ကြံစည်စဉ်းစားခြင်းသည် ကောင်းသောအလေ့အကျင့် ဖြစ်၏။ ဘာသာရပ် တစ်ခုခုကို လေ့လာလျှင်ဖြစ်စေ၊ ကိစ္စတစ်ခုခုကို ဆောင်ရွက်လျှင်ဖြစ်စေ ကြံတွေးဆင်ခြင်နိုင်မှ အကျိုးများ၏။ သို့ဖြစ်၍ အရာရာတိုင်း၌ တွေးခေါ်စဉ်းစားတတ်ရမည်ဟု ဆိုကြ၏။ ကြံစည်ခြင်းကို တန်ဖိုးထားကြသည်။ အားပေးကြသည်။ အတွေးအကြံသည် ဘ၀အတွက် အရေးကြီးသောကြောင့် ကလေးသူငယ် ဘ၀ကပင် ဘက်ပေါင်းစုံမှ ကြည့်၍ တွေးတတ်ကြံတတ်အောင် လေ့ကျင့်သင်ကြားပေးကြသည်။ အတွေးအခေါ်ကို ပိတ်ပင်သည့် ပညာရေး စနစ်ကို ရှုံ့ချကြသည်။
ဗုဒ္ဓဘာသာကလည်း ကြံစည်ခြင်းကို တန်ဖိုထား၏။ အားပေး၏။ အလွန်ဆုံးအားဖြင့် မှန်ကန်သောအကြံကို သမ္မာသင်္ကပ္ပဟု သတ်မှတ်သည်။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်အကျင့်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အကြံအစည်ကို တန်ဖိုးထား၍ အားပေးသည့် ဒေသနာတော် များစွာရှိသည်။ သို့သော် အကျိုးမဲ့ ကြံစည်ခြင်းမျိုး မဖြစ်စေရန် ပြင်းပြင်းထန်ထန် သတိပေးထားသည်ကို အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ အစိန္တေယျသုတ်၌ တွေ့ရ၏။
အစိန္တေယျသုတ်တော်အရ အောက်ပါလေးမျိုးတို့ကို မကြံအပ်ပေ။
၁။ ဘုရားရှင်၏ ဘုရားအရာ၊
၂။ ဈာန်ရသူတို့၏ ဈာန်အရာ၊
၃။ ကံအကျိုး၊
၎။ လောက။
ဤလေးမျိုးတို့ကို ကြံတွေးလျှင် ဆင်းရဲပင်ပန်း ရုံသာရှိမည်၊ ရူးသွပ် ရုံသာရှိမည်ဟု ဘုရားရှင် ဟောတော်မူ၏။
အရဟံ အစရှိသော ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဉာဏ်မီသလောက် လေ့လာကျက်မှတ်၍ ထိုဂုဏ်တို့ကို ကြံစည်စဉ်းစား ဆင်ခြင်လျှင် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများသည်မည်၏။ ထူးမြတ်သော ကုသိုလ်တရား ဖြစ်၏။ သို့သော် ဘုရားရှင်၏ ဂုဏ်တော်တို့ကို မည်သူမျှ ပြည့်ပြည့်စုံစုံ မသိမမြင်နိုင်ပေ။ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော် အစွမ်းထက်ပုံ၊ ဂုဏ်တော်များ ထူးခြားဆန်းကြယ်ပုံ စသည်ကို စူးစမ်းလိုစိတ်ဖြင့် ကျိုးကြောင်းယုတ္တိရှာ၍ ကြံတွေးခြင်းသည် အကျိုးမဲ့သော လုပ်ရပ်သာ ဖြစ်၏။
ထို့အတူပင် ဈာန်တရား၏ အစွမ်းထက်ပုံ၊ ကံတရား၏ အကျိုးပေပုံ နှင့် လောကကြီး၏ ဖြစ်တည်ပုံတို့ကို ဘုရားရှင်မှတစ်ပါး မည်သူမျှ အပြည့်အစုံ မသိနိုင်ပေ။ သာဝကတို့ အနေဖြင့် ဘုရားရှင် ဟောကြားသည့်အတိုင်း လက်ခံယုံကြည်ရန်သာ ရှိတော့သည်။ ဈာန်အကြောင်း၊ ကံအကြေင်း၊ လောကအကြောင်းတို့ကို ပြည့်ပြည့်စုံစုံ သိရှိရန် စူးစမ်းလိုစိတ်ဖြင့် အတောမသတ်နိုင်အောင် ကြံတွေးမနေသင့်ပေ။
“ဘုရား” နှင့် “ဈာန်”၊
“ကံ” နှင့် “လောက”၊
ဤလေးဝ၊
မကြံကြလေရာ။
ကြံပါသော်လည်း၊
သိနိုင်ခဲ၊
ဆင်းရဲ ရူးရုံသာ။
:)
ရှင်အာစာရ
-----
အစိန္တေယျသုတ်၊ အပဏ္ဏက၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တရနိကာယ်
No comments:
Post a Comment