Wednesday, September 30, 2015

၂/၂၀၁၅ - SPSU DLitt

 စက်တင်ဘာ ၁၉၊ ၂၀၁၅၊ ရန်ကုန်

တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ အစည်းအဝေး (၂/၂၀၁၅) ပြီးဆုံးခဲ့သော်လည်း ထိုမှ ရခဲ့သော အတွေးစ မပြတ်နိုင်သေးပေ။ ယျေဘုယျ ဆိုရသော် ၎င်းသည် ထိုင်-ထောင်-ထဆန်ဆန် ပုံမှန် အစည်းအဝေးပင် ဖြစ်၏။ ဖြည်းဖြည်းနှေးနှေး ဆက်လက်ဆောင်ရွက်ရန် မှတ်တမ်းတင်ခြင်း တစ်ရပ်နှင့် အလျင်စလို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကိုကား ထူးခြားချက်များဟု ထင်မိ၏။

ဓမ္မာစရိယဘွဲ့ရ အရှင်တို့ကို သာသနတက္ကသီလမဟာဓမ္မစရိယတန်း တက်ရောက်ခွင့်ပြုရေး ကိစ္စကို မှတ်တမ်းတင်ခဲ့သည်။ ထိုအရှင်တို့ မဟာတန်း တက်ရောက်လျှင် ထိုအရှင်တို့အတွက် ဘာသာရပ် အသစ်များ ဖြစ်ကြသော ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာ၊ မြန်မာစာနှင့် အင်္ဂလိပ်စာတို့၌ အခက်တွေ့နိုင်ကြောင်း သုံးသပ်ကြသည်။ ထိုအရှင်တို့အတွက် ထိုဘာသာရပ်များ သီးခြားပို့ချပေးရလျှင် သင်ကြားရေးတာဝန် မနိုင်မနင်း ဖြစ်မည်ကို တွေးပူသည်လည်း ရှိ၏။ ကျောင်းပိတ်ရာသီ၌ အထူးသင်တန်း နှစ်လ (တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်)ပို့ချပေးလျှင် ဖြစ်နိုင်သည်ဟု မျှော်လင့်သည်လည်း ရှိ၏။ အထူးတလည် ပို့ချမပေးဘဲ အဆိုပါ သုံးဘာသာအတွက် ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေ၍ အရည်အချင်း စစ်ဆေး၍ မဟာတန်း သင်တန်းသား ရွေးခြယ်ရန် ရည်ရွယ်သည်လည်း ရှိ၏။ နောက်ဆုံး၌ ဆက်လက်ဆောင်ရွက်ရန် မှတ်တမ်းတင်ခဲ့သော ဤကိစ္စရပ် ဖြစ်ထွန်းလာခဲ့လျှင် ပညာတော်သင်ဟု ဆိုအပ်သော အကြောင်းကြောင့် အိန္ဒိယနှင့် သီရိလင်္ကာသို့ ယိုထွက်သည့် ငွေယိုပေါက် ကျဉ်းသွားလေမလား။ အဆိုပါ မဟာဓမ္မာစရိယ MA ရဟန်းတော်များနှင့် နိုင်ငံခြားပြန် ပညာတတ် ဘုန်းဘုန်းများ အရည်အသွေးချင်း နှိုင်းယှဉ်သင့် နှိုင်းယှဉ်အပ် နှိုင်းယှဉ်နိုင်မလား။ ဆက်တွေးနေမိသည်။ မည်သို့ဆိုစေ ဓမ္မာစရိယဘွဲ့ရ အရှင်တို့ကို ကြိုဆိုနိုင်လျှင် နှစ်သက်ဖွယ် ပွင့်လင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုအရှင်တို့ကို ထိုက်သင့်သော အရည်အချင်း ဖြည့်ပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိသည်။

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (D Litt) ချီးမြှင့်ရေး အလျင်စလို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ “ကမ္ဘာ့နိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၏ အဆင့်အတန်းမီသော တက္ကသိုလ် ဖြစ်စေရမည်”ဟူသော ဖွဲ့စည်းအုပ်ချုပ်ပုံ နည်းဥပဒေအရ ဒီလစ်ဘွဲ့ ချီးမြှင့်ရန် လိုအပ်ကြောင်း တင်ပြသူက တင်ပြသည်။ ကမ္ဘာ့အဆင့်မီရန် အားထုတ်ပုံတစ်ရပ် မှတ်သားခဲ့ရသည်။ အားလုံးပြီးဆုံးသောအခါ ရင်းနှီး၍ လေးစားရသော နာယက ဆရားတော်ကြီးတစ်ပါးအား အဆိုပါ ဒီလစ်ဘွဲ့ကို အပျော်သဘော ဆက်ကပ်ကြည့်ရာ ဆရာတော်ကြီးက စိတ်မ၀င်စားကြောင်း အမိန့်ရှိ၏။ သို့သော် စိတ်ဝင်တစား ရင်ခုန်မျှော်လင့်သူ ဒီလစ်လောင်းလျာ ပညာရှင်ကြီးများ၊ ပညာရှင်လေးများလည်း ရှိနိုင်သည်။ D Littများ ဖောင်းပွမလာပါစေနှင့်ဟူ၍သာ . . . . .။

No comments:

Post a Comment