ဘုရားရှင်သည် တပည့်သား သံဃာတော်တို့နှင့်အတူ ကောသတိုင်းအတွင်း၌ ဒေသစာရီ ကြွချီတော်မူရာ တစ်နေ့သ၌ ကေသမုတ္တိရွာသို့ ရောက်ရှိတော်မူ၏။ ကေသမုတ္တိရွာသည် ကာသိတိုင်းနှင့် ကောသလတိုင်းတို့၏ နယ်စပ်ဒေသ၌ တည်ရှိသောကြောင့် စည်ကား၏။ တိုင်းဒေသကြီး နှစ်ခုလုံးမှ လူ့အလွှာစုံတို့ ၀င်ထွက်သွားလာရာ၊ ကြင်လည်ကျက်စားရာ ဖြစ်သောကြောင့် မြို့ပြအလား စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်၏။ ကေသမုတ္တိရွာ၌ ကာလာမ အနွယ်ဝင်တို့ နေထိုင်ကြ၏။ ကာလာမတို့သည် ပညာလိုလားသူများ ဖြစ်ကြ၏။ အမြော်အမြင် ဆင်ခြင်ဉာဏ် ပညာနှင့် ပြည့်စုံကြ၏။ ဆင်ခြင်စဉ်းစား တွေးခေါ်တတ်ကြ၏။ ပြောတိုင်းယုံသူများ မဟုတ်ကြပေ။ တွေးခေါ်စဉ်းစားတတ်သူများ၊ အကြားအမြင် ဗဟုသုတ ကြွယ်ဝသူများ၊ ပညာတတ်များ၊ လူယဉ်ကျေးများအဖြစ် သူတို့ကိုယ်သူတို့ လက်ခံယုံကြည်ထားသူများ ဖြစ်ကြ၏။
ကာလာမတို့သည် ဘုရားရှင် ရောက်မလာခင်ကပင် ဘုရားရှင်၏ ကျော်စောသတင်းကို ကြားသိထားကြပြီး ဖြစ်၏။ ဘုရားရှင်သည် သာကီဝင်မင်းမျိုးမှ ရဟန်းပြုခဲ့သူဖြစ်ကြောင်း၊ သစ္စာလေးပါးကို ကိုယ်တိုင်ထိုးထွင်း၍ သိသူဖြစ်ကြောင်း၊ သိသည့်အတိုင်း ကျင့်သုံးသူဖြစ်ကြောင်း၊ အပြောအဟော ကောင်းသူဖြစ်ကြောင်း၊ လောကအကြောင်း လူတို့အကြောင်း ကောင်းကောင်းကြီး နားလည်သူဖြစ်ကြောင်း၊ ဆုံးမသင့်သူကို ဆုံးမရာ၌ အထူးကျွမ်းကျင်သူဖြစ်ကြောင်း၊ အားလုံးက ဆရာတင်ထားရသူဖြစ်ကြောင်း၊ ယခုအခါ၌ လူနတ်ဗြဟ္မာတို့၏ လေးမြတ်ကော်ရော် ပူဇော်မှုကို ခံယူရရှိနေသူဖြစ်ကြောင်း စသည်ဖြင့် သတင်းကြားထားကြပြီး ဖြစ်၏။ ဘုရားရှင်ကို ကိလေသာ ကုန်ခန်းပြီးသူအဖြစ် လေးလေးစားစား လက်ခံထားကြသော ကာလာမတို့သည် အချင်းချင်း စုဝေးတိုင်ပင်ကြပြီးလျှင် ဘုရားရှင်နှင့် စကားဆွေးနွေးရန်အတွက် ဘုရားရှင် ရှိရာသို့ အုပ်စုလိုက် သွားရောက်ကြလေ၏။ ကာလာမတို့ ရောက်လာချိန်၌ ဘုရားရှင်သည် ကေသမုတ္တိရွာအနီး တောစပ်ရှိ သစ်ပင်တစ်ပင်အောက်၌ သီတင်းသုံးတော်မူနေ၏။
ကာလာမတို့သည် ဘုရားရှင်၏ ထံတော်ပါးသို့ ရောက်ရှိကြသောအခါ ဘုရားရှင်ကို ရှိခိုး၍ အရိုအသေ ပေးကြ၏။ ဘုရားရှင်၏ အနီးအပါး၌ သင့်တော်သလို နေရာယူပြီးကြသောအခါ အချို့က ၎င်းတို့၏ အမျိုးအနွယ်၊ အမည်နာမ စသည်ကို ပြောကြား၍ ဘုရားရှင်ကို နှုတ်ဆက်ကြ၏။ အချို့က လက်အုပ်ချီလျက်သာ နှုတ်ဆိတ်နေကြ၏။ ရွာသားအားလုံးတို့ ဘုရားရှင်၏ အနီးအပါး၌ နေသားတကျ ဖြစ်သွားကြပြီး ဖော်ရွေပျူငှာသည့် ဘုရားရှင်နှင့် ရင်းနှီကျွမ်းဝင်သွားကြသောအခါ ရွာသားတစ်ယောက်က ဘုရားရှင်ကို လျှောက်ထား၏။
“အရှင်ဘုရား . . . အရှင်ဘုရား ကြွမလာခင်က ဘာသာရေးသမား ဂုရုကြီး တော်တော်များများ တပည့်တော်တို့ဆီကို လာခဲ့ကြပါတယ် ဘုရား။ တပည့်တော်တို့က အတွေးအခေါ် အယူအဆတွေ၊ ဘာသာဝါဒတွေကို စိတ်ဝင်ကြတဲ့အတွက် တပည့်တော်တို့ဆီကို တွေးခေါ်ရှင်ကြီးတွေ၊ ဘာသာခေါင်းရေးဆောင်ကြီးတွေ လာကြတာပါ ဘုရား။
သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ၊ သူတို့ရဲ့ ဘာသာဝါဒတွေက တစ်ခုနဲ့တစ်ခု မတူကြပါ ဘုရား။ မတူတာတွေထဲမှာကိုပဲ လေးစားလောက်တာတွေ၊ မှတ်သားသင့်တာတွေတော့ ပါပါတယ် ဘုရား။ သူတို့အားလုံးမှာ ထူးခြားချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ် ဘုရား။ သူတို့အားလုံးရဲ့ ဆွေးနွေးပြောချက်တွေ တော်တော်များများကို တပည့်တော်တို့ လက်ခံနိုင်ကြပါတယ် ဘုရား။ ဒါပေမယ့် သူတို့အချင်းချင်းကတော့ အယူအဆချင်း၊ ဘာသာဝါဒချင်း နှီးနှောစေ့စပ်လို့ မရကြပါ ဘုရား။ သူတို့ချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပြီဆိုရင် တပည့်တော်တို့ နားလည်ရ ခက်ကုန်ပါတယ် ဘုရား။ တစ်ဘက်နဲ့တစ်ဘက် နှိမ်ချပုတ်ခတ်တာတွေ၊ ထိပါးစော်ကားတာတွေ၊ ကိုယ့်အယူအဆ ကိုယ့်ဝါဒကို မြှောက်ပင့်ကြ ချီးမွမ်းကြပြီး သူ့အယူအဆ သူ့ဝါဒကို ကဲ့ရဲ့ကြ ထိပါးကြတာတွေ ရှိလာတဲ့အခါမှာ တပည့်တော်တို့ သံသယပွားရပါတယ် ဘုရား။ ဘယ်ဟာ အမှန်လို့ မဆုံးဖြတ်နိုင်အောင် ဖြစ်ကြရပါတယ် ဘုရား . . .။”
ရွာသား၏ လျှောက်ထားချက်တို့ကို အလေးအနက်ထား၍ စိတ်ဝင်တစား နားထောင်တော်မူနေသည့် ဘုရားရှင်သည် ရွာသား၏ စကားအဆုံး၌ အေးဆေးတည်ငြိမ်စွာ မှတ်ချက်ချတော်မူ၏။
“မှန်တာပေါ့ . . .။ သံသယ ဖြစ်သင့်တာပေါ့။ ဆန့်ကျင်ငြင်းခုံတာတွေကို ကြားရတဲ့အခါမှာ စဉ်းစားတတ်တဲ့ နားထောင်သူတွေ သံသယ ဖြစ်ကြရတာပေါ့။ နှစ်ဘက် ငြင်းခုံသူတွေက လေးစားလောက်သူတွေ ဖြစ်နေရင် တစ်ဘက်ဘက်ကို လိုက်ပါဆုံးဖြတ်ဖို့ ပိုခက်တာပေါ့။
အမှန်တရားဆီ ချဉ်းကပ်တဲ့နေရာမှာ စံထားသင့်တဲ့ အချက်အလက်တွေ ရှိတယ်။ ငါ ပြောပြမယ်။ စဉ်းစဉ်းစားစား နားထောင်ကြပါ။
အမှန်တရား မြတ်နိုးသူဟာ သူတစ်ပါးပြောတဲ့ စကားအတိုင်း မှန်တယ်လို့ အတည်မယူရဘူး။ အစဉ်အလာ ယုံကြည်ထားတာမို့လည်း မှန်တယ်လို့ အတည်မယူရဘူး။ လူပြောများနေရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ စာပေကျန်းဂန်ထဲမှာ ပါတယ်ဆိုရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ အထင်နဲ့ မှန်းဆပြီးတော့လည်း မှန်တယ်လို့ အတည်မယူရဘူး။ နည်းမှီယူပြီးတော့လည်း မှန်တယ်လို့ အတည်မယူရဘူး။ အကြောင်းအရာကို ကြံစည်သုံးသပ်ပြီး သင့်တော်တယ် ထင်ရရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ ကိုယ့်အယူအဆ ကိုယ့်အမြင်နဲ့ ကိုက်ညီနေရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ လေးစားလောက်သူရဲ့ စကားဖြစ်ရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ ဆရာသမားရဲ့ စကားဖြစ်နေရုံနဲ့လည်း မှန်တယ်လို့ အတည်မယူရဘူး။ (***)
ကာလာမတို့ . . . ဘယ်လို သဘောရသလဲ။ အမှန်တရားဆီ ရောက်ရှိဖို့ ကြိုးစာရာမှာ ဒါတွေကို စံအဖြစ် အသုံးပြုသင့်သလား၊ အသုံးမပြုသင့်ဘူးလား။ ငါ့စကားကို ထောက်ခံသလား၊ ကန့်ကွက်သလား။”
ဘုရားရှင်၏ အတွေးလမ်း ဖွင့်ပေးသော ဒေသနာတော်သည် နက်နက်နဲနဲ တွေးခေါ်စဉ်းစားတတ်သည့် ကာလာမတို့နှင့် အံဝင်ခွင်ကျ ဖြစ်နေ၏။ ရဲ့ရင့်ပြတ်သား၍ ရိုးသားပွင့်လင်းသော ဒေသနာတော်ကို ကာလာမတို့ အလေးအနက် ထောက်ခံကြလေ၏။ တစ်ယောက်ပြီးတစ်ယောက် ဘုရားရှင်ကို လျှောက်ထားကြ၏။
“တစ်ဆင့်စကား ကြားရရုံနဲ့ မှန်တယ်လို့ မယူသင့်ပါ ဘုရား။ ကိုယ်ပိုင်ဉာဏ်နဲ့ မသုံးသပ်နိုင်သူတွေ၊ အတွေ့အကြုံ နည်းပါးသူတွေကတော့ ပြောတိုင်းယုံတတ်ကြပါတယ် ဘုရား။ ဒါပေမယ့် သူတို့ ယုံကြည်တိုင်း အမှန် မဟုတ်နိုင်ပါ ဘုရား။”
“ဘိုးစဉ်ဘောင်ဆက် လက်ခံခဲ့တာတွေ အားလုံးကို မှန်တယ်လို့ မဆိုနိုင်ပါ ဘုရား။ အစဉ်အလာ ယုံကြည်ချက်တွေထဲမှာ အမှားရော အမှန်ရော ရောထွေးနေတတ်ပါတယ် ဘုရား။ အမှားကို ပယ်စွန့်ပြီး အမှန်ကိုပဲ ယူရမှာပါ ဘုရား။”
“ဆင်ခြင်တုံ နည်းတဲ့သူတွေဟာ အုတ်အုတ်ကျက်ကျက် လူပြောများနေတာတွေ၊ အနှစ်မဲ့တဲ့ ကောလဟလ အရပ်စကားတွေကို အဟုတ်ထင်တတ်ကြပါတယ် ဘုရား။ အခြေအမြစ် မရှိတာတွေကို အမှန်ထင်ပြီး ၀မ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ ၀မ်းသာခြင်း၊ မျော်လင့်ခြင်းတွေ ဖြစ်တတ်ကြပါတယ် ဘုရား။ အဲဒီလို မဖြစ်ရအောင် ဆင်ခြင်သုံးသပ်ကြရမှာပါ ဘုရား . . .။”
“စာပေကျမ်းဂန်တွေထဲမှာ ကျမ်းပြုသူရဲ့ အယူအမြင်တွေပဲ ပါပါတယ် ဘုရား။ ကျမ်းစာရဲ့ တန်ဖိုးဟာ ကျမ်းဆရာအပေါ်မှာ တည်ပါတယ် ဘုရား။ ကျမ်းစာအဆို မှန်သမျှကို အမှန်တရားစစ်စစ်လို့ မဆိုနိုင်ပါ ဘုရား။ ကာလဒေသအလိုက် မှန်ကန်တာတွေလည်း ကျမ်းစာထဲမှာ ပါနိုင်ပါတယ် ဘုရား။ ကျမ်းစာအဆို မှန်သမျှဟာ အချိန်တိုင်း နေရာတိုင်းမှာ အမှန်တရား မဖြစ်နိုင်ပါ ဘုရား။”
“လူ့အတွေးဟာ လူ့အတွေးသာ ဖြစ်ပါတယ် ဘုရား။ အမှန်တရား မဟုတ်ပါ ဘုရား။ အထင်နဲ့ မှန်းဆချက်တွေဟာ အမှန်တရားနဲ့ တစ်ခြားစီ ဖြစ်နေတတ်ပါတယ် ဘုရား။ လူ့အတွေးဟာ လူကို လမ်းမှန်ပေါ် ရောက်အောင်တော့ တွန်းတင်ပေးနိုင်ပါတယ် . . .။ ဒါပေမယ့် လူ့အတွေးဟာ အန္တိမ အမှန်တရား မဖြစ်နိုင်ပါ ဘုရား။”
“အမှန်တရား တစ်ခုမှာ ဂုဏ်သတ္တိ အမျိုးမျိုး ရှိနေတတ်ပါတယ် ဘုရား။ အမှန်တရားကို ဖော်ထုတ်ရာမှာ နည်းအမျိုးမျိုး ရှိရပါမယ် ဘုရား။ အမှန်တရား တစ်ခုကို ဖော်ထုတ်တဲ့နည်းနဲ့ တစ်ခြားအမှန်တရားတွေကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ တရားသေ တွက်မထားသင့်ပါ ဘုရား။ တရားသေနည်း တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပါ ဘုရား။”
“စဉ်းစားပြီးမှ လက်ခံတာဟာ ကောင်းပါတယ် . . .။ ဒါပေမယ့် သာမန်အသိဉာဏ်ရဲ့ ကျက်စားရာ နယ်ပယ်ထဲ ၀င်လာရုံနဲ့ မှန်ပြီလို့ မဆိုနိုင်ပါ ဘုရား။ ယုတ္တိရှိတယ်၊ အထောက်အထားရှိတယ်၊ မှန်ကန်တယ်လို့ သတ်မှတ်ထားတာတွေလည်း မှားတတ်တာပါပဲ ဘုရား. . .။”
“ကိုယ့်ရဲ့ အတွေးအမြင်ဟောင်း အယူအဆဟောင်းတွေနဲ့ တစ်ထပ်တည်း ကျနေရုံနဲ့ ပြီးပြည့်စုံတဲ့ အမှန်တရား မဖြစ်နိုင်ပါ ဘုရား . . .။ ကိုယ့်အမြင်နဲ့ တူနေလို့ အမှန်အဖြစ် လိုက်ခံနိုင်ခြင်းဟာ ဉာဏ်ပညာရဲ့ အလုပ်ကိစ္စ မဟုတ်ပါ ဘုရား။ အမှတ်သညာရဲ့ အလုပ်ကိစ္စသာ ဖြစ်ပါတယ် ဘုရား။”
“လေးစားလောက်သူရဲ့ စကား၊ ဆရာသမားရဲ့ စကား ဖြစ်နေရုံနဲ့လည်း အမှန်တရားလို့ မယူရဘူးဆိုတော့ အခု အရှင်ဘုရား ပြောနေတာတွေကိုလည်း မစဉ်းစားဘဲ လက်မခံနဲ့လို့ ဆိုလိုတာလား ဘုရား . . .။”
ဘုရားရှင်သည် ရွာသား၏ အမေးကို နှုတ်မြွက်၍ ဖြေဆိုတော် မမူပေ။ ကရုဏာ အပြည့်နှင့် ပြုံးလျက်သာ နှုတ်ဆိတ်တော်မူနေ၏။ သို့ဖြစ်၍ ရွာသားက ဆက်လက် လျှောက်ထား၏။
“အရှင်ဘုရား . . . ထူးဆန်းလှပါပေတယ်။ အံ့သြစရာ ကောင်းလှပါပေတယ် . . .။ ငါ့တရားသာ မှန်ကန်တယ်လို့ ကြွေးကြော်တတ်တဲ့ လေးစားလောက်သူ ဂုရုကြီးတွေရဲ့ အဆုံးအမတွေနဲ့ ကွာခြားလှပါပေတယ်။ အရှင်ဘုရားရဲ့ ရဲရင့်ပွင့်လင်းတဲ့ ဟောကြားချက်တွေကို နာယူခွင့် ရကြတဲ့ တပည့်တော်တို့ ကံကောင်းလှပါတယ် ဘုရား . . .။”
“ကောင်းမြတ်လှပါပေတယ် ကာလာမတို့ . . .။ သာဓု သာဓု သာဓု . . .။ ကာလာမတို့ . . . အရာရာကို ဘက်ပေါင်းစုံကနေ စေ့စေ့စပ်စပ် စဉ်းစားတွေးခေါ်သုံးသပ်ပြီး ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက် ချမှတ်နိုင်မှ အမှန်တရားဆီ ရောက်လိမ့်မယ်။
အပြစ်ရှိတဲ့ အကုသိုလ်တွေကို အကုသိုလ်လို့ ကိုယ်တိုင် သိတယ်ဆိုရင်၊ ပညာရှိတွေ ကဲ့ရဲ့ကြတဲ့ အကုသိုလ်လို့ ကိုယ်တိုင် သိတယ်ဆိုရင်၊ ကျူးလွန်သူကို ပျက်စီးစေတတ်တဲ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ်လို့ ကိုယ်တိုင် သိတယ်ဆိုရင် အဲဒီလို အကုသိုလ်ကို ပယ်စွန့်ရမယ်။
ကာလာမတို့ . . . စဉ်းစားကြည့်ကြစမ်းပါ။ တပ်မက်မှု လောဘတွေ၊ အမျက်ထွက်မှု ဒေါသတွေ၊ တွေဝေမှု မောဟတွေ သတ္တဝါတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာပြီဆိုရင် အကျိုးရှိမလား၊ အကျိုးယုတ်မလား။”
“အကျိုးယုတ်မှာပါ ဘုရား . . .။”
“မှန်ပါတယ် ကာလာမတို့ . . .။ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် သတ္တ၀ါတွေဟာ သူတစ်ပါး အသက်ကိုလည်း သတ်ကြတယ်။ သူတစ်ပါး မပေးတာကိုလည်း ခိုးယူကြတယ်။ သူတစ်ပါးရဲ့ သားမယားကိုလည်း ကျူးလွန်သွားလာကြတယ်။ မဟုတ်မမှန်တဲ့ စကားကိုလည်း ပြောဆိုကြတယ်။ ဒီလို အကုသိုလ်တွေကို ကိုယ်တိုင်ပြုလုပ်ကြရုံတင် မကဘဲ သူတစ်ပါးကိုလည်း အကုသိုလ်မှုတွေ ကျူးလွန်အောင် တိုက်တွန်းကြတယ်။ ဒီလို အကုသိုလ်တွေဟာ ကျူးလွန်သူအတွက် အကျိုးမဲ့ဖို့ ဆင်းရဲဖို့ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား။”
“ဖြစ်နိုင်ပါတယ် ဘုရား . . .။ လောဘ၊ ဒေါသ၊ မောဟတွေဟာ ဘယ်နည်းနဲ့မှ ကောင်းကျိုးမပေးနိုင်ပါဘူး . . .။”
“ကာလာမတို့ . . . နောက်တစ်ကြိမ်ထပ်ပြီး စဉ်းစားကြည့်လိုက်ကြစမ်းပါအုံး။ ဒါတွေဟာ ကုသိုလ်တရားတွေလား၊ အကုသိုလ်တရားတွေလား။”
“အကုသိုလ်တွေပါ ဘုရား . . .။ သေချာပါတယ် ဘုရား . . .။”
“အပြစ်ရှိသလား မရှိဘူးလား။”
“အပြစ်ရှိပါတယ် ဘုရား။”
“ပညာရှိတွေ ကဲ့ရဲ့ကြမလား၊ ချီးမွမ်းကြမလား။”
“ကဲ့ရဲ့ကြမှာပါ ဘုရား။”
“စိတ်ထဲ ရှိတဲ့အတိုင်းသာ ဖြေပါ။ ဒီ အကုသိုလ်တွေကို ကျူးလွန်ရင် အကျိုးမဲ့ပြီး ဆင်းရဲမှာလား၊ မဆင်းရဲဘူးလား။”
“ဆင်းရဲမှာပါ ဘုရား . . .။”
“ကောင်းပါပြီ ကာလာမတို့ . . .။ ဒီ အကုသိုလ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟတို့ကတော့ အပြစ်ကင်းကြတယ်။ အလောဘတွေ၊ အဒေါသတွေ၊ အမောဟတွေကိုတော့ ပညာရှိတို့ ချီးမွမ်းကြတယ်။ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ် တရားဆိုးတွေရဲ့ နှိပ်စက်မှုဒဏ် မခံရတဲ့ သူတွေဟာ သူ့အသက်ကိုလည်း မသတ်ကြဘူး။ သူတစ်ပါး မပေးတာကိုလည်း ခိုးမယူကြဘူး။ သူတစ်ပါးရဲ့ သားမယားကိုလည်း မကျူးလွန်ကြဘူး။ မဟုတ်မမှန်တဲ့ စကားကိုလည်း မပြောဆိုကြဘူး။ ဒီလို အကုသိုလ်တွေကို ကိုယ်တိုင် ရှောင်ကြဉ်ကြရုံတင် မကဘဲ သူတစ်ပါးကိုလည်း ရှောင်ကြဉ်ဖို့ တိုက်တွန်းကြတယ်။ ဒီလို ကုသိုလ်တွေကို ကျင့်သုံးရင် အကျိုးစီးပွား ရရှိလိမ့်မယ်။ ချမ်းသာလိမ့်မယ်။ သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ဖြေကြပါ။ ဒါကို လက်ခံနိုင်ကြသလား၊ လက်မခံနိုင်ကြဘူးလား။”
“လက်ခံနိုင်ပါတယ် ဘုရား . . .။”
“ကာလာမတို့ . . . နားလည်သဘောပေါက်လို့ လက်ခံနိုင်ကြတယ်ဆိုရင် ဒီ ကုသိုလ်တရားတွေကိုသာ လိုက်နာကျင့်သုံးကြပေတော့။”
“အရှင်ဘုရား . . . တစ်ချို့ဂုရုကြီးတွေက ကံနဲ့ ကံရဲ့အကျိုးကို ငြင်းပယ်ကြပါတယ် ဘုရား။ ဘ၀သံသရာကိုလည်း လက်မခံကြပါ ဘုရား။ ပြုလုပ်တဲ့ကံအတွက် စိုးရိမ်စရာ မလိုဘူး၊ သတ္တ၀ါတိုင်းအတွက် လက်ရှိဘ၀သာ အရေးကြီးတယ်လို့ ဆိုကြပါတယ် ဘုရား . . .။”
“သူတို့ ယုံကြည်သလို ကံနဲ့ကံရဲ့အကျိုး မရှိဘူး၊ နောက်ဘ၀လည်း မရှိဘူး ဆိုရင်တော့ အခုဘ၀မှာ နေချင်သလိုနေတာ သက်သာပါတယ်။ ပြဿနာ မရှိပါဘူး။ ကံနဲ့ကံရဲ့အကျိုး ရှိနေတယ်၊ နောက်ဘ၀လည်း ရှိနေတယ် ဆိုရင်တော့ အခုဘ၀မှာ နေချင်သလိုနေတာဟာ အန္တရာယ် တော်တော်ကြီးတာပဲ။ မကောင်းမှုတွေ ပြုလုပ်မိပြီး နောက်ဘ၀မှာ မကောင်းကျိုးတွေ ခံစားရလိမ့်မယ်။
ကာလာမတို့ . . . ငါ့ရဲ့ တပည့်သာဝကတွေဟာ မက်မောခြင်း အဘိဇ္ဈာ ကင်းကြတယ်။ ပျက်စီးစေလိုခြင်း ဗျာပါဒလည်း မရှိကြဘူး။ မတွေဝေကြဘူး။ ဆင်ခြင်တုံတရားလည်း ရှိကြတယ်။ သတိလည်း မြဲကြတယ်။ အရပ်ဆယ်မျက်နှာမှာ ရှိကြတဲ့ သတ္တ၀ါမှန်သမျှကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးနဲ့ ဆက်ဆံကြတယ်။ အရပ်ဆယ်မျက်နှာကို ဗြဟ္မစိုရ် စိတ်ဓာတ်နဲ့ အာရုံပြုကြတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဟာ ဘေးရန်ကင်းတယ်။ ကြောင့်ကြကင်းတယ်။ မညစ်ညူးဘူး။ ဖြူစင်တယ်။ အေးချမ်းတယ်။ ဒီလို ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ နေထိုင်ကြတဲ့အတွက် ရဲရဲရင့်ရင့် ရှိကြတယ်။
ကာလာမတို့ . . . ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ နေထိုင်ကြတဲ့ ငါ့ရဲ့ တပည့်သာဝကတွေ အတွက်တော့ ကံနဲ့ကံရဲ့အကျိုး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ နောက်ဘ၀ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာမှ ပြဿနာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရဲရဲရင့်ရင့် နေထိုင်ရှင်သန်နိုင်ကြတယ်။”
ဘုရားရှင်၏ ရှင်းလင်းဟောကြားချက်များ အဆုံး၌
“တပည့်တော်တို့ နှစ်ထောင်းအားရ ရှိလှပါတယ် ဘုရား . . .။ အရှင်ဘုရား ဟောကြားတာတွေကို လိုလိုလားလား လက်ခံပါတယ် ဘုရား . . .။ သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ခိုင်ခိုင်မာမာ ဆုံးဖြတ်တာပါ ဘုရား . . .။ တပည့်တော်တို့အားလုံး ရတနာသုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ကြပါမယ် ဘုရား . . .”ဟု
နှုတ်သွက်သည့် ရွာသားတစ်ယောက်က တက်တက်ကြွကြွ ၀မ်းမြောက်ဝမ်းသာ လျှောက်ထားလိုက်ရာ ရွာသားအားလုံးတို့သည် ဘုရားရှင်ကို တစ်ပြိုင်တက်တည်း ဦးညွတ်ရှိခိုးလိုက်ကြလေ၏။
:)
ရှင်အာစာရ
-----
(***)
မာ အနုဿဝေန၊
မာ အနုဿဝေန၊
မာ မရမ္ပရာယ၊
မာ ဣတိ ကိရာယ၊
မာ ပိဋကသမ္ပဒါနေန၊
မာ တက္ကဟေတု၊
မာ နယဟေတု၊
မာ အာကာရပရိဝိတက္ကေန၊
မာ ဒိဋ္ဌိနိဇ္ဈာနကန္တိယာ၊
မာ ဘဗ္ဗရူပတာယ၊
မာ သမဏော နော ဂရူတိ။
ကေသမုတ္တိသုတ် (ကာလာမသုတ်)၊ တိကနိပါတ်၊ အင်္ဂုတ္တရနိကာယ်
No comments:
Post a Comment