Sunday, January 8, 2012

လင်္ကာထဲက ဇာတ် (၁)


၁။ ကျမ်းစာမိတ်ဆက်

“လင်္ကာထဲက ဇာတ်”ဟူသည်မှာ မဃဒေ၀လင်္ကာသစ်၌ မန်လည်ဆရာတော်ကြီး ထည့်သွင်းဖွဲ့ဆိုထားသည့် ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များ ဖြစ်၏။ ကျမ်းစာ၏ နာမည်အပြည့်အစုံမှာ “မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်” ဖြစ်၏။ သုတစွယ်စုံ လင်္ကာကျမ်းကြီးဟု ဆိုလိုသည်။ နေမိဇာတ်တော်လာ မဃဒေ၀မင်းကြီး၏ အတ္ထုပ္ပတ္တိကို ချဲ့ထွင်ဖွဲ့ဆိုထားသည့်ကျမ်းကြီး ဖြစ်သည်။ မဃဒေ၀လင်္ကာသစ်သည် ဂန္ထ၀င် ကဗျာကျမ်းကြီးဖြစ်ပြီး ဤကျမ်းကြီးကို စာပေလိုက်စားသူ တော်တော်များများ သိကြ၏။ ကျမ်းစာကို မသိလျှင်လည်း အနည်းဆုံး ကျမ်းစာအမည်ကို သိကြသည်။ ကောက်နုတ်ထားသည့် လင်္ကာအပိုင်းအစများကို သိကြသည်။ မဃဒေ၀ လင်္ကာသစ်၌ လောကီလောကုတ္တရာ အကြောင်းအရာ မျိုးစုံကို ထည့်သွင်းဖွင့်ဆိုထားသည်ဖြစ်ရာ တစ်ကျမ်းလုံးကို ပြည့်ပြည့်စုံစုံ နားလည်ရန် မလွယ်ပေ။ မဃဒေ၀လင်္ကာသစ်ကို နားလည်နိုင်ရန် အထောက်အကူရရေးအတွက် ဇာတ်တော်ကို အခြေခံ၍ ဖွဲ့ဆိုထားသည့် လင်္ကာများကို သက်ဆိုင်ရာဇာတ်တော်နှင့် ပူးတွဲတင်ပြပါမည်။ ရှေးဦးစွာ မဃဒေ၀လင်္ကာသစ်နှင့် မိတ်ဆက်ပေးပါမည်။

ကျမ်းပြုဆရာတော် (မန်လည်ဆရာတော် အရှင်ဇ၀န)

ကျမ်းပြုဆရာတော်မှာ အရှင်ဇ၀န ဖြစ်သည်။ ဆရာတော်သည် မန်လည်မြို့ဇာတိ ဖြစ်၏။ မန်လည်မြို့သည် ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ပါဝင်သည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်း မဲဇာဘူတာအလွန် ဆည်ရွာဘူတာမှ အနောက်ဘက် နှစ်မိုင်ခန့် ကွာဝေးပြီး မဲဇာမြစ်ကမ်းပါး၌ တည်ရှိသည်။

ဆရာတော်လောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၀၃-ခုနှစ်၊ တန်ခူးလဆန်း ၁၂-ရက်၊ အင်္ဂါနေ့၊ ညဥ့်သုံးချက်တီးကျော်၊ ၀ိသာခါနက္ခတ် မွန်းတည့်ချိန်၌ ဖွားမြင်၏။ ခမည်းတော် မယ်တော်တို့မှာ မြို့စားကြီး ဦးတင်ညို နှင့် ဒေါ်ဖြေတို့ ဖြစ်ကြသည်။ ရုပ်ဆင်းလက္ခဏာတို့ သန်မာသည့် ဆရာတော်လောင်းလျာကို “မောင်မာ”ဟု အမည်မှည့်ခေါ်ကြ၏။

မောင်မာ သုံးနှစ်သား အရွယ်၌ ဖခင်ကြီး ကွယ်လွန်သည်။ ဆယ့်နှစ်နှစ်အရွယ် ရောက်ရှိလာသောအခါ မောင်မာသည် ၀န်းသိုမြို့ တောင်ပေါ်ကျောင်းဆရာတော် ဦးပန်းအောင် (၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ နောင်တော်)ထံ၌ ပညာသင်ယူသည်။ ပါရမီ ထက်သန်သူ ဖြစ်သောကြောင့် ဆယ့်ခြောက်နှစ် အရွယ်၌ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့ပြီး ဒွေးချိုး၊ လေးချိုး၊ တေးထပ်စသော ကဗျာလင်္ကာများနှင့် ဆာဝါပြဇာတ်၊ ပဒုမပြဇာတ်တို့ကို ရေးစပ်နိုင်သည်။

မောင်မာ ဆယ့်ခြောက်နှစ်သား အရွယ်၌ မိခင်ကြီး ကွယ်လွန်သည်။ ထိုနှစ်မှာပင် ရှင်ပြု၌ ဉာဏ်ထက်သန်သည့် အကြောင်းဗြုပ္ပာပ်နှင့် လိုက်ဖက်သည့် ရှင်ဇ၀နဟူသော ဘွဲ့အမည်ကို ရရှိသည်။ ရှင်ဇ၀နသည် တောင်ပေါ်ကျောင်းဆရာတော်ထံ၌ လိင်၊ ဒဏ်၊ သေခိယနှင့် ခန္ဓက၀တ်တို့ကို နှုတ်ရအာဂုံ သင်ယူပြီး မန်လည်မြို့ ပြာသာဒ်ကျောင်းဆရာတော် အရှင်နန္ဒမဉ္ဇူထံ၌ စာပေဆက်လက် သင်ယူသည်။ အရှင်နန္ဒမဉ္ဇူမှာ မကာရလောပအကျော် (ဘာမဆို မသိသည် မရှိဟု သမုတ်အပ်သူ) တောင်တွင်းကြီးဆရာတော် ခင်ကြီးပျော်မှ သုံးဆက်မြောက် အရှင်မြတ်ဖြစ်၏။ ခင်ကြီးပျော်၏ စတုတ္ထမျိုးဆက် ရှင်ဇ၀နသည် မန်လည်ဆရာတော်အဖြစ် ထင်ရှားလာသည်။

သာမဏေ ရှင်ဇ၀နသည် ၁၂၂၅-ခုနှစ် တပေါင်းလပြည့်ကျော် (၅)ရက်နေ့၌ မဲဇာမြစ် နဒီသိမ်ဝယ် ၀ါတော်ခြောက်ဆယ်ရှိ အောင်းပင်ရွာဆရာတော် အရှင်ဂုဏ၀ါကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်တော်မူ၏။

[၁၂၂၅-ခုနှစ်၌ ဆရာတော်၏ အသက်မှာ ၂၂-နှစ် ရှိပြီဖြစ်၏။ ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်းကျမ်း၌ အသက် ၂၀-မှာ ရဟန်းဖြစ်ကြောင်း ပြဆို၏။ အသက် ၂၀-မှာ ရဟန်းခံခဲ့ပြီး ၀ိနယကုက္ကုစ္စရှိ၍ (ရဟန်းခံခြင်း ၀ိနည်းကံ မအောင်မြင်သည်ထင်၍) အသက် ၂၂-နှစ်မှာ သိက္ခာထပ်ခြင်း ဖြစ်နိုင်သည်။]

၁၂၂၈-ခုနှစ်၌ အရှင်ဇ၀နသည် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်မှာ ၀ါဆို၍ ပိဋကတ်စာပေများကို သင်ယူ၏။ နောက်တစ်နှစ် အကြာတွင် မန်လည်မြို့ဝန်၏ ပင့်လျှောက်ချက်အရ မာန်လည်မြို့သို့ ပြန်ကြွတော်မူ၏။ မန်လည်မြို့သို့ ပြန်ရောက်လာပြီး ရဟန်းဆယ်ဝါ ရသောအခါ စာသင်သား ဘ၀က အထူးကြည်ညိုခဲ့ဖူးသည့် နေမိဇာတ်တော်လာ မဃဒေ၀မင်းကြီး၏ အတ္ထုပ္ပတ္တိကို အကျယ်ဖွင့်၍ မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ဟူသော မြန်မာကဗျာကျမ်းကြီးကို စတင်ရေးသား ပြုစုတော်မူ၏။

ကျမ်းစာပြုစုတော်မူရင်း စာပေပို့ချခြင်း၊ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ လှည့်လည်ကြွချီ တရားဟောခြင်း၊ ဘာသာရေးပြဿနာများ ဖြေရှင်းပေးခြင်းစသော သာသနာရေး ကိစ္စများကို ဆောင်ရွက်တော်မူသည်။ ၁၂၆၆-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄)ရက်၊ သောကြာနေ့၊ ညရှစ်နာရီ အချိန်၌ မဃဒေ၀လင်္ကာသစ် ပထမစာမူကို ပြီးစီးသည်။

ဆရာတော်သည် ပိဋကတ်စာပေများကိုသာမက ဘင်္ဂါလီ၊ နာဂရီ၊ သီဟိုဠ်စသော ဘာသန္တရစာပေများကိုပါ တတ်ကျွမ်းတော်မူ၏။ ထို့ပြင် ရာဇ၀င်ကျမ်း၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်းစသော သုတစာပေများလည်း တတ်မြောက်တော်မူ၏။ သုတမျိုးစုံကို မဃဒေ၀လင်္ကာသစ်၌ ထည့်သွင်းဖွဲ့ဆိုတော်မူ၏။

၁၂၇၉-ခုနှစ်၌ ပဉ္စမမြောက် ဂျော့ဘုရင်၏ ဘုရင်ခံချုပ်ဖြစ်သော အန္ဒိယဘုရင်ခံချုပ် (Chelmford)က ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်မြတ် ဆက်ကပ်လှူဒါန်းသည်။

၁၂၈၂-ခုနှစ်၊ တော်သလင်းလဆန်း (၁၃)ရက်၊ နံနက် (၁)နာရီခွဲအချိန်၊ သက်တော် ခုနစ်ဆယ့်ကိုးနှစ်၊ သိက္ခာတော် ငါးဆယ့်ခြောက်ဝါ အရ၌ ဆရာတော် ပျံလွန်တော်မူ၏။ ထိုစဉ်က ဆရာတော်သည် ပထမလယ်တီဆရာတော် ဘုရားကြီး၏ တောင်းပန်လျှောက်ထားချက်အရ ဆန်းသံခိပ်ကျမ်း နှင့် အလင်္ကာသံခိပ်ကျမ်းများကို ရေးသားတော်မူနေဆဲ ဖြစ်သည်။

ဆရာတော်သည် မဃဒေ၀လင်္ကသစ်နှင့်တကွ ကျမ်းစာပေါင်း ခြောက်ဆယ်၊ ဘုရားရှိခိုး ဆယ့်တစ်မျိုး၊ မောင်းသီချင်း၊ အံတော်သီချင်း၊ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ လင်္ကာ၊ ရတုမြောက်များစွာနှင့် သံချိုများ၊ ဘုန်းကြီးပျံငိုချင်းများ အစရှိသော စာပေမျိုးစုံကို ရေးသားတော်မူခဲ့သည်။

ဆရာတော် ပျံလွန်တော်မူပြီးနောက် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်သည် မပုပ်မသိုး တည်ရှိခဲ့၏။ ၎င်းရုပ်ကလာပ်တော်ကို အုတ်ပြာသာဒ်မှာ ထည့်သွင်းပူဇော်ခဲ့သည်။ ၁၃၀၈-ခုနှစ်၌ မြေငလျင်ဒဏ်ကြောင့် အုတ်ပြာသာဒ် ပြိုကျပျက်စီးခဲ့သည်။ အနယ်နယ် အရပ်ရပ်မှ ကုသိုလ်ရှင်များ စုပေါင်းဆောက်လုပ် လှူဒါန်းသည့် ဒုတိယ ပြာသာဒ်ကျောင်းတော်ကို ၁၃၃၆-ခုနှစ်၊ တပို့တွဲလပြည့်နေ့က မင်းကွန်းတိပိဋကဓရဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ ကိုယ်တော်တိုင် ကြီးမှုး၍ ရေစက်ချ လှူဒါန်းပူဇော်ခဲ့သည်။ ဆရာတော်၏ မပုပ်မသိုးသော ရုပ်ကလာပ်တော်ကို ယခုတိုင် ဖူးမြင်နိုင်သေးသည် ဆို၏။ ကိုယ်တိုင် သွားရောက်၍ မဖူးဘူးသေးပေ။


:)
ရှင်အာစာရ

No comments:

Post a Comment