Sunday, August 21, 2016

ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ၌ ဘာသာရပ်ဆိုင်ရာ ဌာနခုနစ်ခု ရှိသည့်အနက် သုတ်၊ ၀ိနည်းနှင့် အဘိဓမ္မာတို့ကို အရေးကြီးသည့် ပင်မဘာသာရပ်များအဖြစ် သတ်မှတ်ကာ ထိုဘာသာရပ် သုံးခုအတွက် ပင်မဌာနကြီးသုံးခု ထားရှိပြီး ပါဠိဘာသာ၊ မြန်မာစာ၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာ နှင့် အင်္ဂလိပ်စာတို့ကို အထောက်အကူ ဘာသာရပ်များအဖြစ် သတ်မှတ်ကာ ထိုဘာသာရပ် လေးမျိုးအတွက် အထောက်အကူ ဌာနလေးခု ထားရှိပေသည်။ သာသနာ့တက္ကသိုလ်ကြီးများ၌ အင်္ဂလိပ်စာမှာ အထောက်အကူ ဘာသာရပ်ဖြစ်ပြီး ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာနသည်လည်း အထောက်အကူဌာန ဖြစ်ပေသည်။

စာသင်သားတို့ အနေဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ၌ ပင်မဘာသာရပ်သုံးမျိုးကို အဓိကထား သင်ယူကြပြီးနောက် အမိတက္ကသိုလ်မှ ထွက်ခွာ၍ သာသနာပြုကြသည့်အခါ ၎င်းတို့၏ သာပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အကူ ဘာသာအဖြစ် သူယူခဲ့သော အင်္ဂလိပ်စာသည် အမှန်တကယ်ပင် အထောက်အကူ ပြုပေးနိုင်ပေသည်။ 

အမှန်အားဖြင့် ရဟန်းတော်တို့၏ သာသနာပြုခြင်း ဟူသည်မှာ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ သဘောတရားများကို ဒကာဒကာမတို့ထံ ဖြန့်ဖြူးခြင်းပင် ဖြစ်ပေသည်။ ထိုသို့ ဖြန့်ဖြူးရာ၌ အင်္ဂလိပ်စာက အထောက်အကူ ပြုပေးနိုင်ရန် ရည်ရွယ်ချက် ရှိပေသည်။ ဥပမာအားဖြင့် သုတ်သဘော၊ ၀ိနည်းသဘော၊ အဘိဓမ္မာသဘောတို့ကို အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဖြင့် ရေးသားခြင်း၊ ဟောပြောခြင်းနှင့် သင်ကြားပို့ချခြင်းတို့ ဖြစ်ပေသည်။ ဤသဘောတရားကို နိုင်ငံခြားသာသနာပြု လုပ်ငန်းများ၌ ထင်ရှားစွာ တွေ့နိုင်၏။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက သာသနာပြု ရဟန်းတော်များကို ထောက်ပံ့ပေးနိုင်ပုံပင် ဖြစ်ပါသည်။

သာသနာ့တက္ကသိုလ်၌ အင်္ဂလိပ်စာကို အထောက်အကူပြုဘာသာ၊ အရံဘာသာအဖြစ် သတ်မှတ်ထားသော်လည်း သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း ရဟန်းတော်တို့၏ ပြည်တွင်းသာသနာပြု လုပ်ငန်းများနှင့် ချိန်ဆသတ်မှတ်ပါက အင်္ဂလိပ်စာသည် အရေးပါသည့် ပင်မဘာသာရပ် တစ်ခုပင် ဖြစ်နေပေသည်။ သုတ်သဘော၊ ၀ိနည်းသဘော၊ အဘိဓမ္မာသဘောတို့ကို ဒကာဒကာမတို့ထံ ဖြန့်ဖြူးရာ၌ ကြားခံဘာသာစကား တစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သော အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားသည် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ၌ မူလရည်ရွယ်ချက်ထက် ပိုလွန်၍ စွမ်းဆောင်ပေးနေပေသည်။ သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း သာသနာပြု ရဟန်းတော်တို့သည် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချ ပေးနေကြရ၏။ ကျောင်းသူကျောင်းသာများ၏ ကျောင်းသင်္ခန်းစာ ဘာသာရပ်တစ်ခု အနေဖြင့်လည်းကောင်း၊ သီးခြား ဘာသာစကားတစ်ခု အနေဖြင့်လည်းကောင်း သင်ကြားပို့ချ ပေးနေကြရ၏။

သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း သာသနာပြု ရဟန်းတော်တို့ ရောက်လေရာ အရပ်၌ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ထိုတောင်းဆိုချက်ကို သာသနာပြု ရဟန်းတော်တိုင်းက ဖြည့်ဆည်းမပေးနိုင်ကြသေးပေ။ အရံဘာသာ အင်္ဂလိပ်စာကို အရံအဖြစ် သာမန်သဘောမထားဘဲ ၀ါသနာအလျောက် စိတ်ဝင်တစား အားစိုက်လေ့လာ ခဲ့ကြသည့် သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း သာသနာပြု ရဟန်းတော်တို့သာလျှင် ဖြည့်ဆည်းပေးနိုင်ကြ၏။

မိခင်သာသနာ့ တက္ကသိုလ် အနေဖြင့် ပရိယတ္တိတက္ကသိုလ် ဖြစ်သည့်အားလျော်စွာ ပရိယတ္တိအခြေခံ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ ဘာသာရပ်များကို အထူးပြုရမည်သာ ဖြစ်ပေသည်။ သို့ဖြစ်၍ အင်္ဂလိပ်စာ အပါအ၀င် အရံဘာသာလေးခုကို သာမန်သာ စိတ်ဝင်စားနိုင်၏။ အရံဘာသာရပ်များအတွက် ခွဲတမ်းကျ စာသင်ချိန် လျှော့ချခြင်း၊ မေးခွန်းအရေအတွက် လျှော့ချခြင်းများ ပြုလုပ်ရ၏။ သို့ဖြစ်၍ အရံဘာသာရပ်များအတွက် သင်ကြားမှု၊ သင်ယူမှု၊ စိတ်ဝင်စားမှု လျော့ပါးရပေသည်။ 

အခြားတစ်ဘက်၌ အရံဘာသာဖြစ်သည့် အင်္ဂလိပ်စာကို စိတ်ဝင်စားသည့် စာသင်သား ရဟန်းတော်တို့ အနေဖြင့် အချိန်ပိုယူ၍ လေ့လာရုံသာ ရှိတော့သည်။ ကိုယ်တိုင်လေ့လာမှု ပြုကြရုံသာ ရှိတော့သည်။ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန အနေဖြင့်လည်း ဘာသာရပ်ဆိုင်ရာ ဌာနအလိုက် စာသင်ချိန် ခွဲတမ်းထက် ကျော်လွန်၍ သင်ကြားမှု၊ သင်ယူမှုများ စီမံရန် မဖြစ်နိုင်ပေ။ အင်္ဂလိပ်စာ စိတ်ဝင်စားသည့် စာသင်သား ရဟန်းတော်တို့၏ အချိန်ပိုလေ့မှု၊ ကိုယ်တိုင်လေ့လာမှုများကို ပံ့ပိုးပေးရုံသာ ရှိတော့သည်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချ ပေးနိုင်သည့် သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း သာသနာပြု ရဟန်းတော်များ များပြားလာရေး၊ ထိုရဟန်းတော်တို့၏ သာသာနာပြုလုပ်ငန်းများကို အင်္ဂလိပ်စာက ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ရေးအတွက် ပံ့ပိုးပေးရုံသာ ရှိပါသည်။

ထို့ပြင် ယခုလက်ရှိ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းနေချိန်၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစရှိသော များပြားလှသည့် အခန်းကဏ္ဍတို့၌ အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို ဆက်သွယ်ရေး ဘာသာစကားအဖြစ် အသုံးပြု၍ နိုင်ငံတကာနှင့် ဆက်ဆံပတ်သက်ရမည့် အလားအလာ ပိုနေချိန်၌ သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း သာသနာပြု ရဟန်းတော်တို့ ရောက်လေရာ အရပ်၌ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာရန် ရှိနေပါသည်။ သို့ဖြစ်၍ အရံဘာသာဖြစ်သည့် အင်္ဂလိပ်စာကို စိတ်ဝင်စားသည့် စာသင်သား ရဟန်းတော်များ များပြားလာရေး နှင့် ထိုရဟန်းတော်တို့ကို အားပေးရေးတို့ကို တက္ကသိုလ်အနေဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာဌာန အနေဖြင့်လည်းကောင်း စီမံဆောင်ရွက်ရမည့် အချိန်အခါ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ဒေါက်တာ ဘဒ္ဒန္တ အာစာရ
(မန်း န.ပ.သ အင်္ဂလိပ်စာဌာနမှူး)

No comments:

Post a Comment