Showing posts with label 04. Reader - ဖတ္စာ. Show all posts
Showing posts with label 04. Reader - ဖတ္စာ. Show all posts

Monday, October 9, 2017

လျှောက်ထားလွှာ နှင့် သြဝါဒများ မှသည် . . . . .

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန်း နပသ သင်ကြားစီမံ ဆရာတော်များကို တွေ့ဆုံးဖူးမျှော်၊ သာသနာရေး လျှောက်ထားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့သည်။ မန်း နပသ ဒု-ပါမောက္ခချုပ် ဆရာတော်နှင့် မော်ကွန်းထိန်းဆရာတော်တို့က သြဝါဒစကား မိန့်ကြားခဲ့ကြသည်။ နေရာမှာ မန်း နပသ မဟာဘွဲ့နှင်းဓမ္မာရုံ ဖြစ်ပြီး အချိန်မှာ ယနေ့ နေ့လယ် တစ်နာရီမှ နှစ်နာရီခွဲအထိ ဖြစ်ခဲ့သည်။

ဝန်ကြီး၏ လျှောက်ထားချက် -

သာသနာရေး နှင့် ယဉ်ကျေးမှု ဌာနနှစ်ခုအတွက် တာဝန်နှစ်ခု ပူးတွဲ ယူထားရသည့်အတွက် အလုပ်များသဖြင့် ဆရာတော်များနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးရသည်ကို ဝန်ကြီးက ရှေးဦးစွာ တောင်းပန်သည်။ သက်တမ်း သုံးဆယ့်တစ်နှစ် ရှိပြီဖြစ်သော သာသနာ့တက္ကသိုလ်ကြီးသည် ယခင်နှစ်က နှစ်သုံးဆယ်ပြည့် ပုလဲရတုပွဲတော်ကြီး ခမ်းနားစွာ ကျင်းပခဲ့ရာ . . . လာအို ခရီးစဉ်နှင့် တိုက်ဆိုင်နေသဖြင့် မတက်ရောက်နိုင်ခဲ့သဖြင့် ဝမ်းနည်းခဲ့ရကြောင်း လျှောက်ထားသည်။

ဆက်လက်၍ . . . ရခိုင်အရေး၊ အနောက်ဘက်နယ်စပ် လုံခြုံရေးနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေကိုလည်း လျှောက်ထားသည်။ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဘင်္ဂါလီ ဝင်ရောက်မှု အန္တရာယ်ကို လျှောက်ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်လောက်သာ ကျယ်ဝန်းသော်လည်း နှစ်စဉ် လူဦးရေ တိုးပွားမှုနှုန်းမှာ ဆယ်ရာခိုင်နှုန်း ရှိနေပြီး လူဦးရေမှာ မြန်မာထက် သုံးဆ ရှိနေကြောင်း၊ မြေနေရာ ပိုမိုကျယ်ဝန်းသည့် မြန်မာနိုင်ငံ၏ နှစ်စဉ်လူဦးရေး တိုးပွားမှုနှုန်းမှာ တစ်ဒဿမ နှစ်ရာခိုင်နှုန်းသာ ရှိကြောင်း၊ မြေနေရာ ကျဉ်းမြောင်းပြီး လူဦးရေ အဆမတန် တိုးပွားသည့် အိမ်နီးချင်းနိုင်ငံသည် လူဦးရေ ထိန်းချုပ်ရန် မကြိုးစားဘဲ အိမ်နီးချင်း နိုင်ငံများသို့ ခိုးဝင်ထိုးဖောက်ရန်သာ အားပေးနေကြောင်း၊ အိန္ဒိယနိုင်ငံ လုံခြုံရေးအတွက် သံဆူးကြိုး နှစ်ထပ်ကာထားပြီး သံဆူးကြိုးနှစ်ထပ်ကြား၌ မိုင်းထောင်ထားသည့်အပြင် ခိုးဝင်လာသူကို ပစ်သတ်သဖြင့် ခိုးဝင်ရန် မလွယ်ကြောင်း၊ မြန်မာနိုင်ငံ လုံခြုံရေးအတွက် သံဆူးကြိုး ကာရံမှုမှာ ခနော်ခနဲ့သာ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကလည်း နိုင်ငံတော် အစိုးရနှင့် အလှူရှင်များ၏ ငွေကြေးဖြင့် အိန္ဒိယကဲ့သို့ ခိုင်မာသည့် ခြံစည်းရိုး ကာရံမှု ပြုလုပ်နေပြီဖြစ်ကြောင်း လျှောက်ထားသည်။ ပြီးခဲ့သည့် ရခိုင်ပြဿနာ၌ စစ်တပ်က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ၌ ဘင်္ဂါလီများ ထွက်ပြေးကြရာ အစပိုင်း၌ ထောင်ဂဏန်း၊ သောင်းဂဏန်းသာ ရှိကြောင်း၊ နယ်မြေအေးချမ်းပြီး နောက်ပိုင်း ထွက်ပြေးသည့် အရေအတွက်ကို ငါးသိန်းဟု ဆိုကြကြောင်း၊ အရင့်အရင် ထွက်ပြေးမှုများနှင့် ပေါင်း၍ ခုနစ်သိန်းထိ ပြောကြကြောင်း၊ ဤသို့ ဘင်္ဂါလီ အရေအတွက် တင်ပြရာ၌ ပိုလွန်မှုများရှိကြောင်း၊ တစ်ထောင်ကို သုံးထောင်၊ တစ်သောင်းကို သုံးသောင်း . . . ချဲ့ကားတတ်ကြောင်း လျှောက်ထားသည်။ ပြီးခဲ့သည့် ရခိုင်ကိစ္စနှင့် စပ်လျဉ်း၍ အကြမ်းဖက် ဘာသာဝင် နိုင်ငံများက မြန်မာနိုင်ငံကို ဝိုင်းဝန်းရှုပ်ချကြကြောင်း၊ ကျီးအာသလို အာကြကြောင်း လျှောက်ထားသည်။ ဝိုင်းအော်ကြသည့် အိုအိုင်စီ နိုင်ငံအရေအတွက်မှာ ငါးဆယ့်ခုနစ်နိုင်ငံ ရှိသော်လည်း ဗုဒ္ဓဘာသာ နိုင်ငံများက မဆိုင်သလို . . . သည်းခံနေကြကြောင်း လျှောက်ထားသည်။

ယခုအခါ ကမ္ဘာ့ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းကို မြန်မာနိုင်ငံက ဦးဆောင်ရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ဝန်ကြီးတက်ရောက်ခဲ့သည့် ကမ္ဘာ့အစည်းအဝေးများ၌ . . . မြန်မာက ဦးဆောင်၍ အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ဗုဒ္ဓဘာသာ အဖွဲ့အစည်း အသီးသီးက တိုက်တွန်းခဲ့ဖူးကြောင်း၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့၊ ဂျပန်ဗုဒ္ဓဘာသာအဖွဲ့၊ ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့ အစရှိသော အဖွဲ့အစည်းများက တိုက်တွန်းကြကြောင်း လျှောက်ထားသည်။ ဝန်ကြီး၏ အတွေ့အကြုံအရ . . . မဟာယာန ဘုန်းတော်ကြီးများသည် သက်သတ်လွတ် အသီးအရွက် ညစာစားသော်လည်း အခြားသော မဟုတ်မဟတ်များ မလုပ်ကြသဖြင့် ထေရဝါဒ ရဟန်းတော်များနှင့် ပေါင်းစည်းရန် ပြဿနာ မရှိကြောင်း လျှောက်ထားသည်။ ဗုဒ္ဓဘာသာအဖွဲ့တစ်ခု ပေါ်ပေါက်ရန် ဆန္ဒရှိကြသော်လည်း လက်တွေ့ လုပ်ဆောင်သည့် Action Plan မရှိသေးကြောင်း လျှောက်ထားသည်။

ကမ္ဘာ့အဆင့် ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းရေးမှာ ကျယ်လွန်းနေပြီး ကနဦးအနေဖြင့် အာရှဗုဒ္ဓဘာသာအဖွဲ့ တည်ထောင်ရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ဤအစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြရာ မူအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း၊ ရုံးထိုင်၍ ကမ္ဘာနှင့် ဆက်ဆံနိုင်မည့် အာရှဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် တစ်လအတွင်း စုံညီအစည်းအဝေး ခေါ်ယူရန်ရှိကြောင်း၊ ထိုအဖွဲ့ လည်ပတ်ရေးအတွက် ငွေကြေးကုန်ကျစရိတ်ကို သာသနာပြု အဖွဲ့အစည်းများက ထောက်ပံ့ကြမည်ဖြစ်ရာ အခက်အခဲ မရှိကြောင်း၊ လူ့စွမ်းအင် အရင်းအမြစ်အတွက် သာသနာ့တက္ကသိုလ်က မွေးထုတ်ထားသည့် စွမ်းရည်ပြည့် ရဟန်းတော်များဖြင့် အားဖြည့်ပေးစေလိုပါကြောင်း လျှောက်ထားသည်။ ဦးဆောင် ရဟန်းတော်များအနေဖြင့် ဓမ္မအရေးအပြင် လောကအရေး၊ နိုင်ငံရေး သိရှိရမည်ဖြစ်ကြောင်း၊ ဘာသာခြားတို့အကြောင်း သိထားရမည်ဖြစ်ကြောင်း၊ ကမ္ဘာသုံးဖြစ်သည့် အင်္ဂလိပ်ဘာသာစကားလည်း တတ်ကျွမ်းရမည်ဖြစ်ကြောင်း လျှောက်ထားသည်။

ဒု-ပါမောက္ခချုပ်ဆရာတော်၏ သြဝါဒ -

မကောင်းမှု ပြုလုပ်ရန် လွယ်ကူသော်လည်း မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ကောင်းမြတ်သည့်အလုပ်၊ ကုသိုလ်ပြုလုပ်ရန် မလွယ်ကူကြောင်း၊ ကောင်းမြတ်သည့်အလုပ် ပြုလုပ်ရာ၌ အားစိုက်ထုတ်မှု ဝီရိယ ထည့်ပေးရကြောင်း မိန့်ကြားသည်။ အောင်မြင်ခြင်း၊ ဘုန်းကြီးခြင်းနှင့် လောဘ ဒေါသ မောဟ အကုသိုလ်တို့ကို တစ်ဘက်စီ ထည့်ချိန်လျှင် အကုသိုလ်ဘက်က လျော့နေအောင် ကြိုးစားရမည်ဖြစ်ကြောင်း မင်းကွန်းဆရာတော် ဘုရားကြီး၏ သြဝါဒကို အခြေခံ၍ စကားလက်ဆောင် ပေးတော်မူသည်။

မော်ကွန်းထိန်းဆရာတော်၏ သြဝါဒ -

ဝန်ကြီးလျှောက်ထားသည့်အတိုင်း သာသနာပြု ရဟန်းတော်များ လောကအရေး နိုင်ငံရေးတို့ သိထားရမည်ဖြစ်ကြောင်း၊ ရှေးမင်းများလက်ထက် သာသနာပိုင် ခန့်ထားရာ၌ စာတတ်ရုံသက်သက်နှင့် ခန့်ထားသည် မဟုတ်ကြောင်း မိန့်ကြားသည်။ လောကရေး၊ ဓမ္မရေး၊ ရာဇရေး တတ်သိရကြောင်း၊ ရာဇရေး ဆိုသည်မှာ နိုင်ငံရေးပင်ဖြစ်ကြောင်း မိန့်ကြားသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံ စာသင်တိုက်များ၏ ရည်ရွယ်ချက်မှာ စာသင်-စာချ အလုပ်လုပ်ရန်မျှသာ ဖြစ်သော်လည်း သာသနာ့တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပ သာသနာပြုရန် ဖြစ်သောကြောင့် မွေးထုတ်သည့် စာသင်သားချင်း မတူကြောင်း၊ သာသနာပြုနိုင်ရန်အတွက် ဘာသာခြားတို့အကြောင်း၊ လောကအကြောင်း သင်ရိုးညွှန်းတမ်းဖြင့် လေ့ကျင့်သင်ကြားထားသည့် သာသနာ့တက္ကသိုလ် စာသင်သားများသည် ဝန်ကြီးစိတ်ကူးသည့် အာရှဗုဒ္ဓဘာသာအဖွဲ့အတွက် စွမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း မိန့်ကြားသည်။

သာသနာရေးနှင့် စပ်လျဉ်း၍ ကိုရီးယား ဆရာတော်တစ်ပါး လျှောက်ထားခဲ့ဖူးသည့် အကြောင်းအရာကိုလည်း ပြန်လည်မိန့်ကြားသည်။ ကိုရီးယားနိုင်ငံ၌ မြန်မာ ဗုဒ္ဓဘာသာ အလုပ်သမား ငါးသိန်းခန့် ရှိနေပြီး အလုပ်ရှင်များမှာ ခရစ်ယန်ဘာသာဝင်များ ဖြစ်နေသဖြင့် ဗုဒ္ဓဘာသာ အလုပ်သမားများကို ခရစ်ယန်ဘာသာဝင် ဖြစ်သွားအောင် အရာရှိတို့က နည်းမျိုးစုံဖြင့် စည်းရုံးကြမည်ဖြစ်ကြောင်း၊ ဤနည်းဖြင့် စည်းရုံးသဖြင့် ကိုးရီးယားဗုဒ္ဓဘာသာများ ခရစ်ယန် ဖြစ်သွားကြရကြောင်း၊ ကိုရီးယား၌ အလုပ်လုပ်နေသည့် မြန်မာ ဗုဒ္ဓဘာသာ အလုပ်သမားများ ဘာသာကူးပြောင်း မသွားရေးအတွက် ကိုရီးယားသို့ မြန်မာ သာသနာပြု ရဟန်းတော်များ စေလွှတ်သင့်ကြောင်း အကြံပေးသည့် ကိုရီးယား ဆရာတော်၏ လျှောက်ထားချက်ကို မိန့်ကြားသည်။ ထိုသို့ လျှောက်ထားသော်လည်း . . . ဝန်ကြီးလျှောက်ထားသကဲ့သို့ Action Plan မရှိသေးကြောင်း မိန့်ကြားသည်။

အနှစ်ချုပ် -

အချုပ်ဆိုရသော် . . . ဝန်ကြီး လျှောက်ထားသည့်အတိုင်း ခိုးဝင် ဘင်္ဂါလီများကို အိန္ဒိယ ကဲ့သို့ တားဆီးနိုင်ရေး၊ ထွက်ပြေး ဘင်္ဂါလီ အရေအတွက် လွန်လွန်ကျူးကျူး များပြားနေသည်ကို စနစ်တကျ စိစစ်နိုင်ရေး၊ ဗုဒ္ဓဘာသာအတွက် ခုခံခြင်း တွန်းချဲ့ခြင်းများ ပညာသားပါပါ လုပ်ဆောင်ပြမည့် အာရှဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်နိုင်ရေး လက်တွေ့ လုပ်ဆောင်နိုင်ပါစေကြောင်း . . .။

:)
ရှင်အာစာရ
(ခေတ္တ - မန္တလေး)

သီတင်းကျွတ်ပြီ




 “မောင်စိုးမင်းဌေး၊ မသန္တာဝင်းတို့ . . . ဒီဘဝမှာလည်း ပျော်ပျော်ရွှင်ရွှင်၊ နောက်ဘ၀ သံသရာမှာလည်း နှစ်နှစ်ကာကာ ပေါင်းသင်းနိုင်ကြဖို့အတွက် နှစ်ဦးနှစ်ဘက် တူညီမှုတွေ ရှိကြရမယ်။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တဲ့။ လေးမျိုးတူရမယ် ဆိုတာကို သမဇီဝီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူပါတယ်။

၁။ သဒ္ဓါဆိုတာက ယုံကြည်မှု။ ဆိုပါစို့ . . . ဘာသာရေး ယုံကြည်ချက်၊ နိုင်ငံရေး ယုံကြည်ချက်၊ စီးပွားရေး ယုံကြည်ချက်။ ယုံကြည်တဲ့ ဘာသာတရား မတူဘူးဆိုရင် လင်နဲ့မယား ပြေလည်ဖို့ မလွယ်ဘူး။ ထောက်ခံနိုင်ပါတီ၊ ယုံကြည်တဲ့ နိုင်ငံရေးသဘောတရား မတူရင်လည်း မအေးချမ်းနိုင်ဘူး။ စီးပွားရေးမှာလည်း ဘာလုပ်ကြမယ် . . . ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ် . . . စသည်အားဖြင့် မတူကြရင် ပြဿနာ တက်နိုင်တယ်။

၂။ သီလ ဆိုတာက ကိုယ့်ကျင့်သီလ။ သီလမှာ . . . တစ်ယောက်က မူးယစ်သောက်စားတယ်၊ တစ်ယောက်က အနံ့တောင် မခံနိုင်ဘူးဆိုရင် ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မှာလဲ။ တစ်ယောက်က သတ်ဟယ်ဖြတ်ဟယ် ကြမ်းကြမ်းတမ်းတမ်း၊ တစ်ယောက် ကြင်နာတတ်လိုက်တာ သတ်ဖို့မပြောနဲ့ နာကြင်အောင်တောင် မလုပ်ဘူး။ အဲ့ဒီလို သီလအဆင့်အတန်း မတူကြရင်လည်း ကြည်ဖြူတဲ့ အိမ်ထောင်ရေး မဖြစ်နိုင်ဘူး။

၃။ စာဂ ဆိုတာက ပေးကြမ်းစွန့်ကြဲမှု။ အပေးအကမ်း တူညီရမယ် တဲ့။ တစ်ယောက်က ရက်ရောပြီး တစ်ယောက်က နှမြောနေရင် အဆင်မပြေဘူး။ တစ်ယောက် နည်းနည်းပဲ ပေးချင်လှူချင်တာ တစ်ယောက်က အများကြီး ပေးလိုက်လှူလိုက်ရမှ ကျေနပ်တာဆိုရင် မကျေနပ်မှုတွေ ဖြစ်လာမယ်။ ရက်ရောတာတော့ တူပါတယ် တစ်ယောက်က ဘာသာရေးမှာ ရက်ရောတယ်၊ တစ်ယောက်ကတော့ လူမှုရေးပရဟိတမှ လှူချင်တယ်ဆိုရင် နှစ်ဦးနှစ်ဘက် ကျေနပ်ဖို့ မလွယ်တော့ဘူး။ စိတ်တူကိုယ်တူ သဘောတူမှ သာသာယာယာ ဖြစ်မယ်။

၄။ ပညာ ဆိုတာကတော့ ခွဲခြားပြီး သိနိုင်တဲ့ စွမ်းရည်။ အမှန်အမှား အဆိုးအကောင်း ခွဲခြား သိတာ။ လွယ်လွယ် နားလည်ထားကြတဲ့ ပညာရေးဆိုရင် . . . ဘွဲ့ရတာနဲ့ မရတာ၊ ပညာတတ်တာနဲ့ မတတ်တာ။ တစ်ယောက်က ဘွဲ့ရ ပညာတတ်၊ တစ်ယောက်က ဘွဲ့မရဘူး။ အဲ့ဒီလို မတူကြရင် ယုံကြည်မှုတွေ၊ သီလတွေ၊ ပေးကမ်းစွန့်ကြဲမှုတွေမှာပါ ကွဲလွဲသွားနိုင်တယ်။ ကွဲလွဲရာကနေ ပြဿနာတွေ ဖြစ်လာနိုင်တယ်။

လေးမျိုးတူရင် ခုဘဝရော နောက်ဘဝပါ သာသာယာယာ ပေါင်းသင်းကြရမယ်။ ဒီလေးမျိုးတင် တူရမယ်လို့တော့ မဟုတ်ပါဘူး။ တူတာတွေ များလေ ကောင်းလေပါ။ ဆိုပါစို့ . . . ဝါသနာတူတယ်။ စာပေ ဝါသနာ၊ ပန်းချီ ဝါသနာ။ တူစရာတွေ အများကြီး ရှာကြည့်နိုင်ပါတယ်။

တူရင် သာယာတယ် ဆိုတော့ . . . မတူရင် မပေါင်းကြရတော့ဘူးလား။ ဒီလိုလည်း မဟုတ်ပါဘူး။ မတူပေမယ့် ညှိယူနိုင်တယ်၊ နားလည်မှု ရှိကြတယ်ဆိုရင် ပြဿနာ မရှိပါဘူး။ သဒ္ဓါဆိုတဲ့ ဘာသာရေး ယုံကြည်မှု မတူကြဘူး ဆိုပါစို့။ တစ်ယောက်က ဗုဒ္ဓဘာသာ၊ တစ်ယောက်က မွတ်ဆလင်။ သူယုံကြည်တာနဲ့ ကိုယ်ယုံကြည်တာ ကွဲလွဲခွင့် ရှိပါတယ်။ သဘောထား ကြီးကြီးနဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု ရှိကြတယ်ဆိုရင် . . . အဆင်ပြေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပြဿနာတွေနဲ့ ပူလောင်ကြရပါလိမ့်မယ်။

ဒီဘဝမှာရော နောက်ဘဝတွေရော ချင်ချင်ခင်ခင် နှစ်နှစ်ကာကာ ပေါင်းသင်းနိုင်ကြဖို့အတွက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လေးမျိုးတူအောင် ကြိုးစားကြပါ။ လေးမျိုးထက်မက တူတာတွေ များနိုင်သမျှများအောင် ကြိုးစားကြပါ။ မတူကြဘူး ကွဲလွဲမှုတွေ ရှိနေတယ် ဆိုရင်လည်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုနဲ့ သာသာယာယာဖြစ်အောင် နေကြပါ။

အိုအောင်မင်းအောင် ပျော်ရွှင်နိုင်ကြပါစေ။”

“သာဓု၊ သာဓု၊ သာဓု . . .။”

:)
ရှင်အာစာရ

Tuesday, October 3, 2017

ခေါင်းချွန်ချွန် ခါးကြီးကြီး အမြီးရှည်ရှည်



အမေရိက ခရီးစဉ် ပြီးကတည်းက ရက်နှစ်ဆယ်လောက် အဆက်အသွယ် ပြတ်နေပြီး အရင်တစ်ပတ်ကမှ စကားပြောဖြစ်ခဲ့ကြတယ်။ ကလေးတွေကို လေ့ကျင့်ပေးပုံအကြောင်း ထည့်ပြောလို့ မှတ်သားလိုက်ရသေးတယ်။ ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ လမ်းကြောင်းမှန်ဖို့ လူကြီးတွေက လမ်းညွှန်ပေးတာတဲ့။

“သပ်သပ်ရပ်ရပ် ကိုယ့်အိပ်ယာနဲ့ကိုယ် . . . ကလေးတွေလည်း နှိုးစက်နဲ့ အိပ်ကြရတာပဲ။ ကျောင်းချိန်မီဖို့ လုပ်ကြရတယ်။ လူကြီးက အလုပ်သွားနေရတာ။ ကလေးက အိမ်အရင်ပြန်ရောက်ရင် သူ့ဟာသူ အိမ်စာလုပ်။ သူ့ဟာသူ စား။ တီဗီ ကြည့်ချင် သူ့ဟာသူကြည့်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင်၊ လုပ်တတ်ကိုင်တတ် နေတတ်ထိုင်တတ်အောင်။ ကျောင်းကလည်း ဒါတွေ သင်ပေးတာပဲ။ ကလေးတွေကို မရိုက်ရဘူး။ ရိုက်ရင် ကလေးတွေက သက်ဆိုင်ရာကို ဖုန်းဆက်ပြီး တိုင်တာပဲ။ ကလေးက လူကြီးကို ပြန်ပြောတာမျိုးကျတော့ မြန်မာတွေ အမြင်မှာ . . . ရိုင်းစိုင်းတာပေါ့။ နင်တို့ကလေးက ဆိုးလိုက်တာ . . . ပြောကြတယ်။ ကလေးကို မရိုက်ရဘူး ဆိုပေမယ့် စည်းမဲ့ကမ်းမဲ့ ပစ်ထားတာတော့ မဟုတ်ပါဘူး။ မလုပ်ရဘူးဆိုတာကို . . . ကလေးတွေ လုပ်ကို မလုပ်ရဘူး။ ကလေးက တောင်းဆိုလည်း မရဘူး။ လူကြီးက ရှင်းပြတယ်။ မင့်အသက်အရွယ်မှာ ဒါ . . . လုပ်လို့ မရသေးဘူး။ မင်း အရွယ်ရောက်တဲ့အခါ . . . မင်း လုပ်နိုင်တယ်။ ရှင်းပြတော့ ကလေးလည်း လက်ခံရတာပဲ။ မရဘူး။ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရတယ်။”

