Saturday, June 3, 2017

“ပါရမီဒီပနီ အနှစ်ချုပ် (၂)


(. . . . .မွ အဆက္)

အမေး - ၄။ ပညာလွန်ကဲသော ပညာဓိက သဗ္ဗညု ဘုရားလောင်းတို့သည် ကမ္ဘာပေါင်း လေးသချေင်္နှင့် တစ်သိန်း၊ သဒ္ဓါလွန်ကဲသော သဒ္ဓါဓိက သဗ္ဗညု ဘုရားလောင်းတို့သည် ကမ္ဘာပေါင်း ရှစ်သချေင်္နှင့် တစ်သိန်း၊ ဝီရိယလွန်ကဲသော ဝီရိယာဓိက သဗ္ဗညု ဘုရားလောင်းတို့သည် ကမ္ဘာပေါင်း တစ်ဆယ့်ခြောက်သချေင်္နှင့် တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ ပစ္စေကဗုဒ္ဓါ လောင်းလျာတို့သည် ကမ္ဘာပေါင်း နှစ်သချေင်္နှင့် တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ အဂ္ဂသာဝက လောင်းလျာတို့သည် ကမ္ဘာပေါင်း တစ်သချေင်္နှင့် တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ မဟာသာဝက လောင်းလျာတို့သည် ကမ္ဘာပေါင်း တစ်သိန်း ပါရမီ ဖြည့်ကြရသည်။ ပကတိသာဝက လောင်းလျာတို့သည် ကမ္ဘာပေါင်း တစ်ရာဖြစ်စေ၊ တစ်ထောင်ဖြစ်စေ ပါရမီ ဖြည့်ကြရသည်။ ထိုသို့သော ပါရမီဖြည့်ရာကလတို့ကို ရေတွက်ရာ၌ အလိုရှိအပ်သောဆုုကိုု တောင်းသောအခါမှ စ၍ ရေတွက်သလော။ သို့မဟုတ် ဗျာဒိတ်ရသောအခါမှ စ၍ ရေတွက်သလော။

အဖြေ - ၄။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက နှင့် မဟာသာဝကတို့၏ ပါရမီဖြည့်ရာကာလကို ရေတွက်ရာ၌ ဗောဓိဆု ဧကန်ပြည့်မည်ဟု ဘုရားတစ်ဆူဆူက မိန့်ကြားအပ်သော နိယတဗျာဒိတ် ပထမဆုံး ရသောကမ္ဘာမှ စ၍ ရေတွက်အပ်၏။ နိယတဗျာဒိတ် မရမီ ပါရမီဖြည့်ရာ ကာလမှစ၍ မရေတွက်အပ်။ အနိယတဗျာဒိတ် ရရာကာလမှ စ၍လည်း မရေတွက်အပ်။ နောက်နောက်သော ဘုရားတို့ထံ ထပ်မံ၍ နိယတဗျာဒိတ် ခံယူရာ ကာလမှ စ၍လည်း မရေတွက်အပ်။

ပကတိသာဝကတို့ ပါရမီဖြည့်ရာကာလကို ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်ဟု သတ်မှတ်ခြင်းကား ပုံသေမဟုတ်။ ပကတိသာဝကတို့၏ ဗျာဒိတ်ရခြင်း အမြဲမရှိသောကြောင့် ၀ိဝဋ္ဋကုသိုလ် ပြုသောကာလမှ စ၍ ရေတွက်အပ်၏။

လေးသချေင်္နှင့် တစ်သိန်း၊ ရှစ်သချေင်္နှင့် တစ်သိန်း၊ တစ်ဆယ့်ခြောက်သချေင်္နှင့် တစ်သိန်းဟူသော ပါရမီဖြည့်ရာ ကာလကမ္ဘာ (၁ း ၂ း ၄)နှင့် လျော်ညီစွာ ပညာဓိက ဘုရားလောင်း၊ သဒ္ဓါဓိက ဘုရားလောင်း၊ ဝီရိယာဓိက ဘုရားလောင်းဟူ၍ သုံးမျိုး ကွဲပြားသကဲ့သို့ ပစ္စေကဗုဒ္ဓါတို့လည်း သုံးမျိုးကွဲပြား၏။ ပညာဓိက ပစ္စေကဗုဒ္ဓါတို့သည် နှစ်သချေင်္ နှင့် ကမ္ဘာတစ်သိန်း၊ သဒ္ဓါဓိက ပစ္စေကဗုဒ္ဓါတို့သည် နှစ်သချေင်္ နှင့် ကမ္ဘာနှစ်သိန်း၊ ဝီရိယာဓိက ပစ္စေကဗုဒ္ဓါတို့သည် နှစ်သချေင်္ နှင့် ကမ္ဘာကုဋေ ပါရမီဖြည့်ကြရသည်။

ထို့အတူ အဂ္ဂသာဝကတို့လည်း ပညာဓိက၊ သဒ္ဓါဓိက၊ ၀ိရိယာဓိက ဟူ၍ သုံးမျိုး ကွဲပြားသည်။ အဂ္ဂသာဝကတို့၏ ပါရမီဖြည့်ရာ ကာလကမ္ဘာကိုလည်း သုံးစုခွဲအပ်၏။ တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းမှ စ၍ နှစ်သချေင်္ မပြည့်မီအတွင်း ကာလကို (၁ း ၂ း ၄ အချိုးကို နည်းမှီ၍) သုံးစုခွဲအပ်၏။ အလားတူပင် မဟာသာဝက သုံးမျိုးအတွက်လည်း ကမ္ဘာတစ်သိန်းမှ စ၍ နှစ်သိန်းမပြည့်မီ ကြားကာလကို သုံးစုခွဲအပ်၏။

မေးခွန်းအမှတ်(၄)နှင့် စပ်လျဉ်း၍ အမေးကို ပြည့်စုံစွာ ဖြေဆိုသည့်အပြင် အောက်ပါမေးခွန်းကို စံကျောင်းဆရာတော်ဘုရားကြီး မမေးခဲ့ဘဲ အရှင်ဉာဏဓဇက ထည့်သွင်းပြီး ၀ါဒကွဲ အဖြေများကိုပါ ပေးခဲ့သည်။

မေး။ ။ သဗ္ဗညု ဘုရားလောင်းတို့ နိယတဗျာဒိတ် မခံယူမီ နိယတဗျာဒိတ် ရရန်အတွက် အချိန်ကာလ မည်မျှကြာအောင် ပါရမီဖြည့်ရသနည်း။

ဖြေ။ ။ (၁) သမန္တဘဒ္ဒိကာမည်သော အနာဂတဝင် အဋ္ဌကထာကျမ်း၊ ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိတို့ အဆိုအရ ဘုရားလောင်း အားလုံးတို့သည် ဟိရီသမ္ပတ္တိ ဘဝငါးရာ၊ သြတ္တပ္ပသမ္ပတ္တိ ဘဝတစ်ထောင်၊ အာဂမသမ္ပတ္တိ ဘဝငါးထောင်ဟူ၍ သမ္မတ္တိသုံးပါးကို ဘဝပေါင်း ခြောက်ထောင့်ငါးရာကြာအောင် ဖြည့်ကျင့်ရသည်။ ထို့နောက် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ရသည်။ ဤသို့လျှင် ကမ္ဘာတစ်သိန်း နှင့် ဘဝပေါင်း ခြောက်ထောင့်ငါးရာ ပါရမီဖြည့်ပြီးမှ နိယတဗျာဒိတ် ရကြ၏။

(၂) သောတ္တကီကျမ်း၊ ယွန််းပဏ္ဏာသကျမ်း၊ တထာဂတုပ္ပတ္တိကျမ်းစသော ထိုထိုကျမ်းစာတို့ အဆိုအရ ဂေါတမဘုရားလောင်းသည် တစ်သိန်း နှစ်သောင်း ငါးထောင်သော ဘုရားရှင်တို့ ပွင့်ရာဖြစ်သော ခုနစ်သချေင်္ ကာလပတ်လုံး စိတ်ဖြင့်သာ ဆုတောင်း၍ ပါရမီ ဖြည့်တော်မူခဲ့သည်။ သုံးသိန်း လေးသောင်း နှစ်ထောင်သော ဘုရားရှင်တို့ ပွင့်ရာဖြစ်သော ကိုးသချေင်္ ကာလပတ်လုံး နှုတ်ဖြင့်သာ ဆုတောင်း၍ ပါရမီ ဖြည့်တော်မူခဲ့သည်။ ဤသို့လျှင် နိယတဗျာဒိတ် မရမီ တစ်ဆယ့်ခြောက်သချေင်္ ကာလပတ်လုံး ပါရမီ ဖြည့်တော်မူခဲ့သည်။ ဘုရားလောင်းအားလုံး ဤနည်းတူဟု မှတ်အပ်၏။

(၃) မဟာဝဂ္ဂသံယုတ်ဋီကာ အာစရိယဝါဒ အလိုအားဖြင့် မုဒဘဝ ဆယ့်ခြောက်သချေင်္၊ မဇ္စျုံဘဝ ရှစ်သချေင်္၊ တိက္ခဘဝ လေးသချေင်္အားဖြင့် နှစ်ဆယ့်ရှစ်သချေင်္ ပါရမီ ဖြည့်ရသည်။ တိက္ခဘဝ ရောက်မှသာ နိယတဗျာဒိတ် ရသောကြောင့် နိယတဗျာဒိတ် မခံမီ ရှေးအဖို့၌ မုဒုပုဂ္ဂိုလ် အဖြစ်ဖြင့် ဆယ့်ခြောက်သချေင်္၊ မဇ္စျုံပုဂ္ဂိုလ် အဖြစ်ဖြင့် ရှစ်သချေင်္ဟူ၍ နှစ်ဆယ့်လေးသချေင်္ ကာလပတ်လုံး ပါရမီ ဖြည့်ရ၏။

(၄) ထေရအပဒါန် အဋ္ဌကထာ အလိုအားဖြင့် မုဒဘဝ ဆယ့်ရှစ်သချေင်္၊ မဇ္စျုံဘဝ ဆယ့်ခြောက်သချေင်္၊ တိက္ခဘဝ လေးသချေင်္အားဖြင့် သုံးဆယ့်ရှစ်သချေင်္ ပါရမီ ဖြည့်ရသည်။ တိက္ခဘဝ ရောက်မှသာ နိယတဗျာဒိတ် ရသောကြောင့် နိယတဗျာဒိတ် မခံမီ ရှေးအဖို့၌ မုဒုပုဂ္ဂိုလ် အဖြစ်ဖြင့် ဆယ့်ရှစ်သချေင်္၊ မဇ္စျုံပုဂ္ဂိုလ် အဖြစ်ဖြင့် ဆယ့်ခြောက်သချေင်္ဟူ၍ သုံးဆယ့်လေးသချေင်္ ကာလပတ်လုံး ပါရမီ ဖြည့်ရ၏။

(၅) ဗုဒ္ဓအပဒါန် ပါဠိတော်လာ အရှင်အာနန္ဒအား မြတ်စွာဘုရား မိန့်တော်မူသည့် စကားကိုထောက်၍ စိတ်ဖြင့် ဘုရားဆုတောင်းရာ ကာလမှာ အသချေင်္မည်မျှဟု ပိုင်းခြားသတ်မှတ်၍ မရနိုင်အောင်ပင် ကြာမြင့်သည်ဟု ဆိုနိုင်၏။ (မနသာယေဝ ဟုတွာန၊ ဓမ္မရာဇာ အသင်္ခယာ)

ဤသို့ နည်းငါးမျိုး ကွဲပြားရာ၌ ငါးခုမြောက်ဖြစ်သော ပါဠိတော်နည်းသည်သာလျှင် အားအကောင်းဆုံးဟု မှတ်အပ်၏။ စုံစမ်းကြပါကုန်။


:)
ရှင်အာစာရ

No comments:

Post a Comment