Thursday, September 1, 2016

လူ့ဘဝရဲ့ ကံ ဉာဏ် ဝီရိယ


"ဗုဒ္ဓဘာသာတွေ ယုံကြည်တဲ့ ဘဝအဆင့်တွေကို နိမ့်ကျတဲ့ အပါယ်ဘဝ၊ မြင့်တဲ့ နတ်ဗြဟ္မာဘဝ၊ အလယ်အလတ် လူ့ဘဝဆိုပြီး သုံးဆင့်ခွဲမယ်ဆိုရင် လူ့ဘဝ လူ့အဆင့်မှာပဲ ကံ၊ ဉာဏ်၊ ဝီရိယတို့ရဲ့ အစွမ်းသတ္တိ ထင်ရှားပါတယ်။

အသက် ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့် ဆိုပေမယ့် အသက်ကိုရော ဥစ္စာကိုရော ကံ၊ ဉာဏ်၊ ဝီရိယ သုံးမျိုးလုံးက စောင့်တာပါ။ 

သုံးမျိုးလုံးရဲ့ အစွမ်းသတ္တိက လူ့ဘဝ လူ့အဆင့်မှာ ပိုထင်ရှားတယ်။ ငရဲကျပြီဆိုရင် ကံတက်ဖို့ ကုသိုလ်အခွင့်အရေး မရှိဘူး။ ငရဲအိုးထဲက လွတ်ဖို့ ဘယ်လောက် ဝီရိယစိုက်လို့မှ အရာမထင်ဘူး။ မလွတ်ဘူး။ ဉာက်ကူလို့လည်း မလွတ်နိုင်ပါဘူး။ နတ်ပြည် ဆိုရင်လည်း . . . အဝတ်အစား အပြင်အဆင် ဆိုပါစို့။ နတ်ဝတ်တန်ဆာတွေ၊ နတ်ပန်းတွေက နတ်ဘဝ အစအဆုံး မပြာင်းလဲဘူး။ ဉာဏ်ကွန့်ပြီး ဝိရိယစိုက်ပြီး အဝတ်အစား ပိုလှအောင် ပန်းတွေ ပိုလှအောင် ပြင်လို့ မရဘူး။ နတ်သက်ကုန်တော့မယ်ဆိုမှ နတ်ဝတ်တွေနွမ်း နတ်ပန်းတွေညှိုး ဖြစ်သွားတာ။ လူတွေမှာတော့ အဝတ် အမျိုးမျိုး ပန်းအမျိုးမျိုး ပန်ကြဆင်ကြ။ စိတ်ကူးဉာဏ်အလိုက်၊ အားထုတ်မှု ဝီရိယအလိုက် အမျိုးမျိုးလုပ်နိုင်တာ။ လူဆင်းရဲကနေ လူချမ်းသာဖြစ်အောင်လည်း ဉာဏ်နဲ့ ဝီရိယနဲ့ လုပ်ယူလို့ရတယ်။ ကောင်းကျိုးရဖို့ ကောင်းတဲ့ကံတွေ ထူထောင်ခွင့်လည်း ရှိတယ်။ ချမ်းသာတဲ့သူလည်း ပစ္စည်းဥစ္စာ မလျော့အောင် ပိုတိုးအောင် ကြိုးစားနိုင်တာပဲ။

လူတွေ အဆင့်ကွဲတာ ကံ ဉာဏ် ဝီရိယကြောင့်။ ရုတ်တရက် မြင်သာတဲ့ အသွင်အပြင်တွေ အဆင့်မတူကြဘူး။ ပိုင်ဆိုင်တဲ့ ပစ္စည်းအဆင့် ချမ်းသာအဆင့် မတူကြဘူး။ ပညာအဆင့် မတူကြဘူး။ ကုသိုလ်မှာ မွေ့လျော်တဲ့ မြင့်မြတ်တဲ့စိတ်၊ အကုသိုလ်ကြိုက်တဲ့ နိမ့်ကျတဲ့စိတ်။ စိတ်နေသဘောထား အဆင့်မတူကြဘူး။ ကံ ဉာဏ် ဝီရိယကို အခြေခံပြီး ကွဲသွားတာပဲ။

အသွင်အပြင် တင့်တယ်အောင် လိမ်းရခြယ်ရ ဝတ်ရဆင်ရ။ ဝီရိယ စိုက်ရတယ်။ ဉာဏ်ကူရတယ်။ ပျင်းလွန်းလို့ ရေမချိုး။ မျက်နှာတောင် မသစ်။ အဝတ်လည်း မလျော်။ ဖြစ်သလိုနေတော့ မြင်ရတာ မတင့်တယ်ဘူး။ အဆင့်နိမ့်ပြီး အထင်သေးခံရတယ်။ စီးပွားရှာတော့လည်း ဝီရိယကောင်းမှ ဉာဏ်ပါမှ။ ဆင်ခြင်စဉ်းစားနိုင်မှ။ စိတ်အဆင့်အတန်းမြင့်ဖို့ ကုသိုလ်နဲ့ နေတတ်ဖို့လည်း ဝီရိယနဲ့ တွန်းတင်ပေးရတာပဲ။ ဒီနေ့လို . . . ဥပုသ်ကျောင်း သွားရမယ်၊ ရပ်ရေးရွာရေး လုပ်ပေးစရာ ရှိသေးတယ် မပျင်းနဲ့ မပျင့်နဲ့။ ဝီရိယ တင်ပေးရတာ။ ဥပုပ်နေ့မှာ ကုသိုလ်ပြုဖို့ အဖိတ်နေ့ကတည်းက ဝီရိယ စိုက်ရတာ။ ဒါနပြုသင့်တယ်၊ သီလဆောက်တည်သင့်တယ်။ ကုသိုလ်ပြုသင့်တယ်။ လုပ်သင့်တာ လုပ်ဖို့ ဉာဏ်နဲ့စိတ်ကူးရတယ်။

ကုသိုလ်စိတ်နဲ့ အဆင့်မြင့်အောင်၊ စီးပွားဥစ္စာ အခြေအနေအရ အဆင့်မြင့်အောင်၊ ပညာရေး အဆင့်မြင့်အောင်၊ အသွင်အပြင်တင့်တယ်မှု အဆင့်မြင့်အောင် ကြိုးစားဖို့ အခွင့်သာတဲ့ လူ့ဘဝ လူအဆင့် ရနေတဲ့ အခွင့်ကောင်းကို အသုံးချပါ။ ကံ ဉာဏ် ဝီရိယ အစွမ်းသတ္တိတွေ ဖော်ထုတ်ပေးပါ။"

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment