Monday, May 13, 2013

ပုံမဲ့ကာတွန်း (၂၁)



ကာတွန်းကိုရင် - ၁။   ။ ကျောင်းထိုင်ဆရာတော်က ဘာဖြစ်လို့ ငါတို့ကို နေ့တိုင်းနေ့တိုင်း အနှိပ်ခိုင်းရတာလဲ။
ကာတွန်းကိုရင် - ၂။   ။ သူက ကျောင်းထိုင်ဆရာတော်ဆိုတော့ ထိုင်ရတာ ညောင်းလို့နေမှာပေါ့။

Friday, May 10, 2013

တရားမင်းသခင် - ၅၉။ မေတ္တာစွမ်းရည်




ရာဇဂြိုဟ်သို့ ကြွတော်မူလိုကြောင်း ဘုရားရှင် မိန့်တော်မူသောအခါ ရှင်အာနန္ဒာသည် စိတ်မချမ်းမသာ ဖြစ်သွားပြီး ဘုရားရှင်ကို မ၀ံ့မရဲ လျှောက်ထား၏။

“ဒီ ဇမ္ဗူဒိပ်ကျန်းမှာ ကြွစရာ နေရာတွေ အများကြီး ရှိပါတယ် မြတ်စွာဘုရား။ သာဝတ္ထိကို ကြွတာ၊ ဒါမှမဟုတ် ဝေသာလီကို ကြွတာက ပိုပြီး သင့်တော်ပါတယ် မြတ်စွာဘုရား။”

“အာနန္ဒာ . . . ဘာဖြစ်လို့လဲ။”

“မြို့တော်သာဝတ္ထိဟာ ချမ်းသာ ကြွယ်ဝပါတယ် ဘုရား။ မြတ်စွာဘုရားကို ကြည်ညိုတဲ့ ဒကာဒကာမ မြောက်များစွာလည်း သာဝတ္ထိမှာ ရှိနေပါတယ် ဘုရား။”

“အာနန္ဒာ . . . လောကမှာ သူတော်ကောင်းတွေချည်းပဲ ရှိတယ်ဆိုရင် ဘုရားပွင့်စရာ မလဲိုတော့ဘူး။ အာနန္ဒာ . . . မယဉ်ကျေးသူတွေ၊ စည်းကမ်းမဲ့သူတွေ ရှိတဲ့နေရာကို ငါ သွားရမယ်။ ဒေ၀ဒတ် ရဟန်းနဲ့ အဇာတသတ် မင်းတို့က ပြဿနာ ရှာကြလိမ့်မယ်လို့ အာနန္ဒာက ယုံကြည်ယူဆထားတော့ ရာဇဂြိုဟ်သွားဖို့ တွန့်ဆုပ်နေတာပေါ့။ အာနန္ဒာ နေခဲ့ပါ။ ငါတစ်ပါးတည်းပဲ ရာဇဂြိုဟ် သွားမယ်။ မင်း မိဖုရားတွေ ငါ့ကို မနှစ်သက်ဘူး ဆိုရင်လည်း ငါ ရင်ဆိုင်မယ်။ ပြည်သူတွေက ငါ့ကို မကျေနပ်ကြဘူး၊ မကြည်ညိုကြဘူး ဆိုရင်လည်း ငါ ရင်ဆိုင်မယ်။”

“မြတ်စွာဘုရား . . . တပည့်တော် . . . အရှင်ဘုရားရဲ့ အရိပ်တစ်ခုလို အရှင်ဘုရားနောက်က လိုက်မှာပါ ဘုရား။ ဘာပဲဖြစ်ဖြစ် . . . ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း . . . ဆင်းရဲခြင်းမှန်သမျှကို တပည့်တော် ခံယူနိုင်ပါတယ် ဘုရား။ ဒါပေမယ့် . . . မြတ်စွာဘုရား . . . ပြဿနာနောက် လိုက်နေမိတာ . . . ပူဆွေးသောကကို ဖိတ်ခေါ်မိတာမျိုး ဖြစ်နေမှာ စိုးလို့ပါ ဘုရား။ ဒေ၀ဒတ် ရဟန်းက ရာဇဂြိုဟ်မှာ ပစ္စည်းလာဘ်လာဘ ကြွယ်ဝနေပြီး သြဇာအာဏာ အရှိန်အ၀ါလည်း ကြီးမားနေပါတယ် ဘုရား။ အဇာတသတ် မင်းသားကလည်း သူ့ကိုပဲ ကြည်ညိုထောက်ပံ့ နေတာပါ ဘုရား။ ဗိမ္ဗိသာရ မင်းကြီးကတော့  . . . သူတော်ကောင်းကြီးပေမယ့် . . . အိုမင်းမစွမ်း ဖြစ်နေပါပြီ ဘုရား။ မင်းအာဏာ မှန်သမျှ အဇာတသတ်မင်းသားရဲ့ လက်ခုပ်ထဲမှာ ရှိနေပါတယ် ဘုရား။ မြတ်စွာဘုရား . . . တပည့်တော် စိုးရိမ်တာ . . . တပည့်တော်အတွက် မဟုတ်ပါ ဘုရား။ အရှင်ဘုရားအတွက် စိုးရိမ်တာပါ ဘုရား။”

“အာနန္ဒာ . . . ငါ့ကို ဆန့်ကျင်မယ့် နေရာ၊ ငါ့ကို စော်ကားမယ့် နေရာ၊ ငါ့အပေါ် မတော်မတရား ပြုမယ့်နေရာဟာ ငါ သာသနာပြုရမယ့် နေရာပဲ။ အဲဒီလို နေရာမှာ မကောင်းမှု အညစ်အကြေး ရှိနေတယ်။ ငါ သုတ်သင်ပေးရမယ်။

သာဝတ္ထိမှာ အနာထပိဏ် သူဌေးက ငါ့ကို ခမ်းခမ်းနားနား ကြိုဆိုခဲ့တယ်။ လူပရိသတ် အလုံးအရင်းနဲ့ စီတန်းပြီး ကြိုဆိုကြတယ်။ အလံတွေ တလူလူ၊ ထီးဖြူတွေ တ၀င့်ဝင့်နဲ့ ကြိုဆိုကြတယ်။ မြို့သူမြို့သားတွေ အလွန်အမင်း ကျေနပ်ပျော်ရွှင် ကြရတယ်။ သူတို့ ခံစားလိုက်ကြရတဲ့ အဲဒီလို ပီတိမျိုးကို ဘုရားရှင်တို့သာ လှုံ့ဆော်ပေးနိုင်တယ်။ အဲဒါပဲ . . .။ အဲဒီ ပီတိလောက်ပဲ . . .။ လူတွေရဲ့ စိတ်ထဲနှလုံးထဲထိ လေးနက်တဲ့ တရားဓမ္မ မရောက်ခဲ့ဘူး။ ငါ ဘယ်သူဆိုတာ သူတို့ လေးလေးနက်နက် မသိခဲ့ကြဘူး။

ကောသမ္ဗီမှာတုန်းကတော့ ငွေမက်တဲ့ ကြေးစားလူငယ်တွေက ငါ့ကို ဟစ်အော်လှောင်ပြောင် သရော်ပြီး ကျူးလွန်စော်ကားကြတယ်။ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ကြိုဆိုကြတယ်။ ဒါပေမယ့် . . . လူတွေ သောင်းနဲ့ချီပြီး လိမ္မာသွားကြတယ်။ ကောသမ္ဗီမှာ . . . မာဂဏ္ဍီကလွဲလို့ . . . အကုန်လုံးက ငါ ဘယ်လိုပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ သိသွားကြတယ်။

အခု နောက်ဆုံး . . . သာဝတ္ထိမှာ ငါ့ရဲ့ တပည့်သား သံဃာတွေ ချမ်းချမ်းသာသာ နေနိုင်ကြတာဟာလည်း တိတ္ထိတွေရဲ့ ဆန့်ကျင်မှုကြောင့်ပဲ။ ငါ့ရဲ့ တရားဓမ္မဟာ ဆန့်ကျင်ကန့်ကွက်ခြင်းရဲ့ စမ်းသပ်မှုကို ခံနိုင်ရည် ရှိတယ်။”

ဘုရားရှင်က ထိုသို့ မိန့်တော်မူသော်လည်း ရဟန်းတော် အများစုက ဘုရားရှင်နှင့် အတူ ရာဇဂြိုလ်သို့ မလိုက်ကြပေ။ ရှင်အာနန္ဒာနှင့် အနည်းငယ်သော ရဟန်းတော်တို့သာ လိုက်ပါကြ၏။ ထိုအချိန်၌ အဂ္ဂသာဝကများ ဖြစ်ကြသည့် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့လည်း ၎င်းတို့၏ ဇာတိရွာသို့ အသီးသီး ပြန်ကြွနေကြ၏။ ကောသမ္ဗီမှ ရာဇဂြိုဟ်သို့ ဘုရားရှင် ဒေသစာရီ ကြွချီတော် မူနေစဉ် အဇာတသတ် မင်းသားသည် ထီးနန်းစည်းစိမ်းကို ဖခင်ထံမှ အရယူလိုက်၏။

ဗိမ္ဗိသာရ မင်းကြီးသည် သားအပေါ် ထားရှိသည့် မေတ္တာဖြင့် တိုင်းပြည်ကို သားထံသို့ အလွယ်တကူ ပေးအပ်လိုက်၏။ ဒေ၀ဒတ်ရဟန်း၏ သြဇာခံ အဇာတသတ်မင်းသည် ဒေ၀ဒတ်ရဟန်း အကြံပေးသည့်အတိုင်း ဖခင်ကို သတ်ရန် အားထုတ်၏။ ဘုရားရှင် ရာဇဂြိုဟ်သို့ ရောက်ရှိတော်မူသောအခါ နန်းကျဘုရင် ဗိမ္ဗိသာရကို အဇာတသတ်မင်းက ထောင်သွင်း အကျဉ်းချထားပြီ ဖြစ်၏။ ဗိမ္ဗိသာရမင်းကြီး လှူဒါန်းခဲ့သော ဝေဠုဝန်ကျောင်း နံရံတို့၌ ဆဲရေးတိုင်းထွားသည့် ညစ်ညစ်ညမ်းညမ်း စာတမ်းများ မီးသွေးနှင့် ရေးထား၏။ မဖွယ်မရာ ပုံများလည်း မြင်မကောင်း ရှုမကောင်း ရေးဆွဲထားလေ၏။ အဇာသတ်မင်းသည် ဒေ၀ဒတ်ရဟန်းဘက် သိသိသာသာကြီး ပါနေပြီဟု သိထားကြသော မြို့သူမြို့သားတို့သည် ဝေဠုဝန် ကျောင်းတော်သို့ သွားရောက်ရန် မ၀ံ့မရဲ ဖြစ်နေကြ၏။ ဘုရားရှင်ထံ လာရောက်၍ တရားနာသူ တစ်ယောက်မှ မရှိပေ။

ရာဇဂြိုဟ်သို့ ရောက်ရှိနေကြသော ကုန်သည်ညီနောင် နှစ်ယောက်တို့သည် ဝေဠုဝန် ကျောင်းတော်ဘက် ရောက်ရှိလာကြပြီး ကျောင်းဝင်းအတွင်း ညောင်ပင်ရိပ်၌ သီတင်းသုံး နားနေတော်မူသည့် ဘုရားရှင်ကို မြင်လျှင်မြင်ချင်း ဘုရားရှင်ထံသို့ ချဉ်းကပ်၍ သာမာဝတီ မိဖုရားနှင့် ရံရွေတော် ငါးရာတို့ လုပ်ကြံသတ်ဖြတ် ခံလိုက်ရသည့် ၀မ်းနည်းဖွယ် အဖြစ်ဆိုးကို ဘုရားရှင်အား ပြောကြားလျှောက်ထားကြ၏။

“အရှင်ဘုရား . . . မကြာခင်ကပဲ သာမာဝတီ မိဖုရားနဲ့ ရံရွေတော် ငါးရာတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါတယ် ဘုရား။ မာဂဏ္ဍီ မိဖုရားနဲ့ အပေါင်းအပါတွေရဲ့ လက်ချက်ပါဘုရား။ တစ်ခါ . . . ဥဒေန မင်းကြီး မျက်မာန်တော် ထွက်ရှပြီး လုပ်ကြံမှုကြီးမှာ ပါဝင်သူတွေ အားလုံးကို ကွပ်မျက်လိုက်ပါတယ် ဘုရား။ အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး နှစ်ခုဆက်တိုက် ဖြစ်ပေါ်ခဲ့လို့ ကောသမ္ဗီ တစ်မြို့လုံး တုန်လှုပ်ချောက်ချား နေပါတယ်ဘုရား။ ပူးဆွေးသောက ရောက်နေကြပါတယ် ဘုရား။”

