Showing posts with label 08. News Words - သတင်းစကား. Show all posts
Showing posts with label 08. News Words - သတင်းစကား. Show all posts

Monday, July 26, 2021

(၁၀)ဝါပြည့်တင်း

 July 24, 2021


-----
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့၊ ရာဟုလာဓမ္မသင်တန်းကျောင်းတိုက်အတွင်း ဆယ်ကြိမ်မြောက် ဝါကပ်​ခြင်းကို ဘုရားအမှူးပြုသော ရဟန်းသံဃာ သုံးပါး၊ ရှင်သာမဏေ ဆယ့်နှစ်ပါး နှင့် ကျောင်းသား သုံးယောက်တို့ ဆောင်ရွက်ကြသည်။ ကပ်ဘေးနှင့် အခြားအခက်အခဲများကြောင့် စုပေါင်း ဝါဆိုသင်္ကန်းကပ်ပွဲ ပျက်ပြယ်ပါသည်။
 
ဂျပန်ဗိုလ်မမာတင် ဝါဆိုသင်္ကန်း ဆယ့်ငါးစုံ၊ ရှင်သာမဏေများ နှင့် ကျောင်းသားများအတွက် ငါးထောင်ကျပ်တန် နဝကမ္မ စာအိပ်တစ်လုံးစီ၊ ရဟန်းတော်များအတွက် ငါးသောင်းကျပ်တန် နဝကမ္မ စာအိပ်တစ်လုံးစီ နှင့် သပိတ်တစ်လုံး အသီးသီးသော လှူဒါန်းဖွယ်ရာများကို စိုင်ပြင်မြို့နေ ကျန်းမာရေးမှူး ဦးမြင့်မောင် + ဒေါ်နွယ်နွယ်၊ ရွှေရုပ်လွှာ ပန်းချီပန်းပု မြန်မာမှုနှင့် နိဗ္ဗာန်ကုန်လုပ်ငန်း မိသားစုက ဆက်ကပ်လှူဒါန်းပါသည်။
 
အောက်ပါ ဆွမ်းအလှူရှင်များက ကျောင်းတိုက်၏ ဆယ်နှစ်တာ အတိတ်ခရီးနှင့် အနာဂတ်ခရီး ဆွမ်းကိစ္စများ တာဝန်ယူပါသည်။
 
ဝါတွင်းဝါပ နေ့စဥ် ​နေ့ဆွမ်း နိစ္စဘတ် အလှူရှင်များ -
 
ဦးလှဟန် + ဒေါ်အေးခင် မိသားစု
ဦးကျော်ကျော်ဦး၊ ဒေါ်ကြည်ကြည်ဦး မိသားစု
ဦးမြင့်ဇော် + ဒေါ်ကြည်ကြည်ဝင်း မိသားစု
ဦးလင်း + ဒေါ်ဌေးမြိုင် မိသားစု
ဦးနိုင်ဝင်း + ဒေါ်မြို့ရှင် မိသားစု
ဦးအောင်ခ + ဒေါ်တင်အေး မိသားစု
ဦးဇော်လင်း + ဒေါ်ခင်စန်းဝင်း မိသားစု
ဦးတင်သောင်း + ဒေါ်ခင်ပိုင် မိသားစု
ဦးခင်မောင် + ဒေါ်တင်ရွှေ မိသားစု
ဦးကျော်သန်း + ဒေါ်တင်သန်း မိသားစု
ဦးညိုသင်း + ဒေါ်သန်းအေး မိသားစု
 
ဝါတွင်းဝါပ သီတင်းပတ်စဥ် နေ့ဆွမ်း အလှူရှင်များ -
 
ဦးအောင်ခ + ဒေါ်တင်အေး မိသားစု (တနင်္ဂနွေ)
ဦးစံဝင်း + ဒေါ်ခင်ဌေးဝင်း မိသားစု (တနင်္လါ)
ဦးမောင်မောင် + ဒေါ်ခင်ဇာ မိသားစု (အင်္ဂါ)
ဦးစိန်လင်း + ဒေါ်စိန်အေး မိသားစု (ဗုဒ္ဓဟူး)
ဦးလှဟန် + ဒေါ်အေးခင် မိသားစု (ကြာသပတေး)
ဦးဗိုလ်ရှိန် + ဒေါ်သန်းနွဲ့ မိသားစု (သောကြာ)
ဦးတင်ရွှေ + ဒေါ်တင်လှ မိသားစု (စနေ)
 
ဝါတွင်းဝါပ သီတင်းပတ်စဥ် အရုဏ်ဆွမ်း အလှူရှင်များ -
 
ဦးမောင်မောင် + ဒေါ်ခင်ဇာ မိသားစု (တနင်္ဂနွေ)
ဦးညွန့်သိန်း + ဒေါ်ခင်မြတ် မိသားစု (တနင်္လါ)
ဒေါ်ရွှေတင်၊ သမီးဒေါ်ယဥ်ယဥ်ဝင်း မိသားစု (အင်္ဂါ)
ဒေါ်ရွှေတင်၊ သမီးဒေါ်ယဥ်ယဥ်ဝင်း မိသားစု (ဗုဒ္ဓဟူး)
ဦးလှဟန် + ဒေါ်အေးခင် မိသားစု (ကြာသပတေး)
ဦးမြင့် + ဒေါ်ဝင်းဌေး မိသားစု၊ ဦးကျော်ကျော်ဦး + ဒေါ်ကြည်ကြည်ဦး မိသားစု၊ ဦးမြင့်ဇော်ဦး + ဒေါ်ဆွေဆွေဦး မိသားစု၊ ဦးတူးမောင် + ဒေါ်မြင့်မော် မိသားစု၊ ဦးမြင့်လှိုင် + ဒေါ်သင်း မိသားစု (သောကြာ အလှည့်ကျ)
ဦးလှဟန် + ဒေါ်အေးခင် မိသားစု (စနေ)
 
အခြားသော ပျောက်ကြား ဆွမ်းအလှူရှင်များကလည်း ​အရုဏ်ဆွမ်း နေ့ဆွမ်း အလျဥ်းသင့်သလို ဆက်ကပ်ပြီး နီးစပ်ရာ ဒကာဒကာမတို့က လှူအပ်ရာရာ ပစ္စည်းလေးပါ အလှူခံနိုင်ရေးအတွက် MPT ၊ တယ်လီနော နှင့် အူရီဒူး ဖုန်းနံပါတ်များ စာရင်းပေးသွင်း ဆက်ကပ်ထားကြပါသည်။
 
အဆိုပါ ကုသိုလ်ရှင်များ၊ နီးနီးဝေးဝေး ပစ္စည်းလေးပါး အလှူရှင်များနှင့် ပံပိုးအား မှန်သမျှကို ကျေးဇူးသာဓု အကြိမ်ကြိမ်ပြု၍ ဗြဟ္မစိုရ်ဓာတ် ပို့လွှတ်အပ်ပါကြောင်း ရာဟုလာ ဆယ်နှစ်ခရီး အမှတ်တရစကား မြွက်ကြားအပ်ပါသည်။
သာဓု၊ သာဓု၊ သာဓု. .. .. .။

အိမ်မှာပဲ နေပါ

 July 21, 2021

 
"ဟလို. .. . ဘုန်းဘုန်း။"
 
"အေး အမိန့်ရှိ ဟဲ့။"
 
"အောက်စီဂျင် လှူမလို့ ဘုရာ့။ ဘုန်းဘုန်းကျောင်းက အောက်စီဂျင် အလှူတော်လေ။"
 
"အေး သိန်း ဘယ်နှရာလဲ ဟဲ့။"
 
"ဟဲ ဟဲ။ လှူချင်တာကတော့ သိန်း ထောင့်ငါးရာ လှူချင်တာ ဘုန်းဘုန်းရယ်။ လောလောဆယ်တော့ သုံးသိန်းလောက်ပါ။ သုံးသိန်းက ကိစ္စမရှိဘူး။ ဘယ်လို လှူရမှန်း မသိလို့။ ကျောင်း လာလှူရမှာလား။ အပြင် မထွက်ရဲလို့။"
 
"အာ့ဆို ငါက အိမ်လာပြီး အလှူခံရမှာလား။ ငါလည်း အပြင် မထွက်ရဲဘူးလေ ဟယ်။"
 
"ဟုတ်ပါ့ ဘုန်းဘုန်းရယ်။ ခက်လိုက်တာ။ သမီး သေချာ မှတ်ထားတယ်။ ဘုန်းဘုန်းကျောင်း မရောက်တာ ငါးလရှိပြီ၊ ငါးလ။ သိလား။ အကုန် ကုတ်နေကြရတာ။"
 
"အေးဟဲ့။ ငါလည်း ညည်းလက်မဆေးဘဲ သုပ်တဲ့ လက်ဖက်သုပ်လေး မစားရတာ ငါးလ ရှိပြီ။"
 
"ဟုတ်ပါ့ ဘုန်းဘုန်းရယ်။ ဟား ဟား ဟား။ ဒီတစ်ခါတော့ လက်ဖက်သုပ်က ပိုရှယ်အုံးမှာ။ အိမ်မှာနေရင်း သုပ်စားနေတာ ကျွမ်းကျင်အဆင့် ရောက်​နေပြီ။ လက်ကလည်း ဆေးသလား မမေးနဲ့။ လောလောဆယ်တော့ အားတင်းထားအုံး။"
 
"​အေး။ သုံးသိန်း လှူဖို့က ကျောင်းလာစရာ မလိုဘူး။ ကျောင်းသား လွှတ်လိုက်မယ်။ ပိုက်ဆံကို စာအိတ်ထဲ ထည့်။ စာအိပ်ပေါ်မှာ အလှူရှင်နာမည်ရေး။ သုံးသိန်းကျပ်လို့ရေး။ ကျောင်းသားလာရင် ဖုန်းဆက်လိုက်မယ်။ စောင့်ကြည့်နေ။ ကျောင်းသား လာတာမြင်ရင် စာအိပ်ကို ဝင်းထရံကြား ညှပ်ထားခဲ့ပြီး အိမ်ထဲ ပြန်ဝင်နေ။ အိမ်ထဲကနေ လှမ်းပြီး စကားပြော။ ဘာကိုဗစ်မှ မကြောက်ရတော့ဘူး။"
 
"ရပါတယ် ဘုန်းဘုန်းရယ်။ အဲ့လောက်လဲ မဟုတ်ပါဘူး။ စာအိပ်ကို လက်နှစ်ဘက်နဲ့ သေချာ ကပ်လိုက်ပါ့မယ်။"
 
"​အေး အေး။ လူကြီးတွေ နေကောင်းတယ် မဟုတ်လား။ ဂရုစိုက်ပေးလိုက်အုံး။"
 
"ကောင်းတယ်ဘုရာ့။ အိမ်မှာ ဇိမ်ကျနေကြတာ။ မေကြီးက အိပ်နေပြီ။ ဖုန်းမင်းသားကြီးကတော့ နေ့ခင်း မအိပ်ဘူး။ ဖုံးပွတ်နေတယ်။ သမီးလည်း တမနက်လုံး ဖုန်းတစ်လုံးနဲ့ လိုက်အလှူခံနေတာ။ ဘေးရွာ​တွေက အသိတွေကို လိုက်အလှူခံနေတာ။ လှူကြတယ်။ ဂေါပကတွေဆီ သွားလှူဖို့ ပြောလိုက်တယ်။ ဘုန်းဘုန်းဆီ လူရှုပ်မှာစိုးလို့ ။ ခေတ်မကောင်းလို့ ဘုန်းဘုန်းရယ်။ ဒါတောင် တော်တော်ရနေပြီ။ တစ်ယောက် နှစ်ယောက်..... . တစ်ချို့ကျတော့လည်း ဂျစ်ကပ်ကပ်နဲ့။ သမီးကတော့ မရဘူး။ လျှောက်ပြောတာ။ အောက်စီဂျင်က ကိုဗစ်ဖြစ်မှ ရှူရတာ မဟုတ်ဘူး၊ ကိုဗစ် ပြီးသွားလည်း နင်တို့ငါတို့ တစ်သက်လုံး ရှူကြရမှာ၊ ကိုယ့်နယ်တွက်မှ ကိုယ်မလှူရင် ဘယ်လိုလုမ်မလဲ၊ သူများတွေ အဝေးကြီးကနေတောင် လှမ်းလှူသေးတာ၊ ကိုယ်မှ မလှူရင်. .. .. ဘယ်ယူအင်မှ မလာဘူး၊ ဘယ်ယူအက်မှ မလာဘူး၊ အာတူးပီလည်း မလာဘူး၊ ငါတို့မှာ ငါတို့ပဲရှိတယ်။ အကုန်လျှောက်ပြောတာ။ ဖေ့ဘွတ်ထဲ ဖတ်ထားတာတွေနဲ့ ဖိပြောတာပဲ။"
 
"တအားကြီးလည်း မလုပ်ပါနဲ့အေ။ လှူတဲ့လူက ဝိုင်းလှူနေကြတာပဲ။ လိုတဲ့ငွေ ပြည့်သွားမှာပါ။"
 
"ပြောရမယ့်လူကျ ပြောရတာပဲ ဘုန်းဘုန်းရေ။ နေအုံး။ အတင်း တုတ်လိုက်အုံးမယ်။ ဟား ဟား ဟား။ သူများတစိမ်း မပြောနဲ့ ဘုန်းဘုန်းရေ။ ဖေကြီးတောင်မှ. .. ... တစ်သိန်း လှူလိုက် တဲ့။ လုပ်သေးတာ။ မေကြီးက မရဘူး။ နှစ်သိန်း တဲ့။ သမီးလည်း ဆက်တွန်းလိုက်တယ်။ မထူးတော့ဘူး။ သမီးတို့ တစ်ယောက် တစ်သိန်းစီ ဖြစ်သွားအောင် သုံးသိန်းလှူ ဆိုတော့။ မေကြီးကလည်း ဟုတ်တယ် တဲ့။ အဲ့ကျမှ ဖေကြီး ငြိမ်သွားတာ။ ရှေ့လတွေ အခြေအနေက ဘာမှန်း မသိသေးဘူး တဲ့။ ဖြစ်သွားမှာပါ ဆိုပြီး သားမိနှစ်ယောက် ဝိုင်းပြောလို့. .. ... . နှစ်မဲ တစ်မဲနဲ့ ဖေကြီး ရှုံးသွားလို့ တစ်သိန်းကနေ သုံးသိန်း ဖြစ်သွားတာ။ ဟား ဟား ဟား။"
 
"အဲ လူကြီးဆိုတော့ အမျိုးမျိုး ထည့်စဥ်းစားရတာပေါ့။ အဲ့ကျတော့. .. .. . ညည့် ဖေကြီးက အာဏာထမသိမ်းလို့ တော်သေးတာပေါ့။ ဟဲ ဟဲ။"
 
"ပြည်သူသာ အဓိကပါ ဘုန်းဘုန်းရယ်။ ဟဲဟဲ။ ဟုတ်ပြီ ဘုန်းဘုန်းရေ။ သမီးလည်း ပျောက်ကျား အလှူခံဌာန ပြန်ဖွင့်လိုက်အုံးမယ်။ ကျောင်းသား လွှတ်လိုက်ရင် ဖုန်းဆက်နော်။ ဖိုက်တင်းဦးတော် ဘုရား။"
 
"အေးအေး အေး။ ကျေးဇူးသာဓုပါ ဗျား။ ကပ်ဘေးကာလမှာ အိမ်မှာနေရင်း အောက်စီဂျင်တွေ ဆထက်ထမ်းပိုး ဖြည့်ပေးနိုင်ပါစေ ဗျား။"
 
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘုရား။"

နိုင်သလောက် နီးရာကူ

July 15, 8:41 AM

 
လတ်တလော ရက်ပိုင်းလပိုင်းအတွင်း သိန်းတစ်ထောင်ကျော် အလှုကြီး တစ်ခုကို စုစည်းပုံဖော်ရေးမှာ ငွေရေးကြေးရေးနှင့် သဟဇာတ မဖြစ်လှသူအတွက် တကယ်မလွယ်မှန်း သိသာလှသည်။ သို့သော် အခြေအနေက ရုန်းဖို့ တွန်းနေ​ပြီ။ အထွေထွေ အကြပ်အတည်းကြားမှာမို့ ဝိုင်းဝန်းလှူဒါန်းရေး စုပေါင်းအားကို လှုံ့ဆော်ဖို့ကလည်း မျက်နှာပူစရာ။ သို့​​ပေမယ့် နိုင်ငံအနှံ့ အမွှေကြမ်းနေတဲ့ ကပ်ဘေးကြီးမှာ အသံအဆူဆုံး အောက်စီဂျင် လိုအပ်မှု ပြဿနာက အသက်အန္တရာယ် ခြိမ်းခြောက်မှု။ အပြင်းအထန် ကူးစက်ခံရသူတွေ အသက်ရှူကြပ်တဲ့အခါမှာ လေးဆယ့်ရှစ်နာရီလောက် အောက်စီဂျင် ဆက်ခွင့်ရလိုက်ရင် အကြပ်အတည်းကို အရှိန်နဲ့ ကျော်နိုင်မယ် ဆိုနေကြတော့ ရှူသာတဲ့သူက ကူကိုကူသင့်ကြတဲ့ အခြေအနေ။ နိုင်သလောက် နီးရာ ကူကြရမယ့်အချိန်။ 
 
သင်နှင့် နီးစပ်ရာ....
စုပေါင်းဒါန အောက်စီဂျင် အလှူတော်
ရာဟုလာဓမ္မသင်တန်းကျောင်း၊ 
စိုင်ပြင်မြို့
ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း။
 
စတည်အလှူရှင်များ
၁။ ပတ္တမြားနန်တော်ရွှေဆိုင်၊ စိုင်ပြင်မြို့ - ကျပ်သိန်း (၃၀)
၂။ ချင်းတွင်းရွှေဆိုင်၊ စိုင်ပြင်မြို့ - ကျပ်သိန်း (၂၀)
အလှူစုရပ် -
ရာဟုလာဆရာတော်
၀၉၉၇၄၀၀၅၀၀၆
အခြားနိုင်ငံများမှ လှူဒါန်းလိုလျှင်. .. .
စင်ကာပူ
Ei Yee Mon Myint
+65 84213932

Monday, October 9, 2017

လျှောက်ထားလွှာ နှင့် သြဝါဒများ မှသည် . . . . .

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန်း နပသ သင်ကြားစီမံ ဆရာတော်များကို တွေ့ဆုံးဖူးမျှော်၊ သာသနာရေး လျှောက်ထားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့သည်။ မန်း နပသ ဒု-ပါမောက္ခချုပ် ဆရာတော်နှင့် မော်ကွန်းထိန်းဆရာတော်တို့က သြဝါဒစကား မိန့်ကြားခဲ့ကြသည်။ နေရာမှာ မန်း နပသ မဟာဘွဲ့နှင်းဓမ္မာရုံ ဖြစ်ပြီး အချိန်မှာ ယနေ့ နေ့လယ် တစ်နာရီမှ နှစ်နာရီခွဲအထိ ဖြစ်ခဲ့သည်။

ဝန်ကြီး၏ လျှောက်ထားချက် -

သာသနာရေး နှင့် ယဉ်ကျေးမှု ဌာနနှစ်ခုအတွက် တာဝန်နှစ်ခု ပူးတွဲ ယူထားရသည့်အတွက် အလုပ်များသဖြင့် ဆရာတော်များနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးရသည်ကို ဝန်ကြီးက ရှေးဦးစွာ တောင်းပန်သည်။ သက်တမ်း သုံးဆယ့်တစ်နှစ် ရှိပြီဖြစ်သော သာသနာ့တက္ကသိုလ်ကြီးသည် ယခင်နှစ်က နှစ်သုံးဆယ်ပြည့် ပုလဲရတုပွဲတော်ကြီး ခမ်းနားစွာ ကျင်းပခဲ့ရာ . . . လာအို ခရီးစဉ်နှင့် တိုက်ဆိုင်နေသဖြင့် မတက်ရောက်နိုင်ခဲ့သဖြင့် ဝမ်းနည်းခဲ့ရကြောင်း လျှောက်ထားသည်။

ဆက်လက်၍ . . . ရခိုင်အရေး၊ အနောက်ဘက်နယ်စပ် လုံခြုံရေးနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေကိုလည်း လျှောက်ထားသည်။ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဘင်္ဂါလီ ဝင်ရောက်မှု အန္တရာယ်ကို လျှောက်ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်လောက်သာ ကျယ်ဝန်းသော်လည်း နှစ်စဉ် လူဦးရေ တိုးပွားမှုနှုန်းမှာ ဆယ်ရာခိုင်နှုန်း ရှိနေပြီး လူဦးရေမှာ မြန်မာထက် သုံးဆ ရှိနေကြောင်း၊ မြေနေရာ ပိုမိုကျယ်ဝန်းသည့် မြန်မာနိုင်ငံ၏ နှစ်စဉ်လူဦးရေး တိုးပွားမှုနှုန်းမှာ တစ်ဒဿမ နှစ်ရာခိုင်နှုန်းသာ ရှိကြောင်း၊ မြေနေရာ ကျဉ်းမြောင်းပြီး လူဦးရေ အဆမတန် တိုးပွားသည့် အိမ်နီးချင်းနိုင်ငံသည် လူဦးရေ ထိန်းချုပ်ရန် မကြိုးစားဘဲ အိမ်နီးချင်း နိုင်ငံများသို့ ခိုးဝင်ထိုးဖောက်ရန်သာ အားပေးနေကြောင်း၊ အိန္ဒိယနိုင်ငံ လုံခြုံရေးအတွက် သံဆူးကြိုး နှစ်ထပ်ကာထားပြီး သံဆူးကြိုးနှစ်ထပ်ကြား၌ မိုင်းထောင်ထားသည့်အပြင် ခိုးဝင်လာသူကို ပစ်သတ်သဖြင့် ခိုးဝင်ရန် မလွယ်ကြောင်း၊ မြန်မာနိုင်ငံ လုံခြုံရေးအတွက် သံဆူးကြိုး ကာရံမှုမှာ ခနော်ခနဲ့သာ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကလည်း နိုင်ငံတော် အစိုးရနှင့် အလှူရှင်များ၏ ငွေကြေးဖြင့် အိန္ဒိယကဲ့သို့ ခိုင်မာသည့် ခြံစည်းရိုး ကာရံမှု ပြုလုပ်နေပြီဖြစ်ကြောင်း လျှောက်ထားသည်။ ပြီးခဲ့သည့် ရခိုင်ပြဿနာ၌ စစ်တပ်က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ၌ ဘင်္ဂါလီများ ထွက်ပြေးကြရာ အစပိုင်း၌ ထောင်ဂဏန်း၊ သောင်းဂဏန်းသာ ရှိကြောင်း၊ နယ်မြေအေးချမ်းပြီး နောက်ပိုင်း ထွက်ပြေးသည့် အရေအတွက်ကို ငါးသိန်းဟု ဆိုကြကြောင်း၊ အရင့်အရင် ထွက်ပြေးမှုများနှင့် ပေါင်း၍ ခုနစ်သိန်းထိ ပြောကြကြောင်း၊ ဤသို့ ဘင်္ဂါလီ အရေအတွက် တင်ပြရာ၌ ပိုလွန်မှုများရှိကြောင်း၊ တစ်ထောင်ကို သုံးထောင်၊ တစ်သောင်းကို သုံးသောင်း . . . ချဲ့ကားတတ်ကြောင်း လျှောက်ထားသည်။ ပြီးခဲ့သည့် ရခိုင်ကိစ္စနှင့် စပ်လျဉ်း၍ အကြမ်းဖက် ဘာသာဝင် နိုင်ငံများက မြန်မာနိုင်ငံကို ဝိုင်းဝန်းရှုပ်ချကြကြောင်း၊ ကျီးအာသလို အာကြကြောင်း လျှောက်ထားသည်။ ဝိုင်းအော်ကြသည့် အိုအိုင်စီ နိုင်ငံအရေအတွက်မှာ ငါးဆယ့်ခုနစ်နိုင်ငံ ရှိသော်လည်း ဗုဒ္ဓဘာသာ နိုင်ငံများက မဆိုင်သလို . . . သည်းခံနေကြကြောင်း လျှောက်ထားသည်။

ယခုအခါ ကမ္ဘာ့ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းကို မြန်မာနိုင်ငံက ဦးဆောင်ရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ဝန်ကြီးတက်ရောက်ခဲ့သည့် ကမ္ဘာ့အစည်းအဝေးများ၌ . . . မြန်မာက ဦးဆောင်၍ အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ဗုဒ္ဓဘာသာ အဖွဲ့အစည်း အသီးသီးက တိုက်တွန်းခဲ့ဖူးကြောင်း၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့၊ ဂျပန်ဗုဒ္ဓဘာသာအဖွဲ့၊ ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့ အစရှိသော အဖွဲ့အစည်းများက တိုက်တွန်းကြကြောင်း လျှောက်ထားသည်။ ဝန်ကြီး၏ အတွေ့အကြုံအရ . . . မဟာယာန ဘုန်းတော်ကြီးများသည် သက်သတ်လွတ် အသီးအရွက် ညစာစားသော်လည်း အခြားသော မဟုတ်မဟတ်များ မလုပ်ကြသဖြင့် ထေရဝါဒ ရဟန်းတော်များနှင့် ပေါင်းစည်းရန် ပြဿနာ မရှိကြောင်း လျှောက်ထားသည်။ ဗုဒ္ဓဘာသာအဖွဲ့တစ်ခု ပေါ်ပေါက်ရန် ဆန္ဒရှိကြသော်လည်း လက်တွေ့ လုပ်ဆောင်သည့် Action Plan မရှိသေးကြောင်း လျှောက်ထားသည်။

ကမ္ဘာ့အဆင့် ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းရေးမှာ ကျယ်လွန်းနေပြီး ကနဦးအနေဖြင့် အာရှဗုဒ္ဓဘာသာအဖွဲ့ တည်ထောင်ရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ဤအစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြရာ မူအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း၊ ရုံးထိုင်၍ ကမ္ဘာနှင့် ဆက်ဆံနိုင်မည့် အာရှဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် တစ်လအတွင်း စုံညီအစည်းအဝေး ခေါ်ယူရန်ရှိကြောင်း၊ ထိုအဖွဲ့ လည်ပတ်ရေးအတွက် ငွေကြေးကုန်ကျစရိတ်ကို သာသနာပြု အဖွဲ့အစည်းများက ထောက်ပံ့ကြမည်ဖြစ်ရာ အခက်အခဲ မရှိကြောင်း၊ လူ့စွမ်းအင် အရင်းအမြစ်အတွက် သာသနာ့တက္ကသိုလ်က မွေးထုတ်ထားသည့် စွမ်းရည်ပြည့် ရဟန်းတော်များဖြင့် အားဖြည့်ပေးစေလိုပါကြောင်း လျှောက်ထားသည်။ ဦးဆောင် ရဟန်းတော်များအနေဖြင့် ဓမ္မအရေးအပြင် လောကအရေး၊ နိုင်ငံရေး သိရှိရမည်ဖြစ်ကြောင်း၊ ဘာသာခြားတို့အကြောင်း သိထားရမည်ဖြစ်ကြောင်း၊ ကမ္ဘာသုံးဖြစ်သည့် အင်္ဂလိပ်ဘာသာစကားလည်း တတ်ကျွမ်းရမည်ဖြစ်ကြောင်း လျှောက်ထားသည်။

ဒု-ပါမောက္ခချုပ်ဆရာတော်၏ သြဝါဒ -

မကောင်းမှု ပြုလုပ်ရန် လွယ်ကူသော်လည်း မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ကောင်းမြတ်သည့်အလုပ်၊ ကုသိုလ်ပြုလုပ်ရန် မလွယ်ကူကြောင်း၊ ကောင်းမြတ်သည့်အလုပ် ပြုလုပ်ရာ၌ အားစိုက်ထုတ်မှု ဝီရိယ ထည့်ပေးရကြောင်း မိန့်ကြားသည်။ အောင်မြင်ခြင်း၊ ဘုန်းကြီးခြင်းနှင့် လောဘ ဒေါသ မောဟ အကုသိုလ်တို့ကို တစ်ဘက်စီ ထည့်ချိန်လျှင် အကုသိုလ်ဘက်က လျော့နေအောင် ကြိုးစားရမည်ဖြစ်ကြောင်း မင်းကွန်းဆရာတော် ဘုရားကြီး၏ သြဝါဒကို အခြေခံ၍ စကားလက်ဆောင် ပေးတော်မူသည်။

မော်ကွန်းထိန်းဆရာတော်၏ သြဝါဒ -

ဝန်ကြီးလျှောက်ထားသည့်အတိုင်း သာသနာပြု ရဟန်းတော်များ လောကအရေး နိုင်ငံရေးတို့ သိထားရမည်ဖြစ်ကြောင်း၊ ရှေးမင်းများလက်ထက် သာသနာပိုင် ခန့်ထားရာ၌ စာတတ်ရုံသက်သက်နှင့် ခန့်ထားသည် မဟုတ်ကြောင်း မိန့်ကြားသည်။ လောကရေး၊ ဓမ္မရေး၊ ရာဇရေး တတ်သိရကြောင်း၊ ရာဇရေး ဆိုသည်မှာ နိုင်ငံရေးပင်ဖြစ်ကြောင်း မိန့်ကြားသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံ စာသင်တိုက်များ၏ ရည်ရွယ်ချက်မှာ စာသင်-စာချ အလုပ်လုပ်ရန်မျှသာ ဖြစ်သော်လည်း သာသနာ့တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပ သာသနာပြုရန် ဖြစ်သောကြောင့် မွေးထုတ်သည့် စာသင်သားချင်း မတူကြောင်း၊ သာသနာပြုနိုင်ရန်အတွက် ဘာသာခြားတို့အကြောင်း၊ လောကအကြောင်း သင်ရိုးညွှန်းတမ်းဖြင့် လေ့ကျင့်သင်ကြားထားသည့် သာသနာ့တက္ကသိုလ် စာသင်သားများသည် ဝန်ကြီးစိတ်ကူးသည့် အာရှဗုဒ္ဓဘာသာအဖွဲ့အတွက် စွမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း မိန့်ကြားသည်။

သာသနာရေးနှင့် စပ်လျဉ်း၍ ကိုရီးယား ဆရာတော်တစ်ပါး လျှောက်ထားခဲ့ဖူးသည့် အကြောင်းအရာကိုလည်း ပြန်လည်မိန့်ကြားသည်။ ကိုရီးယားနိုင်ငံ၌ မြန်မာ ဗုဒ္ဓဘာသာ အလုပ်သမား ငါးသိန်းခန့် ရှိနေပြီး အလုပ်ရှင်များမှာ ခရစ်ယန်ဘာသာဝင်များ ဖြစ်နေသဖြင့် ဗုဒ္ဓဘာသာ အလုပ်သမားများကို ခရစ်ယန်ဘာသာဝင် ဖြစ်သွားအောင် အရာရှိတို့က နည်းမျိုးစုံဖြင့် စည်းရုံးကြမည်ဖြစ်ကြောင်း၊ ဤနည်းဖြင့် စည်းရုံးသဖြင့် ကိုးရီးယားဗုဒ္ဓဘာသာများ ခရစ်ယန် ဖြစ်သွားကြရကြောင်း၊ ကိုရီးယား၌ အလုပ်လုပ်နေသည့် မြန်မာ ဗုဒ္ဓဘာသာ အလုပ်သမားများ ဘာသာကူးပြောင်း မသွားရေးအတွက် ကိုရီးယားသို့ မြန်မာ သာသနာပြု ရဟန်းတော်များ စေလွှတ်သင့်ကြောင်း အကြံပေးသည့် ကိုရီးယား ဆရာတော်၏ လျှောက်ထားချက်ကို မိန့်ကြားသည်။ ထိုသို့ လျှောက်ထားသော်လည်း . . . ဝန်ကြီးလျှောက်ထားသကဲ့သို့ Action Plan မရှိသေးကြောင်း မိန့်ကြားသည်။

အနှစ်ချုပ် -

အချုပ်ဆိုရသော် . . . ဝန်ကြီး လျှောက်ထားသည့်အတိုင်း ခိုးဝင် ဘင်္ဂါလီများကို အိန္ဒိယ ကဲ့သို့ တားဆီးနိုင်ရေး၊ ထွက်ပြေး ဘင်္ဂါလီ အရေအတွက် လွန်လွန်ကျူးကျူး များပြားနေသည်ကို စနစ်တကျ စိစစ်နိုင်ရေး၊ ဗုဒ္ဓဘာသာအတွက် ခုခံခြင်း တွန်းချဲ့ခြင်းများ ပညာသားပါပါ လုပ်ဆောင်ပြမည့် အာရှဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်နိုင်ရေး လက်တွေ့ လုပ်ဆောင်နိုင်ပါစေကြောင်း . . .။

:)
ရှင်အာစာရ
(ခေတ္တ - မန္တလေး)

သတင်းထူး


မိုးကုတ်ရောက်ရောက်ချင်း မိုးကုတ်သူ မိုးကုတ်သားတွေ ပြောနေတာ ကြားလိုက်ရတယ်။
ဗြိတိန်က မြန်မာကို စိန်ခေါ်လိုက်ပြီ တဲ့။
- မိုးကုတ်မြို့ကို မန္တလေးတိုင်းထဲက ထုတ်ပေးရင်
(သို့မဟုတ်)
- မန္တလေးက မဟာမြတ်မုနိ ဘုရားကြီးကို ရခိုင်ပြန်ပို့ရင်
ဗြိတိန်က သိမ်းပိုက်ထားတဲ့ ပတ္တမြားငမောက်ကို မန္တလေးနန်းတွင်း ပြန်ပို့ပေးမယ် တဲ့။
(ဂျင်းစိတ်ကူး သက်သက် ဖြစ်ပါသည်။)

:)
ရှင်အာစာရ
(ခေတ္တ - ဗော့ဗဒန်း၊ မိုးကုတ်)

Wednesday, March 15, 2017

အမျိုးသားရေးသင်္ကန်း (ပရိက္ခာရစောဠအဓိဋ္ဌာန်)


ဟောဒီ မွေးနေ့လက်ဆောင်က တစ်ရက်နောက်ကျပြီးမှ ရောက်လာပါတယ်။ တကယ်က ကိုယ့်ဟာကိုယ်ပေးတဲ့ လက်ဆောင်ပါ။ တစ်နည်း ပြောရရင် အဇ္ဈတ္တ အမျိုးဘာသာသာသနာချစ်စိတ်ကို အနုနည်းနဲ့ မြှင့်တင်လိုက်တာပါ။ 

ဒါက ဒီလို။ ဗုဒ္ဓဂယာသွားရင်း ဗာရာဏသီမှာ သတိထားမိခဲ့တယ်။ ဒီက မြန်မာဘုန်းဘုန်းတွေ ဝတ်ရုံတော်မူကြတဲ့ ခြုံထည်ဆိုတာကို ဗာရာဏသီ ကုလားမကြီးတွေ ခြုံနေကြတာ။ တံဆိပ်က အသောက (Ashok)။ မြန်မာ ဘုန်းဘုန်းခြုံထည်အစ ဗာရာဏသီ ကုလားမတွေက။ ရင်းမြစ် မဟုတ်တောင်မှ အကြောင်းခံ မကင်းလှ။ ထူးဆန်းလှတာတော့ မဟုတ်ပေမယ့် ခြုံရတာ ရှက်သလိုလို ခံစားမိလို့ အဲ့လို ခြုံထည်ကို တတ်နိုင်သလောက် ရှောင်ခဲ့တယ်။ ရိုးရိုးသင်္ကန်း ခြုံပြန်တော့ သိပ်အဆင်မပြေ။ နှစ်ထပ်သင်္ကန်း ကျပြန်တော့လည်း လေးလွန်းတယ်။

ဒါနဲ့ပဲ ကုလားမခြုံထည်နဲ့ ဆိုက်တူကိုက်တူ ကွက်နုပ် နှစ်ထပ်သင်္ကန်း ချုပ်ပေးဖို့ သင်္ကန်းဆိုင်မှာ အထူးမှာတယ်။ မရည်ရွယ်ပေမယ့် စောစောက ပြောခဲ့သလို တစ်ရက်နောက်ကျပြီး ရောက်လာပါတယ်။ အထူးချုပ်မို့ ဈေးနှုန်းတော့ နည်းနည်းပိုတယ်။ လက်ဆောင်ပစ္စည်း ဖြစ်နေလို့ ငွေကြေးတန်ဖိုးတော့ ဖွင့်မပြောသင့်ဘူး ထင်ပါတယ်။

မွေးနေ့ရှင် ကျန်းမာချမ်းသာပါစေကြောင်း။

:)
ရှင်အာစာရ

မွေးနေ့ အတွေး (ရာဟုလာ မှ ရာဟုလာသို့)



၁။ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းမြေအလှူခံခဲ့သည့်ရက်မှ စတင်ရေတွက်လျှင် ငါးနှစ်သက်တမ်း ပြည့်ခဲ့ပြီဖြစ်သော ရာဟုလာ ဓမ္မသင်တန်းကျောင်း (စိုင်ပြင်ရွာ၊ ဒီပဲယင်းမြို့နယ်)ကို ရာဟုလာ ဓမ္မဝိနယ အကယ်ဒမီ အဖြစ် မြှင့်တင်ရန်၊

၂။ ၁၃၇၉ ခုနှစ် ဝါတွင်းအမီ (၂)နှစ်သင် ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်ပြီး
- ဓမ္မ ဝိနယ (ဗုဒ္ဓဘာသာ ဘာသာရပ်ခွဲများ)
- ဘာသာစကား (ပါဠိ၊ မြန်မာစာ၊ အင်္ဂလိပ်စာ)
- အထွေထွေ (သင်္ချာ၊ ကွန်ပျူတာ စသည်) ဘာသာရပ်များ သင်ကြားပေးရန်၊


၃။ ဓမ္မာစရိယဘွဲ့ တစ်ခုခု နှင့် သာမဏေကျော်ဘွဲ့ တစ်ခုခု ရရှိပြီးသည့် သက်တော် (၃၀)နှင့်အောက် ရှင်ရဟန်းများကို သင်တန်းသားအဖြစ် လက်ခံရန်၊

၎။ ၁၃၇၉ခုနှစ်၊ ကဆုန်လ တစ်လအတွင်း သင်တန်းသား လျှောက်လွှာများ ခေါ်ယူရန် နှင့်

၅။ ၁၃၇၉ ခုနှစ်၊ နယုန်လဆန်း (၁)ရက်၌ သင်တန်းများ စတင်ရန်
ကြံနေမိသည်။

၁၂၆


(March 12, 2017)

စုပေါင်း၍ သွေးလှူကြသည်။ နိုင်ငံရေး ပါတီအတွက် မဟုတ်သကဲ့သို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအတွက်လည်း မဟုတ်ပေ။ ကုသိုလ်ရေး ဖြစ်သည်။ နီးစပ်ရာ ချိတ်ဆက်သည့် လူမှုရေးသဘော ပါဝင်သည်။

"ဘုန်းဘုန်း . . . အဲ့ဒီလူကို ရိုက်တင်လိုက်စမ်းပါ။ ဘူးသီးတောင်က ခေါ်လာတာ။"
ပသိုင်းမွှေး မုဆိတ်မွှေး ထူထပ်သည့် သွေးလှူရှင်ကို ဓာတ်ပုံရိုက်၍ လူမှုကွန်ယက်မှာ လွှတ်တင်ရန် လှုံ့ဆော်သည်။ သူတို့ချင်း ရင်းနှီးကြပုံရသည်။ ဖော်ရွေစွာ ရယ်မောကြခြင်း ထင်ရှားသည်။ ဘာသာရေး အကန့်ထက် လူမှုရေး အကန့်က ပို၍ ခန့်နေသည်။
"ဦးဝီရသူဆီ ပို့လိုက်မယ်။"
"ဟား!!"
ဟန်ဆောင်ထားသည့် ထိတ်လန့်အံ့သြခြင်းသာ ဖြစ်မည်ထင်သည်။ 

"ငယ်ငယ်ကတည်းက လှူချင်နေတာ။ ခုမှ လှူဖြစ်တော့တယ် ဘုရား . . .။"
အတိုက်အခံ ပါတီဝင် ကျေးရွာဥက္ကဋ္ဌ တစ်ယောက်၏ အောင်သံ ဖြစ်သည်။

"သွေးကတော့ နီသလား မမေးနဲ့"
အာဏာရ ပါတီမှ မြို့နယ်အဆင့် ခေါင်းဆောင်က ကြုံးဝါးသည်။

သွေးပေါင် မပြည့်၍ သွေးလှူခွင့် မရသည့် သမီးများကို မိခင်က ပြုံးစိစိနှင့် ဆူသည်။
"ညည်းတို့က ဖုန်းပဲပွတ်နေကြတာ အိပ်ရေးပျက်တာပေါ့။ အခု အားမပြည့်တော့ဘူး။ ဟုတ်တယ်။"

သွေးမလှူရ၍ မိခင်ကို ဂျီကျသည့် ကလေးငယ်မှာ အချော့ကြိုက်ပုံရသည်။

ဤသို့လျှင် တပေါင်းလပြည့် မိုးစိုစို ပွဲထူထူကြားထဲမှာပင် သွေးဘဏ်ဝန်ထမ်းတို့ ကျေနပ်လောက်သည့် သွေးပမာဏ ရရှိအောင် ရဲရင့်ရက်ရောသည့် သွေးလှူရှင်များ၏ စုပေါင်းကုသိုလ်၊ စည်းရုံးစေ့ဆော် အကျိုးဆောင်ကြသူများ၏ စုပေါင်းအား၊ ချက်ပြုပ်ကျွေးမွေး ဧည့်ဝတ်ပြုကြသူများ၏ ဖြည့်ဆည်းမှု၊ ဆေးဝန်ထမ်းများ၏ တာဝန်ထက် ကျော်လွန်သည့် ကျေပွန်မှု။ အားလုံးကို ကျေးဇူးတင်ရသည်။

Friday, January 6, 2017

အထူးတရားပြဲ (Dec 29, 2016)



(မန္တလေး ကန်တော်ကြီး) ဓမ္မဓရ ဝါဆိုကျောင်း၌ အောက်စဖို့ ဆရာတော် ဟောကြားသည်။ ဓမ္မဓရသံဃာတော်များ နှင့် မန်းနပသ သံဃာတော်များ နာယူကြသည်။ သံဃာငါးရာကျော်သည်။ သံဃာသီးသန့် တရားနာပရိသတ် ဖြစ်သောကြောင့် ထူးခြားသည်။ တရားနာပရိသတ်ထံမှ ဓမ္မပူဇာအလှူငွေ မျှော်လင့်ဖွယ် မရှိခြင်းကိုလည်း ထူးခြားချက်အဖြစ် သတ်မှတ်နိုင်သည်။
ဆရာတော်၏ ပညာရေးနှင့် သာသနာရေး အတွေ့အကြုံများ မျှဝေသည်။ ဆောင်ရွက်ဖွယ်များ ညွှန်ပြသည်။ အမေး-အဖြေ ပြုလုပ်ကြသည်။
ပညာရေး ပြောင်းလဲမှုကို ဆရာများဘက်က စတင်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား၏ အဖြေက ဆရာ့အဖြေနှင့် တူနေမှ မှန်သည်ဟု မသတ်မှတ်သင့်ကြောင်း၊ ကျောင်းသားအပေါ် ချုပ်ကိုင်မှု လျှော့သင့်ကြောင်း။ ဆုကြေးရံပုံငွေ နည်းနေ၍ အောင်ချက်လျော့အောင် အောင်မှတ်မြှင့်လိုက်ခြင်းမျိုးမှာ စာသင်သားအပေါ် မတရား အနိုင်ယူခြင်းဖြစ်၍ မလုပ်သင့်ကြောင်း၊ စာသင်သားတို့ ဘွဲ့များနောက်လိုက်ခြင်းဖြင့် အချိန်ကုန်မခံသင့်ကြောင်း။ အောက်စဖို့ ပညာရေးမှာ အတ္တာ ဟိ အတ္တနော နာထော ဖြစ်ကြောင်း၊ စာသင်သားကိုယ်တိုင် အားစိုက်ရကြောင်း။ ဆရာတစ်ယောက်က တပည့် လေးငါးယောက်လောက်သာ တာဝန်ယူ ကွပ်ကဲပေးရသဖြင့် ထိရောက်ကြောင်း။ ကောင်းမွန်သည့် ပညာရေးစနစ်အတွက် ဆရာနှင့် စာအုပ်များ ပြည့်စုံရန် လိုအပ်ကြောင်း။ စာသင်သားတို့ အနှစ်ချုပ် ယူတတ်ရန် လိုအပ်ကြောင်း၊ ဓမ္မာစရိယ ပြီးသော်လည်း သာမညဖလသုတ်၏ ဆိုလိုရင်းကို မသိလိုက်ခြင်းမျိုး မဖြစ်သင့်ကြောင်း။ မေးခွန်း နှင့် အဖြေကို ဆရာက အဆင်သင့် ပြင်ဆင်ပေးခြင်းမှာ တက္ကသိုလ်အဆင့် မဟုတ်ကြောင်း၊ ဆရာက မေးခွန်းပေး၍ တပည့်ကိုယ်တိုင် အဖြေရှာရခြင်းသည် BAအဆင့် ဖြစ်ကြောင်း၊ ဆရာက မေးခွန်းအစဖော်ပေးပြီး ကျောင်းသားက ဆက်လက်၍ မေးခွန်းထုတ် ပြဿနာရှာရခြင်း အဖြေထုတ်ရခြင်းသည် MAအဆင့်ဖြစ်ကြောင်း၊ ကျောင်းသားကိုယ်တိုင် မေးခွန်းထုတ် ပြဿနာရှာ၍ ၊ ကျောင်းသားကိုယ်တိုင်ပင် အဖြေရှာရခြင်းသည် PhDအဆင့်ဖြစ်ကြောင်း။ ပါဠိဘာသာစကား သင်ယူရာ၌ ဗာလာဝတာရကျမ်း ဆိုလျှင် လုံလောက်ကြောင်း၊ စာသင်သားအတွက် ကစ္စည်းကျမ်းသည်ပင် ကျယ်နေသေးကြောင်း၊ ရူပသိဒ္ဓိဆိုလျှင် ပါမောက္ခအဆင့် ဆရာများသာ လေ့လာကြကြောင်း။ ဘာသာပြန်တတ်ရန် အရေးကြီးကြောင်း၊ အဘိဓာန်ကို ထိထိရောက်ရောက် အသုံးချသင့်ကြောင်း။ ခရစ်ယန် သမ္မာကျမ်းစာကို ကမ္ဘာ့ဘာသာစကား လေးငါးထောင်ဖြင့် ပြန်ဆိုထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သမ္မာကျမ်းစာ ဖတ်ခွင့်မရသည့် ကမ္ဘာ့လူဦးရေမှာ လေးရာခိုင်နှုန်းသာ ရှိကြောင်း။ ဗုဒ္ဓဘာသာ အနေဖြင့် ဓမ္မပဒကိုပင် မြန်မာတိုင်းရင်းသား ဘာသာစကားများဖြင့် ဘာသာပြန်ထားခြင်း မရှိသေးကြောင်း။ အင်္ဂလိပ်စာကို တိရစ္ဆာနကထာဟု သတ်မှတ်ခြင်းသည် မည်သည့်ကျမ်းဂန်ကို ကိုးကား၍ သတ်မှတ်သည်ဟု မသိကြောင်း။ မြန်မာနိုင်ငံအတွင်း တက္ကသိုလ်တစ်ခုမှ BAပြီးလျှင် အခြားတက္ကသိုလ် တစ်ခု၌ MAဆက်တက်ခွင့် ရှိသင့်ကြောင်း၊ တက္ကသိုလ် တစ်ခု၌ ဒုတိယနှစ်ပြီးလျှင် အခြားတက္ကသိုလ် တစ်ခု၌ တတိယနှစ် ဆက်တက်ခွင့် ပေးသင့်ကြောင်း၊ ဗုဒ္ဓဘာသာတက္ကသိုလ်ချင်း သင်ရိုးများ အခြေခံအားဖြင့် တူနေသောကြောင့် ချိတ်ဆက်နေသင့်ကြောင်း။ သာသနာအတွက် ဆောင်ရွက်ရာ၌ ပြိုင်ဆိုင်ခြင်း မဟုတ်ဘဲ ပူးပေါင်းခြင်း ဖြစ်သင့်ကြောင်း စသည် . . .။
 
:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

ငယ်စဉ်အခါ . . . (Dec 15, 2016)

"နပသ ပုလဲရတုတုန်းက ဦးဇင်း တင်သွင်းတဲ့ စာတမ်းကို ဖတ်ပြီးပြီ။"
"လုပ်စမ်းပါအုံး။"
"နည်းနည်းတော့ ပြောစရာ ရှိတယ် ဘုရား။"
"ပြောပါလေ။"
"ငယ် လတ်ကြီးမှာ အင်္ဂလိပ်စာ သင်သင့်တယ်လို့ ပြောတယ် မဟုတ်လား။"
"ဟုတ်တယ်လေ။ ဗမာစကား ရှင်းနေတာပဲ။"
"သာသနာ ပျက်မှာ စိုးရိမ်မိလို့ပါ ဘုရား။"
"ဘုရား ဘုရား . . .။ ဘယ်လို ဖြစ်ရတာလဲ။"
"တပည့်တော်ပြောတာ လောသွားလို့ ဘုရား။ စာပေပရိယတ် မလိုက်စားကြတော့မှာ စိုးတာ ဘုရား။"
"မဆိုင်ပါဘူး။ လိုက်စားကြမှာပါ။ ပရိယတ် မပါလို့မှ မဖြစ်တာ။"
"တပည့်တော် မြင်တာ ပြောရရင် . . . ပရိယတ်ပဲ အားထုတ်စေချင်တာ။ အင်္ဂလိပ်စာ သင်ရင်လည်း . . . ဟိုဆရာတော်ကြီး . . . ပြောခါနီးမှ ဘွဲ့တော် မေ့နေတယ်။ ဆရာတော်ကြီးဆိုရင် ဓမ္မာစရိယပြီးမှ အင်္ဂလိပ်စာ သင်တာတဲ့။"
"သိပြီ။ ထားပါတော့။ အဲ့ဒီ ဆရာတော်ကြီးမှ မဟုတ်ပါဘူး။ ဘုန်းကြီး တော်တော်များများ အသက်ကြီးမှ အင်္ဂလိပ်စာ သင်ကြတာ။ အဲ့ဒါကြောင့်လည်း ငယ်ငယ်ကတည်းကသင်တဲ့ လူတွေလောက် မတတ်တာပေါ့။"
"တတ်ပါတယ် ဘုရာ့။"
"ကဲပါ။ မငြင်းတော့ပါဘူး။ ပရိယတ္တိ တတ်ရမယ်ဆိုတာကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာ သင်ရုံနဲ့ ပရိယတ္တိ အားနည်းတာတော့ မဖြစ်နိုင်ပါဘူး။ ဆရာတော်ကြီးလို ဓမ္မာစရိယပြီးမှ အင်္ဂလိပ်စာ သင်ရမယ်ဆိုတာကိုလည်း သဘောမတူဘူး။ ဒါနဲ့ ဒကာကြီး အာနာပါန အားထုတ်သလား။"
"ထုတ်တာပေါ့။"
"ဘယ်အရွယ်က စပြီး အားထုတ်တာလဲ။"
"စ အားထုတ်ဖူးတာကတော့ ခုနစ်တန်းတုန်းက။ ထိထိမိမိ အားထုတ်ဖြစ်တာကတော့ အိမ်ထောင်ကျပြီး အသက် နှစ်ဆယ့်သုံးနှစ်ကျမှ။ ဒီနေ့ထိပဲ။"
"ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ငယ်ငယ်က . . . လယ်ထွန်မင်္ဂလာပွဲ ကျင်းပချိန်မှာ . . . အာနာပါန အားထုတ်တယ်တဲ့။ ပြတ်ပြတ်သားသား အားထုတ်တာက သက်တော် နှစ်ဆယ်ကိုးနှစ်ကျမှ။ အခု ဒကာကြီးက ဘာဖြစ်လို့ အသက်နှစ်ဆယ့်သုံးနှစ်နဲ့ အားထုတ်တာလဲ။ ဘုရားလောင်းလို နှစ်ဆယ့်ကိုးနှစ်ကျမှ အားထုတ်ပါ့လား။"
"ဒါကတော့ မဆိုင်ဘူးလေ။ ဦးဇင်းက မဆိုင်တာတွေ လျှောက်ပြောတာပဲ။"
"နည်းနည်းတော့ ဆိုင်ပါတယ်။ သိဒ္ဓတ္ထမင်းသားက သက်တော် နှစ်ဆယ့်ကိုးနှစ်ကျမှ တရားအားထုတ်တယ်။ ဒကာကြီးက အသက်နှစ်ဆယ့်သုံးနှစ်ကတည်းက အားထုတ်တယ်။ အဲ့ဒီလိုပေါ့။ ဒကာကြီးပြောတဲ့ ဆရာတော်ကြီးက ဓမ္မာစရိယပြီးမှ အင်္ဂလိပ်စာသင်တယ်။ ခုခေတ် ဦးဇင်းတွေကျတော့ ငယ် လတ် ကြီး ကတည်းက အင်္ဂလိပ်စာသင်ပေါ့။ မရဘူးလား။"
"သဘောပဲ ဘုရား . . .။ သဘော သဘော။ တပည့်တော် ပြန်တော့မယ်။"
"ကြွကြွ ကြွ။"

:)
ရှင်အာစာရ

(ခေတ္တ မန္တလေး)

အနုမောဒနာ (နပသ ပုလဲရတု)

((Dec 4, 2016 ၊ နပသ ပုလဲရတု)
 
ရေစက်မချခင် ဝမ်းသာစကား အနုမောဒနာ။ ကျမ်းစာထဲက ယူတာမဟုတ်ဘူး။ ရင်ထဲကယူတာ။
ပုလဲရတု ကျင်းပဖို့ ဆွေးနွေးကြတော့ စာတမ်းဖတ်ပွဲ လုပ်ချင်တယ်၊ ပညာရေးဖိုရမ် လုပ်ချင်တယ်၊ မဂ္ဂဇင်းလုပ်ချင်တယ် တင်ပြကြတယ်။ လုပ်ချင် လုပ်ကြ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ကြ။ တစ်ခြား တက္ကသိုလ်တွေ ဖိတ်မနေနဲ့။ တပည့်တော်က စိုးရိမ်လို့ ပြောခဲ့တာ။ အခုမှ စလုပ်ကြတာ အတွေ့အကြုံ မရှိတော့ အဆင်မပြေရင် အထုပ်ဖြေပြသလို ဖြစ်မှာစိုးလို့။ တကယ်လုပ်တော့ အဆင်ပြေတယ်။ နှစ်ရက် စာတမ်းဖတ်ကြတော့ သဘာပတိတွေကလည်း ဒီတက္ကသိုလ်က၊ စာတမ်းဖတ်ကြတာလည်း ဒီတက္ကသိုလ်က၊ မေးခွန်းတွေမေး ဆွေးနွေးကြတာလည်း ဒီတက္ကသိုလ်က ဦးဇင်းတွေပဲ။ ဒီလောက်ဆိုရင် နိုင်ငံတကာနဲ့ ယှဉ်လို့ရပြီ။ နိုင်ငံတကာ ပွဲတွေလည်း ဒီလောက်ပဲရယ်။ သိပ်အထင်မကြီးနဲ့။
နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်နေတာပဲမို့ ပုလဲရတုမဂ္ဂဇင်း ကုန်ကျစရိတ်နဲ့ ချင့်ချိန်ဖို့ ပြောခဲ့တာ။ အဆင်ပြေတာပဲ။
ပညာရေးဖိုရမ် ဆွေးနွေးကြတော့လည်း ဦးဇင်းလေးတွေ တက်တက်ကြွကြွ ဆွေးနွေကြတာ။ တစ်နာရီကနေ အချိန်တိုးပြီး နှစ်နာရီ။ မပြီးနိုင်လို့ နှစ်နာရီခွဲနဲ့ မနည်း ဖြတ်လိုက်ရတယ်။

တပည့်တော် ဝမ်းသာတယ်။ ငါ့လူတွေ ဟန်ကျနေပြီ။ ထင်ထားတာထက် အများကြီး သာတယ်။ တပည့်တော် ခိုင်းရုံခိုင်းရတာတောင် ဒီလောက် ဝမ်းသာရင် ကိုယ်တိုင် လုပ်ရတဲ့ အရှင်ဘုရားတို့ ဝမ်းသာကြမှာပဲ။
ဒီတက္ကသိုလ်ကြီးကို ဦးဆောင်တည်ထောင်တော်မူခဲ့တဲ့ မင်ကွန်းဆရာတော်ကြီးနဲ့ ထောက်ပံ့လှူဒါန်းတဲ့ ဒကာဒကာမတွေရော၊ ဒီကျောင်းတိုက်ရဲ့ မူလအလှူရှင် စုဖုရားလတ် နဲ့ သီပေါမင်းတို့ကိုပါ အစထားပြီး အမျှဝေကြမယ်။
(မန်း နပသ မော်ကွန်းထိန်း ဆရာတော်)
"ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" (သုံးကြိမ်)

ဆုမွန်ကောင်း (Nov 21, 2016)


မန်း နပသ နှစ်သုံးဆယ်ပြည့် ပုလဲရတုပွဲတော် ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည်ဖြစ်၍ အထွေထွေ အကျိုးဆောင် ကျောင်းသားဟောင်းကြီးများ လှုပ်လှုပ်ရွရွ ဖြစ်နေချိန်၌ ကျောင်းသားသစ်တို့အတွက် သာသနာ့ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ပြီးဆုံးခဲ့သည်။ မကြာမီ အောင်စာရင်း ထွက်တော့မည်။ ယခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သူ ကျောင်းသားသစ် အရေအတွက်မှာ ယခင်နှစ်များထက် ပိုများလိမ့်မည်ဟု မျှော်လင့်ရသည်။
ဝင်ခွင့်ရေးဖြေ အောင်ပြီးသူများကို နှုတ်ဖြေ မေးမြန်းရင်း တွေ့လိုက်ရသည့်ရဟန်းငယ် တစ်ပါးကို စိတ်ဝင်စားမိသည်။ ယခုအခါ သူ့အသက်မှာ (၂၃)နှစ်သာ ရှိသေးသည်။ သူ့အသက် (၂၁)နှစ်မှာ ပထမကြီးတန်း အောင်မြင်ခဲ့သည်။ စိတ်ဝင်စားစရာ မဟုတ်သေးပေ။
သာသနာ့တက္ကသိုလ်၏ ငွေရတုရာသီလောက်ကမှ သူ ကကြီးခကွေး စသင်ခဲ့ရသည် ဆိုသောကြောင့် စိတ်ဝင်တစား ဖြစ်ခဲ့ရသည်။ သူ၏ ကနဦး ပညာရေး အခြေအနေမှာ သီးချိန်ပွင့်ချိန် နောက်ကျလွန်းခဲ့သည်။ အဓိက အကြောင်းနှင့်အတူ အကြောင်းများစွာ ရှိပါလိမ့်မည်။ သူ့အသက် ဆယ့်ခုနစ်နှစ် ရောက်မှ သူ ကကြီးခကွေး စတင် သင်ကြားခွင့် ကြုံခဲ့သည် ဆိုသော်လည်း သူ၏ ပရိယတ္တိ အရည်အချင်း တန်းဝင်မှုမှာ ခြေသွက်လက်သွက် နိုင်လွန်းလှသည်။ အံ့လည်း အံ့သြစရာပင်။
သူ၏ စာပေပညာရေး သက်တမ်း ခြောက်နှစ် ခုနစ်နှစ်မြောက်ရာသီ၌ သာသနာ့တက္ကသိုလ် ပုလဲရတု ကျင်းပတော့မည် ဖြစ်ရာ ထိုပွဲတော်၌ ပညာရေးခရီးအစ နောက်ကျခဲ့သည့် အောက်ပြည်သား ရဟန်းငယ်လေး ထိထိမိမိ ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းမိသည်။

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

လမ်းစ (Nov 8, 2016)


"ဆန်တစ်ပြီ ဆယ်ပြား ဦးနု လာမှ စား။"
"ဆီတစ်ပုလင်း တစ်မတ် ဦးနုလာမှ ခတ်။"
အမေတို့ မျှော်လင့်ခဲ့ကြဖူးသည်။
-----
"ဦးနုက သာသနာအတွက် အမြော်အမြင် ကြီးကြီးနဲ့ ပါလီမန်အထိ တင်ခဲ့တဲ့ သာသနာရေးနဲ့ဆိုင်တဲ့ အက်ဥပဒေတွေကို ဗိုလ်ချုပ်နေဝင်းက အကုန်ဖျက်ပစ်လိုက်တယ်။"
သံဃာ့တက္ကသိုလ် ပျက်ခဲ့ရခြင်း အစရှိသော သာသနာရေးဆိုင်ရာ ဆုံးရှုံးမှုများစွာနှင့် ကြုံခဲ့ရပြီး သူ၏ ပညာရေးလမ်းစ ပျောက်ခဲ့ရပုံ၊ လမ်းစရှာခဲ့ရပုံတို့ကို သီတဂူဆရာတော်ကြီးက Association of Myanmar Buddhist Universities Academies and Colleges ၏ EC အစည်းအဝေး အဖွင့်သြဝါဒ၌ ထည့်သွင်းမိန့်ကြားတော်မူခဲ့သည်။ သာသနာအတွက် လမ်းစရှာကြရန် ဆိုလိုတော်မူသည်။
-----
ပြောင်းလဲချိန်ကို မျှော်လင့်ရသည့် ပြည်သူတို့၏ အမေ့ခေတ်၌ ဦးနု ပြန်လာတော့မည် မဟုတ်ပေ။ လမ်းစတို့ မည်သို့ ရှိလာမည်နည်း။

ကထိန်ညီလာခံ (Nov 5, 2016)



ရိုးရာကထိန်ကို ထပ်လောင်းဖြည့်စွက်ထားခြင်းပင် ဖြစ်သည်။
ရှေးကတည်းက ရှိခဲ့သည့် ကထိန်အမေးအဖြေကို များစွာ ချဲ့ထွင်လိုက်ခြင်းဟု ထင်မိသည်။
နံနက်ပိုင်း အစီးအစဉ်ကို ဆွမ်းကွမ်းဝေယျာဝစ္စ အဖွဲ့က အဆုံးသတ်ပေးသည်။
နမော တဿ ရွတ်ဆို၍ ဖွင့်လှစ်နိုင်ရေး ဦးဆောင်ပေးတော်မူပါရန် အခမ်းအနားမှူးက လျှောက်ထားသော်လည်း အင်္ဂလိပ်စကားနှင့် အကျွမ်းတဝင် မရှိလှသည်မှလွဲ၍ ဂုဏ်ပေါင်းခသည့် အကြီးအမှူး ဆရာတော်ကြီး နမူနထူး ဖြစ်နေခြင်းမျိုးကဲ့သို့သော တိမ်းပါးမှုတော့ ရှိခဲ့သည်။

Tuesday, May 24, 2016

(မေ ၁၇၊ ၂၀၁၆) 

ထိုင်း ချူလာလောင်ကွန်း ပရော်ဖက်ဆာဆိုပြီး မေးခွန်းတွေနဲ့ လာတာ။ မေးပုံက . . . မြန်မာလူမှုအသိုက်အဝန်းအပေါ် ဘုန်းဘုန်းတွေရဲ့ သြဇာသက်ရောက်မှုနဲ့ ပတ်သက်လို့ မကျေနပ်စရာ ပုဂ္ဂလိက ခံစားချက်များ ရှိပါသလား . . . ဆိုတာမျိုး။ ယေဘုယျ ဖြေကြည့်ရင် . . . ဘယ်ဘုန်းဘုန်းက ဘာမကျေနပ်စရာ ရှိမှာလဲ . . . ပေါ့။ ဗုဒ္ဓဘာသာ နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းဘုန်းတွေရဲ့ သြဇာသက်ရောက်မှုအပေါ် . . . ဘယ်ဘုန်းဘုန်းတွေက ဘာများ မကျေမနပ် ဖြစ်နေအုံးမှာလဲ။ မဟုတ်ဘူးလား။
ဒါပေမယ့် သူ့သဘောသွား အတိမ်အနက်က နောက်မှ ပေါ်လာတယ်။ သြဇာသက်ရောက်တဲ့ ဘုန်းဘုန်းတွေဆိုတာ . . . ဟို . . . ဘုန်းဘုန်းတွေကို ဆိုလိုတာကိုး။ နိုင်ငံရေး စိတ်ဝင်စားတဲ့ ပညာရှင် ထင်ပါ့။
အနောက်က ခေတ်ပညာတတ်ကြီး အတည်ပေါက် လာမေးတာမျိုးအတွက် နြေ်မာ့ ရှေးရိုးပိဋကတ် စာသင်နည်း
"အဖြေရှောင်ကွင်း လျော်ရာနင်း"ပုံက အလုပ်ဖြစ်နိုင်သား။

Tuesday, February 9, 2016

အဆင်ပြေပါတယ် တဲ့

“ဒီဆိုင်ကယ်လေးနဲ့ . . . အဆင်ပြေပါတယ်။ မှန်ပါ ဘုရား . . . ။ တပည့်တော် . . . နေ့တွက်ရတာပေါ့။ တစ်နေ့ ငါးထောင်ပါ . . .။ ဘုန်းကြီးနောက် မလိုက်ဘဲ ကိုယ့်ဟာကိုယ် ဆိုင်ကယ် ကယ်ရီ ဆွဲတယ်ဆိုရင်လည်း တစ်နေ့ ငါးထောင်တော့ . . . ကိုက်ပါတယ်။ အဆင်ပြေပါတယ်။ ကယ်ရီဆွဲရင် တစ်သောင်းနှစ်သောင်း ရတဲ့နေ့တွေတောင် ရှိပါသေးတယ်။ ခုဟာကတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝလို့ အောက်မေ့ရတာပေါ့။ ဘ၀မှာ . . . ငွေတစ်ခုတည်း မဟုတ်ဘဲ . . . ရတဲ့ဘ၀ ကျေနပ်ပြီး ကုသိုလ်စိတ်နဲ့ လုပ်ပေးရတာပေါ့ ဘုရား . . .။ အဆင်ပြေပါတယ်။ ဘုန်းကြီးကို ပို့ရတယ်ဆိုရင် . . . တစ်ရွာဝင် တစ်ရွာထွက် . . . ရွာဆက်နီးရင် နီးသလို သုံးလေးရွာ၊ လေးငါးရွာ ပို့ပေးရတာပေါ့။ မှန်ပါ . . . .။ ဘုန်းကြီးအတွက် ဘယ်လောက်ရရ တပည့်တော်အတွက်ကတော့ ငါးထောင်ပါပဲ။ အဆင်ပြေပါတယ်။ ကျန်တဲ့ အပိုင်းကတော့ လူတွေက ဘုန်းကြီးကို လှူလိုက်ကြတာပဲလေ။ တပည့်တော်နဲ့ မဆိုင်ပါဘူး။ အလှူငွေ ရတာရှိသလို ဆွမ်းဆန်လည်း ရပါတယ်။ အဆင်ပြေပါတယ်။ ဘုန်းကြီးတွေ အလှူခံထွက်ရင် မြို့နယ် သံဃာ့နာယက အဖွဲ့ဆီက ခွင့်ပြုချက် ယူရသေးတယ်လို့တော့ ကြားဖူးပါတယ်။ တပည့်တော် ပို့ပေးရတဲ့ ဘုန်းကြီးဆီမှာတော့ အလှူခံဖို့ ခွင့်ပြုချက် စာရွက်စာတမ်းတွေ ဘာတွေ မတွေ့မိပါဘူး။ ဒါပေမယ့် ဘယ်သူမှ မတားမြစ်ပါဘူး။ ကုသိုလ်ရေးပဲ ဘုရား . . .။ အဆင်ပြေပါတယ်။ လူတွေကလည်း လှူကြပါတယ်။ သာဓုခေါ်ရတာပေါ့။ အလှူခံဖို့ ခွင့်ပြုချက် ယူရသလို ကျောင်းဆောက်တယ်၊ ကျောင်းထိုင်တယ် ဆိုရင်လည်း သံဃာ့နာယက ခွင့်ပြုချက် ယူရတယ်လို့ ကြားဖူးပါတယ်။ အခု ဘုန်းကြီးကတော့ သူ့ဟာသူ . . . သူ့ကျောင်းနဲ့သူ သီတင်းသုံး နေတာပဲ။ ခွင့်ပြုတာတွေ၊ တားမြစ်တာတွေ မရှိပါဘူး။ ဘုရားသားတော်တွေပဲ ဘုရား . . .။ အဆင်ပြေပါတယ်။ ခွင့်ပြုတာတွေ တားမြစ်တာတွေ . . . အဲ့ဒါတွေကတော့ . . . ဆရာတော်ကြီးတွေက လိုအပ်လို့ စည်းကမ်းထုတ်ထားတာ ဖြစ်မှာပေါ့။ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိမှာပေါ့ . . .။ ဆရာတော် သံဃာတော်တွေနဲ့ ဆိုင်တာဆိုတော့ တပည့်တော် သိပ်ပြီး နားမလည်ပါ ဘုရား . . .။ တပည့်တော် အနေနဲ့ကတော့ . . . ကိုယ်ကလည်း ဗုဒ္ဓဘာသာဆိုတော့ သာသနာပြုတယ်လို့ အောက်မေ့ရတာပေါ့။ အဆင်ပြေပါတယ် ဘုရား . . .။”

Wednesday, January 20, 2016

လူတို့ စာဖတ်ကြရခြင်း

“အလိမ္မာ စာမှာရှိဆိုတဲ့ စကားကြောင့် လိမ္မာချင်လို့ စာဖတ်ကြရတာလား။”

“လိမ္မာဖို့ သက်သက်တော့ ဘယ်ဟုတ်မှာလဲ။ လိမ္မာတာကတော့ . . . စာဖတ်ဖို့ နေနေသာသာ . . . စာတစ်လုံးမှ မတတ်တဲ့သူတောင်မှ လိမ္မာလို့ ရတာပဲ။ စာဖတ်တာကတော့ . . . မိုက်ဖို့အတွက်လည်း စာဖတ်လို့ ရတယ်လေ။”

“မိုက်ဖို့ . . . စာဖတ်ရတယ် ဟုတ်လား။”

“ဒီလိုပါ။ Fbမှာ စာဖတ်ကြတယ်။ တင်တဲ့သူက တင်တယ်။ ကျော် ဘယ်ရောက်နေပါတယ်၊ စမီး လှယား။ ဘာညာဘာညာနဲ့ ဆယ်ဖီလေးတွေနဲ့ တင်တတ်ကြတာကိုး။ Fbမှာ စာဖတ်တဲ့သူက အဲ့ဒါတွေ သိတာပေါ့။ ဘယ်သူ၊ ဘယ်မှာ၊ ဘာလုပ်နေတယ်၊ ဘယ်သူတွေနဲ့ . . . အဲ့ဒီလို သိတာပေါ့။ သိတဲ့အခါကျတော့ . . . ဆိုပါစို့ သူ ရောက်နေတဲ့နေရာ သွားပြီး ရိုက်ချင်ရင် လွယ်တာပေါ့၊ လုပ်ကြံလို့ ရတာပေါ့။ အဲ့ဒီလို မိုက်ချင်တဲ့သူလည်း စာဖတ်ပေါ့။

သဘောပြောတာပါ။ လိမ္မာဖို့သက်သက် စာဖတ်တာ မဟုတ်ဖူးလို့ ပြောချင်တာပါ။ ဗဟုသုတရဖို့ စာဖတ်တယ်။ အဲဒီ ဗဟုသုတကို အသုံးချပြီး လိမ္မာလို့ရသလို၊ မိုက်လို့လည်း ရတာပါပဲ။ နောက်ပြီး . . . အတွေ့အကြုံက ဗဟုသုတထက် ပိုပြီး တန်းဖိုးရှိမယ် ထင်တယ်။ စာရေးသူရဲ့ အတွေ့အကြုံကို စာဖတ်ပြီး မှန်းကြည့်လို့ ရတာပေါ့။ ကိုယ်တွေ့ကြုံရတာ မဟုတ်ပေမယ့် . . . စာထဲကနေ မှန်းကြည့်လို့ရတဲ့ အတွေ့အကြုံကလည်း အသုံးချလို့ ရတာပါပဲ။ အတွေ့အကြုံ ပြီးတော့ . . . အတွေးအမြင်၊ အတွေးအခေါ်၊ အယူအဆ၊ ထင်မြင်ချက် . . . ဒါတွေကိုလည်း စာထဲကနေ ရနိုင်တာပေါ့။ စာရေးသူရဲ့ . . . စိတ်ခံစားမှု၊ အနုပညာ ခံစားမှု . . . ခံစားချက် အမျိုးမျိုးလည်း စာထဲကနေ ယူလို့ ရတာပဲ။ ဘာသာစကား ကျွမ်းကျင်မှု၊ မြင်တတ်ပုံ၊ ပြောတတ် ရေးတတ်ပုံ . . . ထားပါတော့။ အများကြီး ရနိုင်တာပေါ့။ လက်ရှိအခြေအနေ၊ အတိတ်က အကြောင်းအရာ၊ အနာဂတ် အလားအလာ . . .၊ စာထဲက ရနိုင်တာတွေ အများကြီးပဲ မဟုတ်ဘူးလား။

သက်ရှိ သတ္တ၀ါတွေထဲမှာ စာရေးတာ၊ စာဖတ်တာတွေ . . . လူတွေပဲ လုပ်နိုင်ကြတာ။ အတွေ့အကြုံ၊ အတွေးခေါ် စတာတွေကို စာနဲ့ ဖြန့်ဝေနိုင်တာ၊ လက်ခံနိုင်တာ . . . လူတွေပဲ ရှိတယ်။ လူသားကမ္ဘာ တိုးတက်ရခြင်း အကြောင်းရင်းတွေထဲမှာ စာက အဓိက ပါဝင်နေတယ်။ အဲ . . . အဲဒါကြောင့် စာဖတ်ကြရတာ။”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

-----
ဓတ်ပုံ - (ဆက်ရန် . . . . .)

Wednesday, September 30, 2015

၂/၂၀၁၅ - SPSU DLitt

 စက်တင်ဘာ ၁၉၊ ၂၀၁၅၊ ရန်ကုန်

တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ အစည်းအဝေး (၂/၂၀၁၅) ပြီးဆုံးခဲ့သော်လည်း ထိုမှ ရခဲ့သော အတွေးစ မပြတ်နိုင်သေးပေ။ ယျေဘုယျ ဆိုရသော် ၎င်းသည် ထိုင်-ထောင်-ထဆန်ဆန် ပုံမှန် အစည်းအဝေးပင် ဖြစ်၏။ ဖြည်းဖြည်းနှေးနှေး ဆက်လက်ဆောင်ရွက်ရန် မှတ်တမ်းတင်ခြင်း တစ်ရပ်နှင့် အလျင်စလို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကိုကား ထူးခြားချက်များဟု ထင်မိ၏။

ဓမ္မာစရိယဘွဲ့ရ အရှင်တို့ကို သာသနတက္ကသီလမဟာဓမ္မစရိယတန်း တက်ရောက်ခွင့်ပြုရေး ကိစ္စကို မှတ်တမ်းတင်ခဲ့သည်။ ထိုအရှင်တို့ မဟာတန်း တက်ရောက်လျှင် ထိုအရှင်တို့အတွက် ဘာသာရပ် အသစ်များ ဖြစ်ကြသော ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာ၊ မြန်မာစာနှင့် အင်္ဂလိပ်စာတို့၌ အခက်တွေ့နိုင်ကြောင်း သုံးသပ်ကြသည်။ ထိုအရှင်တို့အတွက် ထိုဘာသာရပ်များ သီးခြားပို့ချပေးရလျှင် သင်ကြားရေးတာဝန် မနိုင်မနင်း ဖြစ်မည်ကို တွေးပူသည်လည်း ရှိ၏။ ကျောင်းပိတ်ရာသီ၌ အထူးသင်တန်း နှစ်လ (တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်)ပို့ချပေးလျှင် ဖြစ်နိုင်သည်ဟု မျှော်လင့်သည်လည်း ရှိ၏။ အထူးတလည် ပို့ချမပေးဘဲ အဆိုပါ သုံးဘာသာအတွက် ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေ၍ အရည်အချင်း စစ်ဆေး၍ မဟာတန်း သင်တန်းသား ရွေးခြယ်ရန် ရည်ရွယ်သည်လည်း ရှိ၏။ နောက်ဆုံး၌ ဆက်လက်ဆောင်ရွက်ရန် မှတ်တမ်းတင်ခဲ့သော ဤကိစ္စရပ် ဖြစ်ထွန်းလာခဲ့လျှင် ပညာတော်သင်ဟု ဆိုအပ်သော အကြောင်းကြောင့် အိန္ဒိယနှင့် သီရိလင်္ကာသို့ ယိုထွက်သည့် ငွေယိုပေါက် ကျဉ်းသွားလေမလား။ အဆိုပါ မဟာဓမ္မာစရိယ MA ရဟန်းတော်များနှင့် နိုင်ငံခြားပြန် ပညာတတ် ဘုန်းဘုန်းများ အရည်အသွေးချင်း နှိုင်းယှဉ်သင့် နှိုင်းယှဉ်အပ် နှိုင်းယှဉ်နိုင်မလား။ ဆက်တွေးနေမိသည်။ မည်သို့ဆိုစေ ဓမ္မာစရိယဘွဲ့ရ အရှင်တို့ကို ကြိုဆိုနိုင်လျှင် နှစ်သက်ဖွယ် ပွင့်လင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုအရှင်တို့ကို ထိုက်သင့်သော အရည်အချင်း ဖြည့်ပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိသည်။

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (D Litt) ချီးမြှင့်ရေး အလျင်စလို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ “ကမ္ဘာ့နိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၏ အဆင့်အတန်းမီသော တက္ကသိုလ် ဖြစ်စေရမည်”ဟူသော ဖွဲ့စည်းအုပ်ချုပ်ပုံ နည်းဥပဒေအရ ဒီလစ်ဘွဲ့ ချီးမြှင့်ရန် လိုအပ်ကြောင်း တင်ပြသူက တင်ပြသည်။ ကမ္ဘာ့အဆင့်မီရန် အားထုတ်ပုံတစ်ရပ် မှတ်သားခဲ့ရသည်။ အားလုံးပြီးဆုံးသောအခါ ရင်းနှီး၍ လေးစားရသော နာယက ဆရားတော်ကြီးတစ်ပါးအား အဆိုပါ ဒီလစ်ဘွဲ့ကို အပျော်သဘော ဆက်ကပ်ကြည့်ရာ ဆရာတော်ကြီးက စိတ်မ၀င်စားကြောင်း အမိန့်ရှိ၏။ သို့သော် စိတ်ဝင်တစား ရင်ခုန်မျှော်လင့်သူ ဒီလစ်လောင်းလျာ ပညာရှင်ကြီးများ၊ ပညာရှင်လေးများလည်း ရှိနိုင်သည်။ D Littများ ဖောင်းပွမလာပါစေနှင့်ဟူ၍သာ . . . . .။

Tuesday, June 30, 2015

ဓမ္မဓရ ဘာသန္တရကောလိပ်

ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် အကြိုအစည်းအဝေးကို မန္တလေး ကန်တော်ကြီး ကန်ပတ်လမ်းရှိ ဓမ္မဓရ၀ါဆိုကျောင်းတိုက်၌ ကျင်းပခဲ့ရာ ပထမ အစည်းအဝေးထက် ပို၍ စည်ကားခဲ့သည်။ သံဃနာယကဆရာတော်များ ပါဝင်ခဲ့သည်။ မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့မှ ဌာနမှူးဆရာတော်များ၊ ပါမောက္ခဆရာတော်များ ပါဝင်သည်။ ရန်ကင်းတောင် ဥယျာဉ်၊ မန္တလေး ကျောင်းထိုင်၊ မန္တလေး မစိုးရိမ်ကဲ့သို့ အကျော်အမော် စာသင်တိုက်များမှ ပဓာနနာယကဆရာတော်များ ကြွရောက်ချီးမြှင့်ကြသည်။ မန္တလေး ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာစကားတက္ကသိုလ်တို့မှ ပါမောက္ခကြီးများ၊ အခြား အငြိမ်းစား ပါမောက္ခကြီးများ၏ စိတ်လိုလက်ရ ပါဝင်မှုကြောင့် ပို၍ စည်ကားခဲ့ခြင်း ဖြစ်နိုင်သည်။

အခမ်းနားမှူး က အစီအစဉ် ကြေငြာပြီး ရှေးဦးစွာ သဘာပတိ (မန်း နပသ မော်ကွန်းထိန်း) ဆရာတော် ဘဒ္ဒန္တ ကေသရ (အဂ္ဂမဟာပဏ္ဍိတ)က ထေရ်ကြီးများကို လေးစားသမှုပြု၍ သြ၀ါဒဟု မသုံးလိုသဖြင့် အဖွင့်စကား မိန့်ကြားရာ ဒီဃဒဿီ သင်္ဂါယက ထေရ်ရှင်တို့ကဲ့သို့ ပစ္စက္ခကိုရှု၍ အနာဂတ်ကိုမျှော်ကာ သာသနာပြုကြရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့နောက် ရန်ကင်းတောင် ဥယျာဉ်ဆရာတော် ဦးဆောင်၍ ဆပ်လက် ဆွေးနွေးကြရာ လူဝတ်ကြောင်များအတွက် အစိုးရက စီစဉ်ပေးသည့် တက္ကသိုလ် အမျိုးမျိုး ရှိပါသော်လည်း သံဃာတော်တို့အတွက် ဖွင့်လှစ်ထားသော လက်ရှိ လက်တစ်ဆုပ်စာ တက္ကသိုလ်တို့မှာ တက်ရောက်လိုသည့် သံဃာတော်အရေအတွက် အတွက် မလောက်မင ဖြစ်နေကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ ဤအတိုင်း စီစဉ်ရပါကြောင်းနှင့် ရှေးဦးစွာ အင်္ဂလိပ်စာကို သင်ကြားပေးမည်ဖြစ်ပါကြောင်း ဦးဆောင်ဆရာတော်က တင်ပြသည်။

ဆက်လက်၍ ဆွေးနွေးကြရာ ကျွမ်းကျင်ဆရာ လိုအပ်ကြောင်းနှင့် ဆွေးနွေးကြသည့် ကောလိပ်၏ အမည် ဘာသန္တရ ဆိုသည်မှာ အင်္ဂလိပ်ကို ဆိုလိုသည်ဟု နားလည်ကြောင်း မန်း နပသ ပါချုပ်ဆရာတော်က သုံးသပ်ချက်ကို ရှင်းလင်းတင်ပြသည်။ တရုတ်ဘာသာစကား သင်ကြားပေးရန်နှင့် ကောလိပ်အမည်ကို တရုတ်ဘာသာ ပြန်ဆိုရန် တာဝန်ယူကြောင်း တရုတ်ဘာသာစကား ကျွမ်းကျင်သူ ဒကာများက ဆွေးနွေးတင်ပြသည်။ 

English ဘာသာစကား ကျွမ်းကျင်အောင် လေ့ကျင့်ပေးရသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ a piece of cake ဟူ၍သာ မှတ်ယူတော်မူကြစေလိုကြောင်း အဆိုပါ ပါမောက္ခ ဒကာ ဒကာမတို့၏ ဆွေးနွေးလျှောက်ထားချက်၌ ပါဝင်သည်။

သလုံးမြင်းခေါင်း စာသင်သား သံဃာတော်များကို ကျောင်းမှန်မှန်တက်စေရေး၊ အိမ်စာ(Homework) မှန်စေရေးနှင့် စပ်လျဉ်း၍ မလွယ်မကူ ရှိနိုင်ကြောင်း သဘာပတိဆရာတော်က အတွေ့အကြုံနှင့်ယှဉ်၍ ခန့်မှန်းသုံးသပ်သည်။ စာသင်သား အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ နိဂ္ဂဟနည်းထက် ပဂ္ဂဟနည်းကို အားပြု၍ အသုံးပြုသင့်ကြောင်း အကြံပြု တင်ပြသည်။

သဒ္ဒတ္ထ ၀စနတ္ထ အတက်အထွက် ကျွမ်းကျင်သည့် ဆရာတော် ၀ါထေရ် (မစိုးရိမ်တိုက်သစ် ဆရာတော်)၏ သုံးသပ်ချက် စုဒ်ကြောင့်သာလျှင် ဤကောလိပ်၏ အမည်ကို သံခိပ်ပြုနိုင်ခဲ့သည်။

အားလုံး အဆင်ပြေသော်ငြားလည်း အခမ်းအနားကို အခမ်းအနာမှူးက ဖွင့်လှစ်ခဲ့လင့်ကစား အခမ်းအနား ပိတ်ချိန်၌ (အခြေအနေ အရ) အခမ်းအနားမှူးသည်လည်း ဗုဒ္ဓသာသနံ စိရိတိဋ္ဌတု နောက်ကလိုက်၍ ဆိုရုံသာ ရှိခဲ့သည်။

(ဆက်ရန် . . . . .)

Friday, August 30, 2013

လက်ကမ်းစာစဉ် - ၁




“အိမ်အစစ်”ဟာ ထိုင်းနိုင်ငံက ဆရာတော် Ajahn Chah Subhaddo (17 June 1918 - 16 January 1992)ရဲ့ “Our Real Home”ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဆရာတော်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းက တောရဆရာတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ပထမကြီးတန်း အောင်မြင်တော်မူခဲ့တဲ့နှစ်မှာ မွေးဖွားတော်မူခဲ့တာ ဖြစ်ပါတယ်။ မြောင်းမြ ပဇ္ဇောတာရုံ ဆရာတော် ဦးဥာဏိက (August 8, 1918 – June 8, 1997)နဲ့ သက်တော် အရွယ်တော် တူပါတယ်။ ထိုင်းနိုင်ငံ မြောက်ဖျားက လက်လုပ်လက်စား ကျေးလက်လယ်သမား မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဆရာတော်ဟာ ခေတ်ပညာတွေ သိပ်မတတ်ပါဘူး။ အသက်ကိုးနှစ် အရွယ်မှာ ရှင်သာမဏေ ၀တ်ခဲ့ပြီး သာမဏေ ဘ၀နဲ့ ကျေးလက် ဘုန်းတော်ကြီးကျောင်းမှာ သုံးနှစ် ပညာသင်ယူခဲ့ပါတယ်။ ရေးတတ်ဖတ်တတ် ဖြစ်လာတာနဲ့ လူထွက်ပြီး တောင်သူလုပ်ငန်းခွင် ၀င်ခဲ့ရပါတယ်။ အသက် (၂၁)မှာ သာသနာ့ဘောင် ၀င်ရောက်ခဲ့ပြီ တောရဆရာတော်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဆရာတော်ရဲ့ သြ၀ါဒခံ ကျောင်းခွဲပေါင်း (၂၅၀)ရှိပါတယ်။ ကမ္ဘာတစ်ဝှန်းလုံးမှာလည်း ကျောင်းခွဲပေါင်း (၁၅)ကျောင်းနဲ့ လူဒကာဒကာမတွေ စီမံအုပ်ချုပ်တဲ့ တရားရိပ်သာ (၁၀)ခု ရှိပါတယ်။ ဆရာတော်ရဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာနဲ့ အဆက်အဆံ ကောင်းတဲ့အတွက် ဗုဒ္ဓဘာသာရဲ့ ဘာဝနာ အကျင့်ကို စိတ်ဝင်စားကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ ဆရာတော်ဆီကို လာရောက်ပြီး တပည့်ခံဖို့ လွယ်ကူတာကြောင့် ဆရာတော်ဟာ ခေတ်ပညာမတတ်၊ အင်္ဂလိပ်စာ အင်္ဂလိပ် စကားလည်း မတတ်ပေမယ့် ဆရာတော်ကို ကမ္ဘာက သိပါတယ်။ ဆရာတော်ရဲ့ အကျင့်သိက္ခာကို ကမ္ဘာက လေးစားကြပါတယ်။ ဆရာတော်ရဲ့ တရားတော်တွေကို သူ့တပည့်တွေက ဘာသာအမျိုးမျိုး ပြန်ဆိုပြီး ကမ္ဘာကို ဖြန့်ဝေကြပါတယ်။

“အိမ်အစစ်”ရဲ့ မူရင်းစာအုပ်က ဆရာတော် ထိုင်းဘာသာနဲ့ ဟောထားတဲ့ ဟောတရားကို အင်္ဂလိပ်ဘာသာ ပြန်ထားတာ ဖြစ်ပါတယ်။ အိပ်ယာထဲ လဲနေတဲ့ သေလူတစ်ယောက် ဘ၀ကူးကောင်းဖို့ မသေခင် တရားနဲ့ နေတတ်အောင် နည်းပေးလမ်းပြ လုပ်ထားပါတယ်။ သိမှတ်မှု သတိဟာ အားကိုးစရာ အိမ်အစစ် ဖြစ်တဲ့အတွက် နားနေစရာ အိမ်အစစ်နဲ့ တူတဲ့အကြောင်း၊ အဇ္ဈတ္တ ငြိမ်းချမ်းမှုဟာ ကိုယ်အိမ်အစစ် ဖြစ်တဲ့အကြောင်း လူမမာကို အဓိက ဦးတည်ပြီး ရှင်းပြထားပါတယ်။ အိုနာသေ သဘာဝ ဘေးဆိုးကို ဆင်ခြင်ဖို့နဲ့ လူမမာ မိဘကို ပြုစုရာမှာ မငြူစူကြဖို့လည်း လူမမာ ပြုစုတဲ့ သားသမီးတွေကို ဆုံးမထားပါတယ်။ သေလူသာ မကဘဲ သေသဘောရှိလို့ သေကြရမယ့် သူတွေတိုင်းလည်း အသေမြတ်အောင် နေတတ်ဖို့ နေနည်းနဲ့ အသေမဆိုးအောင် သေတတ်ဖို့ သေနည်းတွေ ယူထားကြရမယ့် ဟောကြားချက် ဖြစ်ပါတယ်။

:)
ရှင်အာစာရ