Tuesday, June 30, 2015

ဓမ္မဓရ ဘာသန္တရကောလိပ်

ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် အကြိုအစည်းအဝေးကို မန္တလေး ကန်တော်ကြီး ကန်ပတ်လမ်းရှိ ဓမ္မဓရ၀ါဆိုကျောင်းတိုက်၌ ကျင်းပခဲ့ရာ ပထမ အစည်းအဝေးထက် ပို၍ စည်ကားခဲ့သည်။ သံဃနာယကဆရာတော်များ ပါဝင်ခဲ့သည်။ မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့မှ ဌာနမှူးဆရာတော်များ၊ ပါမောက္ခဆရာတော်များ ပါဝင်သည်။ ရန်ကင်းတောင် ဥယျာဉ်၊ မန္တလေး ကျောင်းထိုင်၊ မန္တလေး မစိုးရိမ်ကဲ့သို့ အကျော်အမော် စာသင်တိုက်များမှ ပဓာနနာယကဆရာတော်များ ကြွရောက်ချီးမြှင့်ကြသည်။ မန္တလေး ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာစကားတက္ကသိုလ်တို့မှ ပါမောက္ခကြီးများ၊ အခြား အငြိမ်းစား ပါမောက္ခကြီးများ၏ စိတ်လိုလက်ရ ပါဝင်မှုကြောင့် ပို၍ စည်ကားခဲ့ခြင်း ဖြစ်နိုင်သည်။

အခမ်းနားမှူး က အစီအစဉ် ကြေငြာပြီး ရှေးဦးစွာ သဘာပတိ (မန်း နပသ မော်ကွန်းထိန်း) ဆရာတော် ဘဒ္ဒန္တ ကေသရ (အဂ္ဂမဟာပဏ္ဍိတ)က ထေရ်ကြီးများကို လေးစားသမှုပြု၍ သြ၀ါဒဟု မသုံးလိုသဖြင့် အဖွင့်စကား မိန့်ကြားရာ ဒီဃဒဿီ သင်္ဂါယက ထေရ်ရှင်တို့ကဲ့သို့ ပစ္စက္ခကိုရှု၍ အနာဂတ်ကိုမျှော်ကာ သာသနာပြုကြရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့နောက် ရန်ကင်းတောင် ဥယျာဉ်ဆရာတော် ဦးဆောင်၍ ဆပ်လက် ဆွေးနွေးကြရာ လူဝတ်ကြောင်များအတွက် အစိုးရက စီစဉ်ပေးသည့် တက္ကသိုလ် အမျိုးမျိုး ရှိပါသော်လည်း သံဃာတော်တို့အတွက် ဖွင့်လှစ်ထားသော လက်ရှိ လက်တစ်ဆုပ်စာ တက္ကသိုလ်တို့မှာ တက်ရောက်လိုသည့် သံဃာတော်အရေအတွက် အတွက် မလောက်မင ဖြစ်နေကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ ဤအတိုင်း စီစဉ်ရပါကြောင်းနှင့် ရှေးဦးစွာ အင်္ဂလိပ်စာကို သင်ကြားပေးမည်ဖြစ်ပါကြောင်း ဦးဆောင်ဆရာတော်က တင်ပြသည်။

ဆက်လက်၍ ဆွေးနွေးကြရာ ကျွမ်းကျင်ဆရာ လိုအပ်ကြောင်းနှင့် ဆွေးနွေးကြသည့် ကောလိပ်၏ အမည် ဘာသန္တရ ဆိုသည်မှာ အင်္ဂလိပ်ကို ဆိုလိုသည်ဟု နားလည်ကြောင်း မန်း နပသ ပါချုပ်ဆရာတော်က သုံးသပ်ချက်ကို ရှင်းလင်းတင်ပြသည်။ တရုတ်ဘာသာစကား သင်ကြားပေးရန်နှင့် ကောလိပ်အမည်ကို တရုတ်ဘာသာ ပြန်ဆိုရန် တာဝန်ယူကြောင်း တရုတ်ဘာသာစကား ကျွမ်းကျင်သူ ဒကာများက ဆွေးနွေးတင်ပြသည်။ 

English ဘာသာစကား ကျွမ်းကျင်အောင် လေ့ကျင့်ပေးရသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ a piece of cake ဟူ၍သာ မှတ်ယူတော်မူကြစေလိုကြောင်း အဆိုပါ ပါမောက္ခ ဒကာ ဒကာမတို့၏ ဆွေးနွေးလျှောက်ထားချက်၌ ပါဝင်သည်။

သလုံးမြင်းခေါင်း စာသင်သား သံဃာတော်များကို ကျောင်းမှန်မှန်တက်စေရေး၊ အိမ်စာ(Homework) မှန်စေရေးနှင့် စပ်လျဉ်း၍ မလွယ်မကူ ရှိနိုင်ကြောင်း သဘာပတိဆရာတော်က အတွေ့အကြုံနှင့်ယှဉ်၍ ခန့်မှန်းသုံးသပ်သည်။ စာသင်သား အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ နိဂ္ဂဟနည်းထက် ပဂ္ဂဟနည်းကို အားပြု၍ အသုံးပြုသင့်ကြောင်း အကြံပြု တင်ပြသည်။

သဒ္ဒတ္ထ ၀စနတ္ထ အတက်အထွက် ကျွမ်းကျင်သည့် ဆရာတော် ၀ါထေရ် (မစိုးရိမ်တိုက်သစ် ဆရာတော်)၏ သုံးသပ်ချက် စုဒ်ကြောင့်သာလျှင် ဤကောလိပ်၏ အမည်ကို သံခိပ်ပြုနိုင်ခဲ့သည်။

အားလုံး အဆင်ပြေသော်ငြားလည်း အခမ်းအနားကို အခမ်းအနာမှူးက ဖွင့်လှစ်ခဲ့လင့်ကစား အခမ်းအနား ပိတ်ချိန်၌ (အခြေအနေ အရ) အခမ်းအနားမှူးသည်လည်း ဗုဒ္ဓသာသနံ စိရိတိဋ္ဌတု နောက်ကလိုက်၍ ဆိုရုံသာ ရှိခဲ့သည်။

(ဆက်ရန် . . . . .)

No comments:

Post a Comment