“ဒကာတော် . . . အမုန်းရန်ငြိုးရဲ့ ဆိုးရွားပုံ သဘာဝကို မြင်အောင် ကြည့်စမ်းပါ။ မာဂဏ္ဍီဟာ သူ့ကိုယ်သူ ကမ္ဘာမှာ အလှဆုံးထင်ပြီး မောက်မာဝင့်ကြွားနေတယ်။ ကုရုတိုင်းမှာ ငါ့ကိုတွေ့တော့ သူ့အလှနဲ့ ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားတယ်။ ငါနဲ့အတူ ကာမဂုဏ်ခံစားဖို့ မျှော်လင့်ရှာတယ်။ သူ့အကြံ မအောင်မြင်တော့ ငါ့အပေါ် ရန်ငြိုးဖွဲ့တယ်။ ငါ ကောသမ္ဗီရောက်တဲ့ အခါမှာ သူက ကောသမ္ဗီဘုရင် ဥဒေနရဲ့ မိဖုရားခေါင်ကြီး ဖြစ်နေပြီ။ သူ့ရဲ့ ရာထူးဂုဏ်သိန် စည်းစိမ်တွေကို ငါသိအောင် ကြွားချင်တယ်။ အဲဒီ အကြံလည်း မအောင်မြင်ဘူး။ ဒီတော့ ငါ့ကို ပိုပြီးတော့ နားကြည်းမုန်းတီးသွားတယ်။ အမုန်းတရားမှာ နယ်နိမိတ် အကန့်အသတ် မရှိဘူး . . . ဒကာတို့။ မာဂဏ္ဍီဟာ ငါ့ကို မုန်းတီးရုံတင် မကဘဲ ငါ့ကို ကြည်ညိုလေးစားကြတဲ့ ဒကာဒကာတွေကိုပါ ရန်ငြိုးပွားလာတယ်။ နောက်ဆုံးတော့ သာမာဝတီ မိဖုရားနဲ့ အတူ အပြစ်မရှိတဲ့ ရံရွေတော် ငါးရားကို လုပ်ကြံသတ်ဖြတ်လိုက်တယ်။ သူလည်း အဲဒီပြစ်မှုကြောင့် သေဒဏ်ပေးခံလိုက်ရတာပဲ။ သူ့ကြောင့် သူ့ရဲ့ နောက်လိုက်နောက်ပါတွေလည်း သေဘေးဆိုး ကြုံခဲ့ရတယ်။ ကံတူ အကျိုးပေး ခံစားလိုက်ကြရတယ်။ ငါ့ရဲ့ သစ္စာတရားကို သိမြင်ကြတဲ့ သူ့မိဘတွေကလွဲလို့ တစ်ဆွေလုံး တစ်မျိုးလုံး သေကိန်းဆိုက်ခဲ့ကြရတယ်။ ရန်ငြိုးဒေါသ မျက်မာန်ရှခြင်းရဲ့ ဆိုးကျိုးပါပဲ . . . ဒကာတို့။

ဒကာတို့ . . . အမုန်းတရားကို အမုန်းတရားနဲ့ မအောင်နိုင်ဘူး။ အမုန်းတရားကို မေတ္တာနဲ့ပဲ အနိုင်ယူနိုင်တယ်။ ၀န်ဆောင်နွားရဲ့ နောက်ကနေ ၀န်တင်လှည်းဘီး လိုက်နေသလို အမုန်းတရားရဲ့ နောက်ကနေ အကုသိုလ်တွေ လိုက်ပါတယ်။ မကောင်းကျိုးတွေ လိုက်ပါတယ်။ မပြေနိုင်တဲ့ အမုန်းရန်ငြိုး အဆက်ဆက်ကြောင့် သံသရာလောကသားတွေဟာ ဘ၀အဆက်ဆက် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ဘ၀တစ်ခုရဲ့ နှစ်နှစ်သုံးနှစ် အတွင်းမှာပဲ . . . ကာမစ္ဆန္ဒကို အခြေတည်ပြီး ဖြစ်ပေါ်လာတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အမုန်းရန်ငြိုးကြောင့် ဆုံးရှုံးပျက်စီးရတာကိုပဲ ကြည့်ပါဦး . . . ဒကာတို့။”

“မြတ်စွာဘုရား . . . နန်းဆောင် တစ်ခုလုံး ပြာကျအောင် မီးရှို့ခံလိုက်ရတော့ သာမာဝတီ မိဖုရားနဲ့ ရံရွှေတော်တွေ အသက်ဆုံးခဲ့ရပါတယ် ဘုရား။ အလောင်းတွေ ကြားထဲမှာ သာမာဝတီ မိဖုရားရဲ့ အလောင်းကို ကောင်းကောင်းကြီး မှတ်မိကြပါတယ်တဲ့ ဘုရား . . .။ သာမာဝတီ မိဖုရားဟာ မီးလောင်တိုက် အသွင်းခံရတဲ့ ကြားထဲမှာပဲ ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ခဲ့ပါတယ် ဘုရား။ ထိုင်လျက်သား ကမ္မဋ္ဌာန်းထိုင်နေတဲ့ မိဖုရားရဲ့ မဲမဲကြုတ်ကြုတ် ရုပ်အလောင်းကို မီးလောင်ပြင်မှာ တွေ့ခဲ့ရပါတယ်တဲ့ ဘုရား။”

“ဒကာတို့ . . . သာမာဝတီဟာ ဗြဟ္မ၀ိဟာရ မေတ္တာကမ္မဋ္ဌာန်းကို ဈာန်ဆိုက်ြအောင်အထိ စိုက်စိုက်စူးစူး မြဲမြဲမြံမြံ ရှုအားသန်တဲ့အတွက်ကြောင့် အဲဒီလို . . . သေဘေးဆိုးကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့တာပဲ။ သာမာဝတီဟာ အရိယာ သူတော်စင်လည်း ဖြစ်တယ်။ တရားရှင်မို့ သေခြင်းတရားကို သက်တောင့်သက်သာ ရင်ဆိုင်နိုင်ခဲ့တယ်။ ဒကာတို့ . . . လောဘကြောင့် မှားခြင်းဆိုတဲ့ ဆန္ဒာဂတိ၊ အမုန်းဒေါသကြောင့် မှားခြင်းဆိုတဲ့ ဒေါသာဂတိ၊ မသိလို့ မှားခြင်းဆိုတဲ့ မောဟာဂတိ၊ ကြောက်လို့မှာခြင်းဆိုတဲ့ ဘယာဂတိ . . . ဒီ အဂတိ လေးပါးကို လူသားတွေ သိနားလည်ကြမယ်၊ အဂတိလိုက်ခြင်းရဲ့ ဆိုးကျိုးတွေကို သိကြမယ်ဆိုရင် ဒီကမ္ဘာဟာ အချင်းချင်း ကန့်ကွက်ဆန့်ကျင်ခြင်း အငြင်းအခုံ အရှုပ်အထွေး ပဋိပက္ခတွေ ကင်းကင်းနဲ့ နေစရာကောင်းတဲ့ အငြိမ်းကမ္ဘာကြီး ဖြစ်လိမ့်မယ်။ အမုန်းတရားဟာ ကမ္ဘာကို လောင်မြှိုက်တယ်။ ချစ်ခြင်းမေတ္တာကတော့ ကမ္ဘာကို ငြိမ်းချမ်းအေးမြစေတယ်။ လူသားတွေကို ငါ သွန်သင်ပေးတဲ့ ပထမဆုံးသော ကိုယ်ကျင့်သိက္ခာဟာ ချစ်ခြင်းမေတ္တာပဲ။”


(ဆက်ရန် . . . . .)

