Thursday, September 1, 2016

အကြောပြင်သည်

အနာတစ်မျိုး ဆေးဆယ်မျိုးဟု ဆို၏။ ရောဂါတစ်ခု ပျောက်ကင်းရေးအတွက် ဆေးမျိုးစုံ ရှိသည်။ ထို့အတူပင် ဆေးကားတစ်မျိုး အနာဆယ်မျိုးဟုလည်း ဆိုရမည် ဖြစ်၏။ ဆေးတစ်မျိုးက ရောဂါများစွာကို ပျောက်ကင်းစေနိုင်၏။ ထို့သို့ အပြန်အလှန် တွေးယူခဲ့ရ၏။
ထို့ပြင် သမားတော် ဆရာဇီဝကအတွက် ဆေးဘက်မဝင်သည့် နွယ်မြက်သစ်ပင်ဟူ၍ မရှိကြောင်း ကြားဖူးသည့် ပုံပြင်ဖြင့်လည်း ဆွဲယူတွေးဆခဲ့ရ၏။ 

"ဘုန်းဘုန်း ဘာဖြစ်တာလဲ။"

"ညာဘက် ခြေသူကြွယ် ထုံနေလို့ပါ။ တစ်လလောက် ရှိပြီ။"

မြန်မာသမားတော်သည် အကြောဖွင့်ပေးသည် ဆို၏။ ညာဘက်ခြေသူကြွယ် အဖျားကို အထက်အောက် ဖိ၍ တအားနှိပ်၏။ စူးစူးရှရှ နာကြင်သောကြောင့် စူးစူးဝါးဝါး အော်ဟစ်ရသည်။ သို့သော် အခြားသော ခြေဖမိုး နှိပ်ချက်များ မနာကြင်လှပေ။ မျက်စိမှိတ်သွားရုံလောက်သာ နာကြင်၏။ ခြေကျင်းဝတ်ကို လိမ်၍ချိုးလိုက်ခြင်းသည် နောက်ဆုံးကုသချက် ဖြစ်၏။ ချွတ်ကနဲ အသံမြည်သွားသည်။

"ခြေသူကြွယ်ကို စမ်းကြည့်ပါအုံး ဘုရား . . .။"

"အင်း . . . သိပ် မထုံတော့သလိုပဲ။"

"ခြေကျင်းဝတ်မှာ အကြောလိမ်နေတာပါ ဘုရား။ လေဖြတ်ချင်လို့ ထုံတာမျိုး မဟုတ်ပါဘူး။"

"ဟူးးးးးး။"

"ဘုန်းဘုန်း ဒီဆေးလိမ်းရမယ်။ တစ်ပတ် . . . သနပ်ခါးနဲ့ သွေးလိမ်း။ ခြေဖမိုးကို ရေနွေးအဝတ် ကပ်ပေး။ ပြီးမှ ဆေးလိမ်း။ တစ်ရက် တစ်ခါ . . .။"

မြန်မာသမားတော်၏ နှိပ်ချက်များ မည်မျှ စွမ်းသည် ဖြစ်စေကာမူ၊ လိမ်းဆေးနှင့် ပတ်သက်၍ မည်သို့ တွေးယူသည်ပင် ဖြစ်စေကာမူ ဆေးနာမည်ကိုကြည့်၍ တုန်လှုပ်စွာ ပြုံးမိခဲ့သည်မှာ အမှန်ပင် ဖြစ်ပေသည်။

:)
ရှင်အာစာရ
(ခေတ္တ အမရပူရ)

No comments:

Post a Comment