Wednesday, March 15, 2017

၁၂၆

(March 12, 2017)

စုပေါင်း၍ သွေးလှူကြသည်။ နိုင်ငံရေး ပါတီအတွက် မဟုတ်သကဲ့သို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအတွက်လည်း မဟုတ်ပေ။ ကုသိုလ်ရေး ဖြစ်သည်။ နီးစပ်ရာ ချိတ်ဆက်သည့် လူမှုရေးသဘော ပါဝင်သည်။

"ဘုန်းဘုန်း . . . အဲ့ဒီလူကို ရိုက်တင်လိုက်စမ်းပါ။ ဘူးသီးတောင်က ခေါ်လာတာ။"
ပသိုင်းမွှေး မုဆိတ်မွှေး ထူထပ်သည့် သွေးလှူရှင်ကို ဓာတ်ပုံရိုက်၍ လူမှုကွန်ယက်မှာ လွှတ်တင်ရန် လှုံ့ဆော်သည်။ သူတို့ချင်း ရင်းနှီးကြပုံရသည်။ ဖော်ရွေစွာ ရယ်မောကြခြင်း ထင်ရှားသည်။ ဘာသာရေး အကန့်ထက် လူမှုရေး အကန့်က ပို၍ ခန့်နေသည်။
"ဦးဝီရသူဆီ ပို့လိုက်မယ်။"
"ဟား!!"
ဟန်ဆောင်ထားသည့် ထိတ်လန့်အံ့သြခြင်းသာ ဖြစ်မည်ထင်သည်။ 


"ငယ်ငယ်ကတည်းက လှူချင်နေတာ။ ခုမှ လှူဖြစ်တော့တယ် ဘုရား . . .။"
အတိုက်အခံ ပါတီဝင် ကျေးရွာဥက္ကဋ္ဌ တစ်ယောက်၏ အောင်သံ ဖြစ်သည်။


"သွေးကတော့ နီသလား မမေးနဲ့"
အာဏာရ ပါတီမှ မြို့နယ်အဆင့် ခေါင်းဆောင်က ကြုံးဝါးသည်။


သွေးပေါင် မပြည့်၍ သွေးလှူခွင့် မရသည့် သမီးများကို မိခင်က ပြုံးစိစိနှင့် ဆူသည်။
"ညည်းတို့က ဖုန်းပဲပွတ်နေကြတာ အိပ်ရေးပျက်တာပေါ့။ အခု အားမပြည့်တော့ဘူး။ ဟုတ်တယ်။"


သွေးမလှူရ၍ မိခင်ကို ဂျီကျသည့် ကလေးငယ်မှာ အချော့ကြိုက်ပုံရသည်။

ဤသို့လျှင် တပေါင်းလပြည့် မိုးစိုစို ပွဲထူထူကြားထဲမှာပင် သွေးဘဏ်ဝန်ထမ်းတို့ ကျေနပ်လောက်သည့် သွေးပမာဏ ရရှိအောင် ရဲရင့်ရက်ရောသည့် သွေးလှူရှင်များ၏ စုပေါင်းကုသိုလ်၊ စည်းရုံးစေ့ဆော် အကျိုးဆောင်ကြသူများ၏ စုပေါင်းအား၊ ချက်ပြုပ်ကျွေးမွေး ဧည့်ဝတ်ပြုကြသူများ၏ ဖြည့်ဆည်းမှု၊ ဆေးဝန်ထမ်းများ၏ တာဝန်ထက် ကျော်လွန်သည့် ကျေပွန်မှု။ အားလုံးကို ကျေးဇူးတင်ရသည်။

No comments:

Post a Comment