  :)
ရှင်အာစာရ



-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

Tuesday, April 23, 2013

ကမ္ဘာ့ငြိမ်းချမ်းရေး (အပိုင်း ၄)



 
ဘာသာတရားအချင်းအချင်း ပိုပြီး နာလည်နိုင်ဖို့အတွက် ကာမ္ဘာ့ဒေသ အသီးသီးက အားထုတ်မှု မှန်သမျှကို ကြိုဆိုတယ်ဆိုတာ ဒီအမြင် ဒီရှုထောင့်ကနေ ကြိုဆိုတာပါ။ ဒါဟာ ခုနေခါမှာ အရေးတကြီး လိုအပ်နေပါပြီ။ ဘာသာတရား အားလုံးက လူသားဘ၀ ပိုကောင်းလာရေး ဦးစားပေးနိုင်ကြမယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဟန်ချက်ညီညီ လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ ဘာသာတရားအချင်းချင်း အပြန်အလှန် နားလည်မှုကနေ ဘာသာတရားတွေ အတူလက်တွဲ လုပ်ကိုင်ကြဖို့ လိုအပ်တဲ့ စည်းလုံးညီညွတ်မှုကို ရရှိပါလိမ့်မယ်။ ဒါပေမယ့်၊ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းလည်း ဖြစ်ပေမယ့် မြန်ဆန် လွယ်ကူတဲ့ အဖြေတော့ မရနိုင်ဘူး ဆိုတာကို သိထားရပါမယ်။ ဘာသာတရား အမျိုးမျိုးတွေကြားမှာ ရှိနေတဲ့ ကျမ်းချက် ကွဲလွဲနေတာတွေကို ဖုံးကွယ်ထားလို့ မရပါဘူး။ လောလောဆယ် ရှိနေတဲ့ ဘာသာတရားတွေကို အားလုံးနဲ့ဆိုင်တဲ့ ဘာသာတရား အသစ်တစ်ခုနဲ့ အစားထိုးဖို့လည်း မျှော်လင့်လို့ မရပါဘူး။ ဘာသာတရားတိုင်းမှာ ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်တဲ့ ကိုယ်ပိုင်ဟန်တွေ ရှိပါတယ်။ သက်ဆိုင်ရာ ဘာသာရေးနည်းလမ်း တစ်မျိုးစီဟာ ဘ၀ပုံစံ တစ်မျိုးစီရှိကြတဲ့ လူသား အစုအဖွဲ့တွေအတွက် အသီးသီး သင့်တော်ပါတယ်။ ကမ္ဘာက ဘာသာတရား အားလုံးကို လိုအပ်ပါတယ်။

ဘာသာတရား ကျင့်သုံးသူတွေ လုပ်ဆောင်ရမယ့် အခြေခံ ကိစ္စရပ် နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုက ဘာသာတရားတွေ အတူလက်တွဲ အလုပ်လုပ်နိုင်လောက်တဲ့ ညီညွတ်မှု ရရှိဖို့အတွက် ဘာသာတရား အချင်းချင်း အပြန်အလှန် နားလည်မှု ပိုအားကောင်းလာအောင် လုပ်ကြရပါမယ်။ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားနိုင်တယ်၊ လူသားကောင်းကျိုးကို ဘာသာတရားတွေရဲ့ ဘုံပန်းတိုင်အဖြစ် ထားရှိနိုင်တယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ ညီညွတ်လာနိုင်ပါတယ်။ ဒုတိယ တစ်ခုက လူ့နှလုံးသားတိုင်းကို ဆွဲဆောင်နိုင်ပြီး လူ့ပျော်ရွှင်မှုကို အားပေးနိုင်တဲ့ အခြေခံ ဘာသာရေးတန်ဖိုးတွေပေါ်မှာ အခြေတည်ပြီး အလုပ်ဖြစ်နိုင်လောက်တဲ့ သဘောတူညီမှုတစ်ခု တည်ဆောက်ကြရပါမယ်။ ဆိုလိုတာက . . . ကမ္ဘာ့သာသာတရား အားလုံးနဲ့ သက်ဆိုင်တဲ့အချက်၊ လူသားဆန်တဲ့အမြင်ကို အလေးပေးရမယ်လို့ ဆိုလိုတာပါ။ ဒီနှစ်ခု ရှိထားရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ဘာသာရေး အခြေအနေကို ဖန်တီးနိုင်ပါလိမ့်မယ်။ တစ်ဦးစီရော အစုလိုက်ပါ ဖန်တီးနိုင်ကြပါလိမ့်မယ်။

ဘာသာတရား အမျိုးမျိုးဟာ မွန်မြတ်တဲ့ နှလုံးသားကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ မေတ္တာတရား၊ အချင်းချင်း လေးစားမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ အဓိပ္ပာယ်မှန်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အရာတွေဖြစ်တယ်လို့ ရှုမြင်နိုင်ကြတဲ့အခါမှာ ဘာသာတရား အမျိုးမျိုးကို ကျင့်သုံးနေကြသူတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လက်တွဲပြီး အလုပ်လုပ်နိုင်ကြပါမယ်။ အရေးအကြီးဆုံးက . . . ဘာသာတရားရဲ့ ရည်ရွယ်ချက်ကို ကြည့်ဖို့ပါ။ လက်တွေ့မပါတဲ့ ဆင်ခြင်တုံဝါဒ သက်သက်ဆီ ရောက်သွားစေနိုင်တဲ့ သီအိုရီပိုင်းတွေ အတွေးအခေါ်ပိုင်းတွေကို အသေးစိတ် လိုက်ကြည့်မနေဖို့ အရေးကြီးပါတယ်။ သက်ဆိုင်ရာ ဘာသာတရားတွေရဲ့ အတွင်းရေးတွေသာဖြစ်တဲ့ ဒဿနိကပိုင်းဆိုင်ရာ သိမ်မွေ့တဲ့ ကွဲလွဲမှုတွေကို ဘေးဖယ်ထားနိုင်မယ်ဆိုရင် ကမ္ဘာ့ဘာသာကြီးတွေ အားလုံးဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးနိုင်ကြမယ်၊ လူသားအကျိုးစီးပွားအတွက် အတူလက်တွဲပြီး အလုပ်လုပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ကမ္ဘာတစ်ဝှန်းလုံး ခေတ်မီဖွံ့ဖြိုး တိုးတက်လာပြီး ဘာသာရေး ကိစ္စတွေမှာ လောကီဆန်လာပေမယ့်၊ ကမ္ဘာ့ဒေသ တစ်ချို့မှာ ဘာသာရေး တန်ဖိုးတွေကို စနစ်တကျ ဖျက်ဆီးချေမှုန်းတာတွေ ရှိနေပေမယ့် လူများစုကတော့ ဘာသာတရား တစ်ခုမဟုတ် တစ်ခုခုကို ယုံကြည်နေကြတာပါပဲ။ မသေဆုံးနိုင်တဲ့ ဘာသာရေး ယုံကြည်မှုဟာ ဘာသာတရားရဲ့ အလားအလာကို ဖော်ပြနေပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရရင်တောင်မှ ဒီယုံကြည်မှုက ထူးခြားထင်ရှားနေပါတယ်။ ဒီ ဘာသာရေးစွမ်းရည်၊ ဘာသာရေး စွမ်းအင်ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ဘာသာရေး အခြေအနေတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီကိစ္စမှာ ပါဝင်လှုပ်ရှားဖို့အတွက် ကမ္ဘာတစ်ဝှန်းလုံးမှာ ရှိကြတဲ့ ဘာသာရေး ခေါင်းဆောင်တွေ လူ့အခွင့်ရေးသမားတွေမှာ အခွင့်ထူး ရှိနေပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ကြရမှာပါပဲ။ ရွေးစရာ မရှိပါဘူး။ စိတ်မှာ ဒေါသလွှမ်းမိုးနေရင် လူသားအသိဥာဏ်ရဲ့ အမြင့်မြတ်ဆုံး အပိုင်းကို ဆုံးရှုံးရပါလိမ့်မယ်။ အသိ အလိမ္မာ ဥာဏ်ပညာကို ဆုံးရှုံးရပါလိမ့်မယ်။ အမှန် အမှား ခွဲခြားနိုင်စွမ်းကို ဆုံးရှုံးရပါလိမ့်မယ်။ ဒီနေ့ကမ္ဘာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ အဆိုးဆုံးက ဒေါသ ဖြစ်ပါတယ်။

(. . . . . ဆက်ရန်)

:)
ရှင်အာစာရ

Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace