ်တွေကို သမီးတော် . . . အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါတယ် . . .။ ကျေနပ်တဲ့ အပြုံးနဲ့ ဖယ်ရှားနိုင်တာပါ ခမည်းတော် ဘုရား . . .။ ခမည်းတော်ရဲ့ သမီးတော်ပါ . . .။ ဆင်ခြင်တုံတရား ရှိသူပါ . . .။ အမျိုးကို ချစ်တတ်ပြီး အမျိုးဂုဏ်ကို စောင့်ထိန်းနိုင်သူပါ . . .။

ခမည်းတော်သာ သမီးတော်ကို အလိုလိုက် အကြိုက်ဆောင်ပြီး သမီးတော် အလိုကျ . . . နှလုံးသား စေညွှန်ရာ လိုက်ပါခွင့် ပေးခဲ့မယ်ဆိုရင် . . . . . ”

ရွှေအိမ်စည် မင်းသမီးကြီး မျက်ရည်မဆည်နိုင်တော့ပေ။ မလျှောက်ဖြစ်ခဲ့သည့် လမ်းဆိုးကို စိတ်ကူးနှင့် မှန်းကြည့်ရင်း မျက်ရည်မိုး ရွာနေ၏။ ရွှေအိမ်စည် မင်းသမီးကြီး မျက်ရည်မိုး ရွာနေသော်လည်း နန်းတွင်းပရိသတ်၏ ရှေ့မှောက်မှာ ဖြစ်နေသောကြောင့် စောယွန်းမင်းသားကြီးလည်း ကြင်ယာတော်၏ မျက်ရည်ကို ကူသုတ်မပေးနိုင်ဘဲ ရာဇဣနြေ္ဒဖြင့် တိတ်ဆိတ်ငြိမ်သက်နေရလေ၏။ သားတော် အလောင်းစည်သူ မင်းကြီး၊ မှူးကြီးမတ်ရာ သေနာပတိများနှင့် မင်းညီမင်းသားများလည်း ရွှေအိမ်စည် မင်းသမီးကြီး၏ အငိုမျက်နှာကို တမင်ရှောင်လွဲ၍ အလိုက်တသိ ငြိမ်သက်နေကြလေ၏။ နန်းတွင်းပရိသတ် တိတ်ဆိတ်ငြိမ်သက်နေစဉ် ရွှေအိမ်စည် မင်းသမီးကြီး၏ စိတ်ပင်လယ်၌ အတွေးလှိုင်းတို့ တ၀ုန်းဝုန်း ထကြွနေတော့သည်။

“အတွေးနဲ့တင် ရင်လေးနေရပါသေးတယ် . . .၊ ထိတ်လန့် တုန်လှုပ်နေရပါသေးတယ် ခမည်းတော် ဘုရား . . .။ သမီးတော်သာ နှလုံးသား စေညွှန်ရာ လိုက်ပါခွင့် ရခဲ့ရင် . . . အခုလိုမျိုး ခမည်းတော်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး . . . ။ ဖခမည်းတော်ကို ဘယ်လိုလုပ် ကျေးဇူးဆပ်နိုင်မှာလဲ . . .။ သမီးကောင်း ၀တ္တရား ဘယ်လိုလုပ် ကျေနိုင်မှာလဲ . . .။ တိုင်းချစ်ပြည်ချစ် . . . အမျိုးကို ချစ်တော်မူတဲ့ ဘိုးတော် အနော်ရထာမင်းကြီး စတင် တည်ထောင်ခဲ့တဲ့ မင်းမျိုးမင်းဂုဏ် မင်းသိက္ခာတွေကို ဘယ်လိုလုပ် ထိန်းသိမ်းထားနိုင်မှာလဲ . . .။

 အချစ်မီး လောင်မြိုက်ခံနေရတဲ့ သမီးတော်က . . . နှလုံးသားရေး အိမ်ထောင်ရေးက တစ်ကဏ္ဍ၊ တိုင်းရေးပြည်ရေး အမျိုးသားရေးက တစ်ကဏ္ဍ၊ ဘာသာဝါဒ အယူအဆကလည်း တစ်သီးတစ်ခြားပါလို့ . . . မိုက်မိုက်မဲမဲ ခံယူမိခဲ့သေးတာ . . .။ ခမည်းတော်သာ အမြော်အမြင် ဆင်ခြင်ဥာဏ် ကြီးမားကြီးကြီးနဲ့ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့ဘဲ သမီးတော်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ သမီးတော်ကို အလိုလိုက် အကြိုက်ဆောင်ပြီး အလျှော့ပေးခဲ့မယ်ဆိုရင် . . . သမီးတော် အနေနဲ့ တိုင်းပြုပြည်ပြု သာသနာပြု မင်းကောင်းမင်းမြတ်တစ်ပါး ဘယ်လိုလုပ် မွေးဖွား ပေးနိုင်မှာလဲ . . .။ ခုတော့ သားတော်ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ သာသနာရေး ဆောင်ရွက်ချက်တွေ တစ်ခုပြီးတစ်ခု အောင်မြင်နေတာကို မြင်ရတိုင်း . . . ခမည်းတော်ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့တမ်းတမိပါတယ် ဘုရား . . .။ သားတော်ရဲ့ အောင်မြင်မှုတွေဟာ ခမည်းတော်ရဲ့ အောင်မြင်မှုတွေပါပဲ . . .။”

စောယွန်းမင်းသားကြီးက လက်တို့၍ သတိပေးလိုက်မှ ရွှေအိမ်စည် မင်းသမီးကြီး၏ အတွေးစတို့ ပြတ်တောက်သွား၏။ သံဃာတော် အရှင်သူမြတ်တို့ ကြွချီတော်မူလာနေပြီ။

ရွှေအိမ်စည် မင်းသမီးကြီးသည် ထိုင်လျက်သားနှင့် ကိုယ်ကိုကြုံ့၍ စောယွန်းမင်းသားကြီး ဘက်သို့ အနည်းငယ်တိုးလိုက်ပြီး ကြွချီတော်မူလာနေသည် သံဃာတော် အရှင်သူမြတ်များကို သုံးကြိမ် ဦးချလိုက်၏။ ဓမ္မသာလာ ကြမ်းပြင်၌ အစီအရီ အညီအညာ အကန့်လိုက် အကန့်လိုက် နေရာယူထားကြသော မင်း၊ မိဖုရားနှင့် မင်းညီမင်းသားများ၊ မှူးကြီးမတ်ရာ သေနာပတိများ၊ နန်းတွင်းသူ နန်းတွင်းသားများ ကိုယ်စီကိုယ်စီ သံဃာတော် အရှင်သူမြတ်တို့ကို ကြိုဆို ရှိခိုး ဦးခိုက်ကြစဉ် သံဃာတော် အရှင်သူမြတ်တို့သည် သံဃာစင်၌ ထေရ်စဉ်ဝါစဉ်အလိုက် တန်းစီ၍ နေရာယူတော်မူကြ၏။ နတ်ရွာစံတော်မူလေပြီဖြစ်သော ကျန်စစ်မင်းကြီးအတွက် လှူမျှဝေပွဲ၊ ဥဒ္ဒိဿဒါန ကုသိုလ်ပွဲသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်တို့ကို ရာဇဂုရု သံဃရာဇာ နန်းဦးဆရာတော် ဘုရားကြီးက ဦးဆောင်တော်မူ၏။

သံဃာတော် အရှင်သူမြတ်တို့ သံဃာစင်၌ နေရာယူပြီးနောက် နန်းဦးဆရာတော်ဘုရားကြီးလည်း ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်ရန် အဆင်သင့်ဖြစ်သောအခါ မင်းပရိသတ်လည်း ရေစက်ခွက် ကိုယ်စီနှင့် အလှူအမျှ ပေးဝေရန် အဆင်သင့်ဖြစ်နေ၏။ ဓမ္မသာလာ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုစဉ် မဟာဒါန်ဝန်၏ ခန့်ငြားသော အသံဝါကြီး ဟိန်း၍ ထွက်ပေါ်လာ၏။

“ဘုန်းတော်နေ၀န်း ထွန်းလင်းတောက်ပတော်မူသော . . . ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းတရားကြီး . . . . . .၊ ကြင်ယာဒေ၀ီ . . . အဂ္ဂမဟေသီ မိဖုရားကြီး . . .၊ စောယွန်း မင်းသားကြီး . . .၊ ရွှေအိမ်စည် မင်းသမီးကြီးနှင့်တကွ၊ မှူးကြီးမတ်ရာ သေနာပတိ . . .၊ မဟာဆီ မဟာသွေး မင်းညီမင်းသား . . . မင်းသမီးမင်းသား . . . သားတော် မြေးတော်အပေါင်း . . .၊ ဂုဏ်ပေါင်းခသည့် နန်းတွင်းသူ နန်းတွင်းသားအပေါင်း အို . . . သူတော်ကောင်းတို့ . . . . .

ဘ၀နတ်ထံ စံတော်မူလေသည့် ပုဂံပြည့်ရှင် ကျန်စစ်မင်းကြီးကို ရည်စူးရည်မှန်းအပ်သော . . . အလှူအမျှ ပေးဝေပွဲသို့ ကြွရောက်ချီးမြှင့်တော် မူကြသည့် . . . ရာဇဂုရု . . . သံဃရာဇာ . . . နန်းဦးဆရာတော် ဘုရားကြီးနှင့်တကွ . . . ဘုရားအမှုးရှိသော . . . သံဃာတော် အရှင်သူမြတ်အပေါင်း . . . အရှင်မွန် အရှင်ကောင်းတို့ကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ကျိုးနွံစွာ ရှိခိုးဦးခိုက် ပူဇော် . . . ကန်တော့လိုက်ကြပါကုန်စို့ . . . . .”

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ
26Oct12

No comments:

Post a Comment