Thursday, September 1, 2016

မဇ္ဈိမပဋိပဒါ


"ဗုဒ္ဓဘာသာတွေ ကျင့်ရမှာက မဇ္ဈိမပဋိပဒါ။ အလယ်အလတ်အကျင့်။ အစွန်းမရောက်ရဘူး။ မျှမျှတတ တွေးတတ်မြင်တတ်မှ အစွန်းမရောက်တာ။ ခံယူချက်၊ သဘောထား၊ နားလည်မှု မျှမျှတတ ဖြစ်ဖို့အတွက် အမြင်မျှတဖို့ လိုတယ်။ ကြည့်လိုက်ပြီဆိုလို့ . . . တစ်ဘက်သတ် ကြည့်တယ်ဆိုရင် အစွန်းရောက်သွားတတ်တယ်။ ဥပမာ . . . ပညာရေးသမားက ပညာရေးပဲ ကျန်တာတွေ ဂရုမစိုက်ဘူးဆိုရင်၊ စီးပွားရေးသမားက ပိုက်ဆံရဖို့ပဲ ကျန်တာတွေ မလိုဘူးဆိုရင် အစွန်းရောက်တော့တာပဲ။ ပညာတတ်ဖို့၊ ဥစ္စာရဖို့ လိုအပ်တယ်။ သီလ ကိုယ့်ကျင့်တရားလည်း ရှိမှဖြစ်မယ်။ မေတ္တာ စေတနာ စာနာမှု ခွင့်လွှတ်ခြင်း ကူညီခြင်း။ တစ်ခုတည်းနဲ့ ပြည့်စုံတယ်လို့ မရှိဘူး။
တစ်ဘက်တည်း ရှုထောင့်တစ်ခုတည်းဆိုရင် အစွန်းရောက်သွားနိုင်တယ်။ ဘာသာရေး သာသနာရေး ကုသိုလ်ရေး ဆောင်ရွက်တာတောင် အစွန်းရောက်နိုင်တယ်။ ဆိုပါစို့ ခုနက ဥပုသ်သည်တွေ စုနေတုန်း သီလမယူသေးခင် ဆရာတော်ကြီးတစ်ပါးရဲ အသံတရား ဖွင့်နေတယ်။ ဘာတရားလဲ။

(မိဘကျေးဇူး . . . . . . . ပါ ဘုရား။)

မိဘကျေးဇူးဆပ်ဖို့ ဆရာတောကြီး ဟောတာ။ မိဘကျေးဇူး မဆပ်တဲ့ သားသမီဟာ ပူလောင်ရတယ်တဲ့။ ရေနွေးအပူ လောင်တယ်ဆိုရင် အရေဖျားပဲလောင်တာ။ မိဘကျေးဇူးမဆပ်တဲ့ သာသမီးကျတော့ ရင်ထဲထိ ပူလောင်ရတယ်တဲ့။ ဆရာတော်ကြီး ဟောသွားတာ ကောင်းတယ်။ ဒါပေမယ့် တစ်ဘက်ပဲ ကြည့်လို့ မပြည့်စုံဘူး။ မိဘလည်း တာဝန်ကျေဖို့ လိုတာပဲ။ မိဘကျေးဇူးမဆပ်တဲ့ သားသမီးကိုပဲ မြင်တယ်ဆိုရင် အစွန်းရောက်သွားနိုင်တယ်။ သားဆိုး သမီးဆိုးက မိဘကို ပစ်ထားတယ်။ အဲ့ဒီလို သားသမီတွေ ငယ်စဉ်က မိဘက ဘယ်လို ပြုစုပျိုးထောင်ခဲ့သလဲ။ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ သားသမီး ငယ်စဉ်က ပညာသင်ပေးတယ် ကျောင်းထားတယ်၊ အပြောအဆို အနေအထိုင် အဆင်ပြေအောင် ဆုံးမတယ်။ မိဘက အဲဒီလို ပြုစုပျိုးထောင်ခဲ့ပြီး သားသမီး ကြီးလာတော့ မိဘကို ပစ်ထားတာလား။ ငယ်ငယ်က ပြုစုပျိုးထောင်တာ မခံခဲ့ရတဲ့ ကလေးဟာ မိဘကျေးဇူး သိတတ်တဲ့ သားသမီး ဖြစ်လာဖို့ မလွယ်ဘူး။

မိဘဘက်ကိုလည်း ကြည့်ဖို့လိုပါတယ်။ မိဘကို လုပ်မကျွေးချင်လို့ ဘိုးဘွားရိပ်သာ ပို့လိုက်တယ်။ အားကိုးစရာ သားသမီးမရှိ ဆွေမျိုးသားခြင်း မရှိတဲ့ ဘိုးဘွားတွေအတွက် ဘိုးဘွားရိပ်သာတွေ ပေါ်လာတယ်။ ဒီနေ့ခေတ်ကျတော မိဘမဲ့ကလေးတွေ များလာလို့ မိဘမဲ့ ဂေဟာတွေ များလာတယ်။ မိဘမဲ့ကလေး အရေအတွက်က လုပ်ကျွေးမဲ့သူ မရှိတဲ့ ဘိုးဘွားအရေအတွက်ထက်တောင် များအုံးမယ်။ မိဘက စွန့်ပစ်လိုက်တဲ့ ကလေးတွေ။ မိဘရဲ့ ပြုစုစောင့်ရှောက်မှု မရရှိတဲ့ ကလေးတွေ။
ဆရာတော်ကြီးဟောတာက မိဘကို ကျေးဇူးမဆပ်တဲ့ သားသမီးဟာ ပူလောင်ရတယ်တဲ့။ တစ်ဘက်က စဉ်းစားတော့ သားသမီးကို ပြုစုပျိုးထောင် မပေးတဲ့ မိဘက . . . ပိုဆိုးတာ။ မွေးထားတဲ့ မိဘက သားသမီးကို ကျောင်းမထားဘူး၊ လူတန်းစေ့ ဝတ်နိုင်စားနိုင်အောင် တာဝန်မကျေဘူး၊ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်အောင် မဆုံးမဘူး။ သားသမီး ကြီးလာတော့ ဆိုးသွမ်းပြီ။ မိဘတွေ ပူရတယ်။ မိသားစုအတွင်းမှာ အပူကောင်။ ရပ်ကွက်ထဲမှာ လူဆိုးလူပေ။ ရွာအတွက်၊ မြို့အတွက် အမျိုးမျိုး အပူပေးတော့တာ။ မိဘတွေ တာဝန်မကျေတော့ သားသမီး မလိမ္မာ။ နိုင်ငံနဲ့ချီပြီး အပူပေးနိုင်တယ်။

သားသမီးတွေ မိဘကို လုပ်ကျွေးဖို့ လိုတယ်။ မိဘကလည်း မိဘတာဝန် ကျေခဲ့ဖို့ လိုပါတယ်။ မိဘဘက် သားသမီးဘက် နှစ်ဘက်လုံး မျှမျှတတ ကြည့်ပါ။
အလားတူပဲ နယ်ပယ်တိုင်းမှာ တစ်ဘက်သတ် မကြည့်ပါနဲ့။ ဆရာနဲ့တပည့်။ ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသား။ ဆရာဆရာမတွေက မကောင်းဘူး၊ ကျောင်းသူ ကျောင်းသားတွေက ဆိုးတာ။ ဘုန်းကြီးတွေက မကောင်းဘူး၊ ဒကာဒကာမတွေက ဆိုးတာ။ တစ်ဘက်တည်း အပြစ်မပြောပါနဲ့။ မဇ္ဈိမပဋိပဒါ အလယ်အလတ်။
အပြစ်မကင်းတဲ့ လောကမှာ တစ်ဘက်သတ် အပြစ်မမြင်ဘဲ မျှမျှတတ ဘက်စုံက ရှုမြင်သုံးသပ်ပြီး အပြစ်တွေ လျော့ပါးအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။"

ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment