Tuesday, January 31, 2012

ချမ်းမီမီဖြိုး




အေးအေးချမ်းချမ်း သာသာသာယာနှင့် ခေတ်မီမီ ဖွံ့ဖြိုးတိုးတက်သော . . . . .။

*****

ဖြစ်ကြောင်းကုန်စင်ကို လူသိရှင်ကြား ပြန်လည်ပြောပြရန် သင့်မသင့် အကြိမ်ကြိမ် စဉ်းစားသုံးသပ်ခဲ့ရသည်။ ကာယကံရှင် ဒကာကြီးသည် အကြီးအကဲကြီး ဖြစ်သောကြောင့်တည်း။ အကုသိုလ်မှု၊ ယုတ်မာညစ်ပတ်မှု မဟုတ်၍ ဖုံးကွယ်သိုဝှက်ဖွယ် မရှိဟု နောက်ဆုံး ဆုံးဖြတ်လိုက်သည်။

*****

တရုတ်နှစ်သစ်ကူးရာသီဖြစ်၍ ကျောင်းတိုက်အတွင်းရှိ Sunday School နှင့် Buddhist and Pali College of Singaporeတို့၏ ကျောင်းပိတ်ရက် ဖြစ်သည်။ သို့ဖြစ်၍ ကျောင်းတံခါးကို စောစောပိတ်ခဲ့ကြသည်။ သို့သော် စောလွန်း၍ မကျိန်းကြသေးပေ။ ကျောင်းတိုက်ဂေါပကရုံး၏ ပုံမှန်ပိတ်ချိန်မှာ ည(၉)နာရီခွဲ ဖြစ်၏။ တံခါးပိတ်ပြီး တစ်နာရီခန့် ကြာသည်အထိ ပုံမှန်ပိတ်ချိန်ထက် နာရီဝက် စောနေသေးသည်။ (၉)နာရီသာ ရှိသေး၏။

စာရေးမလား။ စာဖတ်မလား။ ဘာလုပ်မလဲ။ စဉ်းစားနေစဉ် Incoming Call တစ်ခု ၀င်လာ၏။

“ဟ လိုး . . . . .။”

“ဆရာတော် ဦးအာစာရပါလား ဘုရား . . .။”

“အော . . . ဟုတ်ပါ . . . . . ဗျား . . .။”

“တပည့်တော်တို့ . . . သံရုံးကပါ ဘုရား။ ဒကာကြီး . . . သမ္မတကြီးက အရှင်ဘုရားတို့ကျောင်း လာချင်တယ်ဆိုလို့ လာခဲ့ကြတာပါ ဘုရား . . .။ အရှင်ဘုရားတို့ ကျိန်းနေကြပြီလား ဘုရား . . .။”

“အော် . . . မကျိန်းကြသေးပါဘူး . . . ဒကာကြီး။ ခဏနော် . . . တစ်မိနစ် နှစ်မိနစ် . . . ဦးဇင်းတို့ ဆင်းခဲ့မယ်။”

*****

“. . . . .။”

“. . . . .။”

. . . . .

. . . . .

“. . . . . ကျိုင်းတုံမှာတုန်းက သိတာပါဘုရား . . .။ ဆရာတော် စင်္ကာပူကြွလာတဲ့အခါ ဒီကျောင်းမှာ သီတင်းသုံးတယ်လို့ အမိန့်ရှိပါတယ် ဘုရား။

အခုတော့ ဓမ္မဂင်္ဂါဆရာတော်ဆိုပြီး နာမည်ကြီးနေတယ် ဘုရား။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“ကောင်းတာပေါ့ ဘုရား။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“. . . . .။”

*****

“ဟုတ်ပါတယ် ဒကာကြီး။ . . . ဒါပေမယ့် . . . ဗိုလ်ချုပ်မှူးကြီးက နောက်ကွယ်က ကြိုးကိုင်နေတယ်လို့ တစ်ချို့က ထင်နေကြတယ် . . .။”

“ပြောသလောက်လဲ မဟုတ်ပါဘူး ဘုရား . . .။ တပည့်တော်တို့ မြန်မာ့ဓလေ့ထုံးတမ်း ရှိတာပဲ . . .။ ကြီးသူကို ရိုသေကြရတာဟာ တပည့်တော်တို့ စစ်တပ်ရဲ့ အထူးစည်းကမ်း မဟုတ်ပါဘူး . . .။ တစ်နိုင်ငံလုံး ကျင့်သုံးနေကြတဲ့ ယဉ်ကျေးမှုပဲ ဘုရား။ အရှင်ဘုရားတို့ ပိုသိပါတယ်။ တပည့်တော်တို့ နိုင်ငံရေး၊ စစ်ရေးမှာလည်း ဘဘကြီးရဲ့ သြဇာ လုံးလုံးတော့ ကင်းလို့ ဘယ်ရမလဲ ဘုရား . . .။ နှစ်ရှည်လများ တပည့်တော်တို့ရဲ့ အကြီးအကဲ ဖြစ်ခဲ့တာပဲ . . .။”

“ဒကာကြီးတို့ နိုင်ငံတော်အတွက် ကိုယ်ရော စိတ်ရော အပင်းပန်းခံပြီး အားတက်သရော လုပ်နေကြတာ ကြားရသိရတဲ့အတွက် ဦးဇင်းတို့ ၀မ်းသာပါတယ်။ မေတ္တာလည်း ပို့ပါတယ်။ ဟိုတစ်လောက ၀ါရှင်တန်ပို့စ် သတင်းစာနဲ့ လုပ်ခဲ့တဲ့ ဒကာကြီးရဲ့ အင်တာဗျူးကို ဖတ်လိုက်ရတာလည်း သဘောကျပါတယ်။ အခု ဒကာကြီးတို့ စင်္ကာပူမှာ လုပ်ကြကိုင်ကြတဲ့ သတင်းတွေ ဖတ်ရတာလည်း အားရစရာ တော်တော်ကောင်းပါတယ်။

ကဲ . . . လုပ်ကြပါ။ လိမ္မော်သီး စားကြပါ . . .။ ဒီက ယဉ်ကျေးမှု . . .။ နှစ်သစ်ကူး လက်ဆောင်တွေပဲ။ လိမ္မော်သီးတွေ လာလာလှူကြတယ် . . .။”

“အရှင်ဘုရားတို့ကျောင်းမှာ လုပ်နေကြတဲ့ သာသနာပြု လုပ်ငန်းတွေကိုလည်း သံအမတ်ကြီး ပြောပြလို့ . . . . . တပည့်တော်တို့ ၀မ်းသာရပါတယ် ဘုရား . . .။ တပည့်တော်တို့ ဒကာတွေဘက်က လုပ်ပေးနိုင်တာတွေကိုလည်း သံအမတ်ကြီးတို့က အစွမ်းကုန် ကူညီပေးပါလိမ့်မယ် ဘုရား။ အရှင်ဘုရားတို့ လိုတာရှိရင်လည်း ဆရာ-ဒကာ ဆိုသလို ပွင့်ပွင့်လင်းလင်း အမိန့်ရှိကြပါ ဘုရား . . .။”

*****

“ပါဠိကောလိပ် စာသင်ခန်း . . .။ ဓမ္မသင်တန်း စာသင်ခန်းတွေကတော့ ဒီလောက်မကျယ်ဘူး . . .။ ဟိုဘက် . . . တတိယထပ်မှာ။ ဒကာကြီးတို့ အချိန်ရသေးလား။”

“. . . . .။”

“. . . . .”

. . . . .

. . . . .


“လူတွေ ရွတ်ကြတာပါ . . .။

ဟုတ်တယ် . . . ဒကာကြီး။ ငါးရက် အသံမစဲပဲ။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“. . . . .။”

*****

“စောစောကပြောတဲ့ ဗိုလ်ချုပ်မှူးကြီးတော့ အခု ဘာသံမှ မကြားရတော့ဘူးနော် . . .။ ပျောက်နေတယ်။”

“အသက်ကြီးပြီ ဘုရား . . . . . အငြိမ်းစား ဆိုတော့ . . . . .။ တပည့်တော်တို့တောင် ငယ်တော့တာမှတ်လို့ . . . . . စိတ်ဆောင်လို့သာ လုပ်နေကြတာ။ တမင် ပုန်းတာတော့ မဟုတ်ပါဘူး . . .။ လူတွေကလည်း အမြင်မကြည်ကြတော့ တိတ်တိတ် နေလိုက်တာပေါ့ ဘုရား . . .။ သူလည်း အခု တရားဘာဝနာ ပွားများနေတယ် ဘုရား။ အထူးသဖြင့် တိုင်းပြည်ကို မေတ္တာကမ္မဋ္ဌာန်း စီးဖျန်းတယ် ဘုရား။ တပည့်တော်တို့ကိုလည်း မေတ္တာပွားဖို့ ညွှန်ကြားပါတယ် . . .။ တရားနဲ့ မေတ္တာလည်း ပို့မယ်၊ လက်တွေ့အလုပ်တွေလည်း လုပ်ပြမယ်ဆိုရင် ပြည်သူ့မေတ္တာကို ရမှာပဲလို့ တပည့်တော်တို့ ယုံကြည်ကြပါတယ် ဘုရား . . .။ တကယ်တော့ တပည့်တော်တို့လည်း စစ် ဆိုပေမယ့် ဗုဒ္ဓဘာသာတွေပါပဲ . . .။ ဆရာတော်ကြီးတွေရဲ့ အဆုံးအမတွေကိုလည်း ခံယူကြပါတယ် . . .။”

“ဦးဇင်းတို့လည်း . . . ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီး နိုင်ငံလည်း ကမ္ဘာ့အဆင့်မီအောင် တိုးတက်လာဖို့ မျှော်လင့်ပါတယ် . . .။”

“မှန်ပါဘုရား . . .။ ရုတ်တရက်ကြီးတော့ ဖြစ်မလာနိုင်ဘူးပေါ့ ဘုရား . . .။ တိုင်းပြည် ပြောင်းလဲတယ်၊ တိုင်းပြည် တိုးတက်အောင်လုပ်တယ် ဆိုတာလည်း တပည့်တော် တစ်ယောက်တည်း လုပ်လို့လည်း မရ။ အရှင်ဘုရား တစ်ပါးတည်းလည်း မရ။ ဘယ်သူမှ . . . မရ . . .။ ကောင်းတာလုပ်တယ် ဆိုပေမယ့် အဖုအထစ်လေးတွေကတော့ သဘာဝပေါ့ ဘုရား . . .။”

“ဒကာကြီးတို့ရဲ့ စေတနာကောင်း ရလဒ်ကို အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမယ့်နေ့ကို ဦးဇင်းတို့ မျှော်လင့်ပါတယ်။

ဒေါ်စုနဲ့ ဒကာကြီးတို့ ဆက်ဆံရေးလည်း တော်တော်ကောင်းနေပုံ ရပါတယ် . . .။”

“မှန်ပါ . . . ဒေါ်စုလည်း တကယ်တော်တဲ့ အမျိုးသမီးပါ . . .။ သူ့လို မျိုးရိုးလည်းရှိ၊ စွမ်းရည်လည်းရှိ၊ သတ္တိလည်းကောင်း၊ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း စေတနာထားတဲ့ . . . တကယ့် ကို . . . . . အမျိုးသမီးမျိုး ကမ္ဘာမှာ ရှားပါတယ် ဘုရား . . .။ ပွင့်ပွင့်လင်းလင်း လျှောက်ရရင် တပည်တော်တို့ထက် တော်တာတွေ အများကြီး ရှိပါတယ်။ ဒီပဲယင်း ကိစ္စလို . . . သူ ကြုံခဲ့ရတာတွေကို တပည့်တော်လည်း တကယ့်ကို စိတ်မကောင်းပါဘူး။ . . . အတိတ်တွေ သင်ပုန်းချေလိုက်ပါပြီ။ ရှေ့ဆက်ကောင်းဖို့ပဲ လုပ်ကြရမှာပါ ဘုရား . . .။”

*****

“ဒကာကြီး . . . ။ လာမယ့် ဧပြီ (၁) . . . April Fool . . . ဟဲ ဟဲ ဟဲ . . . ရွေးကောက်ပွဲလည်း ငြိမ်းချမ်းရေးခြေလှမ်း တိုးတက်ရေးခြေလှမ်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . . .။”

“ဖြစ်မှာပါ ဘုရား . . .။

ရွေးကောက်ပွဲမှာ ဒေါ်စုပါပြီး လွှတ်တော်ထဲထိ ရောက်လာနိုင်အောင် တပည့်တော်တို့ အလျှော့အတင်း အပြင်အဆင်တွေ လုပ်ခဲ့တာပဲ ဘုရား . . .။”

*****

“. . . . .။”

“. . . . .”

. . . . .

. . . . .


“. . . . .။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“ကောင်းပါတယ် ဒကာကြီး။”

*****

Comment:
February Fool!!

:)
ရှင်အာစာရ
1Feb12

Monday, January 30, 2012

iPhone: Connecting to the Internet


အိုင်ဖုန်းဖြင့် အင်တာနက် ချိတ်ဆက်နည်း

http://support.apple.com/kb/HT1695
http://www.myanmar.mmtimes.com/2010/tech/492/tech03.html

Note on Sineru - မြင်းမိုရ်မှတ်စု




သိနေရု၊ နေရု၊ မေရု၊ မဟာမေရု၊ ပဗ္ဗတရာဇာ”ဆိုတဲ့ မြင်းမိုရ်တောင်မင်းကြီးဟာ ဟိမ၀န္တာ တောင်တန်းထဲမှာ ပါဝင်တာတဲ့။
ပုံထဲမှာ ပြထားပုံကတော့ သေးသေးလေးပါပဲ။ မြင်းမိုရ်တောင် အောက်နားလေးမှာ အနောတတ်အိုင် ဆိုပြီးတော့လည်း ပြထားပါသေးတယ်။ အဲဒီ မြင်းမိုရ်တောင်ရဲ့ တောင်ဘက်ကလူတွေကို တောင်ကျွန်းသားတွေလို့ ခေါ်ကြတာများလား။ အခု ပြထားတဲ့ သိနေရုဆိုတာက မြန်မာတွေ ပြောကြတဲ့ မြင်းမိုရ်တောင် ဟုတ်ရဲ့လားတော့ မသိပါဘူး။ အနောတတ်အိုင်နဲ့ နီးတယ်ဆိုတော့ မြန်မာတွေရဲ့ မြင်းမိုရ်နဲ့ တူဖို့ နီးစပ်ပါတယ်။

-----

တစ်ခု ကြားဖူးတာက။
မြင်းမိုရ်တောင်ကို ဗဟိုပြုပြီး လေးဘက်လေးတန်မှာ ကျွန်းကြီးလေးကျွန်း တည်နေတာတဲ့။
     ပုဗ္ဗ၀ိဒေဟ = အရှေ့ကျွန်း တဲ့၊
     အပရဂေါယာန = အနောက်ကျွန်း တဲ့၊
     ဥတ္တရကုရု = မြောက်ကျွန်း တဲ့၊
     ဇမ္ဗုဒီပ = တောင်ကျွန်း တဲ့။
ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်တဲ့။ ကျွန်းကြီး တစ်ကျွန်းစီမှာ ကျွန်းရံ ငါးထောင်စီ ရှိလို့တဲ့။ ကျွန်းအရေအတွက်ကတော့ အင်ဒိုနီးရှားနဲ့ နင်လားငါလားပါပဲ။ အင်ဒိုနီးရှားက ကျွန်းတွေကို အရံကျွန်း စာရင်းထဲ ထည့်ရမှာလား မသိပါဘူး။

-----

နောက်ပြီးတော့လည်း ရှိပါသေးတယ်။ ကြီးမြတ်မှုကို တင်စားတာပါ။
     မြင်းမိုရ်တောင်ဦး မကျူးတဲ့။
     မိဘကျေးဇူး မြင်းမိုရ်ဦးတဲ့။
     မြင်းမိုရ်ထက် မြင့်သောနေရာတဲ့။
     ချစ်သမျှကို မြင်းမိုရ်ရွှေတောင်တဲ့။
     လူမရောက် မြင်းမိုရ်တောင်၊ ခွေးမရောက် အိမ်မိုးခေါင်တဲ့။

ဒါနဲ့ စပ်မိလို့ လူတွေ မြင်းမိုရ်တောင်ပေါ် ရောက်တာတော့ မမြင်ဖူးသေးပါဘူး။ ခွေး အိမ်ခေါင်မိုးပေါ် ရောက်သွားတာတော့ တွေ့ဖူးပါတယ်။ ငယ်ငယ်တုန်းကပါ။ မျက်နှာချင်းဆိုင်အိမ်ရဲ့ ခေါင်မိုးပေါ် ခွေးတက်တာ။ ခွေးနက်မ။ အိမ်ဘေးက ကောက်ရိုးပုံပေါ်ကနေ တက်သွားတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ အိမ်နဲ့ ကောက်ရိုးပုံ လုံခြုံရေးအတွက် စီစီတီဗီ တပ်ဆင်မထားတော့ အတိအကျတော့ မသိရဘူးပေါ့။ ဗမာအတွေး ရှမ်းအပြေး ဆိုတာလို တွေးကြည့်ကြတာပေါ့။ အဲဒီတုန်းက ဆောင်းရာသီ။ မနက်စောစော အေးလို့ချမ်းလို့ နေရောင်အရင်လာမယ့် အိမ်ခေါင်မိုးပေါ် တက်ဝပ်နေတာ။ ခွေးပါးမလို့လည်း တစ်ယောက်က ကောက်ချက်ချပါသေးတယ်။ ဘယ်လိုပဲတက်တက်၊ ဘာကြောင့်ပဲတက်တက် အိမ်ခေါင်မိုးပေါ် ခွေးတက်တာ နိမိတ်မကောင်းဘူး ခိုက်တတ်တယ်လို့ အားလုံးက လက်ခံခဲ့ကြပါတယ်။ မျက်နှာချင်းဆိုင်အိမ်ဆိုတော့ အိမ်ရှင်တွေ ဘေးသင့်ရင် ကိုယ်ဆီလည်း ဘေးဘယာ အစအနတွေ လွင့်လာမှာလား ပူမိတာပေါ့။ ကလေးကိုး။ အိမ်ရှင်တွေ ထိမှာစိုးလို့ ရွာဦးကျောင်း ဆရာတော် အိမ်ကြွပြီး ယံ ဒုန္နံမိတ္တံ လုပ်ပေးရပါသေးတယ်။ ဘယ်သူမှ ဘာဘေးမှ မသင့်ခဲ့ပါဘူး။ ရွာဦးကျောင်းဆရာတော်ရဲ့ ပရိတ် နာမည်ကြီးသွားတာပေါ့။ အိမ်ရှင်တွေသာ ဘေးမသင့်တာ ခွေးနက်မတော့ သေကိန်းဆိုက်သွားပါတယ်။ လှံနဲ့ထိုးသတ်လိုက်ကြလို့ပါ။ သူကလည်း သူပဲလေ။ အိမ်ခေါင်မိုးပေါ်ထိ တက်ပြီးတော့ ကမြင်းကြော ထတာကိုး။

-----

အင်္ဂုတ္တိုရ်ပါဠိတော်ထဲက သတ္တသူရိယသုတ်မှာတော့ နေခုနစ်စင်း ထွက်တဲ့အခါကျရင် မြင်းမိုရ်တောင်တောင်မှ မီးဟုန်းဟုန်း တောက်ရလိမ့်မယ်တဲ့။

ကြုံတုံး ဖတ်ကြည့်ချင်ရင် “သုတ်တော်အကျဉ်း” -

လောကမှာ နှစ်တွေ ရာချီထောင်ချီပြီး မိုးခေါင်တဲ့အခါမျိုး ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အပင်ဟူသမျှ ခြောက်သွေ့သွားကြရပါတယ်။ နေနှစ်စင်း ထွက်တဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ မြစ်ငယ် အိုင်ငယ်တွေ ခြောက်သွေ့သွားရပါတယ်။ နေသုံးစင်း ထွက်တဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ဂင်္ဂါ၊ ယမုနာ၊ အစိရ၀တီ၊ သရဘူ၊ မဟီဆိုတဲ့ မြစ်ကြီးငါးစင်း ခန်းခြောက်သွားရပါတယ်။ နေလေးစင်း ထွက်တဲ့အခါလည်း ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ မြစ်ကြီးငါးစင်းတို့ရဲ့ မြစ်ဖျားခံရာ အင်းအိုင်ကြီးတွေ ခန်းခြောက်ကြပါတယ်။ နေငါးစင်း ထွက်တဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ သမုဒ္ဒရာရေဟာ ခြေကျင်းဝတ်လောက် ကျန်တဲ့အထိ ခန်းခြောက်သွားရပါတယ်။ နေခြောက်စင်း ထွက်တဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီအခါမှာ ကမ္ဘာမြေနဲ့ မြင့်မိုရ်တောင်တို့ဟာ မီးဟုန်းဟုန်း တောက်ရပါတော့တယ်။ ဒီမီးဟာ ဗြဟ္မာပြည်တိုင်အောင် တတ်ရောက် လောင်ကျွမ်းပါတယ်။ အဲဒီအခါမှာ ကမ္ဘာမြေနဲ့ မြင့်မိုရ်တောင်တို့ဟာ ထောပတ်တို့ ဆီးတို့လောင်ကျွမ်းသလိုမျိုး လောင်ကျွမ်းသွားတာမို့ ပြာတို့် မီးသွေးတို့တောင် မကျန်ရစ်တော့ပါဘူး။ ငြီးငွေ့စရာပါ။ တက်မက်စွဲငြိစရာ မဟုတ်ပါဘူး။ လွတ်မြောက်ရုန်းထွက်ရမယ့် အရာသာ ဖြစ်ပါတယ်။ လောကရဲ့ နိဂုံးဟာ သုညဖြစ်တယ်ဆိုတာကို အရိယာပုဂ္ဂိုလ်တို့သာ လက်ခံယုံကြည်နိုင်ကြပါတယ်။

သုတ်တော်မှာ ဆိုလိုတာက လောကနိဂုံး = သုည။

ကာလပေါ်တေးထဲမှာတော့ နေဆယ်စင်းတဲ့။ ခုနစ်စင်းထက် ပို ပူမှာပေါ့။

-----

မန္တလေး န.ပ.သ မှာတုန်းက ဆရာကြီး ဦးဌေးအောင် ရှင်းပြဖူးတာ မှတ်မိပါသေးတယ်။
“သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်”။
မြင်းမိုရ်တောင်ဆိုတာ ဤကမ္ဘာကြီးကို ပြောတာတဲ့။
ကမ္ဘာ့ဟိုဘက်ခြမ်းမှာ နေမင်းကြီး ရှိနေတော့ နေ၀င်တာပေါ့တဲ့။
နေက ကမ္ဘာကြီးနဲ့ ကွယ်သွားတာကို မြင်းမိုရ်တောင်နဲ့ ကွယ်တယ်လို့ ရှေးလူကြီးတွေ ထင်ကြတာတဲ့။
နေက ကမ္ဘာကို ပတ်တာမဟုတ်ဘူး။ ကမ္ဘာက နေကို ပတ်တာတဲ့။
ဆရာကြီး ပြောသလိုဆိုရင် ဤမြင်းမိုရ်ကြီးက နေမင်းကြီးကို လှည့်ပတ်နေတာပေါ့။

-----

ဘာကပဲ မြင်းမိုရ်ဖြစ်ဖြစ်၊ မြင်းမိုရ်ကြီး ဘာပဲဖြစ်နေဖြစ်နေ မြန်မာတွေ (အနည်းဆုံး အများစု)ရဲ့ ရင်ထဲမှာတော့ မြင်းမိုရ်ဆိုတာ ကြီးကျယ်မြင့်မြတ်မှုရဲ့ သင်္ကေတ ဖြစ်နေမယ် ထင်ပါတယ်။ ကမ္ဘာတည်သ၍ ပေါ့။


:)
ရှင်အာစာရ
-----

ပုံ -
Page 14, e-Book
http://www.ancient-buddhist-texts.net/Maps/Maps-of-Ancient-Buddhist-India.pdf

Sunday, January 29, 2012

Nobody - နိုးဘော်ဒီ


ကိုအ၀ှာနှင့် မအ၀ှာတို့သည် ရှေးဦးစွာ အွန်လိုင်းမိတ်ဆွေများ ဖြစ်ကြပြီး . . . . .။
(ကာယကံရှင်တို့ ထိခိုက်နင့်နာမှု မရှိကြစေရန် နာမည်များ ပြောင်းလွှဲထား၏။ နာမည်လွှဲလိုက်မှ မဆိုင်သူများနှင့် တိုက်ဆိုင်နေလျှင် . . .။ ဖြစ်တတ်သည်။ ယေဘုယျအားဖြင့် လူရေးသောစာသည် လူ့အကြောင်းသာ ဖြစ်တတ်ရာ လူရေးသောစာကို လူစာတတ်သူက ဖတ်မိပြီး “ငါ့အကြောင်း ရေးထားတာပဲ . . . . .”ဟု . . . . .။ စာရေးသူ)

အဆိုပါ အ၀ှာတို့၏ ဆက်ဆံရေးသည် တရုတ်နှစ်သစ်ကူး ရာသီ၌ သိုသိုသိပ်သိပ် သိပ်သိပ်သည်းသည်း ဖြစ်လာ၏။ အ၀ှာထီးနှင့် အ၀ှာမတို့ အားလပ်ရက် ရကြ၍ အားအားယားယား  ချက်တင်းနှောကြသည်။ ဤသို့ . . . . .။ နောက်ဆုံး၌ မရည်ရွယ်ဘဲ (သို့မဟုတ်) ရည်ရွယ်ရင်းအတိုင်း ချစ်တင်းနှောသွားကြ၏။ (ကိုအ၀ှာသည် မြာပွေသူ ဖြစ်ပြီး မအ၀ှာသည် ရှာနေသူဖြစ်သည်ဟု ယူဆရ၏။ စာရေးသူ)

-----

ဂျီတော့နှင့်ချက်။ ထွက်၍တစ်ခါ ဖေ့စ်ဘွတ်မှာ။ အာကလိအောက် အောက်ကလိအာ။ ဘာသာတူ လူမျိုးတူ။ ငြူစူကင်းစင်။ သွင်ပြင်ပုံပန်း နတ်နှယ်ဆန်း။ ငန်းငန်းတက် ဗီဇက်အို။ ငြိုငြင်ပြန်လျှင် ဖုန်းဆက်။ မက်ဆေ့ခ်ျ ပို့တန်ပို့။ သို့ကလို နေ့နှင့်ည။ မအ၀ှာနှင့် ကိုအ၀ှာ။

-----

“ဟိုင်း အ၀ှာ”

“ဟိုင်း ကိုကို”

.  . . . . . . . . .
. . . . . . . . . .
. . . . . . . . . .

“ တွေ့ရအောင်။ မနက်ဖြန်လား။ သန်ဘက်ခါလား။ အခု ညတွင်းချင်းလား။ :) :) :)”

“:) မနက်ဖြန်ကျရင် အိမ်ကလူတွေ နှစ်သစ်ကူးပါတီ သွားကြမှာ။”

“:) :) :) လိပ်စာပြော။”

“. . . . . . . . . . Singapore 8 . 8 . 88 ”

“အိုကေ။”

-----

ကိုအ၀ှာသည် အိမ်မက်ယာမက် ကောင်းစွာမက်၍ မနက်အစောကြီး နိုးလာ၏။ စောစောထ။ သွားတိုက်။ မျက်နှာသစ်။ အိပ်ယာသိမ်း။ ရေးချိုး။ . . . . . နေမွန်းမတည့်မီ မအ၀ှာ၏ နေအိမ်မင်္ဂလာသို့ ကြွမြန်းနိုင်လေ၏။ တစ်နာရီအတွင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ နေရာမှန်သည်။ အလွတ်ကျက်ထားသည့် လိပ်စာကို ပြန်ကြည့်စရာပင် မလိုပေ။ တစ်ခုသာ မှားနေသည်။ မအ၀ှာ၏ နေအိမ်တံခါး သော့ခတ်၍ ပိတ်ထားသည်။ ကိုအ၀ှာ ဆုတ်ပြန်ရန်သာ ရှိတော့သည်။


-----
Comment:
“မနက်ဖြန်ကျရင် အိမ်ကလူတွေ နှစ်သစ်ကူးပါတီ သွားကြမှာ”
:)
ရှင်အာစာရ
21Jan12


မှတ်ချက် -
“ဖြစ်ရပ်မှန် မဟုတ်ပါ။”
Happy Lunar New Year!

Wednesday, January 25, 2012

လင်္ကာထဲက ဇာတ် (၃)



ဒုတိယပိုင်း သံဝေဂခန်း
ကပ္ပကာမန္တနခန်း

မြို့သစ်တည်ထောင်၍ တရားသဖြင့် မင်းပြုတော်မူသော မဃဒေ၀ မင်းကြီးသည် သူငယ်ဘ၀၊ အိမ်ရှေ့စံဘ၀တို့၌ နှစ်ပေါင်း ရှစ်သောင်းလေးထောင်စီ နေခဲ့ကြောင်း၊ မင်းစည်းစိမ်ကိုလည်း နှစ်ပေါင်း ရှစ်သောင်းလေးထောင် ကြာအောင်ပင် ခံစားခဲ့ကြောင်း ပြဆို၏။ မင်းကြီးသည် “ငါ့ ဦးခေါင်းမှာ ဆံပင်ဖြူ တွေ့လျှင် ငါ့ကို ပြပါ”ဟု ဆတ္တာသည်ကို မှာကြားထားကြောင်း ပြဆို၏။ လင်္ကာ(၃)ပိုဒ် ပါဝင်သည်။

ကပ္ပကာရောစနခန်း

မဃဒေ၀ မင်းကြီး၏ ဆတ္တာသည်သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူတစ်ပင် တွေ့ရသောအခါ မင်းကြီး၏ မိန့်ကြားထားချက်အရ အခြေအနေကို မင်းကြီးအား လျှောက်ထားနေဟန် ဖွဲ့ဆိုထား၏။ ဆံဖြူတစ်ပင် တွေ့ရချိန်၌ မင်းကြီးသည် သက်တော် (၂၅၂၀၀၀)နှစ် ရှိပြီဖြစ်ကြောင်း သတိပေး လျှောက်ထားနေဟန် ရေးဖွဲ့ထား၏။ လင်္ကာ(၅)ပိုဒ် ပါဝင်သည်။

ပလိတဒဿနခန်း

မဃဒေ၀ မင်းကြီးက ဆတ္တာသည်ကို ဆံပင်ဖြူ နှုတ်ပြရန် မိန့်ဆိုတော်မူပုံ၊ ဆတ္တာသည်က ဆံပင်ဖြူကို နှုတ်ယူ၍ မင်းကြီးအား ဆက်သပုံတို့ကို လင်္ကာ(၂)ပိုဒ်ဖြင့် ဖွဲ့ဆိုထားသည်။

အတ္တစိန္တာခန်း

ဆံဖြူတစ်ပင် တွေ့လိုက်ရသော မင်းကြီး မရဏဿတိကမ္မဋ္ဌာန်း ပွားများနေပုံ၊ ကိလေသာကာမ၏ အပြစ်ကို ဆင်ခြင်တော်မူပုံတို့ကို လင်္ကာ(၃၃)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

သံဝေဂါကာရခန်း

မိမိဦးခေါင်းမှ ဆံဖြူတစ်ပင်ကို တွေ့မြင်ရသော မင်းကြီး ထိတ်လန့်သံဝေဂ ရနေပုံကို လင်္ကာ(၇)ပိုဒ်ဖြင့် သရုပ်ဖော် ဖွဲ့ဆိုထား၏။

ဥဒါနာဝစနခန်း

ဆံပင်ဖြူကြောင့် သံဝေဂရသော မင်းကြီးက “တောထွက်တော်မူကြသော ရှေးမင်းတို့ကဲ့သို့ ထီးနန်းစွန့်၍ တောထွက်ရဟန်းပြုတော့မည်”ဟု အခိုင်အမာ ဆုံးဖြတ်ချက်ချ၍ ဥဒါန်းကျူးရင့်လိုက်ဟန် ဖွဲ့ဆိုထား၏။ လင်္ကာ(၁)သာ ပါဝင်သည်။

ဤသို့လျှင် ဒုတိယပိုင်း၌ အခန်း(၆)ခန်း၊ လင်္ကာ(၇၂)ပိုဒ် ပါဝင်၏။


တတိယပိုင်း ပုတ္တောဝါဒခန်း
ဆုတော်ပေးခန်း

မဃဒေ၀ မင်းကြီးက ဆံပင်ဖြူနှုတ်၍ ဆက်သသော ဆတ္တာသည်အား အခွန်တစ်သိန်းထွက်သော ရွာကြီးနှင့်အတူ ဆုတော်လာဘ်တော်များ ပေးသနားတော်မူပုံကို လင်္ကာ(၉)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

ပုတ္တာရောစနခန်း

တောထွက်ရန် ဆုံးဖြတ်ထားသော မဃဒေ၀ မင်းကြီးက သားတော် အိမ်ရှေ့မင်းသားကို ရှေ့တော်မှောက်သို့ ဆင့်ခေါ်တော်မူပုံကို လင်္ကာ(၇)ပိုဒ်ဖြင့် ပြဆိုထား၏။

ပုတ္တောဝါဒခန်း

တောထွက်တော့မည့် မဃဒေ၀ မင်းကြီးက သားတော် အိမ်ရှေ့မင်းသားကို ခေါ်၍ မိမိ တောထွက်မည့်အကြောင်း အသိပေး ပြောကြားနေပုံ၊ လောကရေး ဓမ္မရေးတို့နှင့် စပ်လျဉ်း၍ အမျိုးမျိုးသော အကြောင်းအရာတို့ကို ပြကာ ဆုံးမနေပုံတို့ကို လင်္ကာ(၁၂၆)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။ လိုက်နာဖွယ်၊ ရှောင်ကြဉ်ဖွယ်၊ သိမှတ်ဖွယ်တို့ စုံစုံလင်လင် ညွှန်ပြဆုံးမနေဟန် ရေးဖွဲ့ထား၏။ အကျယ်ဆုံးဖြစ်သော ဤ အခန်းခွဲ၌ ဆရာတော်၏ စွယ်စုံရ အရည်အချင်းကို အထင်ရှားဆုံး တွေ့ရ၏။ မဃဒေ၀လင်္ကာသစ်၏ ပြည့်စုံခန့်ငြားမှုကို ဤ အခန်းက သက်သေထူနေ၏။

ဤသို့လျှင် တတိယပိုင်း၌ အခန်းခွဲ (၃)ခန်း၊ လင်္ကာ (၁၇၈)ပိုဒ် ပါဝင်၏။

စတုတ္ထပိုင်း အမစ္စောဝါဒခန်း
အမစ္စာပုစ္ဆနခန်း

မဃဒေ၀မင်းကြီး တောထွက်မည့် အရေးကို ကြားသိရသော အမတ်တို့က မင်းကြီးထံ ချဉ်းကပ်၍ တောထွက်ရခြင်း၏ အကြောင်းရင်းကို မေးမြန်းလျှောက်ထားကြဟန် လင်္ကာ(၉)ပိုဒ်ဖြင့် သရုပ်ဖော် ရေးဖွဲ့ထား၏။

ဓမ္မဒေသနာခန်း

မဃဒေ၀ မင်းကြီးက ဆံပင်ဖြူကို ပြ၍ “ငါ့ ဦးခေါင်းမှာ ဆံပင် ဖြူလာပြီ။ သေမင်းတမန် ငါ့ထံ ရောက်လာပြီ။ ငါ တောထွက်ချိန် တန်လေပြီ”ဟု အမတ်တို့ကို မိန့်တော်မူပုံ၊ လောကရေး ဓမ္မရေးတို့နှင့် စပ်၍ အမတ်တို့ကို ဆုံးမတော်မူပုံတို့ကို လင်္ကာ(၂၂)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

အမစ္စောဝါဒခန်း

မဃဒေ၀ မင်းကြီးက အမတ်တို့ကို တောမထွက်မီ ဆုံးမသြ၀ါဒ ပေးနေဟန် ဖွဲ့ဆိုထား၏။ လင်္ကာ(၃၇)ပိုဒ် ပါဝင်၏။

အမစ္စောဝါဒခန်း၌ ရေးဖွဲ့လိုသော အကြောင်းအရာများကို ဓမ္မဒေသနာခန်း၌ ထည့်သွင်းနိုင်၏။ ယေဘုယျအားဖြင့် တရားဟောခြင်း (ဓမ္မဒေသနာ)နှင့် သြ၀ါဒပေးခြင်း (သြ၀ါဒ)တို့မှာ အဓိပ္ပာယ် တူ၏။ သို့သော် ခန့်ငြားမှု ရှိစေရန် တစ်ခန်းခွဲခြင်း ဖြစ်မည်ထင်ရ၏။ အမစ္စောဝါဒခန်းကို အ၀ိနာဘာဝနည်း၊ အတ္ထာပတ္တိနည်းဖြင့် ယူ၍ ရေးဖွဲ့ကြောင်း လင်္ကာစာပိုဒ် (၃၆၁)၌ ဆရာတော် ကိုယ်တိုင် ပြဆိုထား၏။ အမတ်တို့ကို တရားဟောကြောင်း အဋ္ဌကထာ၌ မဆိုဘဲ ဆရာတော်က ဖြည့်စွက်ထားခြင်း ဖြစ်သည်။ ထို့အတူပင် မဃဒေ၀လင်္ကာသစ် ကျမ်းစာတစ်ခုလုံး၌ ဆရာတော်၏ ဉာဏ်ကွန့်မြူးမှု အားလုံးကိုလည်း အ၀ိနာဘာဝနည်း၊ အတ္ထာပတ္တိနည်းဟုသာ မှတ်ရပေမည်။

ဒေ၀ိယောဝါဒခန်း

တောထွက်တော့မည့် မဃဒေ၀ မင်းကြီးက မိဖုရားတို့ကို တောမထွက်မီ ဆုံးမနေဟန်ကိုလည်း အ၀ိနာဘာဝနည်းဖြင့် ယူ၍ အကျယ်ရေးဖွဲ့ပြန်၏။ ထိုသို့ ဆုံးမနေဟန်ကို လင်္ကာ(၁၈)ပိုဒ်ဖြင့် ဖွဲ့ဆိုသည်။

ဤသို့လျှင် စတုတ္ထပိုင်း၌ အခန်းခွဲ (၄)ခန်း၊ လင်္ကာ (၈၅)ပိုဒ် ပါဝင်၏။

ပဉ္စမပိုင်း ဗြဟ္မစရိယခန်း

တောထွက်ခန်း

ဆံပင်ဖြူကို သံဝေဂယူ၍ တောထွက်ရဟန်းပြုသော မဃဒေ၀ သူမြတ် ရဟန်းကောင်း ရဟန်းမြတ် ဖြစ်ပုံကို အမွှမ်းတင် ဖွဲ့ဆိုထား၏။ မဃဒေ၀ ရဟန်းမြတ်၏ ဂုဏ်ကို ပေါ်လွင်စေရန် ရဟန်းယုတ်၊ ရဟန်းပျက်တို့၏ သဘောကိုပါ ထည့်သွင်း ဖွဲ့ဆိုထား၏။ ထို့ကြောင့် အဖြူပေါ် အမဲတင်သကဲ့သို့ မဃဒေ၀ ရဟန်းမြတ်၏ စင်ကြယ်မှု ပေါ်လွင်၏။ လင်္ကာ (၁၉)ပိုဒ် ပါဝင်သည်။

ဗြဟ္မစရိယ၀ိဟာရခန်း

မဃဒေ၀ ရဟန်းမြတ် ဗြာဟ္မ၀ိဟာရတရား လေးပါး ကျင့်သုံး၍ ဗြဟ္မာ့ပြည်သို့ လားရပုံကို လင်္ကာ(၁၄)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

အပါယ်ဘုံခန်း

အကြောင်း အကုသိုလ်ကံနှင့် အကျိုး ဒုဂ္ဂတိကို တွဲစပ်ပြထား၏။ အကုသိုလ်ကံကြောင့် လားရောက်ရာဖြစ်သော အပါယ်ဘုံတို့ကို လင်္ကာ(၁၉)ပိုဒ်ဖြင့် ထိတ်လန့်ဖွယ်ဖြစ်အောင် ဖွဲ့ဆိုပြ၏။

ကာမာဝစရနတ်ဘုံခန်း

ကောင်းမှုပြုသူတို့ ခံစားရသော နတ်ချမ်းသာကို လင်္ကာ(၉)ပိုဒ်ဖြင့် အားကျဖွယ် အမွှမ်းတင် ဖွဲ့ဆိုထား၏။

ရူပါဝစရဗြဟ္မာ့ဘုံခန်း

ရူပဈာန်ရအောင် ပွားများပုံနှင့် ရူပဈာန်ရ ပုဂ္ဂိုလ်တို့၏ လားရောက်ရာ ရူပဗြဟ္မဘုံ အကြောင်းကို ထိုထို ရူပဗြဟ္မာတို့၏ သက်တမ်း အသီးသီးနှင့်တကွ ဖွဲ့ဆိုပြ၏။ လင်္ကာ(၇)ပိုဒ် ပါဝင်သည်။

အရူပါဝစရဗြဟ္မဘုံခန်း

အရူပဈာန်ရအောင် ပွားများပုံနှင့် အရူပဈာန်ရ ပုဂ္ဂိုလ်တို့၏  လားရောက်ရာ အရူပဗြဟ္မဘုံတို့ကို လင်္ကာ(၂)ပိုဒ်ဖြင့် ဖွဲ့ဆိုပြ၏။

ကာမဘူမိသံသန္ဒနခန်း

တောထွက် တရားကျင့်၍ ဈာန်ရသော မဃဒေ၀ သူမြတ် ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်ရပုံ၊ မဃဒေ၀ ဗြဟ္မာမင်းသည် အခြား ဗြဟ္မာတို့ကဲ့သို့ ဗြဟ္မာ့စည်းစိမ်ကိုသာ ခံစားမနေဘဲ ပါရမီဆယ်ပါး ဖြည့်ကျင့်နေပုံတို့ကို လင်္ကာ(၃)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

ဤသို့လျှင် ပဉ္စမပိုင်း၌ အခန်းခွဲ (၇)ခန်း၊ လင်္ကာ(၇၃)ပိုဒ် ပါဝင်၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

Tuesday, January 24, 2012

ရဟန်းဆိုးတို့အကြောင်း


ရဟန်းဆိုးတို့အကြောင်း
(မဃဒေ၀လင်္ကာသစ်၊ မန်လည်ဆရာတော်)

(စင်္ကာပူနိုင်ငံ၊ မင်္ဂလ၀ိဟာရ ကျောင်းတိုက်၌) ဒုလ္လဘ၀တ်ကြသည့် စင်္ကာပူရောက် မြန်မာရဟန်းတော်များကို ရှောင်ကြဉ်ဖွယ် ရဟန်းဆိုးတို့အကြောင်း ပြောပြဖြစ်ခဲ့သည်။
(4 to 5 PM, 24Jan12)

-         ကာမဘောဂါ၊ လူ့ချမ်းသာလည်း၊ ကင်းကွာဝေးစွ၊ သမဏ၏၊ သုခလည်းရှုံး၊ နှစ်ကျိုးဆုံးလျက်၊ ခေါင်းတုံးသာလျှင်၊ အဖတ်တင်ခဲ့၊

ဒါ အရှင်ဘုရားတို့ သိပြီးသားပဲ။ အဖွင့်နေ့က ဆရာတော်ကြီး သြ၀ါဒပေးသွားတဲ့ အထဲက လင်္ကာ။

မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မဃဒေ၀လင်္ကာသစ်ထဲက ယူထားတာ။ မန်လည်ဆရာတော် ဆိုတာ တော်တော်များများ သိကြပါတယ်။ လယ်တီဆရာတော်ကြီးနဲ့ ခေတ်ပြိုင်။ လယ်တီဆရာတော်ကြီးထက် ကြီးတယ်။ လယ်တီဆရာတော်ကြီး တောင်းပန်လျှောက်ထားလို့ ကျမ်းစာရေးရတာတောင် ရှိတယ်။ ၀ိနယသံခိပ်။ အခု ရဟန်းဆိုးတွေအကြောင်း ဆက်ပြီး ကြည့်ရအောင်။

-         ဂန္ထ ၀ိပဿနာ၊ နှစ်ဖြာဓူရ၊ မလုံ့လဘဲ၊ ကိစ္စမနည်း၊ အလိုသည်း၍၊ အရည်းမပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီကျင့်ဆန်း၊ ရှင်ပေါက်ပန်းတို့၊ ရဟန်းတမင့်၊ တ၀င့်ဝင့်နှင့်၊ မင်းကျင့်စိုးကျင့်၊ လူကျင့်ကျင့်က၊ ပျောက်လွင့်သီတင်း၊ သီလကင်း၏၊

-         ကိုယ်တွင်းယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တဏှာအထည်း၊ လောဘသည်း၍၊ ပစ္စည်းလာဘ်သပ်၊ အပ်မအပ်က၊ ရသမျှကို၊ ပြိတ္တာ့မျိုးစေ့၊ တပွေ့ပွေ့နှင့်၊ တပ်ပြွေ့ခင်မက်၊ တသက်သက်တည့်၊

-         မသုံးရက်ဟူ၊ မလှူရက်ရေး၊ မပေးရက်အား၊  မစားရက်နိုး၊ တစိုးစိုးဖြင့်၊ သူခိုးကပင်၊ ဥစ္စာ့ရှင်ထက်၊ ခင်မင်နှစ်သက်၊ နှမြောခက်သို့၊ ရမ္မက်ငြိစွန်း၊ ၀တ်သင်္ကန်းနှင့်၊ ရဟန်းဖြစ်လျက်၊ ကျင့်လွဲလက်သော်၊ ကုမ္မဂ္ဂဆိုး၊ လမ်းရိုးမမှန်၊ တိရစ္ဆာန်သို့၊ နိဗ္ဗာန်မပေါက်၊ အပါယ်ရောက်၍၊ လမ်းကောက်တိမ်းပင်း၊ ချွတ်ခဲ့ယွင်း၏၊

-         ရဟန်းရဟန်း၊ မည်ပြဋ္ဌာန်းလျက်၊ ရဟန်းဟူလစ်၊ ခေါ်ရာဖြစ်ရုံ၊ စနစ်ခေါက်ချိုး၊ သလင်းပိုးလျက်၊ ချုပ်ရိုးခန်းခန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်းဝါ၀ါ၊ ဦးပြည်းကာဖြင့်၊ ပညာကင်းပ၊ ဒုစ္စာရနှင့်၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊ အကျိုးတစိ၊ ဘယ်မှာရှိလိမ့်၊ မော်မိမော်မန်း၊ နေကာဆန်းနှင့်၊ ရဟန်းကျင့်ဝတ်၊ တပါးချွတ်က၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏။ (ပိုဒ်၊ ၄၂၅)

-         ရှင်ဆိုးရှင်ညစ်၊ ရဟန်းဖြစ်လည်း၊  စင်စစ်ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တကာလူဗိုလ်၊ ချီးမွမ်းဆိုနှင့်၊ ထိုထိုဖြင်ပည်း၊ ပစ္စည်းလာဘ်ကို၊ တောင့်တလို၏၊ လိုသည့်ရမ္မက်၊ ကြံဝိတက်ကြောင့်၊ အုတ်ကျက်အုန်းအင်း၊ ကြော်ငြာလျှင်း၍၊ သတင်းပေးကာ၊ ဒေသစာဖြင့်၊ မြို့ရွာဇနပိုဒ်၊ နယ်တိုက်တိုက်ကို၊ လိုက်၍ဖျက်ဆီး၊ ခိုးသူကြီးသို့၊ ရံသီးများစွာ၊ ပရိဝါနှင့်၊ မလိမ္မာသူ၊ ရှင်လူဗာလ၊ အပ္ပသုတ၊ မိန်းမယောက်ျား၊ သူတို့အားလျှင်၊ လှည့်ဖြားသမှု၊ သက်မွေးပြု၏၊

-         ရှင်တုရှင်ဝါ၊ ရှင်ယုတ်မာနှင့်၊ မဟာစောရ၊ ရှင်ဓားပြတို့၊ ပါပကျင့်မျိုး၊ အလိုဆိုးဖြင့်၊ အကျိုးမဟဲ့၊ မိုက်သင်းဖွဲ့၍၊ ငရဲ့စီးပွား၊ ရှာသောလားသို့၊ တရားတရား၊ တဟားဟားနှင့်၊ ပြစ်များပြောတုံ၊ တောင်နှယ်ပုံ၏၊

-         အာရုံဆိတ်ရာ၊ သုညာဂါရ၊ အရည၌၊ ကာယစိတ္တ၊ ၀ိဝေကကို၊ ရလိုသော့ပုံ၊ အချို့တုံကား၊ ရဂုံတောခွင်၊ ခိုဝင်နေငြား၊ ဆွမ်းခံစားလျက်၊ ခေါင်းပါးဟာရ၊ ၀မ်းလျလျနှင့်၊ ရသမျှဟူ၊ စပ်ဆည်းဆူ၍၊ ပံသုကူဝတ်ရုံ၊ နေပါတုံလည်း၊ ပြာပုံခဲကျ၊ ထောင်းထောင်းထသို့၊ ဥဒ္ဓစ္စထုံး၊ နှလုံးမတည်၊ ခိုင်ကျည်မဲ့လျှင်း၊ စောင့်စည်းကင်း၍၊ ခံတွင်းနှုတ်ဆော့၊ ကျင့်သွမ်းသော့၏၊

-         တမော့ကြွားကြွား၊ တလွှားလွှားနှင့်၊ တရားဟောယောင်၊ ချို့ရှင်ပြောင်လည်း၊ တောင်တောင်မြောက်မြောက်၊ ပင့်မြှောက်ချနှိပ်၊ ရောင်ရိပ်ဝဲရစ်၊ လာဘ်ကိုညှစ်လျက်၊ ဗလစ်ဗလစ်၊ နှုတ်မထစ်ဘူး၊ မဆစ်မဆိတ်၊ မတိတ်အသံ၊ တညံညံဖြင့်၊ တရံမစဲ၊ ဘွာစိကြဲ၍၊ နှုတ်ရဲလျှာရွ၊

-         တစ်ချို့ကမူ၊ မာနတောင်နီး၊ တက်ဘိစီး၍၊ ထေရ်ကြီးဝါကြီး၊ သိက္ခာကြီးအား၊ ခရီးလမ်းကြား၊ တွေ့ကြုံငြားလည်း၊ လေးစားမဲ့ဘိ၊ အတိမာနီ၊ မချီလက်အုပ်၊ မတုပ်မကွ၊ ဦးမချဘူး၊ ဝေးကကြဉ်ဖဲ၊ တိမ်းရှောင်လွှဲ၍၊ တပွဲထွက်ဝင်၊ ငါ့ပြင်မရှိ၊ ဟူဘိဝါ၀င့်၊ မလျော်ကျင့်၏၊ သမင့်အလား၊ တောသစ် ကျားနှင့်၊ တောသားသို့သွင်၊ ဘယ်ကျိုးထင်လိမ့်၊ ရှင်ပင်တပဲ၊ ငရဲ့ပြိတ္တာ၊ ဖြစ်တတ်စွာရှင့်၊

-         တကာတကာမ၊ ဒုပ္ပညတို့၊ မြှောက်ကြအုံလှည့်၊ ကူညီဖြည့်လျက်၊ သူ၏ဆရာ၊ ငါ့ဆရာဟု၊ တဏှာရောယှက်၊ မာနတက်၍၊ သူ့ဘက်ငါ့ဘက်၊ တီးလက်ဆော်ရိုက်၊ နွားကိုတိုက်သို့၊ အမိုက်ပွဲခံ၊ ပါပကံဖြင့်၊ အုန်းညံဝိုင်းညာ၊ ပြုကြခါဝယ်၊ ဆရာကျက်ဖျင်း၊ ပညာကင်းတို့၊ အတင်းစောင်၍၊ နွားနှယ်ဝှေ့၏၊ ဝှေ့သည့်အလိုက်၊ အပြင်းတိုက်သော်၊ နွားမိုက်ကံဆိုး၊ ဦးချိုကျိုးက၊ တပိုးမှုတ်ကာ၊ ကြမ္မာချွတ်လွဲ၊ ဥက္ခောင်းကွဲက၊ အမဲစားကာ၊ ဘယ်သူနာလိမ့်၊ လွန်စွာမိုက်လှ၊ နွားဗာလသာ၊ သေရရုံတိ၊ ကျိုးမရှိဘူး၊

-         စုတိပျက်စီး၊ သေခါနီး၌၊ တွတ်တီးတွတ်တာ၊ ထိန်လန့်စွာဖြင့်၊ သိက္ခာစွန့်ယောင်၊ ၀ါစွန့်ယောင်နှင့်၊ ကတောင်ကချောက်၊ ပတောက်ပရစ်၊ မိုးကြိုးပစ်ခါ၊ လက်ဆီးကာသို့၊ ထွေရာစွဲလမ်း၊ ဆိုယောင်ယမ်း၍၊ မြည်တမ်းဟိန်းဟဲ၊ တညဲညဲတည့်၊ ငရဲမီးပူ၊ အမွေယူလျက်၊ ရောရူဝီစိ၊ အောက်သို့ထိအောင်၊ ကျဘိခြုတ်ခြုတ်၊ ခံကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ မှိုင်းမှောင်ညို့ညို့၊ ပြိတ္တာမြို့ဝယ်၊ ရှင်တို့စံခန်း၊ ကြိုးခါးဗန်းက၊ သင်္ကန်းပြောင်ပြောင်၊ မီးအရောင်နှင့်၊ ကျီးကောင်လင်းတ၊ သိန်းစွန်စသည်၊ ဆိတ်ဆွဆွဲငင်၊ ကောင်းကင်ထက်ဝန်း၊ ပြေးပျံသန်း၍၊ ရဟန်းပြိတ္တာ၊ တ၀ါဝါလျှင်၊ မဟာဒုက္ခ၊ တွင်းဆုံးကျလျက်၊ ပြင်းပြကြွက်ဆူ၊ ဟစ်ကြွေးဦ၍၊ ကယ်သူမမြင်၊ ပူပင်နွမ်းညှိုး၊ ထိုရှင်ဆိုးတို့၊ ကိုးရိုးကားယား၊ အပါယ်လားသည်။   ။ မမှားမှတ်နာ အိမ်းအိမ်းတည်း။ (ပိုဒ်၊ ၄၂၇)

-         ဓမ္မိယာလဒ္ဓ၊ လိုလိုရနှင့်၊ မိဘမျိုးစစ်၊ လှူသည်ဖြစ်လည်း၊ ပစ္စဝေက္ခဏာ၊ ပညာသုတ်သင်၊ မဆင်ခြင်ဘဲ၊ ရှင်ရဟန်းများ၊ သုံးဆောင်စားမူ၊ လေးပါးပါယ်ထဲ၊ ငရဲ ပြိတ္တာ၊ မလွတ်ရာဟု၊

-         မမှန်လန်းရိုး၊ ချို့ရှင်မျိုးတို့၊ တောတိုးဝသီ၊ ဗာဟီစရိုက်၊ စိတ်လိုလိုက်၍၊ ရွှေသိုက် ငွေသိုက်၊ မြေသိုက် အဂ္ဂိရတ်၊ ဘူမိရတ်နှင့်၊ မှော်နတ်အင်းအိုင်၊ ဆေးဝါးကိုင်သား၊ မဆိုင်သန့်သန့်၊ ရှင်နှင့်ဆန့်လျက်၊ ရဟန့်းသိက္ခာ၊ မဟုတ်ရာ၌၊ မိစ္ဆာဝိဇ္ဇာ၊ တိရိစ္ဆာဖြင့်၊ သင်္ချာဂဏန်း၊ သက်မွေးခန်းကို၊ ရဟန်းတန်မဲ့၊ လာဘ်ကိုငဲ့၍၊ ရှင့်ရွဲ့တကာ၊ လေ့လာတုံမှု၊ အားထုတ်ပြု၏၊

-         ကံနုဉာဏ်နု၊ အမြင်နုသား၊ ဗဟုဿုနည်း၊ အရည်းမည်ရုံ၊ ဖန်ဝတ်ရုံလျက်၊ စားရုံအိပ်ပြု၊ ရှင်တစ်စုလည်း၊ စက္ခုသောတ၊ မနဟူပေ၊ ဣနြေ္ဒခြောက်ပါး၊ မစောင်းငြားဘူး၊ တရားမဲ့စွာ၊ သင်္ကန်းဝါနှင့်၊ ပညာမရှိ၊ သတိမမူ၊ ရွာနေလူသို့၊ ရွာသူတကာ၊ ၀ိသဘာဂ၊ မြင်သမျှနှိုက်၊ လောဘလိုလွန့်၊ ရှက်မတွန့်ဘဲ၊ ပုစွန့်မျက်စိ၊ ထွက်လိလိဖြင့်၊ ရာဂဂ္ဂိပွား၊ ဘက်သတ်ယား၍၊ အိုးကားမပူ၊ ဖုံးပွက်ပူဟု၊ ပုံတူတမျှ၊ တည်မရတည့်၊

-         အန္ဓဗာလ၊ အချို့ကကား၊ သမဏသညာ၊ သက်သက်ကွာလျက်၊ ရှင်ဝါပရိဗိုဇ်၊ အကြံမိုက်ဖြင့်၊ ည၌ကားလူ၊ နေ့မူရဟန်း၊ အကျင့်ဆန်းနှင့်၊ သင်္ကန်းသပိတ်၊ ပရိက္ခရာ၊ ဆောင်ကာဝမ်းရေး၊ အသက်မွေး၏၊ နှောင်ဘေးနရက်၊ မျှော်မတွက်ဘူး၊ ခွေးထက်ကျင့်ဆိုး၊ ထိုရှင်မျိုးတို့၊ မရိုးဝမ်းတွင်း၊ မဖြောင့်စင်းသား၊ အဖျင်းစင်စစ်၊ သဘောညစ်လျက်၊ ကောက်ကျစ်လက္ခဏာ၊ ကျင့်ယုတ်မာ၏၊

-         ပမာတူနှိုင်း၊ ပုံဖြင့်ခိုင်းသော်၊ ထွန်ကိုင်းအလား၊ အဖျားကောက်ကွေး၊ လရေးသဖွယ်၊ အလယ်ကောက်ခြင်း၊ မကြွင်းထိုမျှ၊ သုံးဌာနလုံး၊ စက ဆုံးရောက်၊ နွားသေးကောက်သို့၊ အကောက်သုံးပါး၊ ကျင့်ပြောက်ကျားတည့်၊ (ပိုဒ်၊ ၄၂၈)

-----

ပစ္စဝေက္ခဏာ (ဆင်ခြင်ခြင်း)

ဣဏပရိဘောဂ = အကြွေးတင်သည့် သုံးဆောင်နည်း
ဣဏ = အကြွေး
ပရိဘောဂ = သုံးဆောင်ခြင်း

တရားသဖြင့် ရလာတဲ့ ပစ္စည်း၊ အလွန်ဆုံး ပြောရရင် ကိုယ့်မိဘ ကိုယ့်ဆွေမျိုး လှူတဲ့ပစ္စည်း ဖြစ်နေပါစေ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားသောက်မိတယ်၊ သုံးဆောင်မိတယ်ဆိုရင် အကြွေးတင်တယ်။ ပြန်ဆပ်ရလိမ့်မယ်။

တစ်ခါတုန်းက ကျောင်းနားမှာ လယ်ထွန်နေတဲ့ ဒကာတစ်ယောက်က နွားတွေကို ရိုက်နေလို့ ဘုန်းကြီးက ဒကာဆီသွားပြီး ဆုံးမတယ်တဲ့။

“ဒကာကြီး . . . နွားတွေကို သိပ်မရိုက်ပါနဲ့”ပေါ့။

လယ်သမားကြီးက ပြန်လျှောက်လိုက်လို့ ဘုန်းကြီးလည်း ခပ်ကုတ်ကုတ် ပြန်လာခဲ့တယ်တဲ့။

“ရိုက်မှာပေါ့ ကိုယ်တော် . . . သူတို့က အရင်ဘ၀က ပစ္စဝေက္ခဏာမှ မဆင်ခြင်ခဲ့ဘဲကိုး . . .။”

ဒီတော့ ကြွေးမတင်အောင် ပစ္စဝေက္ခဏာ ဆင်ခြင်ကြရမယ်။ အနည်းဆုံး တစ်ရက်တစ်ခါ အရုဏ်မတက်ခင်မှာ ပစ္စဝေက္ခဏာ ဆင်ခြင်ရတယ်။ မဆင်ခြင်မိရင် အကြွေးတင်တယ်။

သင်္ကန်း၌ ဆင်ခြင်ရန် လင်္ကာ
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ယင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်း။

ဆွမ်း၌ ဆင်ခြင်ရန် လင်္ကာ
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ကျောင်း၌ ဆင်ခြင်ရန် လင်္ကာ
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

ဆေး၌ ဆင်ခြင်ရန်
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။

ကြွင်းသော အသုံးအဆောင်များကို ဆင်ခြင်ရန်
ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

- မေတ္တာဘာဝနာ
ပစ္စဝေက္ခဏာ မဆင်ခြင်မိရင်လည်း အလှူရှင်တွေကို မေတ္တာပို့ရမယ်။ မေတ္တာပို့ရင်လည်း ဣဏပရိဘောဂ မဖြစ်ဘူး။

-----

နေတဲ့အခိုက်အတန်းလေးမှာ အဖွင့်နေ့က ဆရာတော်ကြီး သြ၀ါဒ ပေးသွားသလို့ ခေါင်းတုံးပဲ အဖတ်တင်တဲ့ ရဟန်းမျိုး မဖြစ်အောင်၊ အခု ပြောခဲ့တဲ့ ရဟန်းဆိုးတွေလို မဖြစ်အောင်၊ ကြွေးလည်းမတင်အောင် နေကြဖို့ပဲ။

Comment:
လင်္ကာတွေရဲ့ အဓိပ္ပာယ်ကို တတ်သလောက် မှတ်သလောက် ရှင်းပြခဲ့ပေမယ့် ပြန်စဉ်းစားပြီးရေးဖို့ ပျင်းနေပါသေးတယ်။

:)

ရှင်အာစာရ