Wednesday, November 30, 2011
Monday, November 28, 2011
Triangle Different Versions - တြိဂံမူကွဲများ
ဗာရာဏသီ်၌လည်းကောင်း၊ ဗုဒ္ဓဂယာ၌လည်းကောင်း၊ နာလန္ဒာ၌လည်းကောင်း၊ ဝေသာသီ၌လည်းကောင်း၊ ကုသိနာရုံ၌လည်းကောင်းတည်း။ ပီအေပီ အသဲစွဲ ကိုစလုံး မစလုံးတို့သည် ဧည့်လမ်းညွှန် ကိုကုလား၏ အဖြေကို သဘောကျကြဟန် မတူတကား။ ကိုကုလားသည်ကား သူ့ကုလားပြည်ကြီး၏ ဒီမိုကရက်တစ် ဂုဏ်ရည်ကို မေးခွန်းများ ဖြေဆိုတိုင်း ၀င့်ကြွားစွာ ထည့်သွင်းညွှန်းဆိုလေ့ ရှိသည်သာတည်း။
“ဘေးမဲ့နွားတွေ မြို့ထဲလျှောက်သွားနေတော့ ရှုပ်တာပေါ့။ ဒါကို အစိုးရက ရှင်းမပစ်ဘူးလား။ :(”
“ဘယ်ရမလဲ။ မဖြစ်နိုင်ဘူး။ ဒါ ဒီမိုကရက်တစ် နိုင်ငံ။ နွားတွေလည်း လွတ်လပ်ခွင့် ရှိတယ်။ :)”
-----
“လူသေတိုင်း မြစ်ကမ်းမှာ မီးရှို့ပြီး ရေမျှောနေကြတော့ မြစ် ညစ်ပတ်တာပေါ့။ သဘာဝ အရင်းအမြစ်အတွက် ဘေးအန္တရာယ်ပဲ။ ဒါကို အစိုးရက မတားမြစ်ဘူးလား။ ခေတ်မီ နည်းစနစ်တွေ မသုံးဘူးလား။ :(”
“မြို့တွေမှာတော့ ခေတ်မီ နည်းစနစ်တွေ ရှိတာပေါ့။ ဒါပေမယ့် ကျန်ရစ်သူတွေက ရေမျှောချင်ကြတာ။ ဘာသာရေးယုံကြည်မှုလည်း ပါနေတာဆိုတော့ အစိုးရက တားလို့ မရဘူး။ အစိုးရက အစိုးရပဲ (Government is government.)။ အစိုးရ(Government) ဆိုပေမယ့် လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ဒါ ဒီမိုကရက်တစ် နိုင်ငံ။ :)
ဒါက ဟိန္ဒူဘာသာရေး။ အိန္ဒိယမှာ မဟတ္တမ ဗုဒ္ဓ ခေတ်တုန်းနေ ဒီနေ့ခေတ်ထိ ဟိန္ဒူတွေ လွှမ်းမိုးနေတာပဲ။ မဟတ္တမဗုဒ္ဓ ပရိနိဗ္ဗာန်စံ (passed away)တော့ ဟိန္ဒူထုံးစံအတိုင်း သူ့ ရုပ်အလောင်းကို မြစ်ကမ်းမှာ မီးရှို့(တေဇောဓာတ်လောင်)ခဲ့သေးတာပဲ။ မွတ်ဆလင်တွေ ၀င်လာတော့လည်း ဟိန္ဒူကတော့ ဟိန္ဒူပဲ။”
-----
“ငါတို့ကို သံဂါယနာတင်ခဲ့တဲ့ နေရာတွေ ဘာဖြစ်လို့ လိုက်မပို့တာလဲ။ မထမသံဂါယနာ၊ ဒုတိယသံဂါယနာ၊ တတိယသံဂါယနာ။ ဒီနေရာတွေ အရေးကြီးတဲ့ နေရာတွေပဲ။”
“လမ်းမကောင်းဘူး ဆာ . . .။ အက်ဆီးဒင့် ဖြစ်နိုင်တယ်။”
“ဒီနေရာတွေ သွားလို့လာလို့လွယ်အောင် အစိုးရက လုပ်ပေးရမှာ။”
“ဟိန္ဒူတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာတွေ သိပ်လုပ်မပေးချင်ကြဘူး။”
“တို့နိုင်ငံမှာဆိုရင် ရှယ် လုပ်မှာ။ ဘာသာရေးအရ မယုံလည်း စီးပွားရေးအရ လုပ်မှာပဲ။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း။”
“စီးပွားရေးမှန်း သိပေမယ့် သူတို့စိတ်ထဲမှာ စွဲနေတာ။”
ဧည့်လမ်းညွှန် ကိုကုလားသည် ဟိန္ဒူပင် ဖြစ်သော်လည်း သူ့ဟိန္ဒူတို့၏ အစွဲကြီးပုံကို ဖွင့်ပြသည်သာတည်း။ မစ္စတာ လီစိန်လွန်းဖြစ်စေ၊ မစ္စတာ ဂိုချောက်တောင်ဖြစ်စေ၊ မစ္စတာ လီကွမ်ယုဖြစ်စေ။ မည်သည့် ခေါင်းဆောင်မျိုးမဆို။ လုပ်ကြမှာ သေချာသတည်း။ အမိမြန်မာနိုင်ငံတော်၌လည်း ဦးသိန်းစိန်သည်လည်းကောင်း၊ ဦးခင်ညွန့်သည်လည်းကောင်း၊ အာဏာပိုင်လူကြီးမင်း တစ်ယောက်ယောက်သည်လည်းကောင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရှယ်သည်ထက်ရှယ်အောင် လုပ်မှာ သေချာသတည်း။ စီးပွားဖြစ် သာသနာပြုလုပ်ငန်း တကား။ နာမည်လည်း ကြီးနိုင်သည် တကား။ ဟိန္ဒူတို့ စိတ်၌ စွဲသည်ကား စီးပွားပင် မဖြစ်စေကာမူ . . .။ စနစ်နှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းလည်း ပါရမည်သာတည်း။
အာဏာရှင် ရှင်လိုကရှင်၊ မရှင်လိုလည်း ရှိစေ။ ဒီမိုကရေ စီလိုကစီ၊ မစီလိုလည်း ရှိစေ။ အစွဲ ကြီးလိုကကြီး၊ မကြီးလိုလည်း ရှိစေ။ စနစ် ကျလိုကကျ၊ မကျလိုကလည်း ရှိစေ။ သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းသည်ကား လမ်းပေါ်၌ ဆေးရိုးမလှန်းကြစိမ့်သောငှာ သတိပေးခဲ့သည်သာ။ မျက်မှောက်ခေတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ထူထောင်ရန် ကြိုးပမ်းနေကြသည် ဟူ၏။
-----------
ကုသိနာရုံ၌။
“မဟတ္တမ ဗုဒ္ဓရဲ့ နောက်ဆုံး သုတ္တန်ကို ဒီနေရာမှာ ဟောခဲ့တာ။
မဟတ္တမ ဗုဒ္ဓ နောက်ဆုံး ဘုဉ်းပေးခဲ့တဲ့ ဆွမ်းကြောင့် ၀မ်းပျက်ခဲ့တယ်ဆိုတာ အားလုံး သိကြပြီးသားပဲ။ နောက်ဆုံးဆွမ်းကို ၀က်သားလို့ ပြောကြတယ်။ မဟတ္တမ ဗုဒ္ဓ လက်ထက်ကနေ ဒီနေ့ခေတ်အထိ အိန္ဒိယနိုင်ငံမှာ ကြည်ညိုလေးစားရတဲ့သူကို ၀က်သားပေးလှူတာ မဖြစ်နိုင်ဘူး။ ဘယ်သူမှ ၀က်သား မလှူဘူး။ မှိုအပါအ၀င် အသီးအရွက်တွေ ရောချက်တာ ဖြစ်မယ်။
စောစောက မှောင်နေလို့ မြစ်ကို မမြင်ရဘူး။ အဲဒီမြစ်ရောက်တော့ မဟတ္တမ ဗုဒ္ဓက ရှင်အာနန္ဒာကို ရေတောင်းတယ်။ လှည်းတန်းကြီးက မြစ်ထဲ ဖြတ်သွားထားတာဆိုတော့ ရေ နောက်နေတယ်။ မဟတ္တမဗုဒ္ဓလည်း ဒီဟိုက်ဒရေးရှင်းကြောင့် ရေဆာလှပြီ။ ရေ ထပ်တောင်းတယ်။ သုံးကြိမ်တောင်းတော့ ရှင်အာနန္ဒာ မနေသာတော့ဘူး။ ရှိတဲ့ရေကို ခပ်ပေးလိုက်တယ်။ အဲဒီရေ သောက်ပြီးတော့ မဟတ္တမ ဗုဒ္ဓရဲ့ ၀မ်းရောဂါ ပိုဆိုးသွားတယ်။”
မြန်မာဗုဒ္ဓ၀င်၌ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ရေနောက်များ ရေကြည်ဖြစ်သွား၏။ ဘုရားရှင်၏ နောက်ဆုံးဆွမ်း မူကွဲကို (“နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ”တရားတော်၌) သဲကုန်း(သီတဂူ)ဆရာတော် (ဒေါက်တာ . . .) ဟောကြားဖူးသည်။
ကိုကုလား၏ လော့ဂျစ်ကယ် ပရက်ဇင်တေးရှင်းကို ကျန်းမာရေး လိုက်စားကြသည့် စလုံးတို့ လက်ခံနိုင်ပုံရသည်။ မည်သို့ဆိုစေ ခန္ဓပရိနိဗ္ဗာန် ၀င်စံလုနီးပါး (သေလုမျောပါး) ဖြစ်နေသည့် ဘုရားရှင်ကို စလုံးတို့က “တန်တောက်ဆင်းဆေးရုံ” အရေးပေါ်လူနာဌာနသို့ ပို့လိုစိတ် ဖြစ်ပေါ်နေကြောင်း သက်သေအထောက်အထား ခိုင်လုံလွန်းလှ၏။
(ဆက်ရန် မရှိသေးပါ . . .)
:)
ရှင်အာစာရ
28Nov11
Friday, November 25, 2011
22Nov11 - ၂၂နိုဝင်ဘာ၁၁
“သုဇာတာဟိုတယ်”သည် ဂယာမြို့တော်၌ အဆင့်မြင့်ဟိုတယ်တစ်ခု ဖြစ်သည်ဟု ဧည့်လမ်းညွှန်က ပြောသည်။ Dlink အင်တာနက်လှိုင်း ထုတ်လွှင့်ပေးနေသော ဤ အဆင့်မြင့်ဟိုတယ်၏ ဧည့်ကြိုကောင်တာ အနီးတစ်ဝိုက်၌ ခြင်တစ်ကောင်စ နှစ်ကောင်စ အသံတိတ်ပျံသန်းနေ၏။ အနှေးပျံ ဖြစ်သည်။ လူကို မကိုက်၍ တော်သေးသည်။
နံနက်လေးနာရီ၌ ဟိုတယ်ဝင်းတံခါး ပွင့်၏။ ဟိုတယ်တံခါးဖွင့်ချိန်၌ ဟိုတယ်အနီး လမ်းဘေးကျူးကျော်တဲမှ မိသားစုလည်း နိုးထလျက် ရှိနေကြပြီ ဖြစ်၏။ အအေးသက်သာအောင် အလျှံပယ်ကြွယ်ဝသည့် အမှိုက်စုတ်တို့ကို လောင်စာပြု၍ မီးလှုံနေကြသည်။
ပိုင်ရှင်မဲ့ ခွေးခြောက်ကောင်ကား အချင်းချင်း စုပြုံတိုးဝှေ့၍ အအေးသက်သာအောင် ကြိုးစားရင်း နှပ်နေကြသည်။ တအီအီ ညည်းလောက်အောင် မချမ်း။
မနေ့ညက စည်းကားခဲ့သော လမ်းဘေးဈေးတန်း မဖွင့်သေး။ တန်ဖိုးနည်း လက်ဆောင်ပစ္စည်းများ ရောင်းချကြသည်။ မုံရွာရှစ်ရက်ပွဲ လက်ကျန်ပွဲဈေးလောက်နီးပါး စည်ကားသည်။ ပုတီး၊ ဘုရားပုံတော်နှင့် အခြား တိုလီမိုလီများ။ အပေါစား ဖိနပ်များ။ အိုခွက်ပန်းဂံများ။ ကရေကရာကဲ့သို့သော စားစရာများ။ (ကရေကရာလောက် ကောင်းဟန်မတူ။) မလန်းဆန်းလှသည့် ပန်းပွင့်ဝါ၀ါများ။ (မွှေးလည်း မွှေးဟန်မတူ။) ဈေးတန်းမဖွင့်သေး၍ ဖုန်သိပ်မထ။
သုဇာတာဟိုတယ်မှ မဟာဗောဓိသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ရသည်။ ဘုရားဖူးများ မစည်ကားလှသေး။ အ၀င်မုခ်ဝ၌ သူတောင်းစား နှစ်ဆယ့်ငါးယောက်ခန့် တန်းစီထိုင်နေကြသည်။ OTယူထားကြခြင်းလား မသိ။ ရုံးချိန်မဟုတ်သည်မှာ သေချာ၏။ ဂျူတီချိန်း၍ နှစ်ဆယ့်လေးနာရီ ၀န်ဆောင်မှု ပေးနေကြခြင်းလည်း ဖြစ်နိုင်သည်။
ကြာပန်းများ လန်းဆန်းလှသည်။ ကြာပန်းရောင်းသည့် ကုလားလေးတို့ကား မလန်း။ ရေလိုလည်း အေးဟန်မတူ။ ပန်းလိုလည်း မွှေးပုံမပေါ်။ ကျောင်းနေပျော်၍ စာတော်သူများလည်း ဟုတ်ပုံမရ။ အသက် ဆယ်နှစ်အောက်။
မြန်မာ မုံ့လက်ကောက်နှင့်တူ၏။ မုံလက်ကောက်ထက် ပိုကြီးသည်။ မုံ့ရောင်းသည့် တိဗက်မလေးတို့ ရိုးသားကြဟန်တူ၏။ ပလောင် (သို့) ပအို့ (သို့) မြန်မာတိုင်းရင်းသူ တစ်မျိုးမျိုးနှင့် မျက်နှာပေါက်ဆင်သည်။ အ၀တ်အစား၊ ကိုယ်ဟန်အနေအထားနှင့် ပြုံးပုံများလည်း ဆင်တူသည်။
ဖိနပ်လက်ခံကောင်တာလည်း မဖွင့်သေး။ ဘုရားလည်း မဖွင့်သေး။ မဟာဗောဓိစေတီ ပတ်ပတ်လည်၌ ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာတို့ ၀တ်ပြုနေကြသည်။ နံနက် ငါးရီမှ စေတီလိုဏ်ခေါင်းတံခါး ဖွင့်မည်။ ၀တ်ပြုသူ အများစုမှာ တိဗက်ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။ အလျားမှောက်ရှိခိုးကြသည်။ မှောက်လိုက် မတ်တတ်ရပ်လိုက်၊ မှောက်လိုက် မတ်တတ်ရပ်လိုက်။ အကြိမ်များစွာ။ ရှိခိုးကြိမ်ရေ ရာ ထောင် သောင်းချီ ရှိနိုင်သည်။ ရှိခိုးရင်း ရေသောက်နားသည်။ မုန့်စားသည်။ ပြီးလျှင် ပြန်စသည်။
မြန်မာ နှင့် ထိုင်း ဘုန်းတော်ကြီးများ အသံမစဲ မဟာပဋ္ဌာန်းပွဲ ကျင်းပနေကြသည်။ ရတနာဃရ နေရာမြတ်ကို ငုံ၍ ပဋ္ဌာန်းဇရပ်လုပ်ထားသည်။
မြန်မာရဟန်းတော်တစ်ပါး မဟာဗောဓိပင်အောက်၌ အမှိုက်လှဲနေ၏။ ရေမဆေး။ ညောင်သီး ညောင်ဖတ်ကြွေကျ၍ သမံတလင်း ညစ်ပတ်နေသည်။ ဗောဓိပင်နှင့် မဟာဗောဓိစေတီ အကြား၌ရှိသော “အပရာဇိတပလ္လင်”သည် သိပ်မခမ်းနားလှ။ ဗောဓပင်နှင့် ရွှေပလ္လင်ကို ခြံခတ်ထားသည်။
မဟာဗောဓိသည် ဘုရားပွင့်တော်မူရာ နေရာမြတ်ပင် ဖြစ်သော်လည်း ရွှေတိဂုံလောက် သပ်ရပ်ခန်းနားခြင်းမရှိ။ လူမရှိန်လောက်။ သန့်လည်း မသန့်ရှင်း။ အနံဆိုးလည်း မကင်း။
စေတီဝင်းမှ ထွက်လိုက်သည်နှင့် ပဋ္ဌာန်းရွတ်သံ မကြားရတော့။ ကျောင်းတစ်ကျောင်းမှ အသံချဲ့စက်နှင့် ဘုရားဝတ်ပြုသံ၊ ပရိတ်ရွတ်သံ။ ဗလီကျောင်းမှ ကုလားဘုရားရှိခိုးသံ။ ဘုရားဈေး မဖွင့်သေး။ ဟိုတယ်မှာလည်း နံနက်စောစောစာ ခုနစ်နာရီးထိုမှ ရမည်။
:)
ရှင်အာစာရ
22Nov11
22Nov11
Friday, November 18, 2011
တရားမင်းသခင် - ၃၈။ အငြိမ်းရှာသူ
(. . . . . မှ အဆက်)
ကြာပန်းနှင့် ခိုင်းနှိုင်းတင်စားအပ်သော အမျိုးသမီးချော ဥပ္ပလ၀ဏ်သည် ဘ၀ကို စိတ်ပျက် ငြီးငွေ့သည်ဖြစ်၍ ဘုရားရှင် သီတင်းသုံးတော်မူနေရာ ကုဋာဂါရကျောင်းတော်သို့ သွားလေ၏။ ဥပ္ပလ၀ဏ်သည် သူ့ကိုယ်သူ ရှက်ရွံ့နေမိ၏။ လုံးလုံးအသုံးမကျသူဟုလည်း ခံစားနေမိသည်။ သူသည် ဘုရားရှင် တစ်ပါးတည်း ရှိတော်မူချိန်၌ ဘုရားရှင်နှင့် နှစ်ယောက်တည်း တွေ့ချင်နေ၏။ သူ့ဘ၀ ဖြစ်ကြောင်းကုန်စင်ကို ဘုရားရှင်ထံ ဖွင့်ဟလျှောက်ထား၍ ရဟန်းပြုခွင့် တောင်းချင်နေ၏။
နှစ်ရက်ကြာအောင် စောင့်ခဲ့သော်လည်း ဘုရားရှင်နှင့် နှစ်ယောက်တည်း တွေ့ဆုံခွင့် မရသည်ဖြစ်၍ ဥပ္ပလ၀ဏ် စိတ်ပျက်နေ၏။ ကုဋာဂါရကျောင်းတော်သည် အရပ်လေးမျက်နှာမှ ရောက်လာကြသည့် ဒကာဒကာမတို့နှင့် အမြဲတမ်း ပြည့်နှက်နေ၏။ ဘုရားရှင် ဆွမ်းခံကြွလျှင်လည်း တပည့်သား သံဃာတော်တို့နှင့် အတူကြွ၏။ ဆွမ်းခံရာမှ ပြန်လာလျှင်လည်း တပည့်သား သံဃာတော်တို့နှင့် အတူတူပင် ပြန်လာ၏။ လောကီဒုက္ခ ကြုံရသူတို့ ဘုရားရှင်ထံ လာရောက်၍ လွတ်လမ်းရှာကြသည်ကို ဥပ္ပလ၀ဏ် သိ၏။ ဘုရားရှင်၏ ထံတော်၌ အမျိုးသမီးများ ရဟန်းပြုခွင့် ရသွားကြသည်ကိုလည်း သူ သိ၏။ ရဟန္တာသူမြတ် ရှင်မဟာကဿပ၏ ဇနီးဟောင်း ဘဒ္ဒကာပိလာနီ ဘုရားရှင်ထံ လာရောက်၍ ဘိက္ခုနီပြုခွင့် ရလိုက်သည်ကိုလည်း သူ သိ၏။ ဘိက္ခုနီကျောင်းတိုက်၌ ကျင်းပသည့် ဘဒ္ဒကာပိလာနီ အရှင်မ၏ ရဟန်းခံပွဲကိုပင် ဥပ္ပလ၀ဏ် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
တတိယမြောက်နေ့၌ မည်သို့ပင် ဖြစ်စေကာမူ ဘုရားရှင်နှင့်တွေ့ရန် အကြံကို လက်တွေ့အကောင်အထည် ဖော်ရမည်ဟု ဥပ္ပလ၀ဏ် အခိုင်အမာ ဆုံးဖြတ်လိုက်သည်။ ဥပ္ပ၀ဏ်သည် စိတ်လှုပ်ရှားလျက် ဘုရားရှင်ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေ၏။ စောင့်ရသည်မှာ ကြာလွန်းလှသည်။ ဘုရားရှင် နေ့သန့်စင်တော်မူချိန်၌ အခွင့်ကောင်းယူ၍ ဘုရားရှင်ထံ ပြေးဝင်သွား၏။
“သည်းခံတော်မူပါ မြတ်စွာဘုရား . . .။ တပည့်တော်မ တစ်ယောက်တည်း အရှင်ဘုရားကို ဖူးတွေ့ချင်လို့ သုံးရက်လုံးလုံး စောင့်နေခဲ့တာ . . . တစ်ချက်ကလေးမှ အခွင့်မသာခဲ့ပါ ဘုရား . . .။ တပည့်တော်မကို ခွင့်လွှတ်တော်မူပါ ဘုရား . . .။”
ဥပ္ပလ၀ဏ်သည် ပြောပြောဆိုဆိုနှင့် ဘုရားရှင်၏ ခြေတော်ရင်း၌ ဒူးထောက်၍ ထိုင်ချလိုက်၏။
“နှမ . . . ပြောပါ။ မင်းလိုလူတွေရဲ့ လျှောက်ထားချက်ကို နားထောင်ဖို့ ငါ အမြဲတမ်း အဆင်သင့်ပါ။ နှမ . . . ပြောပါလေ . . .။ ဘာဖြစ်လို့ ငါနဲ့ တစ်ယောက်ချင်း တွေ့ချင်ရတာလဲ။”
“အရှင်ဘုရား . . . တပည့်တော်မ . . . ကံဆိုးမ လျှောက်ထားဖို့ မလျော်ကန်တဲ့ ဘ၀ဇာတ်ကြောင်းကို လျှောက်ထားရမှာပါ ဘုရား။”
“နှမ . . . မတ်တပ်ရပ်လိုက်ပါ။ မင့်ရဲ့ ဘ၀ဇာတ်ကြောင်း ပြောမှာသာ ပြောစမ်းပါ။ ငါ နားထောင်ပါ့မယ်။”
ဥပ္ပလ၀ဏ် မတ်တတ်ရပ်လိုက်သည်။ မျက်လွှာချလျက် ရှက်နိုးစွာဖြင့် လက်ချောင်းများကို ဖျစ်ညှစ်ဆုပ်နေရင်း သူ့ဘ၀ ဇာတ်ကြောင်းကို ဘုရားရှင်အား လျှောက်ထား၏။
“အရှင်ဘုရား . . . သာဝတ္ထိက ဂုဏ်သရေရှိ အမျိုးသား တစ်ယောက်နဲ့ တပည့်တော်မ လက်ထပ်ခဲ့ပါတယ် ဘုရား . . .။ တပည့်တော်မရဲ့ ခင်ပွန်းသည်ဟာ လှည်းနဲ့လှည့်လည် ကုန်သွယ်သူပါ ဘုရား။ တစ်တိုင်းက တစ်တိုင်း၊ တစ်နယ်က တစ်နယ် လှည့်လည်နေသူပါ ဘုရား။ သူနဲ့ တပည့်တော်မတို့ တော်တော်ကြာအောင် ပေါင်းသင်းနေထိုင်ခဲ့ကြပြီး တပည့်တော်မ ကိုယ်ဝန်ဆောင်တဲ့နေမှာ သူက ထုံစံအတိုင်း ကုန်သွယ်စီးပွား ကိစ္စနဲ့ ရာဇဂြိုဟ်ကို ခရီးထွက်သွားပါတယ် ဘုရား။ တပည့်တော်မ ကိုယ်ဝန်ရလိုက်တာကို သူ မသိပါ ဘုရား။ အဲဒီကနေ တပည့်တော်မ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်လာတဲ့အထိ သူ ပြန်မလာခဲ့ပါ ဘုရား။ ခင်ပွန်းသည် မရှိခင်မှာ ကိုယ်ဝန်ရတာဟာ တပည့်တော်မရဲ့ ဖောက်ပြန်မှုပဲလို့ ယောက္ခမကြီးက တပည့်တော်မကို သံသယနဲ့ စွပ်စွဲပါတယ် ဘုရား။ ဒါတင်မကဘဲ တပည့်တော်မ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် အိမ်ကနေ နှင်ထုတ်လိုက်ပါတယ် ဘုရား . . .။
အဲဒါကြောင့် တပည့်တော် စိတ်ပျက်လက်ပျက်နဲ့ ရာဇဂြိုဟ်ဘက် ထွက်လာခဲ့ပါတယ် ဘုရား . . .။ ခင်ပွန်းသည်ကို လိုက်ရှာဖို့ ထွက်ခဲ့တာပါ . . .။ ရာဇဂြိုဟ် ရောက်ခါနီး လမ်းခုလပ် တစ်နေရာမှာ ရုတ်တရက် ဗိုက်နာလာပြီး မီးဖွားခဲ့ရပါတယ် ဘုရား။ ရွှေတုံးရွှေခဲလို လှပတဲ့ သားလေး မွေးဖွားခဲ့ပါတယ် ဘုရား . . .။ မီးဖွားပြီးတော့ ဇရပ်ပေါ်မှာ သားလေးကို ထားခဲ့ပြီး ကိုယ်လက်သုပ်သင် ရေချိုးပါတယ် ဘုရား။ ရေချိုးရာက ပြန်လာတော့ သားလေးကို မတွေ့ရတော့ပါ ဘုရား။ လင်လည်းဆုံး သားလည်းဆုံးမို့ တပည့်တော်မ အရူးတစ်ပိုင်း ဖြစ်ခဲ့ရပါတယ် ဘုရား . . .။
ဒီလိုနဲ့ တပည့်တော်မ ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ် ဘုရား . . .။ အဲဒီလို လျှောက်သွားနေတုန်း ဓားပြဗိုလ်ကြီး တစ်ယောက်က တပည့်တော်မကို ဖမ်းသွားပါတယ် ဘုရား။ ဓားပြဗိုလ်ကြီးက တပည့်တော်မရဲ့ ရုပ်ရည်ကို သဘောကျပြီး တပည့်တော်မကို မယားအဖြစ် သိမ်းပိုက်လိုက်ပါတယ် ဘုရား။ ဓားပြဗိုလ်ကြီးနဲ့ သမီးတစ်ယောက် ရခဲ့ပါတယ် ဘုရား။ ဓားပြဗိုလ်ကြီးဟာ တကယ့်ကို မိုက်မိုက်ကန်းကန်း ကြမ်းတမ်း ရက်စက်သူကြီးပါ . . .။ တစ်နေ့တော့ သူက မူးမူးရူးရူးနဲ့ သမီးလေးကို လည်ပင်းကနေ ဆွဲယူပြီး ခေါင်းကို လက်သီးနဲ့ ထိုးလိုက်တာ သမီးလေး ခေါင်းမှာ ဒဏ်ရာရသွားပါတယ် ဘုရား။ တပည့်တော်မလည်း ဆိုးသွမ်းတဲ့ ဓားပြဗိုလ်ကြီးနဲ့ ဆက်ပြီး မပေါင်းရဲတော့လို့ ရာဇဂြိုဟ်ဘက် ထွက်ပြေးခဲ့ပါတယ် ဘုရား . . .။
ရာဇဂြိုဟ်မှာ ဘာမှ လုပ်ကိုင်မစားတတ်လို့ ပြည့်တန်ဆာမ ဖြစ်ခဲ့ရပါတယ် ဘုရား . . .။ တစ်နေ့တော့ တပည့်တော်မဆီ လာပြီးပျော်ပါးတဲ့ ကောင်လေးတစ်ယောက်က တပည့်တော်မကို နှစ်သက်စွဲလမ်းသွားပြီး တပည့်တော်ကို သူ့အိမ် ခေါ်သွားပါတယ် ဘုရား။ နောက်တော့ တပည့်တော်မကို သူ့အိမ်မှာပဲ အနေခိုင်းပါတယ် ဘုရား။ တပည့်တော်တို့ ရာဇဂြိုဟ်မှာ နေကြတုန်း သူက အိမ်မှုကိစ္စတွေ ခိုင်းရစေရအောင် အစေခံမလေးတစ်ယောက် ခေါ်လာပါတယ် ဘုရား။ ကလေးမလေးက အပျိုဖျန်းလေးပါ . . .။ သူက အဲဒီ ကလေးမလေးနဲ့လည်း အကြင်လင်မယားအဖြစ် ဆက်ဆံပေါင်းသင်းပါတယ် ဘုရား။ တပည့်တော်မတို့ မယားပြိုင် အဖြစ်နဲ့ နေခဲ့ရပါတယ် ဘုရား။ တစ်နေ့မှာ . . . တပည့်တော်မ ကလေးမလေးကို ခေါင်းဖြီးပေးရင်း သူ့ခေါင်းမှာ အမာရွတ်တစ်ခု တွေ့ရလို့ မေးမြန်းကြည့်တော့ သူဟာ တပည့်တော်မနဲ့ ဓားပြဗိုလ်ကြီးတို့ရဲ့ သမီးလေး ဖြစ်နေတာကို သိလိုက်ရပါတယ် ဘုရား . . .။
အရှင်ဘုရား . . . တပည့်တော်မရဲ့ ဘ၀ဇာတ်ဆိုးက ဒီလောက်သာဆိုရင် တော်ပါသေးတယ် . . .။ တပည့်တော်မ ဆက်ပြီး စုံစမ်းတော့ တပည့်တော်တို့ သားအမိ နှစ်ယောက်ကို တစ်ပြိုင်တည်း မယားပြုထားတဲ့ တပည့်တော်မတို့ရဲ့ လင်ယောက်ျားဟာ တပည့်တော်မ ရေချိုးသွားတုန်း ဇရပ်ပေါ်မှာ ထားခဲ့မိလို့ ပျောက်ဆုံးခဲ့ရတဲ့ တပည့်တော်မရဲ့ သားလေး ဖြစ်နေတာကို သိရပြန်ပါတယ် ဘုရား . . .။
ရှင်တော်ဘုရား . . . တပည့်တော်မဟာ ကိုယ့်ရင်သွေး သားအရင်းခေါက်ခေါက်နဲ့ လင်မယားအဖြစ် ပေါင်းသင်းရင်း . . . ကိုယ့်ရင်သွေး သမီးအရင်းခေါက်ခေါက်နဲ့ မယားပြိုင် ဖြစ်ခဲ့ရသူပါ . . .။ အဖြစ်မှန်ကို သိလိုက်ရတော့ တပည့်တော်မ တုန်လှုပ်ချောက်ချားပြီး မူးမိုက်မေ့မျော သွားခဲ့ပါတယ် ဘုရား . . .။
တပည့်တော်မ ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်နေတုန်း ဝေသာလီမှာ ရှင်တော်ဘုရား ရှိနေတယ်ဆိုတာ ကြားသိလိုက်ရတဲ့အတွက် အခုလို အရှင်ဘုရားဆီ လာခဲ့တာပါ ဘုရား . . .။ ရှင်တော်ဘုရား . . . အခု တပည့်တော်မ ဘယ်သူ့ကိုမှ မျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှက်ရွံ့လှပါတယ် ဘုရား . . .။ တပည့်တော်မ ဘ၀ကို စိတ်ပျက်ငြီးငွေ့လှပါပြီ ဘုရား . . .။ ကယ်မတော်မူပါ အရှင်ဘုရား . . .။ တပည့်တော်မကို သာသနာတော်တွင်း ၀င်ရောက်ပြုတော်မူပါ ဘုရား . . .။”
“နှမ . . . မင့်ကို သာသနာတော်တွင်း ၀င်ရောက်ခွင့် ပြုပါတယ်။ သွားပါ။ ပဇာပတိ ထေရီမကြီးနဲ့ တွေ့လိုက်ပါ။ ထေရီမကြီးက . . . တောအုပ်ရဲ့ ဟိုဘက်က ဘိက္ခုနီကျောင်းမှာ သီတင်းသုံးပါတယ်။ မင့်ကို ငါ ရဟန်းပြုခွင့် ပေးလိုက်တဲ့အကြောင်း ထေရီမကြီးကို လျှောက်ထားပါ။ သူ့ဆီမှာ ရဟန်းပြုလိုက်ပါ။”
ဘုရားရှင်၏ နှုတ်တော်မှ ခွင့်ပြုသည့် စကားများ ထွက်လာသည်နှင့် တစ်ပြိုက်နက် ဥပ္ပလ၀ဏ် အလွန်အမင်း ၀မ်းသာသွားပြီး ဘုရားရှင်ကို ရှိခိုးဦးချရန်ပင် သတိမရတော့ဘဲ တောအုပ်၏ တစ်ဘက်စွန်းရှိ ဘိက္ခုနီကျောင်းတိုက်ဆီသို့ တဟုန်ထိုး ထွက်ပြေးလေ၏။
:)
ရှင်အာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
Thursday, November 17, 2011
Wednesday, November 16, 2011
တရားမင်းသခင် - ၃၇။ အမျိုးသမီးတို့ လွတ်မြောက်လမ်း
(. . . . . နှင့် အဆက်)
ဘုရားရှင်ကို ပထမဆုံး မြင်လိုက်သူမှာ ယသောဓရာ ဖြစ်၏။ မြို့ပြင် တောအုပ်အတွင်းရှိ မီးလင်းနေသည့် ကုဋာဂါရကျောင်းတော်၌ ဘုရားသခင် ရှိနေသည်။ ယသောဓရာသည် ဘုရားရှင်ကို မြင်လျှင်မြင်ချင်း ရပ်တန့်လိုက်ပြီး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးနေ၏။ ယသောဓရာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသည်။ ယသောဓရာ၏ အ၀တ်အစားတို့လည်း ရွှံ့များရေများ ပေကျံစိုရွှဲနေသည်။ သို့ဖြစ်၍ ယသောဓရာသည် ဘုရားရှင်နှင့် မျက်နှားချင်းဆိုင်ရန် အခက်တွေ့နေသဖြင့် မလှုပ်မယှက် ရပ်နေ၏။ ရာဟုလာကို အနီးသို့ ဆွဲခေါ်လိုက်ပြီး ဦးခေါင်းကို လက်နှင့်ပုပ်ပေးနေသည်။ ဒုက္ခသည် အမျိုးသမီးတို့သည် ဘုရားရှင်ကို တွေ့ရချိန်၌ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍သာ အခြေအနေကို အကဲခတ်နေကြ၏။ အဝေးမှ နေ၍သာ ဘုရားရှင်ကို ရှိခိုးကြပြီး ကျောင်းတော်၏ အရိပ်သို့ ၀င်ရောက်၍ မိုးခိုကြ၏။ ချမ်းလွန်း၍ အမှောင်ထဲ၌ ခိုက်ခိုက်တုန်နေကြ၏။ မိုးခိုရင်း အလိုလို ၀မ်းနည်းလာသည်ဖြစ်၍ ငိုကြလေသည်။
အမှောင်ကပ်၍ မိုးခိုနေကြစဉ် ရာဟုလာသည် မိခင်၏ရင်ခွင်မှ လျှောထွက်လိုက်ပြီး ဘုရားရှင်ထံသို့ ၀င်ပြေးလေ၏။ ယသောဓရာ လိုက်ဖမ်း၍ တားမြစ်သော်လည်း လွတ်ထွက်သွား၏။ ရေစိုအ၀တ်များနှင့် ရာဟုလာသည် သူ့ခမည်းတော် ဘုရားရှင်၏ ခြေတော်ရင်း၌ လှဲချလိုက်၏။ ထို့နောက် ဘုရားရှင်၏ သင်္ကန်းတော်အစွန်းဖြင့် သူ့မျက်နှာကို သုပ်နေရင်း မျက်ရည်သွန်ချ၍ ငိုလေသည်။ ဘုရာရှင်သည် ရွှံ့များရေများ စိုရွှဲနေသော သူငယ်ရာဟုလာကို ပုခုံးမှဆွဲယူ၍ မတ်မတ်ရပ်စေတော်မူ၏။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည့် သူငယ်၏ အခြေအနေကို သိမြင်တော်မူသော ဘုရားရှင်သည် သူငယ်ကို ဆုပေးစကား မြွက်ကြား၍ နှုတ်ဆက်တော်မူ၏။
“ကလေး . . . ရာဟုလာ . . .။ ကျန်းမာချမ်းသာပါစေ . . .။ သတိထားပါ ရာဟုလာ . . .။”
သူငယ်ရာဟုလာသည် ဘုရားရှင်၏ သိမ်မွေ့သော ထိတွေ့မှုအောက်၌ တဖြည်းဖြည်းချင်း အငိုတိတ်သွား၏။ အတန်ငယ်ကြာသည်အထိ ရှိုက်သံကား ထွက်နေသေးသည်။ ထိုရှိုက်သံလည်း တဖြည်းဖြည်းချင်း တိတ်သွား၏။ အငိုတိတ်သွားသော ရာဟုလာသည် အိပ်မက်ဆိုးမှ ထမြောက်လာသူကဲ့သို့ ခေါင်းထောင်၍ ကြည့်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို သိလိုဇောနှင့် စူးစမ်းကြည့်နေ၏။ ထို့နောက် ဘုရားရှင်ကို လျှောက်ထား၏။
“ဖေဖေ ဘုန်းဘုန်းဘုရား . . .။ တပည့်တော်တို့ကို ကယ်တော်မူပါ ဘုရား . . .။ မယ်တော်ရော၊ အဖွားတော်ရော၊ အရီးတော်တွေပါ စိုးရိမ်ပူဆွေးနေကြပါတယ် ဘုရား . . .။ သူတို့ ငိုနေကြပါတယ် ဘုရား . . .။ သုဘာ၊ မာလာ နဲ့ ခုဇ္ဇုတ္တရာတို့လည်း ငိုနေကြပါတယ် ဘုရား . . .။ အို . . . ဖေဖေ ဘုန်းဘုန်းဘုရား . . .။ တပည့်တော်တို့ကို ကယ်တော်မူပါ ဘုရား . . .။”
ရှင်အာနန္ဒာသည် ဖြစ်ကြောင်းကုန်စင်ကို အဝေးမှ စောင့်ကြည့်နေ၏။ ရှင်ဒေ၀ဒတ်သည် ငိုကြွေးနေသည့် အမျိုးသ္မီးများ မည်သူမည်ဝါတို့ဖြစ်ကြောင်း မသိသည်ဖြစ်၍ အမျိုးသမီးတို့ထံသို့ သွားရောက်၍ မေးမြန်စုံစမ်း၏။ အမျိုးသမီး အုပ်စုထဲ၌ သူ၏ အစ်မတော် ယသောဓရာ ပါနေလိမ့်မည်ဟု နည်းနည်းလေးမှ မထင်မိခဲ့ပေ။ ပြေပြင်ပေါ်၌ လဲလျောင်းရင်း ငိုနေသည့် ယသောဓရာသည် သူ့မောင် ရှင်ဒေ၀ဒတ်၏ အသံကို ကြားရသောအခါ လွတ်လွတ်ပွင့်ပွင့် ငိုချလိုက်လေ၏။
ယသောဓရာသည် မျက်နှာကို လက်အစုံနှင့်အုပ်၍ ငိုနေသောကြောင့် အသံကိုသာ ကြားလိုက်ရသည်။ ဘာကိုမှ မမြင်ပေ။ အားရပါးရ ငိုနေရင်း သူ့မောင် ရှင်ဒေ၀ဒတ်၏ အသံ မကြားရတော့သဖြင့် အလင်းရောင်ရှိရာသို့ မျက်လုံးဖွင့်၍ ကြည့်လိုက်ရာ ရာဟုလာနှင့်အတူ သူ့ဆီလာနေသော ဘုရားရှင်ကို တွေ့လိုက်ရသည်။ ဆာလောင်မွတ်သိမ့် နေသူသည် သောက်စရာရေကို မြင်လိုက်ရသကဲ့သို့ ယသောဓရာသည် ဘုရားရှင်ကို ကျေကျေနပ်နပ် အားပါးတရ ကြည့်နေလေ၏။ ထို့နောက် သတိထား၍ မတ်တတ်ရပ်ရင်း မျက်ရည်များကို သုပ်လိုက်သည်။ ထိုစဉ် ဘုရားရှင်၏ ညင်သာသိမ်မွေ့၍ အပြစ်ကင်းသော စကားသံ ထွက်ပေါ်လာ၏။
“နားထောင်ကြပါ။ အမှောင်ကထွက်ပြီး အလင်းထဲ လာကြပါ။ ကိုးကွယ်အားထားရာ ပေးပါတယ်။”
မိဖုရားကြီး ပဇာပတိနှင့် သုဘာတို့သည် အားအင်ကုန်ခမ်းနေကြသဖြင့် မတ်တတ်မရပ်နိုင်ကြသောကြောင့် အလျားမှောက်၍ တွားသွားလျက် အမှောင်မှ အလင်းသို့ ထွက်လာကြလေ၏။ အားလုံး၏ နောက်မှ ယသောဓရာ ထွက်လာ၏။ ဆံပင်တို့ ဖရိုဖရဲ ပြန်ကျဲနေပြီး တစ်ကိုယ်လုံးလည်း ရွှံ့နွံတို့ ပေကျံနေသော ရသောဓရာသည် တစ်လှမ်းချင်း ထွက်လာပြီး ဘုရားရှင်၏ ရှေ့တော်မှောက်၌ လဲကျကာ မေ့မျောလုနီးပါး ဖြစ်သွား၏။ ယသောဓရာခမျာ တုန်တုန်ခိုက်ခိုက် ဖြစ်နေရင်း ဘုရားရှင်ကို ရှိခိုးရန် လက်နှစ်ဘက်ကို ကြိုးစား၍ မတင် ပူးယှက်နေ၏။ သို့သော် ချိနဲ့နေသော ယသောဓရာ၏ လက်တို့သည် နွမ်းလျစွာ ပြုတ်ကျသွား၏။
“မယ်တော် . . .၊ ယသောဓရာ . . .၊ ရာဟုလာ . . .၊ မာလာ . . .၊ သုဘာတို့ . . .၊ ခုဇ္ဇုတ္တရာတို့ . . . .။ နားထောင်ကြပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ . . .။ အခု ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ဖို့ အမှောင်ကနေ အလင်းထဲ ထွက်လာခဲ့ကြပြီး ဘုရားရှင်ရဲ့ ရှေ့တော်မှောက် ရောက်နေကြပြီပဲ။ ဒီလိုကြီး အောက်ကြမ်းပြင်မှာ ခြေပစ်လက်ပစ် မနေကြပါနဲ့။ နူးညံ့သိမ့်မွေ့တဲ့၊ တည်ငြိမ်အေးချမ်းတဲ့ ဘုရားရှင်ကို ဖူးလိုက်ကြစမ်းပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။
အမျိုးသမီးတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြကာ ကြမ်းပြင်ပေါ်၌ သင့်တင့်သပ်ရပ်စွာ နေရာယူ၍ ထိုင်ကြလေ၏။ အမျိုးသမီးတို့ ဘုရား၏ မျက်နှာတော်ကို အားပါးတရ စေ့စေ့ဖူး၍ လက်ဆယ်ဖြာ ထိပ်မှာမိုးလျက် ဘုရားရှင်ကို ရှိခိုးဦးခိုက်ကြစဉ် ၎င်းတို့၏ မောပန်းနွမ်းနယ်ခြင်းများ ပြေပျောက်သွားလေ၏။ မိဖုရားကြီး ပဇာပတိသည် လက်ဆယ်ဖြာ ထိပ်မှာမိုးလျက် ဘုရားရှင်ကို လျှောက်ထား၏။
“သားတော်ဘုရား . . . မယ်တော်ကိုယ်တိုင် နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှေက်ခဲ့ရတဲ့ သားတော်ဘုရား မယ်တော်တို့ရှေ့မှာ ရှိနေတော့ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်တာ . . .။ သားတော်ရဲ့ နှစ်သိမ့်အားပေးတဲ့ စကားတွေကြောင့် မယ်တော်တို့ ပင်ပန်းခဲ့တာတွေ ပြေသွားပါပြီ . . .။ ပြီးခဲ့တဲ့ ရက်တွေကနေ ခုချိန်ထိ မယ်တော်တို့မှာ ပြောမပြနိုင်လောက်အောင် ချို့ချို့တဲ့တဲ့ ဆင်းရဲခဲ့ကြရပါတယ် သားတော်ဘုရား . . .။ ကပိလ၀တ်ကနေ ဒီကိုလာခဲ့ရတဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ လမ်းခရီးမှာ မယ်တော်တို့ ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ နှိုင်းစာလိုက်ရင် သားတော်ရဲ့ ခမည်းတော်ကြီး နတ်ရွာမစံခင်က မယ်တော်တို့ ခံစားခဲ့ရတဲ့ နန်းတော်ထဲက စည်းစိမ်ချမ်းသာတွေဟာ အိပ်မက်လိုပါပဲ . . .။ မယ်တော်တို့မှာ သားတော်ကလွဲလို့ တစ်ခြားကိုးကွယ်ရာ မရှိတော့ပါဘူး . . .။ မယ်တော်တို့မှာ ချို့ချို့တဲ့တဲ့နဲ့ အားကိုးရာမဲ့ ဖြစ်နေကြပါပြီ သားတော်ဘုရား . . .။”
“မယ်တော် . . . သားတော်ဆီက ဘယ်လို မှီခိုရာကို မျှော်လင့်တာလဲ။”
“သားတော် . . . သားတော်က မယ်တော်တို့ကို ငြင်းပယ်မလို့လား . . .။ မယ်တော်တို့ဟာ အတိဒုက္ခ ရောက်နေကြပြီး သားတော်ကို မှီခိုအားထား ကိုးစားဖို့ လာခဲ့ကြတာပါ . . .။ အို . . . သားတော်ဘုရား . . .။ သားတော်က မယ်တော်တို့ကို သားတော်ရဲ့ သာသနာတော်ထဲ သွပ်သွင်းမပေးဘူးဆိုရင် မယ်တော်တို့ ဒီနေရာမှာပဲ သေပွဲဝင်လိုက်ကြဖို့ပဲ ရှိပါတော့တယ် . . .။ အို . . . သားတော်ဘုရား . . .။ မယ်တော်ကိုယ်တိုင် သားတော်ကို နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့တာပါ . . .။ မယ်တော်ရဲ့ ဒီကျေးဇူးကို ထည့်သွင်းစဉ်းစာပါအုံး သားတော်ဘုရား . . .။ မယ်တော်တို့ကို စောင့်ရှောက်ပေးပါ သားတော်ဘုရား . . .။”
“မယ်တော် . . . မယ်တော့်ကိုရော ရောက်လာကြတဲ့ အမျိုးသမီးတွေကိုပါ သားတော် မငြင်းပယ်ပါဘူး။ သားတော်ကို အားကိုးလို့ လာတဲ့သူ ဘယ်သူ့ကိုမှ သားတော်က ပစ်ပစ်ခါခါ မလုပ်ပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့လည်း သားတော် မယူဆပါဘူး။ ဒါပေမယ့် နားထောင်ပါ့အုံး မယ်တော် . . .။ မယ်တော်တို့နဲ့ စပြီး ဘိက္ခုနီသာသနာ ထူထောင်လိုက်မယ်ဆိုရင် အမျိုးသမီးထုကြီးက ရဟန်းပြုချင်ကြလိမ့်မယ်။ သားတော်နဲ့ သားတော်ရဲ့ တပည့်သားသံဃာတွေဆီကနေ ရဟန်းမ အဖြစ်ကို ခံယူကြလိမ့်မယ်။ သားတော် ပရိနိဗ္ဗာန် စံပြီးတဲ့နောက်မှာလည်း ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့ကနေ ဆင်းသက်တဲ့ ရဟန်းသံဃာတွေကို ရဟန်းခံပေးဖို့ တောင်းဆိုကြလိမ့်မယ်။ ရဟန်းမ အဖြစ်ကို ခံယူကြလိမ့်မယ်။ ဂျိန်းသာသနာဝင် ရဟန်းတွေ ရဟန်းမတွေ တောရကျောင်းတွေမှာ နေပေမယ့် လင်နဲ့မယားတွေလို လောကီဆန်နေကြသလို သားတော် ပရိနိဗ္ဗာန် စံတဲ့အခါ သားတော်ရဲ့ အဆုံးအမကို ခံယူကြတဲ့ ရဟန်းတွေ ရဟန်းမတွေ ၀ိနည်းစည်းကမ်း မလိုက်နာဘဲ ယုတ်ယုတ်မာမာနဲ့ စာရိတ္တပျက်ပြားကုန်ကြတာမျိုး မဖြစ်စေချင်ဘူး။ မယ်တော် . . . သားတော်ရဲ့ သာသနာ ပျက်စီးလိမ့်မယ်။”
“သားတော် . . . မယ်တော်တို့ကို ရဟန်းသာ ပြုပေးပါ။ ဘိက္ခုနီသာသနာအတွက် တင်းကြပ်တဲ့ ၀ိနည်းစည်းကမ်းတွေ ချမှတ်ပါ။ သားတော် ချမှတ်ပြဌာန်းတဲ့ စည်းကမ်းချက် မှန်သမျှကို မယ်တော်တို့ လိုက်နာကျင့်သုံးပါ့မယ်။”
“မယ်တော် . . . သားတော်အနေနဲ့ ရဟန်းတွေအတွက် ၀ိနည်းတစ်မျိုး၊ ရဟန်းမတွေအတွက် ၀ိနည်းတစ်မျိုး မပညတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားတော်က ယောက်ျားရယ် မိန်းမရယ်လို့ မခွဲခြားလို့ပါပဲ။ စက်ဆုပ်စရာ ကာမစ္ဆန္ဒတွေထဲမှာ နစ်မြုပ်နေကြတဲ့ အယောင်ဆောင် ရဟန်းတွေနဲ့ အယောင်ဆောင် ရဟန်းမတွေ အလုံးလုံး အထွေးထွေး ဖြစ်ကုန်မှာကိုသာ သားတော်က ကန့်ကွက်တားမြစ်တာပါ။”
“အို . . . သားတော်ဘုရား . . .။ မယ်တော်တို့ သက်သာရာရမယ့် နည်းလမ်းမရှိတော့ဘူးလား”ဟု ဟစ်အော်ငိုကြွေးနေသူ ပဇာပတိ၏ ပါးပြင်တို့၌ မျက်ရည်များ စီးနေသည်။
သုဘာသည် ဘုရားရှင်ထံသို့ ဒူးထောက်လျက် လျှောက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဦးခေါင်းစိုက်ချလိုက်ကာ ငိုယိုလျက် ဘုရားရှင်ကို လျှောက်ထား၏။
“ရှင်တော်ဘုရား . . . မိန်းမသား အဖြစ်နဲ့ မွေးဖွားလာခဲ့ရတဲ့ ခိုကိုးရာမဲ့ တပည့်တော်တို့ကို ဘာဖြစ်လို့ သနားတော်မမူတာလဲ အရှင်ဘုရား . . .။ ၀ိမုတ္တိအကျင့်လမ်းကို တပည့်တော်တို့ အမျိုးသမီးတွေ မသိမြင်နိုင်ကြဘူးလား ဘုရား . . .။”
“သိမြင်နိုင်ပါတယ် သုဘာ . . .။ အမျိုးသမီးတွေ နိမ့်ကျတယ်၊ အမျိုးသမီးတွေ စက်ဆုပ်စရာကောင်းတယ်လို့ ငါ မပြောဖူးပါဘူး။ သုဘာ . . . အမျိုးသမီးတွေလည်း ၀ိမုတ္တိအကျင့်လမ်းကို သိမြင်နိုင်ပါတယ်။”
“ဒါဖြင့်ရင်လည်း ၀ိမုတ္တိအကျင့်လမ်း ညွှန်ပြတော်မူပါ အရှင်ဘုရား . . .။ ဘုရား၊ တရား၊ သံဃာကို တပည့်တော်တို့ တသက်လုံး ကိုးကွယ်ဆည်းကပ်ပါ့မယ် ဘုရား . . .။ တပည့်တော်မဟာ ပစ္စုပ္ပန်လောကနဲ့ တမလွန်လောကမှာ တည်ရှိနေတဲ့ ဆင်းရဲဒုက္ခကို အရှင်ဘုရား နားလည်နိုင်ဖို့ ဒုက္ခပြယုဂ် အနေနဲ့ မွေးဖွားလာခဲ့ရသူ ဖြစ်တယ်ဆိုတာ သတိရတော်မူပါ ဘုရား . . .။ တပည့်တော်ဟာ လမ်းတကာ လျှောက်သွားနေခဲ့တဲ့ အရူးမကြီး ဖြစ်ခဲ့ရပါတယ် ဘုရား . . .။ အဲဒီအရင်ကတော့ မောက်မာသူ သာကီဝင် မင်းသားတွေက သူတို့ကို ဖျော်ဖြေပေးဖို့ ကပိလ၀တ်ရဲ့ ပြည့်တန်ဆာအဖြစ် တပည့်တော်ကို ခန့်အပ်ခဲ့ပါသေးတယ် ဘုရား . . .။ တပည့်တော်လို ကူကယ်ရာ မဲ့နေသူတွေကို ကယ်တင်ဖို့ တရားထူး တရားမြတ် ရရှိအောင် ကြိုးစားအားထုတ်မယ်လို့ အရှင်ဘုရား ပြောခဲ့ဖူးတာကို သတိရတော်မူပါ ဘုရား . . .။ ဘယ်လောက်ဆိုးရွားတဲ့ အနှောင့်အယှက် အဟန့်အတားတွေ ရှိနေပါစေ အသက်ရှင်နေဆဲ သတ္တ၀ါတွေ၊ မွေးဖွားလာကြအုံးမယ့် သတ္တ၀ါတွေ၊ သတ္တ၀ါတွေ အနန္တကို ကယ်တင်နိုင်မယ့် နည်းလမ်း မရရအောင် ကြိုးပမ်းအားထုတ်မယ်လို့ အရှင်ဘုရား ပြောခဲ့ဖူးပါတယ် ဘုရား . . . (***)။ တပည့်တော်တို့မှာ ခိုးကိုးရာ မရှိပါ ဘုရား . . .။ တပည့်တော်တို့ ချို့ချို့တဲ့တဲ့ ဆင်းရဲနေကြရပါတယ် ဘုရား . . .။ သနားတော်မူပါ အရှင်ဘုရား . . .။ တပည့်တော်တို့ကို သာသနာတော်တွင်း ၀င်ရောက်ခွင့် ပြုတော်မူပါဘုရား . . .”ဟု သုဘာက တိုးလျှိုးတောင်းပန်၏။
“အမျိုးသမီးတို့ . . .။ သင်တို့ကို ရဟန်းပြုမပေးဘူးလို့ ငါ မပြောပါဘူး။ အမျိုးသမီးတွေကို သာသနာတော်အတွင်း ၀င်ရောက်ရဟန်းပြုခွင့် ပေးလိုက်ရင် သာသနာတော် ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာကိုသာ ပြောပြတာပါ။ ဒါပေမယ့် သင်တို့ကို ရဟန်းပြုခွင့် ပေးပါတယ်။ အမျိုးသမီးတို့ . . . ရဟန်းမပြုခင် ပထမဆုံး အနားယူလိုက်ကြဖို့ လိုပါတယ်။ ဒီည သက်တောင့်သက်သာ နေလိုက်ကြပါ။ ငါ သင်တို့ကို ရဟန်းပြုပေးပါ့မယ်”ဟု ဘုရားရှင်က ၀န်ခံတော်မူလေ၏။
:)
ရှင်အာစာရ
(***) တရားမင်းသခင် - ၁၀။ သုဘာ
တရားမင်းသခင် - ၂၃။ သုဘာနှင့် ပြန်တွေ့ခြင်း
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
Tuesday, November 15, 2011
Chicken and Duck - ကြက်နှင့်ဘဲ
ဒါကတော့ ဘုန်းကြီးတို့ရဲ့ ဆရာသမား ဆရာတော် Ajahn Chah မကြာခဏ ပြောပြလေ့ရှိတဲ့ ပုံပြင်လေး ဖြစ်ပါတယ်။
ရာသီဥတု သာယာတဲ့ နွေညနေခင်း တစ်ခုမှာပေါ့။ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ယောက်ဟာ တောစပ်တစ်ခုမှာ လမ်းလျှောက်နေကြတယ်။ ကြင်စဦး ဇနီးမောင်နှံအတွက် ကြည်နူးစရာကောင်းတဲ့ အချိန်ပေါ့။ သူတို့ ကြည်ကြည်နူးနူး လမ်းလျောက်နေကြတုန်းမှာ "ကွက် ကွက်"ဆိုတဲ့ ငှက်အော်သံ ထွက်ပေါ်လာတယ်။
"ကို . . . နာထောင်စမ်း . . .။
ကြက် ဖြစ်ရမယ်။"
"မဟုတ်ပါဘူးကွာ . . . ။
အဲဒါ ဘဲမြည်သံပါ။"
"မဟုတ်ဘူး။
မဟုတ်ဘူး။
ကြက်မြည်သံပါ ကိုရယ် . . .။"
"မဖြစ်နိုင်တာကွာ . . .။
ကြက်ဆိုရင် အောက်အီအီးအွတ်လို့ တွန်မှာပေါ့။ ဒါက ဘဲ။"
အမျိုးသားဖြစ်သူက စိတ်မရှည်တော့တဲ့ပုံနဲ့ ခပ်ပြတ်ပြတ် ရှင်းပြတယ်။
"ကွက် ကွက်"မြည်သံ ထွက်လာပြန်တယ်။
"ဘဲမြည်သံပါ ဆိုနေ။"
"ကို . . . ။ မဟုတ်ဘူး။
ကြက်။
သေချာတယ်။"
အမျိုးသမီးလည်း စိတ်တိုလာတယ်။ ခြေဆောင့် ဖနောက်ပေါက်လိုက်တယ်။
"တော်တော်ခက်တဲ့ မိန်းမပဲ . . .။
ဘကုန်း . . . နောက်ထိုးပစ် . . . ဘဲ။
အဲဒါ ဘဲ။"
အမျိုးသား အော်လိုက်တာ အမျိုးသမီး လန့်သွားတယ်။ ဒါပေ့မယ် အမျိုးသမီးကလည်း မလျှော့ဘူး။
"ကြက် . . . အဲဒါကြက်။
ရှင် . . . ရှင်နော် . . .။"
ပြောရင်းဆိုရင်း "ကွက် ကွက်"သံ ပေါ်လာပြန်တယ်။ အမျိုးသမီးကတော့ ငိုလုလု ဖြစ်နေပြီ။
"ကြက်ပါ ဆိုနေတဲ့ ဟာကို . . ."
အမျိုးသမီး မျက်ရည်ဝဲနေတာကို အမျိုးသား သတိထားမိလိုက်တယ်။ အဲဒီတော့မှ သတိဝင်လာပြီး မျက်နှာထား ပြင်လိုက်တယ်။ ကြိုးစားပြုံးရင် အသိမ်မွေ့ ဆုံး လေသံနဲ့
"ကိုယ် မှားပါတယ်ကွာ . . .။
ဟုတ်ပါတယ် . . . ။
အဲဒါ ကြက်ပါ . . .။"
အမျိုးသမီးလည်း ပြုံးတစ်ဝက် မဲ့တစ်နဲ့ "ဟုတ်"ဆိုပြီး အမျိုးသားရဲ့လက်ကို ခပ်တင်းတင်း ဆုပ်လိုက်တယ်။
သူတို့ ကြည်ကြည်နူးနူး လမ်းဆက်လျှောက်နေကြတုန်းမှာ "ကွက် ကွက်"မြည်သံ ထွက်လာပြန်တယ်။ ဇနီးမောင်နှံတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးနေကြတယ်။
ဒီပုံပြင်ရဲ့ အဆုံးမှာ "ကြက်ဖြစ်ဖြစ် ဘဲဖြစ်ဖြစ် ဘာမှအရေးမကြီးဘူး"လို့ အမျိုးသားက သဘောပေါက်သွားတယ်။ သာယာတဲ့ နွေဦးညနေခင်းမှာ သူတို့နှစ်ယောက် အပေးအယူမျှပြီး ကြည်ကြည်နူးနူး လမ်းလျှောက်ရဖို့က အဓိကလို့ သဘောပေါက်လိုက်တယ်။
ကြက်-ဘဲ ငြင်းရင်း ရန်ဖြစ်ကြတဲ့ အတွဲတွေ ဘယ်လောက်ရှိမလဲ။ အရေးမကြီးတဲ့ အငြင်းပွားမှုတွေကြောင့် ကွဲခဲ့ရတဲ့ အိမ်ထောင်တွေ ဘယ်လောက်များပြီလဲ။ ဒီပုံပြင်ကို နားလည်တဲ့ အိမ်ထောင်ရှင်တွေဟာ အိမ်ထောင်သည် ဘ၀မှာ ဘာကို ဦးစားပေးရမယ်ဆိုတာ သိကြပါလိမ့်မယ်။ ကြက်-ဘဲအရေးထက် အိမ်ထောင်ရေးက ပိုပြီးတော့ အရေးကြီးပါတယ်။ ကိုယ်မှန်တယ်လို့ အခိုင်အမာ ယူဆထားတာတွေ မှားနေတာကို နောက်မှ သိရတတ်ပါတယ်။ ဒီ ပုံပြင်ထဲက "ကွက် ကွက်"မြည်သံပဲ ဆိုပါစို့။ ဘာသံလဲ။ ကြက်သံလား ဘဲသံလား။ မျိုးဗီဇ ပြောင်းလဲဖန်တီးထားတဲ့ကြက်က ဘဲသံမြည်တာ မဖြစ်နိုင်ဘူးလား။
ချစ်သူချင်း တွဲကြတဲ့ နေရာမှာတင် မကပါဘူး။ နေရာတိုင်းမှာ အရေးမပါတာကို ငြင်းမနေကြဖို့ လိုပါတယ်။ အိမ်မှာ။ ကျောင်းမှာ။ အလုပ်မှာ။ ရပ်ကွက်ထဲမှာ။ ရွာထဲမှာ။ မြို့ထဲမှာ။ နိုင်ငံထဲမှာ။ ကမ္ဘာပေါ်မှာ။
:)
ရှင်အာစာရ
------------
Ref: pp 31-32, Chicken and Duck, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
Monday, November 14, 2011
Partner - ကြင်ဖော်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကပါ။ စင်္ကာပူမှာ မင်္ဂလာပွဲတစ်ခု ကျင်းပခဲ့တယ်။ မင်္ဂလာပွဲ ပြီးတဲ့အချိန်မှာ သတိုးသမီးရဲ့ အဖေက သားမက်ဖြစ်သူကို ခေါ်ပြီး ဆုံးမသြ၀ါဒ ပေးတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ကို ရေရှည်ခိုင်မြဲအောင်လုပ်ဖို့ နည်းပေးလမ်းပြ လုပ်တာပါ။
“မောင်ရင် . . . လာပါအုံး။ မင်း ငါ့သမီးကို တော်တော်ချစ်ပုံရပါတယ်။”
“ဟုတ်ကဲ့။ ချစ်ပါတယ် ခင်ဗျာ။”
“ငါ့သမီးဟာ ဒီကမ္ဘာပေါ်မှာ အလှဆုံးလို့ မင်း ထင်ချင်ထင်မယ်။”
“ဟုတ်ကဲ့။ သူဟာ အဘက်ဘက်က ပြည့်စုံသူပါ။ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။”
“အေး . . . ဒါကြောင့်ပဲ မင်း ငါ့သမီးကို လက်ထပ်ခဲ့တာပေါ့။
ဒါပေမယ့် နှစ်နှစ် သုံးနှစ်လောက်ဆိုရင် မင်း ငါ့သမီးရဲ့ အပြစ်အနာအဆာတွေကို မြင်လာပါလိမ့်မယ်။
မင်း သူ့အပြစ်တွေ မြင်ရတဲ့တစ်နေ့မှာ အခု ငါပြောတာတွေကို သတိရလိုက်ပါ။
သူမှာ အဲ့ဒီ အပြစ်အနာအဆာတွေ မရှိဘူးဆိုရင် ခုချိန်မှာ သူဟာ မင့်ထက်သာတဲ့ကောင် တစ်ယောက်နဲ့ လက်ထပ်ပြီးသား ဖြစ်လောက်ပြီ။ ဒါကို မှတ်ထားပါ။”
စုံတွဲတွေ အနေနဲ့ ကိုယ့်အိမ်ထောင်ဘက်ရဲ့ အပြစ်အနာအဆာတွေ တွေ့ရရင် ကျေကျေနပ်နပ် လက်ခံလိုက်ကြဖို့ပါ။
သူ့မှာ ဒီ အပြစ်အနာအဆာတွေ မရှိခဲ့ရင် သူက ကိုယ်ထက်သာတဲ့သူနဲ့ လက်ထပ်ခဲ့မှာကိုး။
:)
ရှင်အာစာရ
------------
Ref: pp 32-33, Gratitude, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
Sunday, November 13, 2011
တရားမင်းသခင် - . . .။ အမှန်သို့ ချဉ်းကပ်ခြင်း
ဘုရားရှင်သည် တပည့်သား သံဃာတော်တို့နှင့်အတူ ကောသတိုင်းအတွင်း၌ ဒေသစာရီ ကြွချီတော်မူရာ တစ်နေ့သ၌ ကေသမုတ္တိရွာသို့ ရောက်ရှိတော်မူ၏။ ကေသမုတ္တိရွာသည် ကာသိတိုင်းနှင့် ကောသလတိုင်းတို့၏ နယ်စပ်ဒေသ၌ တည်ရှိသောကြောင့် စည်ကား၏။ တိုင်းဒေသကြီး နှစ်ခုလုံးမှ လူ့အလွှာစုံတို့ ၀င်ထွက်သွားလာရာ၊ ကြင်လည်ကျက်စားရာ ဖြစ်သောကြောင့် မြို့ပြအလား စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်၏။ ကေသမုတ္တိရွာ၌ ကာလာမ အနွယ်ဝင်တို့ နေထိုင်ကြ၏။ ကာလာမတို့သည် ပညာလိုလားသူများ ဖြစ်ကြ၏။ အမြော်အမြင် ဆင်ခြင်ဉာဏ် ပညာနှင့် ပြည့်စုံကြ၏။ ဆင်ခြင်စဉ်းစား တွေးခေါ်တတ်ကြ၏။ ပြောတိုင်းယုံသူများ မဟုတ်ကြပေ။ တွေးခေါ်စဉ်းစားတတ်သူများ၊ အကြားအမြင် ဗဟုသုတ ကြွယ်ဝသူများ၊ ပညာတတ်များ၊ လူယဉ်ကျေးများအဖြစ် သူတို့ကိုယ်သူတို့ လက်ခံယုံကြည်ထားသူများ ဖြစ်ကြ၏။
ကာလာမတို့သည် ဘုရားရှင် ရောက်မလာခင်ကပင် ဘုရားရှင်၏ ကျော်စောသတင်းကို ကြားသိထားကြပြီး ဖြစ်၏။ ဘုရားရှင်သည် သာကီဝင်မင်းမျိုးမှ ရဟန်းပြုခဲ့သူဖြစ်ကြောင်း၊ သစ္စာလေးပါးကို ကိုယ်တိုင်ထိုးထွင်း၍ သိသူဖြစ်ကြောင်း၊ သိသည့်အတိုင်း ကျင့်သုံးသူဖြစ်ကြောင်း၊ အပြောအဟော ကောင်းသူဖြစ်ကြောင်း၊ လောကအကြောင်း လူတို့အကြောင်း ကောင်းကောင်းကြီး နားလည်သူဖြစ်ကြောင်း၊ ဆုံးမသင့်သူကို ဆုံးမရာ၌ အထူးကျွမ်းကျင်သူဖြစ်ကြောင်း၊ အားလုံးက ဆရာတင်ထားရသူဖြစ်ကြောင်း၊ ယခုအခါ၌ လူနတ်ဗြဟ္မာတို့၏ လေးမြတ်ကော်ရော် ပူဇော်မှုကို ခံယူရရှိနေသူဖြစ်ကြောင်း စသည်ဖြင့် သတင်းကြားထားကြပြီး ဖြစ်၏။ ဘုရားရှင်ကို ကိလေသာ ကုန်ခန်းပြီးသူအဖြစ် လေးလေးစားစား လက်ခံထားကြသော ကာလာမတို့သည် အချင်းချင်း စုဝေးတိုင်ပင်ကြပြီးလျှင် ဘုရားရှင်နှင့် စကားဆွေးနွေးရန်အတွက် ဘုရားရှင် ရှိရာသို့ အုပ်စုလိုက် သွားရောက်ကြလေ၏။ ကာလာမတို့ ရောက်လာချိန်၌ ဘုရားရှင်သည် ကေသမုတ္တိရွာအနီး တောစပ်ရှိ သစ်ပင်တစ်ပင်အောက်၌ သီတင်းသုံးတော်မူနေ၏။
ကာလာမတို့သည် ဘုရားရှင်၏ ထံတော်ပါးသို့ ရောက်ရှိကြသောအခါ ဘုရားရှင်ကို ရှိခိုး၍ အရိုအသေ ပေးကြ၏။ ဘုရားရှင်၏ အနီးအပါး၌ သင့်တော်သလို နေရာယူပြီးကြသောအခါ အချို့က ၎င်းတို့၏ အမျိုးအနွယ်၊ အမည်နာမ စသည်ကို ပြောကြား၍ ဘုရားရှင်ကို နှုတ်ဆက်ကြ၏။ အချို့က လက်အုပ်ချီလျက်သာ နှုတ်ဆိတ်နေကြ၏။ ရွာသားအားလုံးတို့ ဘုရားရှင်၏ အနီးအပါး၌ နေသားတကျ ဖြစ်သွားကြပြီး ဖော်ရွေပျူငှာသည့် ဘုရားရှင်နှင့် ရင်းနှီကျွမ်းဝင်သွားကြသောအခါ ရွာသားတစ်ယောက်က ဘုရားရှင်ကို လျှောက်ထား၏။
“အရှင်ဘုရား . . . အရှင်ဘုရား ကြွမလာခင်က ဘာသာရေးသမား ဂုရုကြီး တော်တော်များများ တပည့်တော်တို့ဆီကို လာခဲ့ကြပါတယ် ဘုရား။ တပည့်တော်တို့က အတွေးအခေါ် အယူအဆတွေ၊ ဘာသာဝါဒတွေကို စိတ်ဝင်ကြတဲ့အတွက် တပည့်တော်တို့ဆီကို တွေးခေါ်ရှင်ကြီးတွေ၊ ဘာသာခေါင်းရေးဆောင်ကြီးတွေ လာကြတာပါ ဘုရား။
သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ၊ သူတို့ရဲ့ ဘာသာဝါဒတွေက တစ်ခုနဲ့တစ်ခု မတူကြပါ ဘုရား။ မတူတာတွေထဲမှာကိုပဲ လေးစားလောက်တာတွေ၊ မှတ်သားသင့်တာတွေတော့ ပါပါတယ် ဘုရား။ သူတို့အားလုံးမှာ ထူးခြားချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ် ဘုရား။ သူတို့အားလုံးရဲ့ ဆွေးနွေးပြောချက်တွေ တော်တော်များများကို တပည့်တော်တို့ လက်ခံနိုင်ကြပါတယ် ဘုရား။ ဒါပေမယ့် သူတို့အချင်းချင်းကတော့ အယူအဆချင်း၊ ဘာသာဝါဒချင်း နှီးနှောစေ့စပ်လို့ မရကြပါ ဘုရား။ သူတို့ချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပြီဆိုရင် တပည့်တော်တို့ နားလည်ရ ခက်ကုန်ပါတယ် ဘုရား။ တစ်ဘက်နဲ့တစ်ဘက် နှိမ်ချပုတ်ခတ်တာတွေ၊ ထိပါးစော်ကားတာတွေ၊ ကိုယ့်အယူအဆ ကိုယ့်ဝါဒကို မြှောက်ပင့်ကြ ချီးမွမ်းကြပြီး သူ့အယူအဆ သူ့ဝါဒကို ကဲ့ရဲ့ကြ ထိပါးကြတာတွေ ရှိလာတဲ့အခါမှာ တပည့်တော်တို့ သံသယပွားရပါတယ် ဘုရား။ ဘယ်ဟာ အမှန်လို့ မဆုံးဖြတ်နိုင်အောင် ဖြစ်ကြရပါတယ် ဘုရား . . .။”
ရွာသား၏ လျှောက်ထားချက်တို့ကို အလေးအနက်ထား၍ စိတ်ဝင်တစား နားထောင်တော်မူနေသည့် ဘုရားရှင်သည် ရွာသား၏ စကားအဆုံး၌ အေးဆေးတည်ငြိမ်စွာ မှတ်ချက်ချတော်မူ၏။
“မှန်တာပေါ့ . . .။ သံသယ ဖြစ်သင့်တာပေါ့။ ဆန့်ကျင်ငြင်းခုံတာတွေကို ကြားရတဲ့အခါမှာ စဉ်းစားတတ်တဲ့ နားထောင်သူတွေ သံသယ ဖြစ်ကြရတာပေါ့။ နှစ်ဘက် ငြင်းခုံသူတွေက လေးစားလောက်သူတွေ ဖြစ်နေရင် တစ်ဘက်ဘက်ကို လိုက်ပါဆုံးဖြတ်ဖို့ ပိုခက်တာပေါ့။
အမှန်တရားဆီ ချဉ်းကပ်တဲ့နေရာမှာ စံထားသင့်တဲ့ အချက်အလက်တွေ ရှိတယ်။ ငါ ပြောပြမယ်။ စဉ်းစဉ်းစားစား နားထောင်ကြပါ။
အမှန်တရား မြတ်နိုးသူဟာ သူတစ်ပါးပြောတဲ့ စကားအတိုင်း မှန်တယ်လို့ အတည်မယူရဘူး။ အစဉ်အလာ ယုံကြည်ထားတာမို့လည်း မှန်တယ်လို့ အတည်မယူရဘူး။ လူပြောများနေရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ စာပေကျန်းဂန်ထဲမှာ ပါတယ်ဆိုရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ အထင်နဲ့ မှန်းဆပြီးတော့လည်း မှန်တယ်လို့ အတည်မယူရဘူး။ နည်းမှီယူပြီးတော့လည်း မှန်တယ်လို့ အတည်မယူရဘူး။ အကြောင်းအရာကို ကြံစည်သုံးသပ်ပြီး သင့်တော်တယ် ထင်ရရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ ကိုယ့်အယူအဆ ကိုယ့်အမြင်နဲ့ ကိုက်ညီနေရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ လေးစားလောက်သူရဲ့ စကားဖြစ်ရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ ဆရာသမားရဲ့ စကားဖြစ်နေရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ (***)
ကာလာမတို့ . . . ဘယ်လို သဘောရသလဲ။ အမှန်တရားဆီ ရောက်ရှိဖို့ ကြိုးစာရာမှာ ဒါတွေကို စံအဖြစ် အသုံးပြုသင့်သလား၊ အသုံးမပြုသင့်ဘူးလား။ ငါ့စကားကို ထောက်ခံသလား၊ ကန့်ကွက်သလား။”
ဘုရားရှင်၏ အတွေးလမ်း ဖွင့်ပေးသော ဒေသနာတော်သည် နက်နက်နဲနဲ တွေးခေါ်စဉ်းစားတတ်သည့် ကာလာမတို့နှင့် အံဝင်ခွင်ကျ ဖြစ်နေ၏။ ရဲ့ရင့်ပြတ်သား၍ ရိုးသားပွင့်လင်းသော ဒေသနာတော်ကို ကာလာမတို့ အလေးအနက် ထောက်ခံကြလေ၏။ တစ်ယောက်ပြီးတစ်ယောက် ဘုရားရှင်ကို လျှောက်ထားကြ၏။
“တစ်ဆင့်စကား ကြားရရုံနဲ့ မှန်တယ်လို့ မယူသင့်ပါ ဘုရား။ ကိုယ်ပိုင်ဉာဏ်နဲ့ မသုံးသပ်နိုင်သူတွေ၊ အတွေ့အကြုံ နည်းပါးသူတွေကတော့ ပြောတိုင်းယုံတတ်ကြပါတယ် ဘုရား။ ဒါပေမယ့် သူတို့ ယုံကြည်တိုင်း အမှန် မဟုတ်နိုင်ပါ ဘုရား။”
“ဘိုးစဉ်ဘောင်ဆက် လက်ခံခဲ့တာတွေ အားလုံးကို မှန်တယ်လို့ မဆိုနိုင်ပါ ဘုရား။ အစဉ်အလာ ယုံကြည်ချက်တွေထဲမှာ အမှားရော အမှန်ရော ရောထွေးနေတတ်ပါတယ် ဘုရား။ အမှားကို ပယ်စွန့်ပြီး အမှန်ကိုပဲ ယူရမှာပါ ဘုရား။”
“ဆင်ခြင်တုံ နည်းတဲ့သူတွေဟာ အုတ်အုတ်ကျက်ကျက် လူပြောများနေတာတွေ၊ အနှစ်မဲ့တဲ့ ကောလဟလ အရပ်စကားတွေကို အဟုတ်ထင်တတ်ကြပါတယ် ဘုရား။ အခြေအမြစ် မရှိတာတွေကို အမှန်ထင်ပြီး ၀မ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ ၀မ်းသာခြင်း၊ မျော်လင့်ခြင်းတွေ ဖြစ်တတ်ကြပါတယ် ဘုရား။ အဲဒီလို မဖြစ်ရအောင် ဆင်ခြင်သုံးသပ်ကြရမှာပါ ဘုရား . . .။”
“စာပေကျမ်းဂန်တွေထဲမှာ ကျမ်းပြုသူရဲ့ အယူအမြင်တွေပဲ ပါပါတယ် ဘုရား။ ကျမ်းစာရဲ့ တန်ဖိုးဟာ ကျမ်းဆရာအပေါ်မှာ တည်ပါတယ် ဘုရား။ ကျမ်းစာအဆို မှန်သမျှကို အမှန်တရားစစ်စစ်လို့ မဆိုနိုင်ပါ ဘုရား။ ကာလဒေသအလိုက် မှန်ကန်တာတွေလည်း ကျမ်းစာထဲမှာ ပါနိုင်ပါတယ် ဘုရား။ ကျမ်းစာအဆို မှန်သမျှဟာ အချိန်တိုင်း နေရာတိုင်းမှာ အမှန်တရား မဖြစ်နိုင်ပါ ဘုရား။”
“လူ့အတွေးဟာ လူ့အတွေးသာ ဖြစ်ပါတယ် ဘုရား။ အမှန်တရား မဟုတ်ပါ ဘုရား။ အထင်နဲ့ မှန်းဆချက်တွေဟာ အမှန်တရားနဲ့ တစ်ခြားစီ ဖြစ်နေတတ်ပါတယ် ဘုရား။ လူ့အတွေးဟာ လူကို လမ်းမှန်ပေါ် ရောက်အောင်တော့ တွန်းတင်ပေးနိုင်ပါတယ် . . .။ ဒါပေမယ့် လူ့အတွေးဟာ အန္တိမ အမှန်တရား မဖြစ်နိုင်ပါ ဘုရား။”
“အမှန်တရား တစ်ခုမှာ ဂုဏ်သတ္တိ အမျိုးမျိုး ရှိနေတတ်ပါတယ် ဘုရား။ အမှန်တရားကို ဖော်ထုတ်ရာမှာ နည်းအမျိုးမျိုး ရှိရပါမယ် ဘုရား။ အမှန်တရား တစ်ခုကို ဖော်ထုတ်တဲ့နည်းနဲ့ တစ်ခြားအမှန်တရားတွေကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ တရားသေ တွက်မထားသင့်ပါ ဘုရား။ တရားသေနည်း တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပါ ဘုရား။”
“စဉ်းစားပြီးမှ လက်ခံတာဟာ ကောင်းပါတယ် . . .။ ဒါပေမယ့် သာမန်အသိဉာဏ်ရဲ့ ကျက်စားရာ နယ်ပယ်ထဲ ၀င်လာရုံနဲ့ မှန်ပြီလို့ မဆိုနိုင်ပါ ဘုရား။ ယုတ္တိရှိတယ်၊ အထောက်အထားရှိတယ်၊ မှန်ကန်တယ်လို့ သတ်မှတ်ထားတာတွေလည်း မှားတတ်တာပါပဲ ဘုရား. . .။”
“ကိုယ့်ရဲ့ အတွေးအမြင်ဟောင်း အယူအဆဟောင်းတွေနဲ့ တစ်ထပ်တည်း ကျနေရုံနဲ့ ပြီးပြည့်စုံတဲ့ အမှန်တရား မဖြစ်နိုင်ပါ ဘုရား . . .။ ကိုယ့်အမြင်နဲ့ တူနေလို့ အမှန်အဖြစ် လိုက်ခံနိုင်ခြင်းဟာ ဉာဏ်ပညာရဲ့ အလုပ်ကိစ္စ မဟုတ်ပါ ဘုရား။ အမှတ်သညာရဲ့ အလုပ်ကိစ္စသာ ဖြစ်ပါတယ် ဘုရား။”
“လေးစားလောက်သူရဲ့ စကား၊ ဆရာသမားရဲ့ စကား ဖြစ်နေရုံနဲ့လည်း အမှန်တရားလို့ မယူရဘူးဆိုတော့ အခု အရှင်ဘုရား ပြောနေတာတွေကိုလည်း မစဉ်းစားဘဲ လက်မခံနဲ့လို့ ဆိုလိုတာလား ဘုရား . . .။”
ဘုရားရှင်သည် ရွာသား၏ အမေးကို နှုတ်မြွက်၍ ဖြေဆိုတော် မမူပေ။ ကရုဏာ အပြည့်နှင့် ပြုံးလျက်သာ နှုတ်ဆိတ်တော်မူနေ၏။ သို့ဖြစ်၍ ရွာသားက ဆက်လက် လျှောက်ထား၏။
“အရှင်ဘုရား . . . ထူးဆန်းလှပါပေတယ်။ အံ့သြစရာ ကောင်းလှပါပေတယ် . . .။ ငါ့တရားသာ မှန်ကန်တယ်လို့ ကြွေးကြော်တတ်တဲ့ လေးစားလောက်သူ ဂုရုကြီးတွေရဲ့ အဆုံးအမတွေနဲ့ ကွာခြားလှပါပေတယ်။ အရှင်ဘုရားရဲ့ ရဲရင့်ပွင့်လင်းတဲ့ ဟောကြားချက်တွေကို နာယူခွင့် ရကြတဲ့ တပည့်တော်တို့ ကံကောင်းလှပါတယ် ဘုရား . . .။”
“ကောင်းမြတ်လှပါပေတယ် ကာလာမတို့ . . .။ သာဓု သာဓု သာဓု . . .။ ကာလာမတို့ . . . အရာရာကို ဘက်ပေါင်းစုံကနေ စေ့စေ့စပ်စပ် စဉ်းစားတွေးခေါ်သုံးသပ်ပြီး ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက် ချမှတ်နိုင်မှ အမှန်တရားဆီ ရောက်လိမ့်မယ်။
အပြစ်ရှိတဲ့ အကုသိုလ်တွေကို အကုသိုလ်လို့ ကိုယ်တိုင် သိတယ်ဆိုရင်၊ ပညာရှိတွေ ကဲ့ရဲ့ကြတဲ့ အကုသိုလ်လို့ ကိုယ်တိုင် သိတယ်ဆိုရင်၊ ကျူးလွန်သူကို ပျက်စီးစေတတ်တဲ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ်လို့ ကိုယ်တိုင် သိတယ်ဆိုရင် အဲဒီလို အကုသိုလ်ကို ပယ်စွန့်ရမယ်။
ကာလာမတို့ . . . စဉ်းစားကြည့်ကြစမ်းပါ။ တပ်မက်မှု လောဘတွေ၊ အမျက်ထွက်မှု ဒေါသတွေ၊ တွေဝေမှု မောဟတွေ သတ္တဝါတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာပြီဆိုရင် အကျိုးရှိမလား၊ အကျိုးယုတ်မလား။”
“အကျိုးယုတ်မှာပါ ဘုရား . . .။”
“မှန်ပါတယ် ကာလာမတို့ . . .။ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် သတ္တ၀ါတွေဟာ သူတစ်ပါး အသက်ကိုလည်း သတ်ကြတယ်။ သူတစ်ပါး မပေးတာကိုလည်း ခိုးယူကြတယ်။ သူတစ်ပါးရဲ့ သားမယားကိုလည်း ကျူးလွန်သွားလာကြတယ်။ မဟုတ်မမှန်တဲ့ စကားကိုလည်း ပြောဆိုကြတယ်။ ဒီလို အကုသိုလ်တွေကို ကိုယ်တိုင်ပြုလုပ်ကြရုံတင် မကဘဲ သူတစ်ပါးကိုလည်း အကုသိုလ်မှုတွေ ကျူးလွန်အောင် တိုက်တွန်းကြတယ်။ ဒီလို အကုသိုလ်တွေဟာ ကျူးလွန်သူအတွက် အကျိုးမဲ့ဖို့ ဆင်းရဲဖို့ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား။”
“ဖြစ်နိုင်ပါတယ် ဘုရား . . .။ လောဘ၊ ဒေါသ၊ မောဟတွေဟာ ဘယ်နည်းနဲ့မှ ကောင်းကျိုးမပေးနိုင်ပါဘူး . . .။”
“ကာလာမတို့ . . . နောက်တစ်ကြိမ်ထပ်ပြီး စဉ်းစားကြည့်လိုက်ကြစမ်းပါအုံး။ ဒါတွေဟာ ကုသိုလ်တရားတွေလား၊ အကုသိုလ်တရားတွေလား။”
“အကုသိုလ်တွေပါ ဘုရား . . .။ သေချာပါတယ် ဘုရား . . .။”
“အပြစ်ရှိသလား မရှိဘူးလား။”
“အပြစ်ရှိပါတယ် ဘုရား။”
“ပညာရှိတွေ ကဲ့ရဲ့ကြမလား၊ ချီးမွမ်းကြမလား။”
“ကဲ့ရဲ့ကြမှာပါ ဘုရား။”
“စိတ်ထဲ ရှိတဲ့အတိုင်းသာ ဖြေပါ။ ဒီ အကုသိုလ်တွေကို ကျူးလွန်ရင် အကျိုးမဲ့ပြီး ဆင်းရဲမှာလား၊ မဆင်းရဲဘူးလား။”
“ဆင်းရဲမှာပါ ဘုရား . . .။”
“ကောင်းပါပြီ ကာလာမတို့ . . .။ ဒီ အကုသိုလ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟတို့ကတော့ အပြစ်ကင်းကြတယ်။ အလောဘတွေ၊ အဒေါသတွေ၊ အမောဟတွေကိုတော့ ပညာရှိတို့ ချီးမွမ်းကြတယ်။ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ် တရားဆိုးတွေရဲ့ နှိပ်စက်မှုဒဏ် မခံရတဲ့ သူတွေဟာ သူ့အသက်ကိုလည်း မသတ်ကြဘူး။ သူတစ်ပါး မပေးတာကိုလည်း ခိုးမယူကြဘူး။ သူတစ်ပါးရဲ့ သားမယားကိုလည်း မကျူးလွန်ကြဘူး။ မဟုတ်မမှန်တဲ့ စကားကိုလည်း မပြောဆိုကြဘူး။ ဒီလို အကုသိုလ်တွေကို ကိုယ်တိုင် ရှောင်ကြဉ်ကြရုံတင် မကဘဲ သူတစ်ပါးကိုလည်း ရှောင်ကြဉ်ဖို့ တိုက်တွန်းကြတယ်။ ဒီလို ကုသိုလ်တွေကို ကျင့်သုံးရင် အကျိုးစီးပွား ရရှိလိမ့်မယ်။ ချမ်းသာလိမ့်မယ်။ သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ဖြေကြပါ။ ဒါကို လက်ခံနိုင်ကြသလား၊ လက်မခံနိုင်ကြဘူးလား။”
“လက်ခံနိုင်ပါတယ် ဘုရား . . .။”
“ကာလာမတို့ . . . နားလည်သဘောပေါက်လို့ လက်ခံနိုင်ကြတယ်ဆိုရင် ဒီ ကုသိုလ်တရားတွေကိုသာ လိုက်နာကျင့်သုံးကြပေတော့။”
“အရှင်ဘုရား . . . တစ်ချို့ဂုရုကြီးတွေက ကံနဲ့ ကံရဲ့အကျိုးကို ငြင်းပယ်ကြပါတယ် ဘုရား။ ဘ၀သံသရာကိုလည်း လက်မခံကြပါ ဘုရား။ ပြုလုပ်တဲ့ကံအတွက် စိုးရိမ်စရာ မလိုဘူး၊ သတ္တ၀ါတိုင်းအတွက် လက်ရှိဘ၀သာ အရေးကြီးတယ်လို့ ဆိုကြပါတယ် ဘုရား . . .။”
“သူတို့ ယုံကြည်သလို ကံနဲ့ကံရဲ့အကျိုး မရှိဘူး၊ နောက်ဘ၀လည်း မရှိဘူး ဆိုရင်တော့ အခုဘ၀မှာ နေချင်သလိုနေတာ သက်သာပါတယ်။ ပြဿနာ မရှိပါဘူး။ ကံနဲ့ကံရဲ့အကျိုး ရှိနေတယ်၊ နောက်ဘ၀လည်း ရှိနေတယ် ဆိုရင်တော့ အခုဘ၀မှာ နေချင်သလိုနေတာဟာ အန္တရာယ် တော်တော်ကြီးတာပဲ။ မကောင်းမှုတွေ ပြုလုပ်မိပြီး နောက်ဘ၀မှာ မကောင်းကျိုးတွေ ခံစားရလိမ့်မယ်။
ကာလာမတို့ . . . ငါ့ရဲ့ တပည့်သာဝကတွေဟာ မက်မောခြင်း အဘိဇ္ဈာ ကင်းကြတယ်။ ပျက်စီးစေလိုခြင်း ဗျာပါဒလည်း မရှိကြဘူး။ မတွေဝေကြဘူး။ ဆင်ခြင်တုံတရားလည်း ရှိကြတယ်။ သတိလည်း မြဲကြတယ်။ အရပ်ဆယ်မျက်နှာမှာ ရှိကြတဲ့ သတ္တ၀ါမှန်သမျှကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးနဲ့ ဆက်ဆံကြတယ်။ အရပ်ဆယ်မျက်နှာကို ဗြဟ္မစိုရ် စိတ်ဓာတ်နဲ့ အာရုံပြုကြတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဟာ ဘေးရန်ကင်းတယ်။ ကြောင့်ကြကင်းတယ်။ မညစ်ညူးဘူး။ ဖြူစင်တယ်။ အေးချမ်းတယ်။ ဒီလို ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ နေထိုင်ကြတဲ့အတွက် ရဲရဲရင့်ရင့် ရှိကြတယ်။
ကာလာမတို့ . . . ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ နေထိုင်ကြတဲ့ ငါ့ရဲ့ တပည့်သာဝကတွေ အတွက်တော့ ကံနဲ့ကံရဲ့အကျိုး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ နောက်ဘ၀ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာမှ ပြဿနာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရဲရဲရင့်ရင့် နေထိုင်ရှင်သန်နိုင်ကြတယ်။”
ဘုရားရှင်၏ ရှင်းလင်းဟောကြားချက်များ အဆုံး၌
“တပည့်တော်တို့ နှစ်ထောင်းအားရ ရှိလှပါတယ် ဘုရား . . .။ အရှင်ဘုရား ဟောကြားတာတွေကို လိုလိုလားလား လက်ခံပါတယ် ဘုရား . . .။ သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ခိုင်ခိုင်မာမာ ဆုံးဖြတ်တာပါ ဘုရား . . .။ တပည့်တော်တို့အားလုံး ရတနာသုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ကြပါမယ် ဘုရား . . .”ဟု
နှုတ်သွက်သည့် ရွာသားတစ်ယောက်က တက်တက်ကြွကြွ ၀မ်းမြောက်ဝမ်းသာ လျှောက်ထားလိုက်ရာ ရွာသားအားလုံးတို့သည် ဘုရားရှင်ကို တစ်ပြိုင်တက်တည်း ဦးညွတ်ရှိခိုးလိုက်ကြလေ၏။
:)
ရှင်အာစာရ
-----
(***)
မာ အနုဿဝေန၊
မာ အနုဿဝေန၊
မာ မရမ္ပရာယ၊
မာ ဣတိ ကိရာယ၊
မာ ပိဋကသမ္ပဒါနေန၊
မာ တက္ကဟေတု၊
မာ နယဟေတု၊
မာ အာကာရပရိဝိတက္ကေန၊
မာ ဒိဋ္ဌိနိဇ္ဈာနကန္တိယာ၊
မာ ဘဗ္ဗရူပတာယ၊
မာ သမဏော နော ဂရူတိ။
ကေသမုတ္တိသုတ် (ကာလာမသုတ်)၊ တိကနိပါတ်၊ အင်္ဂုတ္တရနိကာယ်
ကြံတွေးခြင်း
ကြံစည်စဉ်းစားခြင်းသည် ကောင်းသောအလေ့အကျင့် ဖြစ်၏။ ဘာသာရပ် တစ်ခုခုကို လေ့လာလျှင်ဖြစ်စေ၊ ကိစ္စတစ်ခုခုကို ဆောင်ရွက်လျှင်ဖြစ်စေ ကြံတွေးဆင်ခြင်နိုင်မှ အကျိုးများ၏။ သို့ဖြစ်၍ အရာရာတိုင်း၌ တွေးခေါ်စဉ်းစားတတ်ရမည်ဟု ဆိုကြ၏။ ကြံစည်ခြင်းကို တန်ဖိုးထားကြသည်။ အားပေးကြသည်။ အတွေးအကြံသည် ဘ၀အတွက် အရေးကြီးသောကြောင့် ကလေးသူငယ် ဘ၀ကပင် ဘက်ပေါင်းစုံမှ ကြည့်၍ တွေးတတ်ကြံတတ်အောင် လေ့ကျင့်သင်ကြားပေးကြသည်။ အတွေးအခေါ်ကို ပိတ်ပင်သည့် ပညာရေး စနစ်ကို ရှုံ့ချကြသည်။
ဗုဒ္ဓဘာသာကလည်း ကြံစည်ခြင်းကို တန်ဖိုထား၏။ အားပေး၏။ အလွန်ဆုံးအားဖြင့် မှန်ကန်သောအကြံကို သမ္မာသင်္ကပ္ပဟု သတ်မှတ်သည်။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်အကျင့်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အကြံအစည်ကို တန်ဖိုးထား၍ အားပေးသည့် ဒေသနာတော် များစွာရှိသည်။ သို့သော် အကျိုးမဲ့ ကြံစည်ခြင်းမျိုး မဖြစ်စေရန် ပြင်းပြင်းထန်ထန် သတိပေးထားသည်ကို အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ အစိန္တေယျသုတ်၌ တွေ့ရ၏။
အစိန္တေယျသုတ်တော်အရ အောက်ပါလေးမျိုးတို့ကို မကြံအပ်ပေ။
၁။ ဘုရားရှင်၏ ဘုရားအရာ၊
၂။ ဈာန်ရသူတို့၏ ဈာန်အရာ၊
၃။ ကံအကျိုး၊
၎။ လောက။
ဤလေးမျိုးတို့ကို ကြံတွေးလျှင် ဆင်းရဲပင်ပန်း ရုံသာရှိမည်၊ ရူးသွပ် ရုံသာရှိမည်ဟု ဘုရားရှင် ဟောတော်မူ၏။
အရဟံ အစရှိသော ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဉာဏ်မီသလောက် လေ့လာကျက်မှတ်၍ ထိုဂုဏ်တို့ကို ကြံစည်စဉ်းစား ဆင်ခြင်လျှင် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများသည်မည်၏။ ထူးမြတ်သော ကုသိုလ်တရား ဖြစ်၏။ သို့သော် ဘုရားရှင်၏ ဂုဏ်တော်တို့ကို မည်သူမျှ ပြည့်ပြည့်စုံစုံ မသိမမြင်နိုင်ပေ။ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော် အစွမ်းထက်ပုံ၊ ဂုဏ်တော်များ ထူးခြားဆန်းကြယ်ပုံ စသည်ကို စူးစမ်းလိုစိတ်ဖြင့် ကျိုးကြောင်းယုတ္တိရှာ၍ ကြံတွေးခြင်းသည် အကျိုးမဲ့သော လုပ်ရပ်သာ ဖြစ်၏။
ထို့အတူပင် ဈာန်တရား၏ အစွမ်းထက်ပုံ၊ ကံတရား၏ အကျိုးပေပုံ နှင့် လောကကြီး၏ ဖြစ်တည်ပုံတို့ကို ဘုရားရှင်မှတစ်ပါး မည်သူမျှ အပြည့်အစုံ မသိနိုင်ပေ။ သာဝကတို့ အနေဖြင့် ဘုရားရှင် ဟောကြားသည့်အတိုင်း လက်ခံယုံကြည်ရန်သာ ရှိတော့သည်။ ဈာန်အကြောင်း၊ ကံအကြေင်း၊ လောကအကြောင်းတို့ကို ပြည့်ပြည့်စုံစုံ သိရှိရန် စူးစမ်းလိုစိတ်ဖြင့် အတောမသတ်နိုင်အောင် ကြံတွေးမနေသင့်ပေ။
“ဘုရား” နှင့် “ဈာန်”၊
“ကံ” နှင့် “လောက”၊
ဤလေးဝ၊
မကြံကြလေရာ။
ကြံပါသော်လည်း၊
သိနိုင်ခဲ၊
ဆင်းရဲ ရူးရုံသာ။
:)
ရှင်အာစာရ
-----
အစိန္တေယျသုတ်၊ အပဏ္ဏက၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တရနိကာယ်
Subscribe to:
Posts (Atom)

