Thursday, April 14, 2011

Thingyan Experienced - ကြုံးဖူးတဲ့ သင်္ကြန်


သင်္ကြန်ဟာ မြန်မာတွေရဲ့ အကြီးဆုံး ရိုးရာပွဲတော်တစ်ခုပါ။ အုတ်အော်သောင်းနင်း အဖြစ်ဆုံး ပွဲတော်တစ်ခုပါ။ မြန်မာတွေ အပျော်ကြဆုံး ပွဲတော်လို့လည်း ပြောရမယ် ထင်ပါတယ်။ တောရောမြို့ပါမကျန်၊ ပြည်တွင်းမှာရော ပြည်ပမှာပါ မြန်မာတွေ အသိအမှတ်ပြုကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒါတောင်မှ မနှစ်ကတော့ သင်္ကြန်ရောက်မှန်း မသိလိုက်သလိုပဲ။ အဆက်အစပ် ဝေးနေလို့ပေါ့။ ဒီနှစ်တော့ နည်းနည်းသတိထားမိလိုက်တယ်။ အင်တာနက် ဘလော့ပို့စ်တွေကြောင့်ပေါ့။

အုတ်အော်သောင်းနင်း ရိုးရာသင်္ကြန်ပွဲမှာ ပျော်ပျော်ပါပါး ပါဝင်ခဲ့ဖူးတယ်ရယ်လို့ တစ်ခါမှ မရှိခဲ့။ အဆက်အစပ် ဝေးလို့ပဲ ဆိုပါစို့။ ကိုယ်နဲ့ မဆိုင်တာလည်း ပါတာပေါ့။ ကိုယ့်စရိုက်နဲ့လည်း ဆိုင်မှာပေါ့။ စာသင်စာချ နေခဲ့ဖူးတဲ့ မြို့တွေမှာ သင်္ကြန်နဲ့ လွဲခဲ့တာပဲ များပါတယ်။ သင်္ကြန်ရာသီက ကျောင်းပိတ်ချိန်မို့ စာမေးပွဲပြီးတာနဲ့ သင်္ကြန်မကျခင် ဇာတိရွာပြန်တာပဲ များခဲ့ပါတယ်။ တောရွာသင်္ကြန်တွေနဲ့ပဲ ကြုံခဲ့ရပါတယ်။ ရွာသင်္ကြန်ကတော့ ၀ါဝင်ဝါကျွတ် အခါကြီးရက်ကြီးတွေလို ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ကြတာပါ။ ရေပက်တာ နည်းပါတယ်။ လူငယ်တွေ ရေပက်တာလည်း မနက်ခင်းမှာပဲ ပက်ကြတာပါ။ လူကြီးလူငယ် လူရွယ်လူလတ် ကျားမ အရွယ်စုံ ဘုန်းကြီးကျောင်းမှာ စုမိကြတာကတော့ တစ်ခြားအချိန်တွေထက် လူပိုစုံပါတယ်။ လူစည်တော့ လူငယ်တွေက ရေပက်ချင်ကြတယ်။ ဒါပေမယ့် ကျောင်းထိုင်ဆရာတော်က ကျောင်းဝင်းထဲ ရေမပက်ရဘူးဆိုလို့ ကျောင်းအပြင်ကနေ စောင့်ပြီး ရေပက်ကြရတယ်။ ကျောင်းကိုအသွားမှာတော့ ရေမပက်ကြရဘူး။ အသွားမှာ ပက်လိုက်ရင် ကျောင်းမှာ သီလယူတဲ့အချိန် စိုနေမှာမို့ သီလယူပြီး ပြန်မှပဲ ပက်ကြရတယ်။

