“သုဇာတာဟိုတယ်”သည် ဂယာမြို့တော်၌ အဆင့်မြင့်ဟိုတယ်တစ်ခု ဖြစ်သည်ဟု ဧည့်လမ်းညွှန်က ပြောသည်။ Dlink အင်တာနက်လှိုင်း ထုတ်လွှင့်ပေးနေသော ဤ အဆင့်မြင့်ဟိုတယ်၏ ဧည့်ကြိုကောင်တာ အနီးတစ်ဝိုက်၌ ခြင်တစ်ကောင်စ နှစ်ကောင်စ အသံတိတ်ပျံသန်းနေ၏။ အနှေးပျံ ဖြစ်သည်။ လူကို မကိုက်၍ တော်သေးသည်။
နံနက်လေးနာရီ၌ ဟိုတယ်ဝင်းတံခါး ပွင့်၏။ ဟိုတယ်တံခါးဖွင့်ချိန်၌ ဟိုတယ်အနီး လမ်းဘေးကျူးကျော်တဲမှ မိသားစုလည်း နိုးထလျက် ရှိနေကြပြီ ဖြစ်၏။ အအေးသက်သာအောင် အလျှံပယ်ကြွယ်ဝသည့် အမှိုက်စုတ်တို့ကို လောင်စာပြု၍ မီးလှုံနေကြသည်။
ပိုင်ရှင်မဲ့ ခွေးခြောက်ကောင်ကား အချင်းချင်း စုပြုံတိုးဝှေ့၍ အအေးသက်သာအောင် ကြိုးစားရင်း နှပ်နေကြသည်။ တအီအီ ညည်းလောက်အောင် မချမ်း။
မနေ့ညက စည်းကားခဲ့သော လမ်းဘေးဈေးတန်း မဖွင့်သေး။ တန်ဖိုးနည်း လက်ဆောင်ပစ္စည်းများ ရောင်းချကြသည်။ မုံရွာရှစ်ရက်ပွဲ လက်ကျန်ပွဲဈေးလောက်နီးပါး စည်ကားသည်။ ပုတီး၊ ဘုရားပုံတော်နှင့် အခြား တိုလီမိုလီများ။ အပေါစား ဖိနပ်များ။ အိုခွက်ပန်းဂံများ။ ကရေကရာကဲ့သို့သော စားစရာများ။ (ကရေကရာလောက် ကောင်းဟန်မတူ။) မလန်းဆန်းလှသည့် ပန်းပွင့်ဝါ၀ါများ။ (မွှေးလည်း မွှေးဟန်မတူ။) ဈေးတန်းမဖွင့်သေး၍ ဖုန်သိပ်မထ။
သုဇာတာဟိုတယ်မှ မဟာဗောဓိသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ရသည်။ ဘုရားဖူးများ မစည်ကားလှသေး။ အ၀င်မုခ်ဝ၌ သူတောင်းစား နှစ်ဆယ့်ငါးယောက်ခန့် တန်းစီထိုင်နေကြသည်။ OTယူထားကြခြင်းလား မသိ။ ရုံးချိန်မဟုတ်သည်မှာ သေချာ၏။ ဂျူတီချိန်း၍ နှစ်ဆယ့်လေးနာရီ ၀န်ဆောင်မှု ပေးနေကြခြင်းလည်း ဖြစ်နိုင်သည်။
ကြာပန်းများ လန်းဆန်းလှသည်။ ကြာပန်းရောင်းသည့် ကုလားလေးတို့ကား မလန်း။ ရေလိုလည်း အေးဟန်မတူ။ ပန်းလိုလည်း မွှေးပုံမပေါ်။ ကျောင်းနေပျော်၍ စာတော်သူများလည်း ဟုတ်ပုံမရ။ အသက် ဆယ်နှစ်အောက်။
မြန်မာ မုံ့လက်ကောက်နှင့်တူ၏။ မုံလက်ကောက်ထက် ပိုကြီးသည်။ မုံ့ရောင်းသည့် တိဗက်မလေးတို့ ရိုးသားကြဟန်တူ၏။ ပလောင် (သို့) ပအို့ (သို့) မြန်မာတိုင်းရင်းသူ တစ်မျိုးမျိုးနှင့် မျက်နှာပေါက်ဆင်သည်။ အ၀တ်အစား၊ ကိုယ်ဟန်အနေအထားနှင့် ပြုံးပုံများလည်း ဆင်တူသည်။
ဖိနပ်လက်ခံကောင်တာလည်း မဖွင့်သေး။ ဘုရားလည်း မဖွင့်သေး။ မဟာဗောဓိစေတီ ပတ်ပတ်လည်၌ ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာတို့ ၀တ်ပြုနေကြသည်။ နံနက် ငါးရီမှ စေတီလိုဏ်ခေါင်းတံခါး ဖွင့်မည်။ ၀တ်ပြုသူ အများစုမှာ တိဗက်ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။ အလျားမှောက်ရှိခိုးကြသည်။ မှောက်လိုက် မတ်တတ်ရပ်လိုက်၊ မှောက်လိုက် မတ်တတ်ရပ်လိုက်။ အကြိမ်များစွာ။ ရှိခိုးကြိမ်ရေ ရာ ထောင် သောင်းချီ ရှိနိုင်သည်။ ရှိခိုးရင်း ရေသောက်နားသည်။ မုန့်စားသည်။ ပြီးလျှင် ပြန်စသည်။
မြန်မာ နှင့် ထိုင်း ဘုန်းတော်ကြီးများ အသံမစဲ မဟာပဋ္ဌာန်းပွဲ ကျင်းပနေကြသည်။ ရတနာဃရ နေရာမြတ်ကို ငုံ၍ ပဋ္ဌာန်းဇရပ်လုပ်ထားသည်။
မြန်မာရဟန်းတော်တစ်ပါး မဟာဗောဓိပင်အောက်၌ အမှိုက်လှဲနေ၏။ ရေမဆေး။ ညောင်သီး ညောင်ဖတ်ကြွေကျ၍ သမံတလင်း ညစ်ပတ်နေသည်။ ဗောဓိပင်နှင့် မဟာဗောဓိစေတီ အကြား၌ရှိသော “အပရာဇိတပလ္လင်”သည် သိပ်မခမ်းနားလှ။ ဗောဓပင်နှင့် ရွှေပလ္လင်ကို ခြံခတ်ထားသည်။
မဟာဗောဓိသည် ဘုရားပွင့်တော်မူရာ နေရာမြတ်ပင် ဖြစ်သော်လည်း ရွှေတိဂုံလောက် သပ်ရပ်ခန်းနားခြင်းမရှိ။ လူမရှိန်လောက်။ သန့်လည်း မသန့်ရှင်း။ အနံဆိုးလည်း မကင်း။
စေတီဝင်းမှ ထွက်လိုက်သည်နှင့် ပဋ္ဌာန်းရွတ်သံ မကြားရတော့။ ကျောင်းတစ်ကျောင်းမှ အသံချဲ့စက်နှင့် ဘုရားဝတ်ပြုသံ၊ ပရိတ်ရွတ်သံ။ ဗလီကျောင်းမှ ကုလားဘုရားရှိခိုးသံ။ ဘုရားဈေး မဖွင့်သေး။ ဟိုတယ်မှာလည်း နံနက်စောစောစာ ခုနစ်နာရီးထိုမှ ရမည်။
:)
ရှင်အာစာရ
22Nov11
22Nov11
No comments:
Post a Comment