Tuesday, October 3, 2017

မှန်သော သစ္စာ


သူသည် ပြောစရာ ရှိပြီဆိုလျှင် ဘယ်သူ့ကိုမှ၊ ဘာကိုမှ မငဲ့မကွက်ဘဲ မှန်ရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သောကြောင့် တစ်ရွာလုံးက သူ့ကို ဦးသစ္စာဟု ခေါ်ကြသည်။ ဦးသစ္စာ၏ အမှန်စကားများကို သည်းမခံနိုင်သည့် အခါတိုင်း ရွာသူရွာသားတို့သည် ဦးသစ္စာကို ရွာ့အပြင်သို့ နှင်ထုတ်လေ့ ရှိကြ၏။ မှန်ရာကို ပြောမိသဖြင့် ရွာ့အပြင် တဲလေးမှာ နေရသည့် အတွေ့အကြုံသည် ဦးသစ္စာအတွက် ရိုးအီနေပြီ ဖြစ်၏။ ထိုသို့ ရွာ့အပြင်မှာ နေရသည့် အခြေအနေများမှာ ယာယီသာ ဖြစ်ပြီး ရက်အနည်းအငယ်၊ သို့မဟုတ် တစ်လနှစ်လ ကြာသောအခါ ဦးသစ္စာ ရွာထဲ ပြန်ရောက်လာသည်ချည်းသာ ဖြစ်၏။ ရွာသူရွာသားများကလည်း ဦးသစ္စာ ရွာထဲ ပြန်လာတိုင်း လက်ခံကြသည်ချည်းသာ ဖြစ်၏။
ယခုလည်း ရွာ့အပြင် တဲလေးမှာ ဦးသစ္စာ ရောက်နေပြန်သည်။ တောသွားတောလာ၊ ဈေးသွားဈေးလာ ခရီးကြုံသူတို့ ဦးသစ္စာဆီ ဝင်လာပြီး ဦးသစ္စာနှင့် စကားစမြည် ပြောလေ့ရှိကြ၏။

“ဦးသစ္စာကြီး ရွာ့ပြင် ရောက်လာပြန်ပြီလား။ ဒီတစ်ခါ ဘယ့်သူ့အကြောင်း ဘယ်လိုအမှန်တွေ ပြောမိလို့ နှင်ထုတ်ခံရတာလဲ။”

“ဘယ်သူ့အကြောင်းမှ ငါမပြောဘူး။ ဘယ်သူကမှ ငါ့ကို နှင်ထုတ်တာလည်း မဟုတ်ဘူး။ ငါ့ဟာငါ ထွက်လာတာ။”

“ဘာဖြစ်လို့ ထွက်လာရတာလဲ။ အေးပါဗျာ . . . တစ်နေ့နေ့ ရွာထဲ ပြန်သွားပေါ့။”

“ရွာထဲ မပြန်တော့ဘူးကွာ။ ဒီတစ်ခါ ငါ့အကြောင်း၊ ငါ့မိသားစုအကြောင်း အမှန်တွေချည်းပဲ တစ်ရွာလုံးက ပြောနေကြတယ်။ မကြားချင်လို့ ငါ့ဟာငါ ထွက်လာတာ။ လုံး၀ မကြားချင်ဘူး။ သွားကွာ။ မင်းလည်း သွားတော့။”

:)
ရှင်အာစာရ

No comments:

Post a Comment