ဗုဒ္ဓဘာသာဝင်တို့
အနေဖြင့် ကံနှင့် ကံ၏အကျိုးကို လက်ခံယုံကြည်ကြရမည် ဖြစ်သော်လည်း အရာရာတိုင်းအတွက် ကံကိုသာ
ပုံမချသင့်ပေ။ ကောင်းဆိုးကိစ္စ ကြုံရလေတိုင်း အတိတ်ကံကြောင့်သာ ဖြစ်သည်ဟု မဆိုသင့်ပေ။
မဆိုကောင်းပေ။ ကြုံရသည့် ဘ၀ဖြစ်ရပ်တိုင်းအတွက် အကြောင်းတရား များစွာပါဝင်ပေသည်။ ထိုအကြောင်းတရား
များစွာအနက် အတိတ်ကံသည်လည်း အကြောင်းတရားတစ်ခု ဖြစ်နိုင်ပေ၏။
ဖြစ်ရပ်တိုင်းအတွက်
ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ပတ်ဝန်းကျင်၊ လူမှုအသိုက်အ၀န်း အစရှိသော အကြောင်းတရား မြောက်များစွာ
ရှိနေသည့်အနက် ကံကိုသာ တစ်ခုတည်းသော အကြောင်းတရားအဖြစ် ယုံမိလျှင် အယူမှား၏။ မိစ္ဆာဒိဋ္ဌိ
ဖြစ်၏။ (ပုဗ္ဗေကတဟေတုဒိဋ္ဌိ၊ အတိတ်ကံကြောင့်သာ ဖြစ်ရသည်ဟု အယူမှားယွင်းမှု)
ဥပမာအားဖြင့်
လူမှုရေး သာသနာရေး ဆောင်ရွက်ကြရာ၌ အနှောင့်အယှက် တွေ့ရသည်၊ အတားအဆီးနှင့် ကြုံရသည်၊
အဟန့်အတား ခံရသည် ဆိုပါစို့။ ထိုသို့ အတားအဆီး အနှောင့်အယှက် အဟန့်အတားများနှင့် ကြုံရသောအခါ
. . . အရင်ဘ၀က သူတစ်ပါးကို တားဖူးသည့်အတွက်ကြောင့် ပြန်လည်၍ အတားခံရသည်၊ အရင်ဘ၀က သူတစ်ပါးကို
နှောင့်ယှက်ဖူးသောကြောင့် ပြန်လည်၍ နှောင့်ယှက်ခံရသည်၊ အရင်ဘ၀က သူတစ်ပါးကို ဟန့်တားဖူးသောကြောင့်
ပြန်လည်၍ ဟန့်တားခံရသည်ဟု ကံကိုသာ လက်ညှိုးထိုးတတ်ကြသည်။ အတားအဆီး အနှောင့်အယှက် အဟန့်အတားများနှင့်
ကြုံရခြင်းသည် ကံနှင့်မဆိုင်ဟု မငြင်းဆိုနိုင်ပေ။ သို့သော် ကံကြောင့်သာ ဖြစ်ရသည်ဟုကား
မဆိုကောင်းပေ။ အကြောင်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။ တားဆီးတတ် နှောင့်ယှက်တတ်
ဟန့်တားတတ်သော ပတ်ဝန်းကျင်၊ တားဆီးတတ် နှောင့်ယှက်တတ် ဟန့်တားတတ်သော လူ့အသိုက်အ၀န်း၊
တားဆီးခွင့် နှောင့်ယှက်ခွင့် ဟန့်တားခွင့် ရှိနေသော ခေတ်ကာလ အစရှိသော အကြောင်းတရားများကို
ထည့်သွင်းစဉ်းစားနိုင်သော အသိဥာဏ် ရှိဖို့ လိုအပ်ပေသည်။ ထိုအသိဥာဏ် မရှိလျှင် အတိတ်ကံကိုသာ
လက်ညှိုးထိုးသည့် အယူမှားမှု မိစ္ဆာဒိဋ္ဌိသို့ ကျရောက်သွားပေလိမ့်မည်။
ကျန်းမာရေး၊
စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစရှိသော နေ့စဉ်ဘ၀ ကိစ္စရပ်များနှင့် ဆက်စပ်၍၊ အထူးသဖြင့်
မလိုလားအပ်သော အဖြစ်ဆိုးများနှင့် ပတ်သက်၍ . . . အရာရာမှာ ကံကြောင့်သာ ဖြစ်ရသည်ဟု တစ်ထစ်ချ
တရားသေ မယုံမှတ်ဘဲ ဖြစ်သင့်သော အကြောင်းတရား များစွာကို ရှုမြင်၍ အမြင်မှန် သမ္မာဒိဋ္ဌိ
ရရှိနိုင်ကြပါစေကြောင်း . . .။
:)
ရှင်အာစာရ
No comments:
Post a Comment