-----

ရွာဘက်က ကျောင်းသားမိဘတွေရဲ့ ရင်ဖွင့်သံလည်း ဖုန်းထဲကနေ စီးဆင်းလာတာပဲ။

“တပည့်တော် ရောက်သွားတော့ . . . မနက် ကိုးနာရီလောက်ထိ အိပ်နေကြတုန်း။ သူတို့နေရာလည်း ရှုပ်ပွနေတာ . . .။ ကလေးတွေ ဘွဲ့ရဖို့သာ ကျောင်းထားရတာ . . . ကျောင်းကို မထားသင့်တော့ပါဘူး ဘုရား . . .။ ပျက်စီးကြတယ်။ အဆောင်မှာ နေကြတာလေ။ အဆောင်ကလည်း . . . အဆောင်ဆောက်ပြီး ငှားစားတာပဲ။ အဆောင်ခ ပိုက်ဆံယူပြီး . . . နေကြတော့လို့ ပစ်ထားလိုက်တော့တာ။ ကလေးတွေ စုပေါင်း နေကြတော့ . . . အထိန်းအကွပ်က မရှိတော့ဘူး။ ကျောင်းမှ သွားကြရဲ့လား မသိပါဘူး ဘုရား . . .။ အိမ်ကနေ ဖုန်းဆက်မေးတော့လည်း . . . ဖုန်းထဲကပြောတာဆိုတော့ . . . ဘယ်ရောက်နေမှန်း မသိဘူး။ သူတို့ ပြောတဲ့အတိုင်းပဲ။ ကိုယ်မှ မမြင်ရတာ။ လိမ္မာတဲ့ ကလေးတွေတောင် ပျက်စီးသွားမှာ စိုးရတယ်။ ကျောင်းတက်တယ်တာ ပြောတာ . . . လောင်းကစားရော . . . အသောက်အစားရော။ တပည့်တော်ဖြင့် စိတ်ညစ်တော့တာပဲ။”

“စီးပွားရေးသမားတွေကလည်း သားသမီးချင်း မစာနာ . . . လုပ်စားကြတာပဲ။ အဆောင်တွေနားမှာ အပေါင်ဆိုင် ရှိတယ်။ ကျောင်းသားတွေ ပေါင်ထားတဲ့ ဆိုင်ကယ်တွေ . . . တန်းစီနေတာပဲ။ ကိုယ့်ဆိုင်ကယ် ကိုယ်ပေါင်။ သူ့များဆိုင်ကယ် ယူပေါင်။ တစ်ယောက်တည်း ခုနစ်စီး ရှစ်စီး ပေါင်တာ။ အမိန့်ရ အပေါင်ဆိုင်ဆိုရင် အစိုးရက အရေးယူလို့ မရဘူးလား မသိပါဘူး။ အရက်ဆိုင် ဘီယာဆိုင်တွေကလည်း . . . မူးရူးပြီး . . . ကျောင်းသားချင်း ရန်လုပ် . . . အဆောင်လာပြီး သောင်းကျန်းသွားတာ . . . အကုန်ရိုက်ခွဲသွားတာ တဲ့။ ကွန်ပျူတာ ပေါက်ခွဲလို့ . . . ပြင်ရင် ခုနစ်သောင်းလောက် ကုန်မှာ တဲ့။ ငယ်ငယ်က မဆိုးပါဘူး ဘုရား . . .။”

-----

လူငယ်များအတွက် အားတက်ဖွယ် အသံနဲ့ စိတ်ပျက်စရာ စကား။ ဒီဘက်က စိတ်ပျက်စရာ စကားကို ကျောင်းသားမိဘ ဆီကပဲ ကြားလိုက်ရတာ။ ကျောင်းသူမိဘ ဆီကတော့ ခုထိ မကြားရသေးဘူး။ ကြားလိုက်ရတဲ့ မဖြစ်သင့်တဲ့ ကိစ္စတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ ဒီလူငယ်တွေရဲ့ ပညာရေး၊ သွားရေးလာရေး၊ နေရေးထိုင်ရေးနဲ့ အနာဂတ် လှနိုင်ပါ့မလား။ သူတို့နဲ့ တည်ဆောက်ရတဲ့ ဒီနိုင်ငံကရော . . . မြေပုံထဲကလို အချွန်အတက်တွေနဲ့ ခါးကြီးကြီး ခေါင်းချွန်ချွန် အမြီးရှည်ရှည်ပဲလား။ ဒါပဲလား။

:)
ရှင်အာစာရ
(ခေတ္တ - မန္တလေး)

လက်ဖြောင့်သူကြီး မောင်ဖိုးလုံး



အူလည်လည် လုံးချာချာမို့ သူ့ကို ဖိုးလုံးဟု ခေါ်ကြသည်။ ဖိုးလုံးသည် လူကသာ လုံးချာချာ ဖြစ်သော်လည်း လက်က တော်တော်ဖြောင့်သည်။ သူ့ပါရမီနှင့်သူဟု ဆိုရပေမည်။ ဖိုးလုံး ငှက်ပစ်လျှင် မှန်သည်က များ၏။ လောက်စာလုံးပစ်တမ်း ကစားကြလျှင် ဖိုးလုံးက အမြဲနိုင်၏။ ကြက်ပေါင်းကွင်းပစ်တမ်း ကစားလျှင်လည်း ဖိုးလုံးက အမြဲနိုင်၏။ ပိုက်ဆံပစ်တမ်း ကစားလျှင်လည်း လက်ဖြောင့်သည့် ဖိုးလုံး ရှုံးသည်မှာ မရှိသလောက် ဖြစ်သည်။ သို့သော် လူက လုံးချာချာ ဖြစ်သောကြောင့် သူ့လက်စွမ်းကို သူ ခံစားသင့်သလောက် မခံစားရရှာပေ။

ဖိုးလုံး ပစ်လာသမျှ ငှက်များကို လူကြီးလူငယ် အလွှာစုံတို့က နည်းမျိုးစုံဖြင့် ညစ်ယူကြသည်။ ဥပမာ -မတန်မရာ ဈေးနှိမ်၍ ဝယ်သည်။ ချော့ယူသည်လည်း ရှိ၏။ ချောက်ယူသည်လည်း ရှိ၏။ ခိုးလျှင်လည်း ဖိုးလုံး ခံရသည်ချည်းသာ ဖြစ်ပေသည်။

သူ အနိုင်ရထားသည့် လောက်စာလုံးများ၊ ကြက်ပေါင်းကွင်းများ၊ ပိုက်ဆံများကိုလည်း လက်ဖြောင့်သူကြီး ဖိုးလုံး အပြည့်အ၀ မပိုင်ဆိုင်နိုင်ရှာပေ။ ရှုံးနိမ့်သူ သူငယ်ချင်းများ၏ ညစ်နည်းမျိုးစုံကို ဖိုးလုံး မကျော်လွှားနိုင်ရှာ။ မသိမသာ ခံရသည် ရှိသကဲ့သို့၊ အတွန့် မတက်တတ်သဖြင့် သိသိကြီးနှင့် ငြိမ်နေရသည်လည်း ရှိတတ်၏။

ဥပမာ - လောက်စာလုံးပစ်တမ်း ကစားကြသောအခါ ရာချီ ထောင်ချီသော လောက်စာလုံးများကို ဖိုးလုံး ရရှိတတ်၏။ ထိုအခါ ရှုံးလွန်း၍ အရင်းပြုတ်သူတို့က ဖိုးလုံးဆီက ပြန်၍ ချေးယူကြသည်။ လောက်စာလုံး ငါးဆယ် ချေးသည်ဆို၍ အလုံးခြောက်ဆယ် နှိုက်ယူသည်။ ပို၍ ယူလိုက်သည်ကို ဖိုးလုံးက သိသွားလျှင် တစ်လုံးချင်း ပြန်၍ ရေတွက်ပြကြသည်။ ပြန်၍ ရေတွက်ကြည့်သောအခါ အလုံးငါးဆယ်သာ ဖြစ်နေသည်။ ဖိုးလုံးခမျာ ငိုရခက် ရယ်ရခက် မျက်လှည့်ကြည့်ရသလို ဖြစ်နေတော့သည်။ ထိုမျှမက . . . လက်သွက်သူတို့က ဖိုးလုံး၏ ခေါင်းကို လက်သီးနှင့် ထိုးလိုက်သေးသည်။

“မင်းကများ ငါ့ကို မယုံသင်္ကာနဲ့။ မင့်လောက်စာလုံး . . . ငါက ဘာဖြစ်လို့ ပိုယူရမှာလဲ။ ကဲကွာ။”

“ခွပ်။”

"ငှင့် :( "

:)
ရှင်အာစာရ

-----
မှတ်ချက် -
မောင်ဖိုးလုံးသည် စိတ်ကူးဇာတ်ကောင် တစ်ယောက်သာ ဖြစ်ပါသည်။
မောင်ဖိုးလုံးသည် မြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် နိမိတ်ပုံရိပ်တစ်ခု မဟုတ်ပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို စိစစ်၍ လက်ခံရန် ရှိနေသည့် မြန်မာ့အခြေအနေနှင့် လုံး၀ ဆက်စပ်မှု မရှိပါ။

မှန်သော သစ္စာ


သူသည် ပြောစရာ ရှိပြီဆိုလျှင် ဘယ်သူ့ကိုမှ၊ ဘာကိုမှ မငဲ့မကွက်ဘဲ မှန်ရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သောကြောင့် တစ်ရွာလုံးက သူ့ကို ဦးသစ္စာဟု ခေါ်ကြသည်။ ဦးသစ္စာ၏ အမှန်စကားများကို သည်းမခံနိုင်သည့် အခါတိုင်း ရွာသူရွာသားတို့သည် ဦးသစ္စာကို ရွာ့အပြင်သို့ နှင်ထုတ်လေ့ ရှိကြ၏။ မှန်ရာကို ပြောမိသဖြင့် ရွာ့အပြင် တဲလေးမှာ နေရသည့် အတွေ့အကြုံသည် ဦးသစ္စာအတွက် ရိုးအီနေပြီ ဖြစ်၏။ ထိုသို့ ရွာ့အပြင်မှာ နေရသည့် အခြေအနေများမှာ ယာယီသာ ဖြစ်ပြီး ရက်အနည်းအငယ်၊ သို့မဟုတ် တစ်လနှစ်လ ကြာသောအခါ ဦးသစ္စာ ရွာထဲ ပြန်ရောက်လာသည်ချည်းသာ ဖြစ်၏။ ရွာသူရွာသားများကလည်း ဦးသစ္စာ ရွာထဲ ပြန်လာတိုင်း လက်ခံကြသည်ချည်းသာ ဖြစ်၏။
ယခုလည်း ရွာ့အပြင် တဲလေးမှာ ဦးသစ္စာ ရောက်နေပြန်သည်။ တောသွားတောလာ၊ ဈေးသွားဈေးလာ ခရီးကြုံသူတို့ ဦးသစ္စာဆီ ဝင်လာပြီး ဦးသစ္စာနှင့် စကားစမြည် ပြောလေ့ရှိကြ၏။

“ဦးသစ္စာကြီး ရွာ့ပြင် ရောက်လာပြန်ပြီလား။ ဒီတစ်ခါ ဘယ့်သူ့အကြောင်း ဘယ်လိုအမှန်တွေ ပြောမိလို့ နှင်ထုတ်ခံရတာလဲ။”

“ဘယ်သူ့အကြောင်းမှ ငါမပြောဘူး။ ဘယ်သူကမှ ငါ့ကို နှင်ထုတ်တာလည်း မဟုတ်ဘူး။ ငါ့ဟာငါ ထွက်လာတာ။”

“ဘာဖြစ်လို့ ထွက်လာရတာလဲ။ အေးပါဗျာ . . . တစ်နေ့နေ့ ရွာထဲ ပြန်သွားပေါ့။”

“ရွာထဲ မပြန်တော့ဘူးကွာ။ ဒီတစ်ခါ ငါ့အကြောင်း၊ ငါ့မိသားစုအကြောင်း အမှန်တွေချည်းပဲ တစ်ရွာလုံးက ပြောနေကြတယ်။ မကြားချင်လို့ ငါ့ဟာငါ ထွက်လာတာ။ လုံး၀ မကြားချင်ဘူး။ သွားကွာ။ မင်းလည်း သွားတော့။”

:)
ရှင်အာစာရ

Sunday, September 24, 2017

တောဘုန်းကြီး



“ဟဲ့ ကိုရင် . . . စာမရေးဘူးလား။”

“ရေးပြီးပြီ ဘုရာ့။”

“ကကြီး ခကွေး ရေးပြီးပြီလား။”

“ပြီးပြီ ဘုရာ့။”

“အေ ဘီ စီရော ရေးပြီးပြီလား။”

“နှစ်ခုလုံး ရေးပြီးပြီ ဘုရာ့။”

“စာရေးပြီးရင် ရေနွေးအိုးတယ်ကွာ။ ရေနွေးကြမ်း သောက်ချင်တယ်။”

“တင်ပါ့။”

“ရေသန့်နဲ့ တည်နော်။ ဓာတ်လိုက်အုံးမယ်။ လုပ်တတ်ရဲ့လား။”

“လုပ်တတ်တယ် ဘုရာ့။”

“ရေနွေးအိုး တည်ထားပြီး ဓာတ်ဗူးကို သန့်ရှင်းရေးလုပ်။ အဟောင်းတွေ သွန်ပစ်လိုက်။”

“တင်ပါ့။”

“လက်ဖက်ခြောက်တွေ အများကြီး မထည့်နဲ့ နော်။ ဆီးဖြူသီး နှစ်လုံးစာလောက်ပဲ ထည့်။”

“တင်ပါ့။”

----- -- -----

“ဟဲ့ ကိုရင် . . . ရေနွေးအိုး မပွက်သေးဘူးလား။ မီးအား ဒီလောက်ကောင်းနေတာ . . .။”

“ပွက်ပြီ ဘုရား . . .။”

“ပွက်ရင် . . . ခပ်ပြီး ယူခဲ့တော့လေ။”

“ဆီးဖြူသီး ဘယ်နားမှာ ထားတာလဲ . . . မတွေ့လို့ပါ ဘုရား။”

ကောင်းလေစွ။ ဤလူသား အရင်းအမြစ်သာ မလဲမပြို ဖွံ့ဖြိုးခဲ့လျှင် သာသနာ့ အာဇာနည်ကြီး ဖြစ်လာနိုင်သည်။ သို့မဟုတ် လောကီ လောကုတ္တရာ ပညာတတ်ကြီး ဖြစ်လာနိုင်သည်။ ဖြစ်မည် မဖြစ်မည် မသေချာသကဲ့သို့ ပြုစုပျိုးထောင်ချိန် မည်မျှကြာမည်ကိုလည်း အတိအကျ မသိနိုင်ပေ။ လောလောဆယ်ကား . . . သူ၏ ဝတ်ကြီးဝတ်ငယ်မှ ရေနွေးကြမ်းတစ်ခွက် ဖြစ်လာရန်ပင် မလွယ်လှပေ။

:)
ရှင်အာစာရ
(ခေတ္တ - စိုင်ပြင်ရွာ)

Friday, July 21, 2017

လူမှာအဝတ်

(ဇူလိုင္ ၂၀၊ ၂၀၁၇)

အပြင်ထွက်ရင် အင်္ကျီဝတ်ဖို့ အလန့်တကြား သတိပေးကြတယ်။ ပခုံးတစ်ဘက် ပေါ်တာကို အမြင်မတည့်ကြောင်း ပြောကြတာတွေ ကြားဖူးပါတယ်။ အခု ဖွင့်ဆိုပုံက တစ်မျိုး။ ပခုံးတစ်ဘက်ဖော်ပြီး လက်ကန်တော့ထိုးထားရင် Sexy ဖြစ်လို့တဲ့။ လိင်ဆွဲဆောင်မှုရှိအောင် လုပ်တယ်လို့ အထင်ခံရနိုင်တယ်တဲ့။ မဟုတ်ရပါဘူးဗျာ . . .။

"ဒီမှာက မိန်းကလေးတွေ ဖော်တာချွတ်တာ ပြဿနာ မဟုတ်ပေမယ့် ယောက်ျားလေးတွေ ပေါ်ရင် ရှော့ရှိတယ်။"

"အင်္ကျီလက်ပြတ် ဝတ်လိုက်ရုံပေါ့။ လှဖို့ ဝတ်တာမှ မဟုတ်တာ ရပါတယ်။"

"လှပြီးသား။ ဒီမှာက ဒီလိုအသားအရေမျိုးဆို လှပြီးသား။ ဒီအသားအရေမျိုး လိုချင်လို့ သူတို့ အင်္ကျီချွတ်ပြီး တစ်နေကုန် နေပူလှန်းကြတာ။"

ဒီလိုနဲ့ပဲ ဒီအသားအရေပေါ်မှာ ဒီအဝတ် တင်ထားရတာပေါ့။

Tuesday, July 11, 2017

သံဃဖာသု ကုသိုလ်



(ဇူလိုင် ၁၀၊ ၂၀၁၇)
-----

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ၊ ရာဟုလာ ဓမ္မသင်တန်းကျောင်း သာသနာ့မြေ အတွင်းမှ အလျားပေ (၅၀)၊ အနံပေ (၅၀)ရှိ မြေကွက်ကို သိမ်အဖြစ် အသုံးပြုရန် သက်ဆိုင်ရာ ရုံးအဆင့်ဆင့်က ဝိသုံဂါမ သီးခြားရွာအဖြစ် သတ်မှတ်၍ စိုင်ပြင်ရွာနေ သိမ်ဒါယိကာမ ဒေါ်သင်းသင်းကို ဂါမဘောဇက ရွာစားအဖြစ် ခန့်ထားခဲ့သည်။ ဝိသုံဂါမ သိမ်မြေကို ဒေါ်သင်းသင်း မိသားစုက သာသနာတော်အား လှူဒါန်းသည်။ သံဃာတော်များ ချမ်းသာအောင် ထောက်ပံ့ပေးသည့် ကုသိုလ်ဖြစ်ကြောင်း မန်းနပသ မော်ကွန်းထိန်း ဆရာတော်က အနုမောဒနာပြုသည်။ ပကတိ ရွာတို့သည် အလိုလိုပင် သိမ်ဖြစ်နေကြကြောင်း၊ ရွာနယ်အတွင်းမှာ သံဃာ့ကံ ပြုနိုင်ကြောင်း၊ သို့သော် ထိုသို့ ကံဆောင်ရာ၌ သိမ်ဖြစ်နေသည့် ရွာနယ်အတွင်းရှိ ရဟန်းအားလုံး တစ်ပါးမကျန် ကံပြုရာသို့ ကြွရောက်ကြရမည်ဖြစ်ပြီး ထိုသို့ ကြွရောက်ရန် မလွယ်ကူကြောင်း၊ ရွာနယ်အတွင်းရှိ ရဟန်းများ အားလုံးကို စုရုံးနိုင်စေကာမူ ကံပြုချိန်အတွင်း ရွာနယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွား ရဟန်းများကို တားဆီးရမည်ဖြစ်ကြောင်း၊ ထိုသို့ တားရသည်မှာလည်း မလွယ်ကူကြောင်း၊ ခက်ခဲသဖြင့် ဆင်းရဲသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုသို့ မခက်ခဲစေရန်၊ ရဟန်းတော်များ လွယ်ကူချမ်းသာစွာ ကံဆောင်နိုင်ရန်အတွက် ရွာနယ်ထဲမှ သီးခြား နယ်ကျဉ်းတစ်ခုကို သိမ်အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဤအလှူသည် သံဃာတော်များ ချမ်းသာအောင် ထောက်ပံ့ပေးသည့် ကုသိုလ်ဖြစ်ကြောင်း အမိန့်ရှိသည်။

မင်းအစိုးရက ဒေါ်သင်းသင်းကို ရွာစားခန့်ထား၍ သီးခြားရွာ (ဝိသုံဂါမ) ပေးလိုက်သည့်နှင့် အလိုအလျောက် သိမ်ဖြစ်သွားကြောင်း၊ ရဟန်းတော်များ သိမ်သမုတ်စရာ မလိုကြောင်း၊ သို့သော် မင်းအစိုးရ ပေးထားသည့်သိမ်ကို မင်းအစိုးရတို့က ပြန်၍ ရုပ်သိမ်းနိုင်ခွင့် ရှိသဖြင့် မရုပ်သိမ်းခင် သိမ်သမုတ်ခြင်းဖြစ်ကြောင်း၊ သိမ်သမုတ်ထားသဖြင့် မင်းအစိုးရက ပြန်သိမ်းစေကာမူ သိမ်မပျက်တော့ကြောင်းလည်း အမိန့်ရှိသည်။

သိမ်သမုတ်ရာ၌ အရပ်ရှစ်မျက်နှာ သိမ်နယ်နိမိတ်ကို ကျောက်တိုင်ကျောက်တုံးများဖြင့် ပိုင်းခြားသတ်မှတ်ထားပြီး ထိုနိမိတ်များကို အမေးအဖြေ ပြုရသည်။ အရပ်မျက်နှာ အသီးသီး၌ မည်သည့်အမှတ်အသား ဖြစ်သနည်းဟု မေး၍ ကျောက်ဖြစ်ကြောင်း ဖြေရသည်။ အမေးအဖြေ စကား၌ ပါဠိတစ်လှည့် မြန်မာတစ်လှည့် နိဿယ ပြန်ခြင်းကို ရှေးဆရာတော်များ မနှစ်သက်ကြောင်း၊ ပါဠိသက်သက်ဖြင့် မေး၍ ပါဠိသက်သက်ဖြင့် ဖြေခြင်းကိုသာ နှစ်သက်ကြကြောင်း၊ ကမ္မဝါစာ ဖတ်ရာ၌ ပါဠိသက်သက်သာ ဖတ်သည်ကို နည်းယူခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။

သိမ်သမုတ် အပြီး၌ သိမ်သစ်၌ သိက္ခာထပ် ကံဆောင်ရန် စိတ်ကူးမိသည့်အတိုင်း ကံဆောင်ခဲ့ကြသည်။ သိမ်ဒါယကာ မိသားစုတို့ ရဟန်းခံထားသည့် အရှင်ကို သိက္ခာထပ်သင့်သည်ဟု စိတ်ကူးရသော်လည်း ထိုအရှင်က မော်လမြိုင်မှာ သီတင်းသုံးနေသဖြင့် မပင့်ခဲ့တော့ပေ။ ကျုပ်ကို သိက္ခာထပ်ဗျာဟု တောင်းဆိုရန်လည်း မသင့်တော်သဖြင့် သက်တော်(၈၅)နှစ် ရှိပြီဖြစ်သည့် သက်တော်ရှည် ဥပဇ္ဈာယ် ရင်းရဲဆရာတော်ကြီးကို သိက္ခာထပ် ပူဇော်ရန် တိုက်တွန်းခဲ့သည်။ နှစ်သက်ဝမ်းမြောက်ကြသည်။ သိက္ခာထပ် အပူဇော်ခံ ဆရာတော်ကြီးကဲ့သို့ သက်ရှည်ကျန်းမာဆုကို သိမ်ဒါယကာ၊ ရဟန်းဒါယကာ မိသားစုက တောင်းဆိုကြသည်။

သီးခြားရွာစားအဖြစ် ခန့်ထားခြင်း ခံရသူ သိမ်အလှူရှင် ဒေါ်သင်းသင်း ကွယ်လွန်သည်မှာ တစ်နှစ်ရှိခဲ့ပြီဖြစ်ရာ သူ့ကို ရည်ရွယ်၍ အမျှဝေခြင်းဖြင့် သံဃာတော်များ ချမ်းသာအောင် ထောက်ပံ့ပေးသည့် သိမ်အလှူ ကုသိုလ်ပွဲကို အဆုံးသတ်ခဲ့ကြသည်။

:)
ရှင်အာစာရ