Wednesday, January 11, 2012

လင်္ကာထဲက ဇာတ် (၂)




ကျမ်းစာထုတ်ဝေမှု

ပထမစာမူ

ပြဆိုခဲ့ပြီးသည့်အတိုင်း ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးသည် ဆယ်ဝါရချိန်မှ စ၍ မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ကို ပြုစုတော်မူခဲ့၏။ နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်နီးပါးကြာအောင် ရေးသားခဲ့ရပြီး ၁၂၆၆-ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၁၄)ရက်၊ ည ရှစ်နာရီ၌ အပြီးသတ်နိုင်ခဲ့သည်။ ထိုစာမူကို ၁၂၆၉-ခုနှစ်၌ မန္တလေးမြို့ ရတနာဒီပံ ပုံနှိပ်တိုက်က ပထမဆုံး ထုတ်ဝေသည်။ ထိုကျမ်း၌ ခက်ဆစ်အဖွင့်ဖြစ်သော လီနတ္ထဒီပနီ အပါအ၀င် စာမျက်နှာ (၃၀၄)မျက်နှာ ရှိ၏။ အခန်း (၆)ခန်း ခွဲထား၏။ လင်္ကာပေါင်း (၃၂၂)ပိုဒ် ပါဝင်သည်။

ဒုတိယစာမူ

ရတနာဒီပံ ပုံနှိပ်တိုက်က ထုတ်ဝေသော မဃဒေ၀လင်္ကာသစ်၏ ပြည့်စုံခန့်ငြားမှုကို မန်လည်ဆရာတော်ဘုရားကြီးက အားရတော်မမူသေးပေ။ ထို့ကြောင့် အဆိုပါကျမ်းကို ထပ်မ၍ံ ဖြည့်စွက်ပြင်ဆင် ရေးသားတော်မူ၏။ ထိုသို့ သုတ်သင်အပ်သော ဒုတိယစာမူကို ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ၁၂၇၆-ခုနှစ်၌ ပုံနှိပ်ထုတ်ဝေသည်။ ထိုစာအုပ်၌ လီနတ္ထဒီပနီ မပါဝင်တော့ပေ။ စာစီပြီမှ တွေ့ရသော အမှားများကို စုဆောင်းပြင်ဆင်၍ “ထပ်မံပြင်ဆင်ချက်”ဟူသော ဇယားဖြင့် စာအုပ်ရှေ့ပိုင်း၌ ဖော်ပြထားသည်။ စာ (၄၈၆)မျက်နှာ ရှိ၏။ အခန်း (၆)ခန်းပင် ခွဲထားသည်။ လင်္ကာပေါင်း (၆၂၄)ပိုဒ် ပါဝင်သည်။ ပထမစာမူထက် စာပိုဒ်ပေါင်း (၃၀၂)ပိုဒ်အထိ တိုးလာ၏။

တတိယစာမူ

မန်လည်ဆရာတော် ဘုရားကြီးသည် ပြည်ကြီးမဏ္ဍိုင်ထုတ် မဃဒေ၀လင်္ကာသစ်ကိုလည်း အားရတော်မမူသေးဘဲ ထိုစာမူကို ၁၂၈၁-ခုနှစ်၌ ထပ်မံ၍ ပြင်ဆင်ဖြည့်စွက်တော်မူပြန်သည်။ ထပ်မံပြုစုအပ်သော တတိယ စာမူကို မန္တလေးမြို့၊ ရွှေးရေးဆောင်ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဦစန္ဒိမာ ကြီးကြပ်၍ ပေထက်အက္ခရာတင်ကြရာ ၁၂၈၁-ခုနှစ်၊ နတ်တော်လဆန်း (၁၃)ရက်၊ နေ့ (၃)နာရီ အချိန်၌ ပြီးစီးသည်။ ထိုစာမူ၌ ပေစာ (၂၆)အင်္ဂါ ရှိ၏။ ဒုတိယစာမူနှင့် တတိယစာမူ နှိုင်းယှဉ်ချက်အရ နှုတ်ပယ်ချက် (၈)ခု၊ ပြင်ဆင်ချက် (၅၅၅)ခု၊ ဖြည့်စွက်ချက် (၉၉၇)ခု တွေ့ရသည်။ တတိယ စာမူ၌ အခန်းကြီး (၆)ခန်း၊ အခန်းခွဲ အခန်းငယ် (၅၀)နှင့် လင်္ကာပေါင်း (၆၂၅)ပိုဒ် ပါဝင်သည်။

လက်ရှိကျမ်းစာ

လက်ရှိလေ့လာ ဖတ်ရှုနိုင်ကြသည့် မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်သည် မန်လည်ဆရာတော်ကြီး နောက်ဆုံးရေးသားတော်မူခံသော တတိယစာမူပင် ဖြစ်သည်။ ၁၃၃၇-ခုနှစ်၌ မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့က တတိယစာမူကို ကျမ်းစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ လီနတ္ထဒီပနီကိုပါ ပြန်လည်ထည့်သွင်းထား၍ အပြည့်စုံဆုံးစာမူ ဖြစ်လာသည်။ နောက်ဆုံးစာမူ၏ စာအုပ်ထုတ်ဝေမှု မှတ်တမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
          ပထမအကြိမ်၊ ၁၉၇၆-ခုနှစ်၊ အုပ်ရေ ၂၀၀၀။
          ဒုတိယအကြိမ်၊ ၁၉၈၀-ခုနှစ်၊ အုပ်ရေ ၂၀၀၀။
          တတိယအကြိမ်၊ ၁၉၉၁-ခုနှစ်၊ အုပ်ရေ ၃၀၀၀။
          စတုတ္ထအကြိမ်၊ ၁၉၉၅-ခုနှစ်၊ အုပ်ရေ ၃၀၀၀။

ကျမ်းစာမိတ်ဆက်

ပြဆိုခဲ့ပြီးသည့်အတိုင်း ယခု တည်ရှိနေသော မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်သည် မန်လည်ဆရာတော်ကြီး နောက်ဆုံးသုတ်သင်တော်မူအပ်သော ကျမ်းစာ ဖြစ်၏။ ဆရာတော်ကြီးသာ ရှိနေသေးလျှင် ယခု လက်ရှိ စာမူကိုပင် အားမရသေးဘဲ ထပ်မံ၍ ပြင်ဆင်တော်မူမည်မှာ သေချာ၏။ သို့သော် လက်ရှိ ကျမ်းစာသည်ပင် ပြည့်စုံခန့်ငြားသော ဂန္ထ၀င်မြောက် ကဗျာကျမ်းကြီး ဖြစ်နေပေပြီ။ နောက်ဆုံးစာမူ၏ အခန်းဖွဲ့စည်းပုံကို မိတ်ဆက် တင်ပြပါမည်။

ပထမပိုင်း လောကဟိတစရိယခန်း
နိဒါန်းခန်း
လင်္ကာနိဒါန်းခန်း

ဤ အခန်း၌ ရှေးဦးစွာ ပဏာပနှင့် ပဋိညာဉ်ကို ပြဆို၏။ ရတနာသုံးပါးကို ရှိခိုး၍ ကျမ်းစာကို ရေးသားတော့မည်ဟု ၀န်ခံသည်။ ထို့နောက် မင်းတုန်းမင်း လက်ထက်မှ အင်္ဂလိပ်ခေတ် သတ္တမ အက်ဒွပ်ဘုရင် နန်းစံသက် သုံးနှစ်မြောက်သည်အထိဖြစ်သော ကျမ်းပြုချိန်ကို ပြဆို၏။ ကျမ်းစာတစ်ခုလုံး၏ ဂုဏ်အင်္ဂါများကို အမွှမ်းတင် မိတ်ဆက်ထား၏။ မဃဒေ၀လင်္ကာသစ်ကို အခန်းကြီး၊ အခန်းငယ် ခွဲခြား၍ စီစဉ်ထားကြောင်း ပြဆိုသည်။ လင်္ကာ (၁၁)ပိုဒ် ပါဝင်၏။

ပစ္စုပ္ပန်ဝတ္ထုသန္တိကေနိဒါန်း

ဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်သော တောထွက်ခြင်းကို အကြောင်းပြု၍ မဃဒေ၀ဇာတ်ကို ဟောတော်မူကြောင်း လင်္ကာ (၁၂)ပိုဒ်ဖြင့် ဖွဲ့ဆိုထား၏။

ရာဇ၀င်ခန်း

“ရှေးအခါက ၀ိဒေဟတိုင်း မိထိလာပြည်၌ မဃဒေ၀မင်းကြီး မင်းပြုတော်မူ၏”ဟူသော မဃဒေ၀ဇာတ် အဋ္ဌကထာလာ စကားရပ်နှင့် ဆက်စပ်၍ မင်းအစဉ်အဆက် ရာဇ၀င်ကို ပြဆို၏။ ကမ္ဘာဦး မဟာသမ္မတမင်းမှ စ၍ သြက္ကာကမင်းတိုင်အောင် မင်း (၂၅၂၅၆)ဆက် ရှိကြောင်း ပြဆို၏။ သြက္ကာကမင်း၏ သားတော်လေးပါး၊ သမီးတော် တစ်ပါးမှ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားတိုင်အောင် သာကီဝင်မင်းဆက် (၈၂၁၀၄)ဆက်ရှိကြောင်း ပြဆို၏။ မဟာသမ္မတမင်းမှ သိဒ္ဓတ္တမင်းသားတိုင်အောင် မင်းပေါင်း (၃၃၄၅၉၆)ဆက်ရှိကြောင်း ပေါင်းရုန်း၍ ရေတွက်ပြ၏။ လင်္ကာ (၁၀)ပိုဒ် ပါဝင်သည်။

မြို့ပြောင်းခန်း

ရာဇ၀င်ခန်း၌ ပြဆိုအပ်သော မင်းဆက်တို့တွင် မဟာသမ္မတမင်းမှ (၈၄၃၅၈)ဆက်မြောက်ဖြစ်သော မဃဒေ၀မင်းသည် ၀ိဒေဟတိုင်းသို့ ပြောင်း၍ နန်းစိုက်တော်မူကြောင်း ဖွဲ့ဆိုထား၏။ မြို့သစ်နေရာသို့ ကြွချီပုံ မင်းခမ်းမင်းနား အစီအစဉ်ကို သိုက်သိုက်ဝန်းဝန်း ဖွဲ့ဆိုထား၏။ လင်္ကာ(၇)ပိုဒ် ပါဝင်သည်။

မြို့တည်နန်းတည်ခန်း

မဃဒေ၀မင်းကြီး ၀ိဒေဟတိုင်း၌ မိထိလာမြို့သစ် တည်ထောင်တော်မူကြောင်း ဖွဲ့ဆိုထား၏။ မြို့သစ်တည်ပုံကို မန္တလေးမြို့ တည်ထောင်စဉ်ကအတိုင်း ဖြစ်မည်ဟု စီစဉ်တင်ပြ မှန်းဆဖွဲ့ဆို၏။ ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင် တည်ဆောက်ပုံကို ရွှေဘုံနိဒါန်းကျမ်းနှင့် အညီ ဖွဲ့ဆိုပြ၏။ အချိန်အခါအလိုက် စည်တော် ရွမ်းပုံ၊ မြို့လေးမျက်နှာ၌ သက်ဆိုင်ရာ နံသားစည်တော်များ ချထားပုံ အစီအစဉ်ကို ပြဆို၏။ မိထိလာ-ဟူသော မြို့၏ အမည်ကို နိရုတ္တိနည်းဖြင့် ရုပ်စီရင်ပြ၏။ လင်္ကာ(၆)ပိုဒ် ပါဝင်သည်။

ဘိသိက်ခန်း

ထီးသစ်နန်းသစ် မြို့တော်သစ်၌ မဃဒေ၀မင်းကြီး ရာဇဘိသိက် ခံယူပုံကို ဓည၀တီ ပဒေသရာဇာမင်း၊ မင်းတုန်းမင်းတို့ မုဒ္ဓါဘိသိက် ခံနည်းအတိုင်း တင်ပြဖွဲ့ဆို၏။ လင်္ကာ(၄)ပိုဒ် ပါဝင်သည်။

မြို့နန်းသိမ်းခန်း

မဃဒေ၀မင်းကြီး မြို့နန်းသိမ်းပိုက်တော်မူပုံကို မင်းတုန်းမင်းကြီး မန္တလေးမြို့ကို သိမ်းပိုက်တော်မူသည့်အတိုင်း ဖွဲ့ဆွဲပြ၏။ လင်္ကာ(၄)ပိုဒ် ပါဝင်သည်။

ဥကင်တော်ဖွင့်ခန်း

မဃဒေ၀မင်းကြီး မိထိလာမြို့သစ်ကို သိမ်းပိုက်ပြီး ဥကင်တော်ဖွင့်၍ မင်းအဖြစ် စိုးစံတော်မူပုံကို မင်းခမ်မင်းနားနှင့် ပြည့်ပြည့်စုံစုံ သရုပ်ဖော်ထား၏။ လင်္ကာ(၇)ပိုဒ် ပါဝင်သည်။ (ဘုရင့် လွှတ်တော်ထဲက သီဟာသန ပလ္လင်ရဲ့ အပေါ်ပိုင်းကို ဥကင်လို့ ခေါ်ပါတယ်။)

ရာဇစရိယခန်း

(မဃဒေဝေါ နာမ) ဓမ္မိကော ဓမ္မရာဇာ-ဟူသော အဋ္ဌကထာစကားကို မှီငြမ်းချဲ့ထွင်၍ မဃဒေ၀ မင်းကြီးသည် တရားမျှတသော မင်းမြတ်တစ်ဆူ ဖြစ်တော်မူပုံကို လင်္ကာ(၅)ပိုဒ်ဖြင့် ဖွင့်ဆို၏။

ဘုန်းတော်ဘွဲ့ခန်း

မဃဒေ၀မင်းကြီး ဘုန်းတန်ခိုး ကြီးမြတ်ပုံကို လင်္ကာ(၅)ပိုဒ်ဖြင့် ချီးကျူး ဖွဲ့ဆို၏။ မင်းကြီးသည် မင်းတကာကို အစိုးရကြောင်း၊ အခြံအရံနှင့် ပြည့်စုံကြောင်း ချီးကျူးထား၏။ မဃဒေ၀ မင်းကြီး၏ စည်းစိမ်ကို နတ်စည်းစိမ်နှင့် ခိုင်းနှိုင်း ဖွဲ့ဆိုထား၏။

ဤသို့လျှင် ပထမပိုင်း၌ အခန်း(၉)ခန်း၊ လင်္ကာ(၈၁)ပိုဒ် ပါဝင်၏။


:)
ရှင်အာစာရ

No comments:

Post a Comment