“အလိမ္မာ စာမှာရှိဆိုတဲ့ စကားကြောင့် လိမ္မာချင်လို့ စာဖတ်ကြရတာလား။”
“လိမ္မာဖို့ သက်သက်တော့ ဘယ်ဟုတ်မှာလဲ။ လိမ္မာတာကတော့ . . . စာဖတ်ဖို့ နေနေသာသာ . . . စာတစ်လုံးမှ မတတ်တဲ့သူတောင်မှ လိမ္မာလို့ ရတာပဲ။ စာဖတ်တာကတော့ . . . မိုက်ဖို့အတွက်လည်း စာဖတ်လို့ ရတယ်လေ။”
“မိုက်ဖို့ . . . စာဖတ်ရတယ် ဟုတ်လား။”
“ဒီလိုပါ။ Fbမှာ စာဖတ်ကြတယ်။ တင်တဲ့သူက တင်တယ်။ ကျော် ဘယ်ရောက်နေပါတယ်၊ စမီး လှယား။ ဘာညာဘာညာနဲ့ ဆယ်ဖီလေးတွေနဲ့ တင်တတ်ကြတာကိုး။ Fbမှာ စာဖတ်တဲ့သူက အဲ့ဒါတွေ သိတာပေါ့။ ဘယ်သူ၊ ဘယ်မှာ၊ ဘာလုပ်နေတယ်၊ ဘယ်သူတွေနဲ့ . . . အဲ့ဒီလို သိတာပေါ့။ သိတဲ့အခါကျတော့ . . . ဆိုပါစို့ သူ ရောက်နေတဲ့နေရာ သွားပြီး ရိုက်ချင်ရင် လွယ်တာပေါ့၊ လုပ်ကြံလို့ ရတာပေါ့။ အဲ့ဒီလို မိုက်ချင်တဲ့သူလည်း စာဖတ်ပေါ့။
သဘောပြောတာပါ။ လိမ္မာဖို့သက်သက် စာဖတ်တာ မဟုတ်ဖူးလို့ ပြောချင်တာပါ။ ဗဟုသုတရဖို့ စာဖတ်တယ်။ အဲဒီ ဗဟုသုတကို အသုံးချပြီး လိမ္မာလို့ရသလို၊ မိုက်လို့လည်း ရတာပါပဲ။ နောက်ပြီး . . . အတွေ့အကြုံက ဗဟုသုတထက် ပိုပြီး တန်းဖိုးရှိမယ် ထင်တယ်။ စာရေးသူရဲ့ အတွေ့အကြုံကို စာဖတ်ပြီး မှန်းကြည့်လို့ ရတာပေါ့။ ကိုယ်တွေ့ကြုံရတာ မဟုတ်ပေမယ့် . . . စာထဲကနေ မှန်းကြည့်လို့ရတဲ့ အတွေ့အကြုံကလည်း အသုံးချလို့ ရတာပါပဲ။ အတွေ့အကြုံ ပြီးတော့ . . . အတွေးအမြင်၊ အတွေးအခေါ်၊ အယူအဆ၊ ထင်မြင်ချက် . . . ဒါတွေကိုလည်း စာထဲကနေ ရနိုင်တာပေါ့။ စာရေးသူရဲ့ . . . စိတ်ခံစားမှု၊ အနုပညာ ခံစားမှု . . . ခံစားချက် အမျိုးမျိုးလည်း စာထဲကနေ ယူလို့ ရတာပဲ။ ဘာသာစကား ကျွမ်းကျင်မှု၊ မြင်တတ်ပုံ၊ ပြောတတ် ရေးတတ်ပုံ . . . ထားပါတော့။ အများကြီး ရနိုင်တာပေါ့။ လက်ရှိအခြေအနေ၊ အတိတ်က အကြောင်းအရာ၊ အနာဂတ် အလားအလာ . . .၊ စာထဲက ရနိုင်တာတွေ အများကြီးပဲ မဟုတ်ဘူးလား။
သက်ရှိ သတ္တ၀ါတွေထဲမှာ စာရေးတာ၊ စာဖတ်တာတွေ . . . လူတွေပဲ လုပ်နိုင်ကြတာ။ အတွေ့အကြုံ၊ အတွေးခေါ် စတာတွေကို စာနဲ့ ဖြန့်ဝေနိုင်တာ၊ လက်ခံနိုင်တာ . . . လူတွေပဲ ရှိတယ်။ လူသားကမ္ဘာ တိုးတက်ရခြင်း အကြောင်းရင်းတွေထဲမှာ စာက အဓိက ပါဝင်နေတယ်။ အဲ . . . အဲဒါကြောင့် စာဖတ်ကြရတာ။”
:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)
-----
ဓတ်ပုံ - (ဆက်ရန် . . . . .)
No comments:
Post a Comment