Tuesday, July 11, 2017

သံဃဖာသု ကုသိုလ်




(ဇူလိုင် ၁၀၊ ၂၀၁၇)
-----

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ၊ ရာဟုလာ ဓမ္မသင်တန်းကျောင်း သာသနာ့မြေ အတွင်းမှ အလျားပေ (၅၀)၊ အနံပေ (၅၀)ရှိ မြေကွက်ကို သိမ်အဖြစ် အသုံးပြုရန် သက်ဆိုင်ရာုံးအဆင့်ဆင့်က ၀ိသုံဂါမ သီးခြားရွာအဖြစ် သတ်မှတ်၍ စိုင်ပြင်ရွာနေ သိမ်ဒါယိကာမ ဒေါ်သင်းသင်းကို ဂါမဘောဇက ရွာစားအဖြစ် ခန့်ထားခဲ့သည်။ ၀ိသုံဂါမ သိမ်မြေကို ဒေါ်သင်းသင်း မိသားစုက သာသနာတော်အား လှူဒါန်းသည်။ သံဃာတော်များ ချမ်းသာအောင် ထောက်ပံ့ပေးသည့် ကုသိုလ်ဖြစ်ကြောင်း မန်းနပသ မော်ကွန်းထိန်း ဆရာတော်က အနုမောဒနာပြုသည်။ ပကတိ ရွာတို့သည် အလိုလိုပင် သိမ်ဖြစ်နေကြကြောင်း၊ ရွာနယ်အတွင်းမှာ သံဃာ့ကံ ပြုနိုင်ကြောင်း၊ သို့သော် ထိုသို့ ကံဆောင်ရာ သိမ်ဖြစ်နေသည့် ရွာနယ်အတွင်းရှိ ရဟန်းအားလုံး တစ်ပါးမကျန် ကံပြုရာသို့ ကြွရောက်ကြရမည်ဖြစ်ပြီး ထိုသို့ ကြွရောက်ရန် မလွယ်ကူကြောင်း၊ ရွာနယ်အတွင်းရှိ ရဟန်းများ အားလုံးကို စုံးနိုင်စေကာမူ ကံပြုချိန်အတွင်း ရွာနယ်အတွင်း ၀င်ရောက်လာသည့် ခရီးသွား ရဟန်းများကို တားဆီးရမည်ဖြစ်ကြောင်း၊ ထိုသို့ တားရသည်မှာလည်း မလွယ်ကူကြောင်း၊ ခက်ခဲသဖြင့် ဆင်းရဲသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုသို့ မခက်ခဲစေရန်၊ ရဟန်းတော်များ လွယ်ကူချမ်းသာစွာ ကံဆောင်နိုင်ရန်အတွက် ရွာနယ်ထဲမှ သီးခြား နယ်ကျဉ်းတစ်ခုကို သိမ်အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဤအလှူသည် သံဃာတော်များ ချမ်းသာအောင် ထောက်ပံ့ပေးသည့် ကုသိုလ်ဖြစ်ကြောင်း အမိန့်ရှိသည်။

မင်းအစိုးရက ဒေါ်သင်းသင်းကို ရွာစားခန့်ထား၍ သီးခြားရွာ (၀ိသုံဂါမ) ပေးလိုက်သည့်နှင့် အလိုအလျောက် သိမ်ဖြစ်သွားကြောင်း၊ ရဟန်းတော်များ သိမ်သမုတ်စရာ မလိုကြောင်း၊ သို့သော် မင်းအစိုးရ ပေးထားသည့်သိမ်ကို မင်းအစိုးရတို့က ပြန်၍ုပ်သိမ်းနိုင်ခွင့် ရှိသဖြင့် မုပ်သိမ်းခင် သိမ်သမုတ်ခြင်းဖြစ်ကြောင်း၊ သိမ်သမုတ်ထားသဖြင့် မင်းအစိုးရက ပြန်သိမ်းစေကာမူ သိမ်မပျက်တော့ကြောင်းလည်း အမိန့်ရှိသည်။

သိမ်သမုတ်ရာ အရပ်ရှစ်မျက်နှာ သိမ်နယ်နိမိတ်ကို ကျောက်တိုင်ကျောက်တုံးများဖြင့် ပိုင်းခြားသတ်မှတ်ထားပြီး ထိုနိမိတ်များကို အမေးအဖြေ ပြုရသည်။ အရပ်မျက်နှာ အသီးသီး မည်သည့်အမှတ်အသား ဖြစ်သနည်းဟု မေး၍ ကျောက်ဖြစ်ကြောင်း ဖြေရသည်။ အမေးအဖြေ စကား​ ပါဠိတစ်လှည့် မြန်မာတစ်လှည့် နိဿယ ပြန်ခြင်းကို ရှေးဆရာတော်များ မနှစ်သက်ကြောင်း၊ ပါဠိသက်သက်ဖြင့် မေး၍ ပါဠိသက်သက်ဖြင့် ဖြေခြင်းကိုသာ နှစ်သက်ကြကြောင်း၊ ကမ္မ၀ါစာ ဖတ်ရာ ပါဠိသက်သက်သာ ဖတ်သည်ကို နည်းယူခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။

သိမ်သမုတ် အပြီး သိမ်သစ် သိက္ခာထပ် ကံဆောင်ရန် စိတ်ကူးမိသည့်အတိုင်း ကံဆောင်ခဲ့ကြသည်။ သိမ်ဒါယကာ မိသားစုတို့ ရဟန်းခံထားသည့် အရှင်ကို သိက္ခာထပ်သင့်သည်ဟု စိတ်ကူးရသော်လည်း ထိုအရှင်က မော်လမြိုင်မှာ သီတင်းသုံးနေသဖြင့် မပင့်ခဲ့တော့ပေ။ ကျုပ်ကို သိက္ခာထပ်ဗျာဟု တောင်းဆိုရန်လည်း မသင့်တော်သဖြင့် သက်တော်(၈၅)နှစ် ရှိပြီဖြစ်သည့် သက်တော်ရှည် ဥပဇ္ဈာယ် ရင်းရဲဆရာတော်ကြီးကို သိက္ခာထပ် ပူဇော်ရန် တိုက်တွန်းခဲ့သည်။ နှစ်သက်ဝမ်းမြောက်ကြသည်။ သိက္ခာထပ် အပူဇော်ခံ ဆရာတော်ကြီးကဲ့သို့ သက်ရှည်ကျန်းမာဆုကို သိမ်ဒါယကာ၊ ရဟန်းဒါယကာ မိသားစုက တောင်းဆိုကြသည်။

သီးခြားရွာစားအဖြစ် ခန့်ထားခြင်း ခံရသူ သိမ်အလှူရှင် ဒေါ်သင်းသင်း ကွယ်လွန်သည်မှာ တစ်နှစ်ရှိခဲ့ပြီဖြစ်ရာ သူ့ကို ရည်ရွယ်၍ အမျှဝေခြင်းဖြင့် သံဃာတော်များ ချမ်းသာအောင် ထောက်ပံ့ပေးသည့် သိမ်အလှူ ကုသိုလ်ပွဲကို အဆုံးသတ်ခဲ့ကြသည်။

:)
ရှင်အာစာရ

No comments:

Post a Comment