Friday, September 24, 2010

The Way to Nibbana (Part 6) - နိဗ္ဗာန်လမ်း (အပိုင်း ၆)

မုဒိတာ
တတိယသူတော်ကောင်း တရားမှာ မုဒိတာဖြစ်၏။ မုဒိတာသည် သနားကြင်နာမှု သက်သက်မျှသာ မဟုတ်ပေ။ တိုက်ရိုက်ထိုးနှက်သည့် ဣဿာရန်ကို ချေမှုန်းနိုင်စွမ်းရှိသော ချစ်ခင်ကြင်နာမှု သို့မဟုတ် နှစ်လိုပျော်ရွှင်မှု ဖြစ်၏။

ကျွနိုပ်တို့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ဘေးသင့်စေသော တွန်းအားတစ်ခုမှာ မနာလိုခြင်း ဣဿာဖြစ်၏။ မကြာခဏ ဆိုသလိုပင် လူတစ်ချို့သည် သူတစ်ပါးတို့၏ အောင်မြင်ပြီးမြောက်မှုတို့ကို မတွေ့မြင်လို မကြားသိလိုကြပေ။ ကျရှုံးမှုကို ၀မ်းမြောက်ကြ၍ အောင်မြင်မှုကို မရှုစိမ့်နိုင်ကြပေ။ အောင်မြင်သူတို့ကို ချီးကျူးဂုဏ်ပြုရမည့်အစား ပျက်စီးအောင် အားထုတ်တတ်ကြ၏။ အပြစ်ဆို ရှုတ်ချ၏။ သွားပုပ်လေလွှင့် ပြောတတ်ကြ၏။ ကိုယ့်ကိုယ်ကိုယ် ဖျတ်ဆီးတတ်သည့် ဣဿာကို သုတ်သင်နိုင်သည့် သဘောတရား ဖြစ်သောကြောင့် မုဒိတာသည် သူတစ်ပါးထက် မိမိနှင့်ပို၍ သက်ဆိုင်၏။ တစ်နည်းအားဖြင့် မုဒိတာကို ကျင့်သုံးသူသည် တစ်ဘက်သား၏ တိုးတက်မှုနှင့် ကောင်းကျိုးချမ်းသာကို နှောင့်ယှက်ဟန့်တားရန် အားမထုတ်သောကြောင့် သူတစ်ပါးကိုလည်း ကူညီရာရောက်၏။

မုဒိတာသည် မေတ္တာနှင့် ယှဉ်တွဲနေသောကြောင့် ချစ်ခင်ရင်းနှီးသူတို့၏ အောင်မြင်မှုကို ၀မ်းမြောက်ရန်မှာ လွယ်ကူသော်လည်း ပြိုင်ဘက်တို့၏ အောင်မြင်မှုကို ၀မ်းမြောက်ရန်မှာ အတော်အတန် ခက်ခဲမှု ရှိ၏။ ဟုတ်ပေ၏။ ဤအချက်သည် လူများစုအတွက် ခက်၏။ ၎င်းတို့သည် ထိုသို့ ၀မ်းမမြောက်ကြ။ ၀မ်းမြောက်နိုင်စွမ်းလည်း မရှိကြပေ။ ယှဉ်ပြိုက်ဘက်တို့ ပျက်စီးမည့်အရေး ဖြစ်နိုင်သမျှသော အနှောင့်အယှက် အဟန့်အတားတို့ကို ဖန်တီးရန် လိုလားကြ၏။

ထိုသူတို့သည် ကောင်းမြတ်သူတို့ကို အဆိပ်တိုက်၍ သတ်သည်အထိ ကားစင်တင်သည်အထိ လုပ်ကြံသတ်ဖြတ်သည် အထိပင် ရောက်သွားတတ်၏။ ဆိုကရေးတီးကို အဆိပ်တိုက်၍ သတ်ခဲ့၏။ ခရစ်တော်ကို ကားစင်တင်၍ သတ်ခဲ့၏။ ဂန္ဓီကို သေနပ်နှင့် ပစ်သတ်ခဲ့၏။ ဤသို့သော လုပ်ရပ်ကား ကောက်ကျစ်ယုတ်မာသော မိုက်မဲတွေဝေသော လောကသဘာဝ ဖြစ်ပေသည်။

မေတ္တာနှင့် ကရုဏာတို့ကို ကျင့်သုံးရသည်မှာ မုဒိတာပွားရသည်ထက် လွယ်ကူ၏။ မုဒိတာ ပွားရန်အတွက် ကိုယ်စွမ်းအား စိတ်စွမ်းအား များစွာ လိုအပ်၏။

အနောက်နိုင်ငံတို့က အရှေ့တိုင်း၏ ချမ်းသာကြွယ်ဝမှုကို ၀မ်းမြောက်နိုင်ပါ၏လော။ အရှေ့တိုင်းကလည်း အနောက်တိုင်း၏ တိုးတက်မှုကို ၀မ်းမြောက်နိုင်ပါ၏လော။ နိုင်ငံတစ်ခုသည် အခြားနိုင်ငံ တစ်ခု၏ ကြီးပွားချမ်းသာမှုကို ၀မ်းမြောက်နိုင်ပါ၏လော။ လူမျိုးစု တစ်ခုသည် အခြားလူမျိုးစု တစ်ခု၏ တိုးပွားနေသော ကြွယ်ဝမှုကို ၀မ်းမြောက်နိုင်ပါ၏လော။ ကိုယ့်ကျင့်တရား ပြုစုပျိုးထောင်ရေးအတွက် တည်ရှိနေသော ဘာသာရေး အစုအဖွဲ့ တစ်ခုသည်ပင် အခြားဘာသာရေး အစုအဖွဲ့ တစ်ခု၏ ဘာသာရေးအရ အရှိန်သြဇာ ကြီးမှုကို ၀မ်းမြောက်နိုင်ပါ၏လော။ ဘာသာဝါဒ တစ်ခုသည် တစ်ခြားဘာသာဝါဒ တစ်ခုကို မနာလို ဖြစ်နေ၏။ ကမ္ဘာ့တစ်ဘက်ခြမ်းသည် အခြား ကမ္ဘာ့တစ်ဘက်ခြမ်းကို မနာလို ဖြစ်နေ၏။ အဖွဲ့အစည်း တစ်ခုသည် အခြားအဖွဲ့အစည်း တစ်ခုကို မနာလို ဖြစ်နေ၏။ စီးပွားရေး ကုမ္ပဏီတစ်ခုသည် အခြား စီးပွားရေး ကုမ္ပဏီတစ်ခုကို မနာလို ဖြစ်နေ၏။ မိသားစု တစ်ခုသည် အခြား မိသားစု တစ်ခုကို မနာလို ဖြစ်နေ၏။ မအောင်မြင်သော ကျောင်းသားတစ်ယောက်သည် အခြား အောင်မြင်သော ကျောင်းသားတစ်ယောက်ကို မနာလို ဖြစ်နေ၏။ တစ်ခါတစ်ရံ၌ အစ်ကို သို့မဟုတ် အစ်မသည် ညီ သို့မဟုတ် ညီမကိုပင် မနာလို ဖြစ်နေတတ်၏။

ထို့ကြောင့် ကိုယ့်ကိုယ်ကို ယဉ်ကျေးသိမ်မွေ့အောင် ပြုလုပ်လိုလျှင်၊ နက်နက်နဲနဲ ပျော်ရွှင်လိုပါလျှင် တစ်ဦးစီ တစ်ယောက်စီရော အုပ်စုအသင်းအဖွဲ့တို့ပါ နှစ်လိုဝမ်းမြောက်မှု မုဒိတာကို ကျင့်သုံးသင့်ပေသည်။

မုဒိတာ၏ အဓိက လက္ခဏာမှာ သူတစ်ပါးတို့၏ ကြွယ်ဝမှုနှင့် အောင်မြင်မှုကို ကျေနပ်အားရ လက်ခံခြင်း ဖြစ်၏။

ရယ်မောခြင်း ကဲ့သို့သော အပြုအမူမျိုးသည် မုဒိတာ၏ လက္ခဏာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် စိတ်လှုပ်ရှားမှု အပျော်ကို မုဒိတာ၏ သွယ်ဝိုက်သော ရန်သူအဖြစ် သတ်မှတ်အပ်သောကြောင့် ဖြစ်၏။

မုဒိတာသည် သုခိတသတ္တ၀ါ အားလုံးတို့ကို လိုလိုလားလား လက်ခံ၏။ မုဒိတာသည် တစ်ဦးတစ်ယောက်၏ ဂုဏ်ပြုတတ်သော သဘောသဘာဝလည်း ဖြစ်၏။ မုဒိတာသည် အောင်မြင်သူအပေါ် ထားရှိသည့် မလိုလားမှု မှန်သမျှကို သုတ်သင်နိုင်စွမ်း ရှိ၏။

ဥပေက္ခာ
စတုတ္ထဗြဟ္မ၀ိဟာရသည် အခက်ခဲဆုံးနှင့် အလိုအပ်ဆုံးတရား ဖြစ်၏။ ၎င်းကား ဥပေက္ခာ သို့မဟုတ် အညီအမျှ သဘောထားမှု ဖြစ်၏။ ဥပေက္ခာဟူသော စကားလုံး၏ တိုက်ရိုက် အဓိပ္ပာယ်မှာ မှန်မှန်ကန်ကန် သိမြင်ခြင်း၊ တည့်တည့်မတ်မတ် ရှုမြင်းခြင်း သို့မဟုတ် မခွဲမခြား ကြည့်ရှုခြင်းတို့ ဖြစ်၏။ လေဘ သို့မဟုတ် ဒေါသ ကင်းမဲ့ခြင်း၊ ထောက်ခံမှု သို့မဟုတ် ကန့်ကွက်မှု ကင်းမဲ့ခြင်းဟု ဆိုလို၏။

ဥပေက္ခာသည် မရှိမဖြစ် လိုအပ်သောတရား ဖြစ်၏။ အခြေအနေ အတက်အကျတို့ အလယ်၌ မညီမမျှ ဖြစ်နေသော လောကအတွင်း နေထိုင်ရသော လူဝတ်ကြောင်တို့အတွက် အထူးသဖြင့် လိုအပ်၏။

စော်ကားမှုနှင့် စွက်ဖက်မှုတို့သည် လူသားတို့၏ ဘုံဆိုင်ပစ္စည်းများ ဖြစ်ကြ၏။ လောကကြီးသည် ကောင်းမြတ်သူနှင့် ဂုဏ်ရှိသူများ မကြာခဏ မတရား ဝေဖန်ထိုးနှက် ခံရရာ နေရာအဖြစ် ယူဆနိုင်၏။ ဤသို့သော အခြေအနေတို့ အလယ်၌ ဟန်ချက်ညီသော စိတ်ကို စောင့်ရှောက်ရသည်မှာ ကြီးမြတ်သော အမှုကိစ္စ ဖြစ်၏။

ဆုံးရှုံခြင်းနှင့် အောင်မြင်ခြင်း၊ ကျော်ကြားခြင်းနှင့် သိမ်ငယ်ခြင်း၊ ချီးကျူးခံရခြင်းနှင့် အပြစ်တင်ခံရခြင်း၊ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းဟူသော လောကဓံတရား ရှစ်ပါးတို့သည် လူသားအားလုံးတို့ အပေါ်သို့ သက်ရောက်၏။ ဤသို့သော အကောင်းလောကဓံ သို့မဟုတ် အဆိုးလောကဓံတို့နှင့် ရင်ဆိုင်ရသောအခါ လူများစုသည် တုန်လှုပ်ကြ၏။ ချီးကျူးခံရသောအခါ ဘ၀င်ခိုက်သွား၏။ ပြစ်တင်ဝေဖန်ခံရသောအခါ အားငယ်သွား၏။ အပြစ်ဆိုဖွယ် မရှိသည့် ဥပေက္ခာကို ကျင့်သုံးခြင်းဖြင့် ဤသို့သော ဘ၀အတက်အကျတို့ကို လက်ခံနိုင်သူ၊ ခိုင်မြဲသော ကျောက်တောင်(သည် လေကြောင့် မတုန်လှုပ်သ)ကဲ့သို့ လောကဓံကြောင့် မတုန်လှုပ်သူသည် ပညာရှိမည်ကြောင်း ဘုရားရှင် ဟောတော်မူ၏။

ဘုရားရှင်၏ စံပြဘ၀သည် ကျွန်ုပ်တို့ လောကီသားများအတွက် နမူနာယူစရာ အကောင်းဆုံးဖြစ်၏။

ဘုရားရှင်ကဲ့သို့ အပြင်းအထန် ဝေဖန်ခံရသော တိုက်ခိုက်ခံရသော စော်ကားခံရသော ပုတ်ခတ်ခံရသော ဘာသာရေး ခေါင်းဆောင်မျိုး၊ ဘုရားရှင်ကဲ့သို့ အကြီးအကျယ် ချီးကျူးခံရသော ဂုဏ်ပြုခံရသော လေးစားခံရသော ဘာသာရေး ခေါင်းဆောင်မျိုး လောကမှာ မရှိပေ။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment