Wednesday, January 25, 2012

လင်္ကာထဲက ဇာတ် (၃)



ဒုတိယပိုင်း သံဝေဂခန်း
ကပ္ပကာမန္တနခန်း

မြို့သစ်တည်ထောင်၍ တရားသဖြင့် မင်းပြုတော်မူသော မဃဒေ၀ မင်းကြီးသည် သူငယ်ဘ၀၊ အိမ်ရှေ့စံဘ၀တို့၌ နှစ်ပေါင်း ရှစ်သောင်းလေးထောင်စီ နေခဲ့ကြောင်း၊ မင်းစည်းစိမ်ကိုလည်း နှစ်ပေါင်း ရှစ်သောင်းလေးထောင် ကြာအောင်ပင် ခံစားခဲ့ကြောင်း ပြဆို၏။ မင်းကြီးသည် “ငါ့ ဦးခေါင်းမှာ ဆံပင်ဖြူ တွေ့လျှင် ငါ့ကို ပြပါ”ဟု ဆတ္တာသည်ကို မှာကြားထားကြောင်း ပြဆို၏။ လင်္ကာ(၃)ပိုဒ် ပါဝင်သည်။

ကပ္ပကာရောစနခန်း

မဃဒေ၀ မင်းကြီး၏ ဆတ္တာသည်သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူတစ်ပင် တွေ့ရသောအခါ မင်းကြီး၏ မိန့်ကြားထားချက်အရ အခြေအနေကို မင်းကြီးအား လျှောက်ထားနေဟန် ဖွဲ့ဆိုထား၏။ ဆံဖြူတစ်ပင် တွေ့ရချိန်၌ မင်းကြီးသည် သက်တော် (၂၅၂၀၀၀)နှစ် ရှိပြီဖြစ်ကြောင်း သတိပေး လျှောက်ထားနေဟန် ရေးဖွဲ့ထား၏။ လင်္ကာ(၅)ပိုဒ် ပါဝင်သည်။

ပလိတဒဿနခန်း

မဃဒေ၀ မင်းကြီးက ဆတ္တာသည်ကို ဆံပင်ဖြူ နှုတ်ပြရန် မိန့်ဆိုတော်မူပုံ၊ ဆတ္တာသည်က ဆံပင်ဖြူကို နှုတ်ယူ၍ မင်းကြီးအား ဆက်သပုံတို့ကို လင်္ကာ(၂)ပိုဒ်ဖြင့် ဖွဲ့ဆိုထားသည်။

အတ္တစိန္တာခန်း

ဆံဖြူတစ်ပင် တွေ့လိုက်ရသော မင်းကြီး မရဏဿတိကမ္မဋ္ဌာန်း ပွားများနေပုံ၊ ကိလေသာကာမ၏ အပြစ်ကို ဆင်ခြင်တော်မူပုံတို့ကို လင်္ကာ(၃၃)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

သံဝေဂါကာရခန်း

မိမိဦးခေါင်းမှ ဆံဖြူတစ်ပင်ကို တွေ့မြင်ရသော မင်းကြီး ထိတ်လန့်သံဝေဂ ရနေပုံကို လင်္ကာ(၇)ပိုဒ်ဖြင့် သရုပ်ဖော် ဖွဲ့ဆိုထား၏။

ဥဒါနာဝစနခန်း

ဆံပင်ဖြူကြောင့် သံဝေဂရသော မင်းကြီးက “တောထွက်တော်မူကြသော ရှေးမင်းတို့ကဲ့သို့ ထီးနန်းစွန့်၍ တောထွက်ရဟန်းပြုတော့မည်”ဟု အခိုင်အမာ ဆုံးဖြတ်ချက်ချ၍ ဥဒါန်းကျူးရင့်လိုက်ဟန် ဖွဲ့ဆိုထား၏။ လင်္ကာ(၁)သာ ပါဝင်သည်။

ဤသို့လျှင် ဒုတိယပိုင်း၌ အခန်း(၆)ခန်း၊ လင်္ကာ(၇၂)ပိုဒ် ပါဝင်၏။


တတိယပိုင်း ပုတ္တောဝါဒခန်း
ဆုတော်ပေးခန်း

မဃဒေ၀ မင်းကြီးက ဆံပင်ဖြူနှုတ်၍ ဆက်သသော ဆတ္တာသည်အား အခွန်တစ်သိန်းထွက်သော ရွာကြီးနှင့်အတူ ဆုတော်လာဘ်တော်များ ပေးသနားတော်မူပုံကို လင်္ကာ(၉)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

ပုတ္တာရောစနခန်း

တောထွက်ရန် ဆုံးဖြတ်ထားသော မဃဒေ၀ မင်းကြီးက သားတော် အိမ်ရှေ့မင်းသားကို ရှေ့တော်မှောက်သို့ ဆင့်ခေါ်တော်မူပုံကို လင်္ကာ(၇)ပိုဒ်ဖြင့် ပြဆိုထား၏။

ပုတ္တောဝါဒခန်း

တောထွက်တော့မည့် မဃဒေ၀ မင်းကြီးက သားတော် အိမ်ရှေ့မင်းသားကို ခေါ်၍ မိမိ တောထွက်မည့်အကြောင်း အသိပေး ပြောကြားနေပုံ၊ လောကရေး ဓမ္မရေးတို့နှင့် စပ်လျဉ်း၍ အမျိုးမျိုးသော အကြောင်းအရာတို့ကို ပြကာ ဆုံးမနေပုံတို့ကို လင်္ကာ(၁၂၆)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။ လိုက်နာဖွယ်၊ ရှောင်ကြဉ်ဖွယ်၊ သိမှတ်ဖွယ်တို့ စုံစုံလင်လင် ညွှန်ပြဆုံးမနေဟန် ရေးဖွဲ့ထား၏။ အကျယ်ဆုံးဖြစ်သော ဤ အခန်းခွဲ၌ ဆရာတော်၏ စွယ်စုံရ အရည်အချင်းကို အထင်ရှားဆုံး တွေ့ရ၏။ မဃဒေ၀လင်္ကာသစ်၏ ပြည့်စုံခန့်ငြားမှုကို ဤ အခန်းက သက်သေထူနေ၏။

ဤသို့လျှင် တတိယပိုင်း၌ အခန်းခွဲ (၃)ခန်း၊ လင်္ကာ (၁၇၈)ပိုဒ် ပါဝင်၏။

စတုတ္ထပိုင်း အမစ္စောဝါဒခန်း
အမစ္စာပုစ္ဆနခန်း

မဃဒေ၀မင်းကြီး တောထွက်မည့် အရေးကို ကြားသိရသော အမတ်တို့က မင်းကြီးထံ ချဉ်းကပ်၍ တောထွက်ရခြင်း၏ အကြောင်းရင်းကို မေးမြန်းလျှောက်ထားကြဟန် လင်္ကာ(၉)ပိုဒ်ဖြင့် သရုပ်ဖော် ရေးဖွဲ့ထား၏။

ဓမ္မဒေသနာခန်း

မဃဒေ၀ မင်းကြီးက ဆံပင်ဖြူကို ပြ၍ “ငါ့ ဦးခေါင်းမှာ ဆံပင် ဖြူလာပြီ။ သေမင်းတမန် ငါ့ထံ ရောက်လာပြီ။ ငါ တောထွက်ချိန် တန်လေပြီ”ဟု အမတ်တို့ကို မိန့်တော်မူပုံ၊ လောကရေး ဓမ္မရေးတို့နှင့် စပ်၍ အမတ်တို့ကို ဆုံးမတော်မူပုံတို့ကို လင်္ကာ(၂၂)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

အမစ္စောဝါဒခန်း

မဃဒေ၀ မင်းကြီးက အမတ်တို့ကို တောမထွက်မီ ဆုံးမသြ၀ါဒ ပေးနေဟန် ဖွဲ့ဆိုထား၏။ လင်္ကာ(၃၇)ပိုဒ် ပါဝင်၏။

အမစ္စောဝါဒခန်း၌ ရေးဖွဲ့လိုသော အကြောင်းအရာများကို ဓမ္မဒေသနာခန်း၌ ထည့်သွင်းနိုင်၏။ ယေဘုယျအားဖြင့် တရားဟောခြင်း (ဓမ္မဒေသနာ)နှင့် သြ၀ါဒပေးခြင်း (သြ၀ါဒ)တို့မှာ အဓိပ္ပာယ် တူ၏။ သို့သော် ခန့်ငြားမှု ရှိစေရန် တစ်ခန်းခွဲခြင်း ဖြစ်မည်ထင်ရ၏။ အမစ္စောဝါဒခန်းကို အ၀ိနာဘာဝနည်း၊ အတ္ထာပတ္တိနည်းဖြင့် ယူ၍ ရေးဖွဲ့ကြောင်း လင်္ကာစာပိုဒ် (၃၆၁)၌ ဆရာတော် ကိုယ်တိုင် ပြဆိုထား၏။ အမတ်တို့ကို တရားဟောကြောင်း အဋ္ဌကထာ၌ မဆိုဘဲ ဆရာတော်က ဖြည့်စွက်ထားခြင်း ဖြစ်သည်။ ထို့အတူပင် မဃဒေ၀လင်္ကာသစ် ကျမ်းစာတစ်ခုလုံး၌ ဆရာတော်၏ ဉာဏ်ကွန့်မြူးမှု အားလုံးကိုလည်း အ၀ိနာဘာဝနည်း၊ အတ္ထာပတ္တိနည်းဟုသာ မှတ်ရပေမည်။

ဒေ၀ိယောဝါဒခန်း

တောထွက်တော့မည့် မဃဒေ၀ မင်းကြီးက မိဖုရားတို့ကို တောမထွက်မီ ဆုံးမနေဟန်ကိုလည်း အ၀ိနာဘာဝနည်းဖြင့် ယူ၍ အကျယ်ရေးဖွဲ့ပြန်၏။ ထိုသို့ ဆုံးမနေဟန်ကို လင်္ကာ(၁၈)ပိုဒ်ဖြင့် ဖွဲ့ဆိုသည်။

ဤသို့လျှင် စတုတ္ထပိုင်း၌ အခန်းခွဲ (၄)ခန်း၊ လင်္ကာ (၈၅)ပိုဒ် ပါဝင်၏။

ပဉ္စမပိုင်း ဗြဟ္မစရိယခန်း

တောထွက်ခန်း

ဆံပင်ဖြူကို သံဝေဂယူ၍ တောထွက်ရဟန်းပြုသော မဃဒေ၀ သူမြတ် ရဟန်းကောင်း ရဟန်းမြတ် ဖြစ်ပုံကို အမွှမ်းတင် ဖွဲ့ဆိုထား၏။ မဃဒေ၀ ရဟန်းမြတ်၏ ဂုဏ်ကို ပေါ်လွင်စေရန် ရဟန်းယုတ်၊ ရဟန်းပျက်တို့၏ သဘောကိုပါ ထည့်သွင်း ဖွဲ့ဆိုထား၏။ ထို့ကြောင့် အဖြူပေါ် အမဲတင်သကဲ့သို့ မဃဒေ၀ ရဟန်းမြတ်၏ စင်ကြယ်မှု ပေါ်လွင်၏။ လင်္ကာ (၁၉)ပိုဒ် ပါဝင်သည်။

ဗြဟ္မစရိယ၀ိဟာရခန်း

မဃဒေ၀ ရဟန်းမြတ် ဗြာဟ္မ၀ိဟာရတရား လေးပါး ကျင့်သုံး၍ ဗြဟ္မာ့ပြည်သို့ လားရပုံကို လင်္ကာ(၁၄)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

အပါယ်ဘုံခန်း

အကြောင်း အကုသိုလ်ကံနှင့် အကျိုး ဒုဂ္ဂတိကို တွဲစပ်ပြထား၏။ အကုသိုလ်ကံကြောင့် လားရောက်ရာဖြစ်သော အပါယ်ဘုံတို့ကို လင်္ကာ(၁၉)ပိုဒ်ဖြင့် ထိတ်လန့်ဖွယ်ဖြစ်အောင် ဖွဲ့ဆိုပြ၏။

ကာမာဝစရနတ်ဘုံခန်း

ကောင်းမှုပြုသူတို့ ခံစားရသော နတ်ချမ်းသာကို လင်္ကာ(၉)ပိုဒ်ဖြင့် အားကျဖွယ် အမွှမ်းတင် ဖွဲ့ဆိုထား၏။

ရူပါဝစရဗြဟ္မာ့ဘုံခန်း

ရူပဈာန်ရအောင် ပွားများပုံနှင့် ရူပဈာန်ရ ပုဂ္ဂိုလ်တို့၏ လားရောက်ရာ ရူပဗြဟ္မဘုံ အကြောင်းကို ထိုထို ရူပဗြဟ္မာတို့၏ သက်တမ်း အသီးသီးနှင့်တကွ ဖွဲ့ဆိုပြ၏။ လင်္ကာ(၇)ပိုဒ် ပါဝင်သည်။

အရူပါဝစရဗြဟ္မဘုံခန်း

အရူပဈာန်ရအောင် ပွားများပုံနှင့် အရူပဈာန်ရ ပုဂ္ဂိုလ်တို့၏  လားရောက်ရာ အရူပဗြဟ္မဘုံတို့ကို လင်္ကာ(၂)ပိုဒ်ဖြင့် ဖွဲ့ဆိုပြ၏။

ကာမဘူမိသံသန္ဒနခန်း

တောထွက် တရားကျင့်၍ ဈာန်ရသော မဃဒေ၀ သူမြတ် ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်ရပုံ၊ မဃဒေ၀ ဗြဟ္မာမင်းသည် အခြား ဗြဟ္မာတို့ကဲ့သို့ ဗြဟ္မာ့စည်းစိမ်ကိုသာ ခံစားမနေဘဲ ပါရမီဆယ်ပါး ဖြည့်ကျင့်နေပုံတို့ကို လင်္ကာ(၃)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

ဤသို့လျှင် ပဉ္စမပိုင်း၌ အခန်းခွဲ (၇)ခန်း၊ လင်္ကာ(၇၃)ပိုဒ် ပါဝင်၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

No comments:

Post a Comment