Wednesday, March 7, 2012

မရမ်းကုန်းစစ်တမ်း


နာမ၀ိသေသန ခုံမင်တော်မမူသည့် ရဟန်းတော်တစ်ပါး အပါအ၀င် အဓိကဇာတ်ကောင် ဆယ့်တစ်ဦး ပါဝင်ကပြရသော ဤအရုဏ်ဦး အခန်းဆက် ၀တ္ထုရှည်၌ ဇော်ဇော်အောင်သည် အိပ်ပုပ်ကြီး၏။ အိပ်မက်လည်း ကြီး၏။ ရောက်ဆဲကောဇာ ဖြစ်၏။ မတ်လ ခုနစ်ရက်၊ နှစ်ထောင့် ဆယ့်နှစ်ခုနှစ် ဖြစ်၏။


ထိုဆိုင်၌ လုပ်သားအင်အား စုစုပေါင်း ကိုးယေက်တိတိ ကုန်ကျ၏။ တော်တော်ကြီး ကြီးမားထည်ဝါထသော၊ “ပညာရေးဝန်ထမ်းများသမ၀ါယမအသင်းလီမီတက်”ဟူသော ဆိုင်းဘုတ်ကြီးသည် လက်ဖက်ရည်ဆိုင်၏ နာမည်မဟုတ်သည်မှာ သေချာသူများထဲတွင် သင်္ချာပါမောက္ခ တစ်ယောက်လောက်ထိ စာမတတ်သူ၊ မြန်မာ့ရိုးရာ သနပ်ခါးကို တစ်ပတ်လျှို ပါးကွက်ကြား ပန်ဆင်ထားသူ မောင်မင်းကိုနိုင်ကဲ့သို့သော ကလေးများသည်ပင် သေချာ၏။ [‘ထသော’ ‘သော’ဟူ၊ ၀ိသိသ်ယူ၊ ‘တွင်’မူ နိဒ္ဓါရဏ။ ထသောဟူ၍ ဖြစ်စေ၊ သောဟူ၍ ဖြစ်စေ အနက်မြန်မာ ပြန်ဆိုရသော. . . . . နိဒ္ဓါရဏ အနက်ရှိသောပုဒ်၊ နိဒ္ဓါရဏပုဒ်များ ဖြစ်ကြ၏။] အဆိုပါ လက်ဖက်ရည်ဆိုင်၏ နာမည်ကိုကား ဆိုင်းဘုတ်သေးသေးဖြင့် သီးသန့် ရေးသားထား၏။ ဆိုင်နာမည်၏ အထက်၌ “GEC”ဟု ခေါင်းစီးလည်း ရေးထားလိုက်သေး၏။ စင်စစ်အားဖြင့် ဆိုင်နာမည်သည် ပညတ်မျှသာ ဖြစ်သောကြောင့် ချန်လှပ်ထားလိုက်သင့်သေး၏။


အမှန်ဆိုရသော် “လက်ဘက်ရည်နှင့် အခြားမုံ့များ လက်ဘက်ရည်ဆိုင်” ဖြစ်၏။ ရန်ကုန်စံတော်ချိန် နံနက် (၆)နာရီသည် ထို့ထက်စောစောထ၍ ဆိုင်ဖွင့်ရန် ပြင်ဆင်ခဲ့ရပုံရ၏။ ထိုဆိုင်၌ ဆိုက်ရောက်ဗီဇာ ယူပြီးချိန်၌  မွဲခြောက်ခြောက် လက်ဘက်ရည်ဆိုင်ကြီး တော်တော်ကြီး စိုစိုစည်စည် စည်နေပြီဖြစ်၏။ မောင်မင်းကိုနိုင်မှ တစ်ဆင့် အရုဏ်စာများ မှာယူ၏။ မုန့်ဟင်းခါးရ၏။ စမူစာ၊ ပလာတာ၊ အီကြာကွေး၊ ထိုးမုံ့၊ လမုံ့နှင့် ထိုထိုဤဤ မုံ့များနှင့် အခြားမုံ့များနှင့် ကော်ဖီနှင့် လက်ဘက်ရည်နှင့် စားသုံးသူများ ရ၏။ များများစားလျှင် များများစားစား ရလိုက်၏။ အများအားဖြင့် များများလည်း ပေးလိုက်ရတတ်၏။ ဗိုက်ခေါင်းသေး၍ အစားသေးသဖြင့် လေးရာ့ငါးဆယ်ကျပ်သာ ကုန်ကျ၏။ ကန် တစ်ဒေါ်လာဖိုး မပြည့်ဘဲ ဗိုက်ပြည့်၏။ မပြည့်၏ဘဲ ကိုသဲသည် မပြည့်၏ သမီးရည်းစားဖော် ဖြစ်ပုံရကြောင်း  စာသုံးသူ (၂၅)ယောက်ကျော်တို့က သံသယဖြင့် ကြည့်ကြ၏။

“အတ် ဖော် နိုး ဆိတ်”ဟု ဆိုကြ၏။ ဆိတ်နို့ကမှ သောက်လို့ ရသေး၏။ သို့ဖြစ်၍ လူပြိန်းနားလည်အောင် လယ်တီမူအတိုင်းသာ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း ရေးသားရတော့၏။ ဆိုလိုရင်း ပြန်ကောက်ရသော် ဆိတ်နို့ မရကြောင်းက စ၍ ဆက်သင့်၏။ အအေး ရ၏။ လက်ဖက်ရည်မျိုးစုံ ရ၏။ ကော်ဖီမျိုးစုံ ရ၏။ ဆေးလိပ်မျိုးစုံရ၏။ ကော်ဖီကိုလည်း မောင်မင်းကိုနိုင်မှ တစ်ဆင့် မှာယူစားသောက်ရ၏။

ချဲ့ဦးအံ့။
၁။ ဆိုင်ရှင် ဒကာကြီးသည် ငွေရှင်းကောင်တာ၌ ထိုင်၏။ သဘောကောင်းပုံ ရ၏။
၂။ ဆိုင်ရှင် ဒကာမကြီးသည် မုန့်ဟင်းခါး ရောင်းချရ၏။ သူသည်လည်း သဘောကောင်းပုံ ရ၏။
၃။ ကိုအောင်ဆန်းသည် စမူစာ၊ ပလာတာ၊ ထပ်တစ်ရာနှင့် အီကြားကွေးတို့ကို တစ်လှည့်စီ ကြော်ရ၏။
၎။ ကိုတာရာသည် အသံကုန် ဟစ်အော်ရ၏။ တစ်ခါတစ်ခါ အီးကြားကွေး မွှေရ၏။ ကြော်ရ၏။
၅။ ကိုလှမြိုင်သည် စာပွဲထိုးခေါင်းဆောင် ဖြစ်ပုံရ၏။

(လူနံပါတ် ၃-၄-၅တို့သည်လည်း သဘောကောင်းပုံရ၏။ ၎င်းတို့သည် ကျွမ်းကျင်လုပ်သားများ ဖြစ်ကြရ၏။)

၆။ မောင်မင်းကိုနိုင်
၇။ မောင်ကိုကိုကြီး
၈။ မောင်မြအေး
၉။ မောင်ဌေးကြွယ်တို့သည် အသက်အရွယ်အားဖြင့် ခုနစ်နှစ်၊ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ်ခန့်သာ ရှိပုံရ၏။ အရေးပေါ် စားပွဲထိုးများ ဖြစ်ကြရ၏။ နံပါတ်(၆)သည် အီကြာကွေး နှစ်ချောင်းသုံးချောင်းကို အခက်အခဲမရှိ သယ်နိုင်၏။ နံပါတ်(၇)သည် ပေါက်စီနှင့် ပေါင်မုံ့ကို တစ်ပြိုင်နက်တည်း သယ်ယူနိုင်၏။ နံပါတ်(၈)သည် ဆိုင်ရှင်ဒကာကြီးကို ပေါ့ပေါ့ပါးပါး စလိုက်နောက်လိုက်သေး၏။ ဆိုင်ရှင် ဒကာကြီးက “အီကြာကွေး မရသေးဘူးလား”ဟု မေးသောအခါ “အီကြာကွေး ပူပူလေးလို့ မှာတာလေ။ အေးနေလို့ လာမချတာ”ဟု မောင်ကိုကိုကြီးက စကားတုံ့ ဆို၏။ နံပါတ်(၇)သည် လူနောက်ကလေး ဖြစ်၏။ နံပါတ်(၈)သည် ပလပ်စတစ် လက်ဆွဲပုံးကြီးဖြင့် ရေးများ မနိုင်မနင်း သယ်လာပြီး ရေနွေးအိုးကြီးထဲ မနိုင်မနင်း ထည့်၏။ ဤကား ဤလက်ဖက်ရည်ဆိုင်ကြီး၏ ပင်ပန်းကြီးသော အလုပ်များထဲမှ တစ်ခု ဖြစ်၏။ မောင်မင်းကိုနိုင်၊ မောင်ကိုကိုကြီး၊ မောင်မြအေး၊ မောင်ဌေးကြွယ်တို့လည်း သဘောကောင်းကြပုံရ၏။


ဆိုင်အတွင်းသို့ အသစ် ၀င်လာသည့် စားသုံးသူ မရှိသေးလျှင်၊ စားသောက်နေဆဲ ဧည့်သည်များ ငွေမရှင်းကြသေးလျှင် ချာတိတ်လေးများ ဗီဒီယို ကြည့်ခွင့်ရကြ၏။ သူတို့ ပျော်နေပုံရ၏။ အတော်အတန် အပူအပင် ကင်းကြပုံရ၏။ ထင်တော့ ထင်၏။ သို့ဖြစ်၍ သေချာအောင် မေးကြည့်လိုက်၏။

“မင်းတို့ . . . ဒီနေ့ ကျောင်းပိတ်လား။”

“သားက အလုပ်လုပ်တာ။ ကျောင်းမတက်ဘူး။”

“ဒီဆိုင်မှာ ညအိပ်တာလား။”

“လှိုင်သာယာက လာတာ။”

မောင်မင်းကိုနိုင်သည် စကားပြောရင်း ကုန်ကျငွေ တွက်ပေး၏။ စိတ်တွက် တွက်၍ (၄၅၀)ဟု ပြော၏။ သံသယ ရှိဟန်ပြ၍ ပြန်တွက်ပြခိုင်းသောအခါ အသံထွက်၍၊ စားခွက်များကို လက်နှင့်တို့၍တို့၍ တစ်ခုချင်း တစ်ခုချင်း၏ ကျသင့်ငွေကို ရှင်းအောင်တွက်ပြရရှာ၏။  မုန့်ဟင်းခါး ၂၀၀။ ကော်ဖီ ၂၀၀။ စမူစာ ၅၀။ ၄၅၀။ ဤကျွမ်းကျင်မှုမျိုးဖြင့် သင်္ချာပညာရှင်ကြီး ဖြစ်စေချင်လှ၏။ သင်္ချာပညာရှင်ကြီးသည် (၅၀၀)ကျပ်တန်ကို ယူ၍ “၅၀ အမ်းမယ်”ဟု အော်ရင်း ဆိုင်ရှင်ဒကာကြီးထံသို့ ငွေသွားအပ်ရ၏။

ခဏကြာသော် မောင်မင်းကိုနိုင် ပြန်ရောက်လာပြီး အမ်းငွေ (၅၀)ကို ပြန်ပေး၏။ ဖိနပ်ချွပ်၍ ကိုယ်ကိုညွတ်ကိုင်းကာ လက်နှစ်ဘက်နှင့် ရိုသေစွာ ဆက်ကပ်၏။ (၅၀)ကျပ်တန် အနာမာသ အကပ္ပိယ၀တ္ထုကို ဆရာတော် သိမ်းဆည်းနေစဉ် မောင်ကိုကိုကြီး ရောက်ရှိလာပြီး ဆရာတော်၏ ပိုက်ဆံအိပ်ထဲရှိ ပိုက်ဆံများကို စိတ်နှင့်လှမ်း၍ ရေတွက်ကြည့်နေလေ၏။



ရန်ကုန်စံတော်ချိန် နံနက် (၆)နာရီ (၃၀)မိနစ်သည် ကလေးများ ကျောင်းအပ်ရန် ရှိနေသေး၏။

:)
ရှင်အာစာရ


----- 

Comment:
သက်ဆိုင်သူများ မနင့်နာအောင် နာမည်များ ပြောင်းထား၏။

No comments:

Post a Comment