Monday, July 26, 2021

သူတို့တွေရော သံဃာကို ပြစ်မှားမိကြလို့တဲ့လား

 July 21, 2021


တရုတ် အလယ်ပိုင်းမှာ မဟာမိုးကြီး အငြိုးတကြီး ရွာချလိုက် သတဲ့။ တော်တော်ကြီးကို ကြီးတာ တဲ့။ မိုးရေချိန် ဘယ်လောက်ဆိုတာ ချိန်ကြည့်ဖို့ ချိန်ခွင်ကြိုးတောင် နိုင်ပါ့မလားပဲ။ မိုးကြီးပုံကို အရပ်သား နားလည်လွယ်အောင် ပြောကြတာက..... တစ်နှစ်လုံး ရွာမယ့်မိုးကို သုံးရက်နဲ့ ရွာချလိုက်တာ တဲ့။ လိုတဲ့အချိန် ရွာဖို့အတွက်မှ ကျန်ကြသေးရဲ့လား မသိ။ ငါတို့ဆီက အောက်စျေးနဲ့ ဝယ်စုထားတဲ့ မိုးတွေ များလွန်းလို့ မထိန်းနိုင်တော့တာများလား။ ကြမ်းပုံကတော့ အသေအပျောက် ရှိသတဲ့။ မြေအောက်ရထား ခရီးသည်တွေတောင် ဘူတာရုံတွေကို ပင်လယ်​ပြင်ထင်ပြီး လက်ပစ်ကူးနေကြ သတဲ့။ ကြွက်တွင်းထဲ ရေစည် ဖွင့်ထည့်လိုက်သလို နေမှာ။ ရေကာတာတွေလည်း အချိန်မရွေး ပွင့်ထွက်ကုန်နိုင် သတဲ့။ ဒါက တစ်ခု။
 
နောက်တစ်ခု. .. .. ရုရှားမှာ ဖြစ်နေတဲ့ အပူလှိုင်းကကျ တစ်မျိုး။ ကမ္ဘာ့အအေးဆုံး ဒေသတွေထဲက တစ်ခုလို့ ပြောရမယ့် မြောက်ပိုင်းမှာ ဖြစ်တာ တဲ့။ ဒီလောက် အေးတဲ့ဒေသမှာ အပူလှိုင်း ကျတာ တဲ့။ စိန့် ပီတာစဘတ်မြို့မှာ ဖာရင်ဟိုက် (၉၃)ဒီဂရီထိ ရောက်သတဲ့။ မော်စကိုမြို့မှာ ဖာရင်ဟိုက် (၉၄.၄၆)ဒီဂရီ တဲ့။ သူတို့ဒေသတွင်း ဆိုက်ဘေးရီးယားမှာကျတော့ ဖာရင်ဟိုက် (၉၅)ဒီဂရီ တဲ့။ မြန်မာသံနဲ့ ဘယ်လို ခေါ်မယ် မသိ. .. .... Verkhoyansk မှာကျတော့ ဖာရင်ဟိုက် (၁၁၈) ဒီဂရီ တဲ့။ စင်တီဂရိတ် ဆိုရင်တော့ (၄၈)ဒီဂရီ တဲ့။ ရေခဲဒေသမှာ ဒီလောက်ပူတော့ နေမကောင်း ထိုင်မသာတွေ ဖြစ်ကုန်ကြလေမလား။ 
 
သူတို့လည်း သူတို့ကပ်ဘေးနဲ့ သူတို့ပါလား။ ဘဝ ဘဝ။ လတ်တလော မြန်မာပြည်မှာ ပြောနေဟောနေကြသလို ဆိုရင်ဖြင့် . .. . သူတို့တွေ သံဃာကို ပြစ်မှားမိလို့များ သဘာဝကပ်ဘေး သင့်ကြရလေသလားလို့ ညှိဆက်ယူရမလို ပါပဲ။ ဘယ်လိုတွေတောင် ပြစ်မှားခဲ့ကြတာလား။ တိုက်ရိုက်လား၊ သွယ်ဝိုက်လား။ ဟုတ်တယ် ဆိုရင်တော့ သူတို့ ပြစ်မှားမိတဲ့ သံဃာဟာ ပေါ့သေးသေး မဟုတ်လောက်ဘူး။ သူတို့ ပြစ်မှားမိတဲ့ ရှယ်သံဃာထဲမှာ ငါများ ပါသေးလေလား ဟဲ့။
 
Ref: abc News etc

No comments:

Post a Comment