၂၀၀၈ တုန်းကထင်တယ်။ အဲဒီတုန်းကတော့ ဒေါက်အရှင်ဣန္ဒကရဲ့ မလေး ကပုန်းကျောင်းမှာ သင်္ကြန်ကျခဲ့ဖူးတယ်။ အဲဒီမှာ အလုပ်လာလုပ်တဲ့ မြန်မာတွေက သင်္ကြန်တွင်း ဆွမ်းပင့်ကပ်ကြတယ်။ ဆွမ်းဒကာ အရေအတွက်နဲ့စာရင် သင်္ကြန်ရက်က တိုလွန်းနေတော့ တစ်ချို့နေ့တွေဆိုရင် ဆွမ်းလေးထပ် ဘုဉ်းပေးရတယ်။ အရုဏ်ဆွမ်း နှစ်ထပ်၊ နေ့ဆွမ်း နှစ်ထပ်။ ပြည်ပရောက် အမျိုးသား အလုပ်သမားတွေကို သတိပေးတဲ့သဘောနဲ့ တူပါတယ်။ ဒေါက်တာအရှင်ဣန္ဒက ဟောလိုက်တဲ့ ဆွမ်းတရားကလည်း အိမ်တိုင်းလိုလိုမှာ ဒီတရားချည်းပဲ။ လောင်းကစားကြူးခြင်း အက္ခိဓုတ်၊ အသောက်အစားကြူးခြင်း သုရာဓုတ်၊ မိန်းမကြူးခြင်း ဣတ္ထိဓုတ် ဆိုတဲ့ ရှောင်ရန်တရား။ “ဓုတ်သုံးချောင်း” တရားတော်။ နောက်ပြီး ကျောင်းမှာ ဒုလ္လဘ ၀တ်ကြတယ်။ တစ်ရက် စတုဒိသာကျွေးတယ်။ လာစားတဲ့ ပရိတ်သတ်ကို စားသောက်ဆိုင်မှာ ဖျော်ဖြေတယ်ဆိုတဲ့ မြန်မာ မယ်ဒလင်သမားတစ်ယောက်က one man show နဲ့ ဧည့်ခံဖျော်ဖြေတယ်။ တစ်ခွက်တစ်ဖလား ရေပက်ကြသေးတယ် ပြောတာပဲ။ ဘယ်အချိန် ပက်လိုက်ကြမှန်းတော့ မသိလိုက်ဘူး။

နောက်ပြီး သင်္ကြန်တွင်း ရန်ကုန်မှာ တစ်ခါနေဖူးတယ်။ အဲဒီနှစ်က အင်္ဂလိပ်ပြက္ခဒိန် အင်္ဂလိပ်လနဲ့စာရင် သင်္ကြန်ကျတာ စောတယ်။ စာမေးပွဲက အင်္ဂလိပ်ပြက္ခဒိန်ကိုကြည့် လုပ်တာဆိုတော့ စာမေးပွဲပြီးတာနဲ့ သင်္ကြန်ရောက်လာတယ်။ ကားလက်မှတ် ၀ယ်ရတာခက်လို့ သင်္ကြန်အမီ ရွာမပြန်တော့ဘဲ သင်္ကြန်းတွင်း ရန်ကုန်မှာပဲ နေလိုက်တယ်။ သင်္ကြန်တွင်း ကျောင်းနဲ့ဝေးဝေးတော့ မသွားဖြစ်ခဲ့ပါဘူး။ ကျောင်းနားက ရေကစားမဏ္ဍပ်လေးတစ်ခုပဲ သိလိုက်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မိသားစုရဲ့ မဏ္ဍပ်တဲ့။ တော်ဝင်မိသားစု ဆိုပေမယ့် အဲဒီမဏ္ဍပ်ကတော့ မထူးခြားလှပါဘူး။ လူလေးငါးရောက်လောက်က လာတဲ့ကားတွေကို ရေပက်ကြတာပါ။

နောက်တစ်ခါ မစိုးရိမ်တိုက်သစ်မှာ နေတုန်းက မန္တလေးသင်္ကြန်နဲ့ ကြုံဖူးတယ်။ အဲဒီတုန်းက ရှစ်လေးလုံး အရေးအခင်း ပြီးခါစ။ ဆရာတော် ဦးရာဇဓမ္မ ထောင်ကျနေတဲ့ အချိန်။ အစိုးရက ဆူဆူပူပူ ဖြစ်မှာစိုးလို့ ကျောင်းသားတွေ ဘုန်းကြီးတွေ မစုမိအောင် လုပ်တာထင်တယ်။ ကျောင်းတွေ ဖွင့်သလိုလို ပိတ်သလို။ စာမေးပွဲတွေ ကျင်းပမလိုလို မကျင်းပဘူးလိုလိုနဲ့။ အဲဒီနှစ်က နောက်ဆုံးတော့ စာမေးပွဲ ကျင်းပဖြစ်ပါတယ်။ ဒါပေမယ့် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတာမို့ စာမေးပွဲက နောက်ကျသွားတယ်။ သင်္ကြန်ပြီးမှ။ ဒါကြောင့် စာမေးပွဲစောင့်နေရင်း မန္တလေးသင်္ကြန်နဲ့ ကြုံလိုက်ရတာ။ မန္တလေး သင်္ကြန်ဆိုတာ နာမည်ကြီးမို့ ကြုံတုန်း သင်္ကြန်ကြည့်ဖို့ အပြင်ထွက် လမ်းလျှောက်ခဲ့တယ်။ တအုံးအုံး ဖြစ်နေတဲ့ လမ်းမကြီးတွေဆီတော့ မသွားရဲဘူးပေါ့။ သွားဖို့လည်း သင့်မှမသင့်တော်တာ။ ဒီတော့ မန္တလေးသင်္ကြန်ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ ဟို အဝေးကြီး ကျုံးပတ်ပတ်လည်မှာမှ စည်တာတဲ့။ လမ်းမကြီးတွေနဲ့ ဝေးတဲ့နေရာမှာ လမ်းလျှောက်တော့လည်း ရေကစားနေကြတဲ့ သူတွေကို ဒုက္ခပေးမိသလိုပဲ။ “ဘုန်းကြီးကြွလာတယ်”ဆိုပြီး ရေပက်နေတဲ့သူတွေ ရပ်ပေးကြရတယ်။ အစပ်အဟပ် မတည့်။

ကြုံဖူးတဲ့ သင်္ကြန်တွေမှာ ကိုယ်ကလည်း ရေမပက်ရ။ ကိုယ့်ကိုလည်း ရေမပက်ကြ။ ကိုယ်တိုင်ရေပက်တဲ့ ငယ်ငယ်က သင်္ကြန်တစ်ခုတော့ မှတ်မိသေးတယ်။ အဲဒီတုန်းက အသက် လေးငါးနှစ်ပဲ ရှိအုံးမှာ။ ကျောင်းတောင် မနေသေးဘူး။ သင်္ကြန်တွင်း ရေပက်ဖို့ အဖေက ၀ါးတာရေပြွတ်လေးတစ်ခု လုပ်ပေးတယ်။ အဆစ်တစ်ဘက်ပိတ် ၀ါးလုံးတိုကို အဆစ်ဘက်မှာ ထိပ်ကနေ ရေထွက်ဖို့ အပေါက်ကလေးဖောက်ပြီး အပွင့်ဘက်ကနေ ထိပ်ကို အ၀တ်စ ပတ်ထားတဲ့ တုတ်ခြောင်းထိုးထည့်လိုက်တော့ ၀ါးတာရေပြွတ် ဖြစ်ရော။ ၀ါးတာရေပြွတ်ရဲ့ ရေစုတ်ပုံ ရေထိုးထုတ်ပုံက ဆေးထိုးပိုက်နဲ့ တူပါတယ်။ ခုတော့ ရွာမှာ ၀ါးတာရေပြွတ် မသုံးကြတော့ပါဘူး။ ပလပ်စတစ် ရေပြွတ်တွေ ပေါတာကိုး။ ၀ါးပင်လည်း ရှားသွားတာကိုး။ အဖေလုပ်ပေးတဲ့ ရေပြွတ်နဲ့ ရေကစားတယ်။ သူများကို ပက်မိရင် ကြိုက်ချင်မှကြိုက်မှာမို့ လွတ်တဲ့နေရာမှာပဲ ပက်ရတယ်။ စည်းရိုးကို ပက်တယ်။ မိုးပေါ်ထောင်ပက်တယ်။ ရေ ဘယ်လောက်ပြေးသလဲ သိရအောင် ခပ်ရွှေရွှေထောင်ပြီး တလင်းထဲမှာ ပက်ကြည့်တယ်။ သေချာပေါက် စိတ်မဆိုးလောက်မယ့်လူတွေကို ပက်တယ်။ တစ်ခါတော့ အစ်မကို ပက်တယ်။ အစ်မက “ကိုယ့်အစ်မကိုယ် မပက်ရဘူး”တဲ့။ နောက်နေ့ကျတော့ အိမ်းနားနီးချင်း အပျိုးကြီးတစ်ယောက်ကို ရေပက်ဖို့ အစ်မက မြှောက်ပေးတယ်။ “စိတ်ဆိုးလိမ့်မယ်”ဆိုတော့ “သင်္ကြန်တွင်းမို့ ရေပက်တာပဲ”တဲ့။ “နင့် ၀ါးတာရေပြွတ်ကဖြင့် အစုတ်ကြီး။ သူ့ကို နင် ရေပက်ရဲရင် ငါ နင့်ဖို့ ပလပ်စတစ် တာရေပြွတ် ၀ယ်ပေးမယ်”တဲ့။ သူကိုယ်တိုင် ၀ါးတာရေပြွတ်ကိုယူ၊ ရေစုတ်ပေးပြီး “မီးဖိုချေင်ထဲမှာ ထမင်းချင်နေတာ။ သွားပက်”တဲ့။ သွားတာပေါ့။ ရေပက်ဖို့အသွား လမ်းမှာ အစ်မ လှမ်းအော်တာ ကြားလိုက်ရတယ်။ “လာပြီ။ လာပြီနော်”တဲ့။ “ငါ့ ပြောတာလား။ ဘာ လာတာပါလိမ့်”ပေါ့။ နောက်မှ ပြန်စဉ်းစားမိတယ်။ အစ်မက အပျိုကြီးနဲ့ ချိတ်ဆက်ထားပြီးသား ဖြစ်မယ်။ အပျိုကြီးကို လှမ်းပြီး အချက်ပေးတာ ဖြစ်မယ်။ ဘာလာလာ ကိုယ့်အလုပ်က အပျိုးကြီးကို ရေပက်ဖို့။ ဒါမှ ပလပ်စတစ် တာရေပြွတ် ရမှာ။ သွားလိုက်တော့ မီးဖိုချောင် အ၀င်ပေါက်ကို ကျောပေးထိုင်ပြီး ထမင်းချက်နေတဲ့ အပျိုကြီးကို တွေ့လိုက်ရတယ်။ ကျောကိုချိန်ပြီး ၀ါးတာရေပြွတ်နဲ့ လှမ်းပက်လိုက်တယ်။ သူ့ကျော ရွှဲသလား မရွှဲဘူးလား မကြည့်ရဲတော့ဘူး။ ရေပက်ပြီးတာနဲ့ ထွက်ပြေးလာခဲ့တယ်။ “ဟိတ် ငါ့ရေပက်တာ ဘယ်သူလဲ”ဆိုပြီး အပျိုကြီးက ထွက်လိုက်တယ်။ အရှိန်မြှင့်ပြီး ဆက်ပြေးတယ်။ ပြေးလို့ ဘယ်လွတ်မလဲ။ နှစ်အိမ်ကြား လမ်းတစ်ဝက်မှာ အဖမ်းခံလိုက်ရတယ်။ “နင်မဟုတ်လား ငါ့ ရေပက်တာ”ဆိုပြီး အပျိုကြီးက နမ်းပါလေရော။ ပါးနှစ်ဘက်လုံးကို အပြန်အလှန်နမ်းတာ။ သူ့အိမ်က လူတွေရော၊ ကိုယ့်အိမ်က လူတွေရော၊ တစ်ခြား အိမ်နီးနားချင်းတွေရော လာပြီး ၀ိုင်းကြည့်ကြတယ်။ အော်ပြီး ညာကြတယ်။ အကုန်လုံးက ဟားတိုက်ရယ်ကြတယ်။ ရှက်လိုက်တာ မပြောပါနဲ့တော့။ ကလေးရှက်တော့ငို။ အားကိုးရမလားလို့ ငိုရင်းနဲ့ အမေ့ဆီသွားတော့မှ ပိုဆိုးသွားတယ်။ “ရေပက်လို့ အနမ်းခံရတာလား”တဲ့။ တရှုပ်ရှုပ်ငိုရင်း “ဟုတ်တယ်”ဆိုတော့ “အေး နင်တို့နှစ်ယောက် သင်္ကြန်ပြီးမှ မင်္ဂလာဆောင်ပေးရမယ်”တဲ့။ သေပါလေရော။ ဆတ်ဆတ်ကို လူးသွားတာပဲ။ ၀ါးတာရေပြွတ်ကို စည်းရိုးကြားထဲ တအား လွှင့်ပစ်လိုက်တယ်။ အိမ်ထဲဝင်ပြေးပြီး အိပ်ယာထဲမှာ ငိုနေလိုက်တော့တယ်။ အပြင်မှာတော့ ဆူလို့။ ရယ်နေလိုက်ကြတာ။

(ဆက်ရန်မရှိတော့ပါ။)

:)
ရှင်အာစာရ

Picture from (April 14 2011):
http://myphilately.com/fil_view.php?file_id=52764&gallery=1&f=75

2 comments:

  1. ပိတောက်ရယ်...
    April ရယ်...
    သင်္ကြန်ရယ်....
    ရွာရယ်.....ရယ်များစွာကြား..
    ဘာရယ်ဟုတ်ဘူး...
    အနမ်းဦး ကို
    လွမ်းဖူးပါသည်...တရံခါဆီ...။
    (ကန်တော်နော်ဘုရား...စ..ချင်စိတ်ပေါ်လာလို့)

    ReplyDelete
  2. အဖွားကြီးဖြစ်တော့မယ့် ရွာကအပျိုကြီးလည်း ကြုံလို့စပ်မိရင် စတာပဲ။
    (သူလည်းကန်တော့ပါတယ်။ စချင်စိတ်ပေါ်လာလို့ နေမှာ)

    ReplyDelete