Saturday, January 28, 2017

ပံသုကူ ပစ်ရကျိုး

ပံသုကူ ပစ်ရကျိုး တိတိကျကျတော့ မသိပါဘူး။ အစွဲကင်းတဲ့ ဒါနဖြစ်တယ်၊ အကျိုးတစ်ခုခု ရမယ်လို့တော့ ယေဘုယျ ပြောနိုင်ပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး ခြေခြေမြစ်မြစ် စဉ်းစားနိုင်အောင် နည်းနည်းတော့ ပြောပါအုံးမယ်။ ပံသုကူ အစ သင်္ကန်းက ဖြစ်မယ် ထင်ပါတယ်။ ပံသုကူ သင်္ကန်းကို ပြောတာပါ။ လောဘ စတဲ့ ကိလေသာကို စင်ကြယ်စေတဲ့ ဓုတင်အကျင့် (၁၃)ပါးထဲမှာ ပံသုကူလိက ဓုတင်ဆိုတာ ပါပါတယ်။ ပံသုကူသင်္ကန်း ၀တ်တဲ့ ရဟန်းတော်တွေရဲ့ အကျင့် ဖြစ်ပါတယ်။ အဲ့ဒီလို သင်္ကန်းကို ပံသုကူလိကစီဝရလို့ ခေါ်ပါတယ်။ စီဝရဆိုတာက သင်္ကန်း၊ ပံသု ဆိုတာက ဖုန်မှုန့်၊ ပံသုကူလိက ဆိုတာက ဖုန်မှုန့်တွေ ပေကျံနေတာ ဖြစ်ပါတယ်။ ဖုန်မှုန့်တွေ ပေနေတဲ့ သင်္ကန်းကို ပံသုကူလိကစီဝရလို့ ပါဠိလို ခေါ်ပါတယ်။ ပံသုကူ(လိက)သင်္ကန်းဆိုတာ ဖုန်မှုန့်တွေ ပေနေတဲ့ သင်္ကန်း ဖြစ်ပါတယ်။ ခုခေတ်လို အသင့် ချုပ်ထားတဲ့ သင်္ကန်းမျိုး မရှိသလောက် ရှားပါးချိန်မှာ အမှိုက်ပုံထဲက အ၀တ်စ၊ သုသာန်က အ၀တ်စတွေကို စုကောက် လျှော်ဖွပ်ပြီး စပ်ချုပ်ထားတဲ့ သင်္ကန်းပါ။ သင်္ကန်းရဲ့မူလ အ၀တ်စတွေမှာ ဖုန်မှုန့်တွေ ပေနေတာကို ရည်ရွယ်ပြီး ဖုန့်မှုန့်လူးတဲ့ သင်္ကန်း၊ ပံသုကူ(လိက) သင်္ကန်းလို့ ခေါ်တာပါ။ အဲ့ဒီလို သင်္ကန်းအပေါ်မှာ စွဲလန်းတပ်မက်တဲ့ ကိလေသာဖြစ်ဖို့ ခဲယဉ်းပါတယ်။ အဲ့ဒီလိုသင်္ကန်းကို ၀တ်ရုံသုံးစွဲတဲ့ ရဟန်းရဲ့ အကျင့်ကို ဓုတင်အကျင့်လို့ ခေါ်ပါတယ်။

အဲ့ဒီလို ရဟန်းတော်တွေ ပံသုကူသင်္ကန်း ရရှိဖို့ လွယ်ကူအောင် ဒကာဒကာမတွေက အ၀တ်စတွေကို တမင်တကာ စွန့်ပစ်ကြရာကနေ ပံသုကူပစ်တဲ့ ဓလေ့ ဖြစ်ပေါ်လာတာ ထင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ပစ္စည်း အမျိုးမျိုးကို ရဟန်းရော လူပါ တွေ့တဲ့သူ ယူနိုင်အောင် စွန့်ပစ်ကြတဲ့ဓလေ့ ရှိနေပါတယ်။ ထိုက်တဲ့သူ ရရှိအောင် စွန့်ပစ်တဲ့ ပံသုကူ အလှူကြောင့် အလှူရှင်မှာ ထိုက်တန်တာ တစ်ခုခု ရလာမယ်လို့ ကြံဆနိုင်ပါတယ်။ ဥပမာ . . . ပံသုကူ ပစ်တဲ့သူဟာ ထီပေါက်တတ်တယ်လို့ ပြောကြပါတယ်။ မှန်တယ် မမှန်ဘူး၊ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး တိတိကျကျ ပြောလို့ မရပါဘူး။ ကံကံရဲ့အကျိုး ဆိုတာက ဘုရားကလွဲလို့ ဘယ်သူမှ တိတိကျကျ မသိနိုင်လို့ ဖြစ်ပါတယ်။

သေချာတာကတော့ ပံသုကူ ပစ်တယ်ဆိုတာက ဒါနကုသိုလ် တစ်မျိုးပါပဲ။ ထူးခြားတဲ့ ဒါနပါ။ ဘယ်သူ့ကို ပေးတယ်၊ ဘယ်သူ့ကို လှူတယ်လို့ ပုဂ္ဂိုလ်ကို မရည်ရွယ်တဲ့အတွက် အစွဲကင်းပါတယ်။ ဒါကြောင့် ထူးခြားတယ်လို့ ပြောတာပါ။ ဘာရယ်လို့ ပြောဖို့ ခက်ပေမယ့် အကျိုးထူးရမှာ သေချာပါတယ်။ အကျိုးကို အထူး မျှော်မနေဘဲ အစွဲကင်းတဲ့ ပံသုကဒါန စွန့်ပစ်ဖို့ပဲ တိုက်တွန်းပါတယ်။ ထိုက်တန်တဲ့ အကျိုး လာချင်ရာ လာပါစေ။ 

ဆိုလိုရင်းကို ထပ်ပြောပါအုံးမယ်။ ဘုရားရှင်သာ တိတိကျကျ သိနိုင်တဲ့ ကံကံရဲ့ အကျိုး ရှိတယ်လို့ ယုံကြည်ထားပြီး အစွဲကင်းတဲ့ ဒါနထူး ပြုလုပ်ပါ။

(ပံသုကူ ပစ်တဲ့အခါမှာ ဘယ်သူရစေလို့ မရည်ရွယ်ရတဲ့ အတွက်ကြောင့် ပံသုကူပစ်တာ ၀ါသနာပါပုံရတဲ့ မေးခွန်းရှင် အနေနဲ့ . . . ဘယ်နေရာမှာ ပံသုကူပစ်မယ်၊ ဘယ်နေရာမှာ ပံသုကူပစ်ခဲ့တယ်လို့ ပြောပြဖို့ မတောင်းဆိုတော့ပါဘူး။)

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment