Wednesday, November 16, 2011

တရားမင်းသခင် - ၃၇။ အမျိုးသမီးတို့ လွတ်မြောက်လမ်း

(. . . . . နှင့် အဆက်)

ဘုရားရှင်ကို ပထမဆုံး မြင်လိုက်သူမှာ ယသောဓရာ ဖြစ်၏။ မြို့ပြင် တောအုပ်အတွင်းရှိ မီးလင်းနေသည့် ကုဋာဂါရကျောင်းတော်၌ ဘုရားသခင် ရှိနေသည်။ ယသောဓရာသည် ဘုရားရှင်ကို မြင်လျှင်မြင်ချင်း ရပ်တန့်လိုက်ပြီး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးနေ၏။ ယသောဓရာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသည်။ ယသောဓရာ၏ အ၀တ်အစားတို့လည်း ရွှံ့များရေများ ပေကျံစိုရွှဲနေသည်။ သို့ဖြစ်၍ ယသောဓရာသည် ဘုရားရှင်နှင့် မျက်နှားချင်းဆိုင်ရန် အခက်တွေ့နေသဖြင့် မလှုပ်မယှက် ရပ်နေ၏။ ရာဟုလာကို အနီးသို့ ဆွဲခေါ်လိုက်ပြီး ဦးခေါင်းကို လက်နှင့်ပုပ်ပေးနေသည်။ ဒုက္ခသည် အမျိုးသမီးတို့သည် ဘုရားရှင်ကို တွေ့ရချိန်၌ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍သာ အခြေအနေကို အကဲခတ်နေကြ၏။ အဝေးမှ နေ၍သာ ဘုရားရှင်ကို ရှိခိုးကြပြီး ကျောင်းတော်၏ အရိပ်သို့ ၀င်ရောက်၍ မိုးခိုကြ၏။ ချမ်းလွန်း၍ အမှောင်ထဲ၌ ခိုက်ခိုက်တုန်နေကြ၏။ မိုးခိုရင်း အလိုလို ၀မ်းနည်းလာသည်ဖြစ်၍ ငိုကြလေသည်။

အမှောင်ကပ်၍ မိုးခိုနေကြစဉ် ရာဟုလာသည် မိခင်၏ရင်ခွင်မှ လျှောထွက်လိုက်ပြီး ဘုရားရှင်ထံသို့ ၀င်ပြေးလေ၏။ ယသောဓရာ လိုက်ဖမ်း၍ တားမြစ်သော်လည်း လွတ်ထွက်သွား၏။ ရေစိုအ၀တ်များနှင့် ရာဟုလာသည် သူ့ခမည်းတော် ဘုရားရှင်၏ ခြေတော်ရင်း၌ လှဲချလိုက်၏။ ထို့နောက် ဘုရားရှင်၏ သင်္ကန်းတော်အစွန်းဖြင့် သူ့မျက်နှာကို သုပ်နေရင်း မျက်ရည်သွန်ချ၍ ငိုလေသည်။ ဘုရာရှင်သည် ရွှံ့များရေများ စိုရွှဲနေသော သူငယ်ရာဟုလာကို ပုခုံးမှဆွဲယူ၍ မတ်မတ်ရပ်စေတော်မူ၏။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည့် သူငယ်၏ အခြေအနေကို သိမြင်တော်မူသော ဘုရားရှင်သည် သူငယ်ကို ဆုပေးစကား မြွက်ကြား၍ နှုတ်ဆက်တော်မူ၏။

“ကလေး . . . ရာဟုလာ . . .။ ကျန်းမာချမ်းသာပါစေ . . .။ သတိထားပါ ရာဟုလာ . . .။”

သူငယ်ရာဟုလာသည် ဘုရားရှင်၏ သိမ်မွေ့သော ထိတွေ့မှုအောက်၌ တဖြည်းဖြည်းချင်း အငိုတိတ်သွား၏။ အတန်ငယ်ကြာသည်အထိ ရှိုက်သံကား ထွက်နေသေးသည်။ ထိုရှိုက်သံလည်း တဖြည်းဖြည်းချင်း တိတ်သွား၏။ အငိုတိတ်သွားသော ရာဟုလာသည် အိပ်မက်ဆိုးမှ ထမြောက်လာသူကဲ့သို့ ခေါင်းထောင်၍ ကြည့်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို သိလိုဇောနှင့် စူးစမ်းကြည့်နေ၏။ ထို့နောက် ဘုရားရှင်ကို လျှောက်ထား၏။

“ဖေဖေ ဘုန်းဘုန်းဘုရား . . .။ တပည့်တော်တို့ကို ကယ်တော်မူပါ ဘုရား . . .။ မယ်တော်ရော၊ အဖွားတော်ရော၊ အရီးတော်တွေပါ စိုးရိမ်ပူဆွေးနေကြပါတယ် ဘုရား . . .။ သူတို့ ငိုနေကြပါတယ် ဘုရား . . .။ သုဘာ၊ မာလာ နဲ့ ခုဇ္ဇုတ္တရာတို့လည်း ငိုနေကြပါတယ် ဘုရား . . .။ အို . . . ဖေဖေ ဘုန်းဘုန်းဘုရား . . .။ တပည့်တော်တို့ကို ကယ်တော်မူပါ ဘုရား . . .။”

ရှင်အာနန္ဒာသည် ဖြစ်ကြောင်းကုန်စင်ကို အဝေးမှ စောင့်ကြည့်နေ၏။ ရှင်ဒေ၀ဒတ်သည် ငိုကြွေးနေသည့် အမျိုးသ္မီးများ မည်သူမည်ဝါတို့ဖြစ်ကြောင်း မသိသည်ဖြစ်၍ အမျိုးသမီးတို့ထံသို့ သွားရောက်၍ မေးမြန်စုံစမ်း၏။ အမျိုးသမီး အုပ်စုထဲ၌ သူ၏ အစ်မတော် ယသောဓရာ ပါနေလိမ့်မည်ဟု နည်းနည်းလေးမှ မထင်မိခဲ့ပေ။ ပြေပြင်ပေါ်၌ လဲလျောင်းရင်း ငိုနေသည့် ယသောဓရာသည် သူ့မောင် ရှင်ဒေ၀ဒတ်၏ အသံကို ကြားရသောအခါ လွတ်လွတ်ပွင့်ပွင့် ငိုချလိုက်လေ၏။

ယသောဓရာသည် မျက်နှာကို လက်အစုံနှင့်အုပ်၍ ငိုနေသောကြောင့် အသံကိုသာ ကြားလိုက်ရသည်။ ဘာကိုမှ မမြင်ပေ။ အားရပါးရ ငိုနေရင်း သူ့မောင် ရှင်ဒေ၀ဒတ်၏ အသံ မကြားရတော့သဖြင့် အလင်းရောင်ရှိရာသို့ မျက်လုံးဖွင့်၍ ကြည့်လိုက်ရာ ရာဟုလာနှင့်အတူ သူ့ဆီလာနေသော ဘုရားရှင်ကို တွေ့လိုက်ရသည်။ ဆာလောင်မွတ်သိမ့် နေသူသည် သောက်စရာရေကို မြင်လိုက်ရသကဲ့သို့ ယသောဓရာသည် ဘုရားရှင်ကို ကျေကျေနပ်နပ် အားပါးတရ ကြည့်နေလေ၏။ ထို့နောက် သတိထား၍ မတ်တတ်ရပ်ရင်း မျက်ရည်များကို သုပ်လိုက်သည်။ ထိုစဉ် ဘုရားရှင်၏ ညင်သာသိမ်မွေ့၍ အပြစ်ကင်းသော စကားသံ ထွက်ပေါ်လာ၏။

“နားထောင်ကြပါ။ အမှောင်ကထွက်ပြီး အလင်းထဲ လာကြပါ။ ကိုးကွယ်အားထားရာ ပေးပါတယ်။”

မိဖုရားကြီး ပဇာပတိနှင့် သုဘာတို့သည် အားအင်ကုန်ခမ်းနေကြသဖြင့် မတ်တတ်မရပ်နိုင်ကြသောကြောင့် အလျားမှောက်၍ တွားသွားလျက် အမှောင်မှ အလင်းသို့ ထွက်လာကြလေ၏။ အားလုံး၏ နောက်မှ ယသောဓရာ ထွက်လာ၏။ ဆံပင်တို့ ဖရိုဖရဲ ပြန်ကျဲနေပြီး တစ်ကိုယ်လုံးလည်း ရွှံ့နွံတို့ ပေကျံနေသော ရသောဓရာသည် တစ်လှမ်းချင်း ထွက်လာပြီး ဘုရားရှင်၏ ရှေ့တော်မှောက်၌ လဲကျကာ မေ့မျောလုနီးပါး ဖြစ်သွား၏။ ယသောဓရာခမျာ တုန်တုန်ခိုက်ခိုက် ဖြစ်နေရင်း ဘုရားရှင်ကို ရှိခိုးရန် လက်နှစ်ဘက်ကို ကြိုးစား၍ မတင် ပူးယှက်နေ၏။ သို့သော် ချိနဲ့နေသော ယသောဓရာ၏ လက်တို့သည် နွမ်းလျစွာ ပြုတ်ကျသွား၏။

“မယ်တော် . . .၊ ယသောဓရာ . . .၊ ရာဟုလာ . . .၊ မာလာ . . .၊ သုဘာတို့ . . .၊ ခုဇ္ဇုတ္တရာတို့ . . . .။ နားထောင်ကြပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ . . .။ အခု ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ဖို့ အမှောင်ကနေ အလင်းထဲ ထွက်လာခဲ့ကြပြီး ဘုရားရှင်ရဲ့ ရှေ့တော်မှောက် ရောက်နေကြပြီပဲ။ ဒီလိုကြီး အောက်ကြမ်းပြင်မှာ ခြေပစ်လက်ပစ် မနေကြပါနဲ့။ နူးညံ့သိမ့်မွေ့တဲ့၊ တည်ငြိမ်အေးချမ်းတဲ့ ဘုရားရှင်ကို ဖူးလိုက်ကြစမ်းပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

အမျိုးသမီးတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြကာ ကြမ်းပြင်ပေါ်၌ သင့်တင့်သပ်ရပ်စွာ နေရာယူ၍ ထိုင်ကြလေ၏။ အမျိုးသမီးတို့ ဘုရား၏ မျက်နှာတော်ကို အားပါးတရ စေ့စေ့ဖူး၍ လက်ဆယ်ဖြာ ထိပ်မှာမိုးလျက် ဘုရားရှင်ကို ရှိခိုးဦးခိုက်ကြစဉ် ၎င်းတို့၏ မောပန်းနွမ်းနယ်ခြင်းများ ပြေပျောက်သွားလေ၏။ မိဖုရားကြီး ပဇာပတိသည် လက်ဆယ်ဖြာ ထိပ်မှာမိုးလျက် ဘုရားရှင်ကို လျှောက်ထား၏။

“သားတော်ဘုရား . . . မယ်တော်ကိုယ်တိုင် နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှေက်ခဲ့ရတဲ့ သားတော်ဘုရား မယ်တော်တို့ရှေ့မှာ ရှိနေတော့ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်တာ . . .။ သားတော်ရဲ့ နှစ်သိမ့်အားပေးတဲ့ စကားတွေကြောင့် မယ်တော်တို့ ပင်ပန်းခဲ့တာတွေ ပြေသွားပါပြီ . . .။ ပြီးခဲ့တဲ့ ရက်တွေကနေ ခုချိန်ထိ မယ်တော်တို့မှာ ပြောမပြနိုင်လောက်အောင် ချို့ချို့တဲ့တဲ့ ဆင်းရဲခဲ့ကြရပါတယ် သားတော်ဘုရား . . .။ ကပိလ၀တ်ကနေ ဒီကိုလာခဲ့ရတဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ လမ်းခရီးမှာ မယ်တော်တို့ ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ နှိုင်းစာလိုက်ရင် သားတော်ရဲ့ ခမည်းတော်ကြီး နတ်ရွာမစံခင်က မယ်တော်တို့ ခံစားခဲ့ရတဲ့ နန်းတော်ထဲက စည်းစိမ်ချမ်းသာတွေဟာ အိပ်မက်လိုပါပဲ . . .။ မယ်တော်တို့မှာ သားတော်ကလွဲလို့ တစ်ခြားကိုးကွယ်ရာ မရှိတော့ပါဘူး . . .။ မယ်တော်တို့မှာ ချို့ချို့တဲ့တဲ့နဲ့ အားကိုးရာမဲ့ ဖြစ်နေကြပါပြီ သားတော်ဘုရား . . .။”

“မယ်တော် . . . သားတော်ဆီက ဘယ်လို မှီခိုရာကို မျှော်လင့်တာလဲ။”

“သားတော် . . . သားတော်က မယ်တော်တို့ကို ငြင်းပယ်မလို့လား . . .။ မယ်တော်တို့ဟာ အတိဒုက္ခ ရောက်နေကြပြီး သားတော်ကို မှီခိုအားထား ကိုးစားဖို့ လာခဲ့ကြတာပါ . . .။ အို . . . သားတော်ဘုရား . . .။ သားတော်က မယ်တော်တို့ကို သားတော်ရဲ့ သာသနာတော်ထဲ သွပ်သွင်းမပေးဘူးဆိုရင် မယ်တော်တို့ ဒီနေရာမှာပဲ သေပွဲဝင်လိုက်ကြဖို့ပဲ ရှိပါတော့တယ် . . .။ အို . . . သားတော်ဘုရား . . .။ မယ်တော်ကိုယ်တိုင် သားတော်ကို နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့တာပါ . . .။ မယ်တော်ရဲ့ ဒီကျေးဇူးကို ထည့်သွင်းစဉ်းစာပါအုံး သားတော်ဘုရား . . .။ မယ်တော်တို့ကို စောင့်ရှောက်ပေးပါ သားတော်ဘုရား . . .။”

“မယ်တော် . . . မယ်တော့်ကိုရော ရောက်လာကြတဲ့ အမျိုးသမီးတွေကိုပါ သားတော် မငြင်းပယ်ပါဘူး။ သားတော်ကို အားကိုးလို့ လာတဲ့သူ ဘယ်သူ့ကိုမှ သားတော်က ပစ်ပစ်ခါခါ မလုပ်ပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့လည်း သားတော် မယူဆပါဘူး။ ဒါပေမယ့် နားထောင်ပါ့အုံး မယ်တော် . . .။ မယ်တော်တို့နဲ့ စပြီး ဘိက္ခုနီသာသနာ ထူထောင်လိုက်မယ်ဆိုရင် အမျိုးသမီးထုကြီးက ရဟန်းပြုချင်ကြလိမ့်မယ်။ သားတော်နဲ့ သားတော်ရဲ့ တပည့်သားသံဃာတွေဆီကနေ ရဟန်းမ အဖြစ်ကို ခံယူကြလိမ့်မယ်။ သားတော် ပရိနိဗ္ဗာန် စံပြီးတဲ့နောက်မှာလည်း ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့ကနေ ဆင်းသက်တဲ့ ရဟန်းသံဃာတွေကို ရဟန်းခံပေးဖို့ တောင်းဆိုကြလိမ့်မယ်။ ရဟန်းမ အဖြစ်ကို ခံယူကြလိမ့်မယ်။ ဂျိန်းသာသနာဝင် ရဟန်းတွေ ရဟန်းမတွေ တောရကျောင်းတွေမှာ နေပေမယ့် လင်နဲ့မယားတွေလို လောကီဆန်နေကြသလို သားတော် ပရိနိဗ္ဗာန် စံတဲ့အခါ သားတော်ရဲ့ အဆုံးအမကို ခံယူကြတဲ့ ရဟန်းတွေ ရဟန်းမတွေ ၀ိနည်းစည်းကမ်း မလိုက်နာဘဲ ယုတ်ယုတ်မာမာနဲ့ စာရိတ္တပျက်ပြားကုန်ကြတာမျိုး မဖြစ်စေချင်ဘူး။ မယ်တော် . . . သားတော်ရဲ့ သာသနာ ပျက်စီးလိမ့်မယ်။”

“သားတော် . . . မယ်တော်တို့ကို ရဟန်းသာ ပြုပေးပါ။ ဘိက္ခုနီသာသနာအတွက် တင်းကြပ်တဲ့ ၀ိနည်းစည်းကမ်းတွေ ချမှတ်ပါ။ သားတော် ချမှတ်ပြဌာန်းတဲ့ စည်းကမ်းချက် မှန်သမျှကို မယ်တော်တို့ လိုက်နာကျင့်သုံးပါ့မယ်။”

“မယ်တော် . . . သားတော်အနေနဲ့ ရဟန်းတွေအတွက် ၀ိနည်းတစ်မျိုး၊ ရဟန်းမတွေအတွက် ၀ိနည်းတစ်မျိုး မပညတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားတော်က ယောက်ျားရယ် မိန်းမရယ်လို့ မခွဲခြားလို့ပါပဲ။ စက်ဆုပ်စရာ ကာမစ္ဆန္ဒတွေထဲမှာ နစ်မြုပ်နေကြတဲ့ အယောင်ဆောင် ရဟန်းတွေနဲ့ အယောင်ဆောင် ရဟန်းမတွေ အလုံးလုံး အထွေးထွေး ဖြစ်ကုန်မှာကိုသာ သားတော်က ကန့်ကွက်တားမြစ်တာပါ။”

“အို . . . သားတော်ဘုရား . . .။ မယ်တော်တို့ သက်သာရာရမယ့် နည်းလမ်းမရှိတော့ဘူးလား”ဟု ဟစ်အော်ငိုကြွေးနေသူ ပဇာပတိ၏ ပါးပြင်တို့၌ မျက်ရည်များ စီးနေသည်။

သုဘာသည် ဘုရားရှင်ထံသို့ ဒူးထောက်လျက် လျှောက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဦးခေါင်းစိုက်ချလိုက်ကာ ငိုယိုလျက် ဘုရားရှင်ကို လျှောက်ထား၏။

“ရှင်တော်ဘုရား . . . မိန်းမသား အဖြစ်နဲ့ မွေးဖွားလာခဲ့ရတဲ့ ခိုကိုးရာမဲ့ တပည့်တော်တို့ကို ဘာဖြစ်လို့ သနားတော်မမူတာလဲ အရှင်ဘုရား . . .။ ၀ိမုတ္တိအကျင့်လမ်းကို တပည့်တော်တို့ အမျိုးသမီးတွေ မသိမြင်နိုင်ကြဘူးလား ဘုရား . . .။”

“သိမြင်နိုင်ပါတယ် သုဘာ . . .။ အမျိုးသမီးတွေ နိမ့်ကျတယ်၊ အမျိုးသမီးတွေ စက်ဆုပ်စရာကောင်းတယ်လို့ ငါ မပြောဖူးပါဘူး။ သုဘာ . . . အမျိုးသမီးတွေလည်း ၀ိမုတ္တိအကျင့်လမ်းကို သိမြင်နိုင်ပါတယ်။”

“ဒါဖြင့်ရင်လည်း ၀ိမုတ္တိအကျင့်လမ်း ညွှန်ပြတော်မူပါ အရှင်ဘုရား . . .။ ဘုရား၊ တရား၊ သံဃာကို တပည့်တော်တို့ တသက်လုံး ကိုးကွယ်ဆည်းကပ်ပါ့မယ် ဘုရား . . .။ တပည့်တော်မဟာ ပစ္စုပ္ပန်လောကနဲ့ တမလွန်လောကမှာ တည်ရှိနေတဲ့ ဆင်းရဲဒုက္ခကို အရှင်ဘုရား နားလည်နိုင်ဖို့ ဒုက္ခပြယုဂ် အနေနဲ့ မွေးဖွားလာခဲ့ရသူ ဖြစ်တယ်ဆိုတာ သတိရတော်မူပါ ဘုရား . . .။ တပည့်တော်ဟာ လမ်းတကာ လျှောက်သွားနေခဲ့တဲ့ အရူးမကြီး ဖြစ်ခဲ့ရပါတယ် ဘုရား . . .။ အဲဒီအရင်ကတော့ မောက်မာသူ သာကီဝင် မင်းသားတွေက သူတို့ကို ဖျော်ဖြေပေးဖို့ ကပိလ၀တ်ရဲ့ ပြည့်တန်ဆာအဖြစ် တပည့်တော်ကို ခန့်အပ်ခဲ့ပါသေးတယ် ဘုရား . . .။ တပည့်တော်လို ကူကယ်ရာ မဲ့နေသူတွေကို ကယ်တင်ဖို့ တရားထူး တရားမြတ် ရရှိအောင် ကြိုးစားအားထုတ်မယ်လို့ အရှင်ဘုရား ပြောခဲ့ဖူးတာကို သတိရတော်မူပါ ဘုရား . . .။ ဘယ်လောက်ဆိုးရွားတဲ့ အနှောင့်အယှက် အဟန့်အတားတွေ ရှိနေပါစေ အသက်ရှင်နေဆဲ သတ္တ၀ါတွေ၊ မွေးဖွားလာကြအုံးမယ့် သတ္တ၀ါတွေ၊ သတ္တ၀ါတွေ အနန္တကို ကယ်တင်နိုင်မယ့် နည်းလမ်း မရရအောင် ကြိုးပမ်းအားထုတ်မယ်လို့ အရှင်ဘုရား ပြောခဲ့ဖူးပါတယ် ဘုရား . . . (***)။ တပည့်တော်တို့မှာ ခိုးကိုးရာ မရှိပါ ဘုရား . . .။ တပည့်တော်တို့ ချို့ချို့တဲ့တဲ့ ဆင်းရဲနေကြရပါတယ် ဘုရား . . .။ သနားတော်မူပါ အရှင်ဘုရား . . .။ တပည့်တော်တို့ကို သာသနာတော်တွင်း ၀င်ရောက်ခွင့် ပြုတော်မူပါဘုရား . . .”ဟု သုဘာက တိုးလျှိုးတောင်းပန်၏။

“အမျိုးသမီးတို့ . . .။ သင်တို့ကို ရဟန်းပြုမပေးဘူးလို့ ငါ မပြောပါဘူး။ အမျိုးသမီးတွေကို သာသနာတော်အတွင်း ၀င်ရောက်ရဟန်းပြုခွင့် ပေးလိုက်ရင် သာသနာတော် ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာကိုသာ ပြောပြတာပါ။ ဒါပေမယ့် သင်တို့ကို ရဟန်းပြုခွင့် ပေးပါတယ်။ အမျိုးသမီးတို့ . . . ရဟန်းမပြုခင် ပထမဆုံး အနားယူလိုက်ကြဖို့ လိုပါတယ်။ ဒီည သက်တောင့်သက်သာ နေလိုက်ကြပါ။ ငါ သင်တို့ကို ရဟန်းပြုပေးပါ့မယ်”ဟု ဘုရားရှင်က ၀န်ခံတော်မူလေ၏။

 
:)
ရှင်အာစာရ


(***)  တရားမင်းသခင် - ၁၀။ သုဘာ
တရားမင်းသခင် - ၂၃။ သုဘာနှင့် ပြန်တွေ့ခြင်း

Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment