Showing posts with label 01C. Articles - ဆောင်းပါးများ. Show all posts
Showing posts with label 01C. Articles - ဆောင်းပါးများ. Show all posts

Monday, March 24, 2025

စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်


 မိလိန္ဒပဉှာ ကျမ်းစာကို ဖတ်မှတ်လေ့လာရင်း စိတ်ဝင်စားစရာ, စဉ်းစားစရာလေးတွေ တွေ့မိပါတယ်။ ဒီကျမ်းစာဟာ တန်ဖိုးရှိတဲ့ ကျမ်းစာတစ်ဆူ ဖြစ်ပါတယ်။ ဒီကျမ်းစာမှာ လေးနက်တဲ့ သဘောတရားတွေ၊ မဖြစ်မနေ သိထားသင့်တာတွေ ပါဝင်နေတာကို အထူးတလည် အမွှမ်းမတင်လိုတော့ပါ။ ဒီကျမ်းစာမှာ မြောက်များစွာသော ဂုဏ်အရည်အချင်းတွေ ရှိနေသလို မေးခွန်းထုတ်စရာလေးတွေ၊ ဟာကွက်လေးတွေလည်း ရှိနေတယ်လို့ ပြောလိုက်ဖို့ မဝံ့မရဲ ဖြစ်မိတာကြောင့်စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်လို့ပဲ နာမည်တပ်လိုက်ပါတယ်။ ကျမ်းစာနိဒါန်းရဲ့ ဆွဲဆောင်မှု၊ မပြီးပြတ်တဲ့ မေးခွန်း၊ ဆွဲအားရဲ့ စိန်ခေါ်ချက်၊ လောင်ကျွမ်းမှုပြဿနာ ဆိုတဲ့ ခေါင်းစဉ်လေးမျိုးနဲ့ တင်ပြပါမယ်။

၁။ ကျမ်းစာနိဒါန်းရဲ့ ဆွဲဆောင်မှု -

ဒီကျမ်းစာမှာပါတဲ့ အမေး-အဖြေတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေးအဖြေတွေ စိတ်ဝင်စားစရာကောင်းတာထက် ကျမ်းစာအပေါ် စိတ်ဝင်စားအောင် နိဒါန်းချီထားပုံက ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လို စိတ်ဝင်စားစရာကောင်းတာလဲ၊ စိတ်ဝင်စားစရာတွေက ဘာတွေလဲ။

ကျမ်းစာမှာပါတဲ့ အကြောင်းအရာတွေဟာ သေးသေးမွှားမွှား သာမည မဟုတ်ဘူး၊ ကြီးမြတ်တဲ့ ကျောထောက်နောက်ခံ အထုအထည် သိပ်သိပ်သည်းသည်း ရှိနေတယ်လို့ ဆိုလိုတဲ့ ကျမ်းဆရာရဲ့ သဘောထားကို ကျမ်းစာရဲ့ ဗာဟိရကထာ အခန်းမှာ ခန့်မှန်းမိလိုက်ပါတယ်။

ဗာဟိရကထာဟာ ကဿပဘုရားရှင် လက်ထက်က စပါတယ်။ ကဿပ ဘုရားရှင်ရဲ့ သာသနာမှာ ရှင်နာဂသေန လောင်းလျာဟာ ရဟန်းတစ်ပါး ဖြစ်ခဲ့ပါတယ်။ မိလိန္ဒမင်း လောင်းလျာကတော့ ရှင်သာမဏေတစ်ပါး ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ပါးဟာ တစ်ခြားရဟန်းတွေနဲ့အတူ ဂင်္ဂါမြစ်နားက ကျောင်းတိုက်တစ်ခုမှာ နေကြပါတယ်။ တစ်နေ့မှာ ရဟန်းတော်က ကျောင်းတိုက်အတွင်း တံမြက်လှည်းပြီး ရှင်သာမဏေကို အမှိုက်ကျုံးခိုင်းပါတယ်။ ရှင်သာမဏေက မကြားဟန်ဆောင်နေပါတယ်။ သုံးကြိမ်တိုင်တိုင် ခိုင်းပေမဲ့ ရှင်သာမဏေက မကြားဟန်ပဲ ဆောင်နေတာကြောင့် ရဟန်းတော် စိတ်ဆိုးသွားပြီး သာမဏေကို တံမြက်စည်းရိုးနဲ့ ရိုက်ပါတယ်။ သာမဏေ ငိုပါတယ်။ ကြောက်လို့ အမှိုက်ကျုံးလိုက်ပါတယ်။

အမှိုက်ကျုံးရတဲ့ ကောင်းမှုကြောင့် ဖြစ်လေရာ ဘဝမှာ မွန်းတည့်နေလို ဘုန်းကံကြီးသူ တန်ခိုးကြီးသူ ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်။ အမှိုက်ကျုံးပြီးတဲ့နောက် ဂင်္ဂါမြစ်မှာ ရေချိုးတော့လည်း ဖြစ်လေရာ ဘဝတိုင်း မြစ်ရေလှိုင်းတံပိုး အဟုန်လို အရာအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ပဋိဘန်ဉာဏ်ရှိသူ၊ မကုန်နိုင်တဲ့ ပဋိဘန်ဉာဏ်ရှိသူ ဖြစ်ရပါလို၏လို့ ဒုတိယအကြိမ် ဆုတောင်းပြန်ပါတယ်။ သာမဏေရဲ့ ဆုတောင်းသံကို ကြားလိုက်တဲ့ ရဟန်းကလည်း မြစ်ရေလှိုင်းတံပိုးအဟုန်လို မကုန်နိုင်တဲ့ ပဋိဘန်ဉာဏ်ရှိသူ ဖြစ်ရပါလို၏၊ သာမဏေမေးတဲ့ ပြဿနာတိုင်းကို ရှင်းလင်းဖြေဆိုနိုင်စွမ်း ရှိသူ ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်။

ရဟန်းတော်နဲ့ ရှင်သာမဏေတို့ဟာ ကဿပဘုရားရှင်နဲ့ ဂေါတမဘုရားရှင်တို့ရဲ့ ကြားကာလမှာ လူ့ပြည် နတ်ပြည်တွေမှာ ဖြစ်ကြရပါတယ်။ ဂေါတမ ဘုရားရှင်လက်ထက်မှာ ဗျာဒိတ် ရကြပါတယ်။ ဂေါတမဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းငါးရာကျော်တဲ့အခါ လူ့ပြည်မှာ ဖြစ်လာကြလိမ့်မယ်၊ သုတ် ဝိနည်း အဘိဓမ္မာ တရားတွေကို နက်နက်နဲနဲ ဝေဖန်ပြီး အမေးအဖြေ ပြုကြလိမ့်မယ်လို့ ဂေါတမ မြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူခဲ့တယ်လို့ ဆိုပါတယ်။ (မမ ပရိနိဗ္ဗာနတော ပဉ္စဝဿသတေ အတိက္ကန္တေ ဧတေ ဥပ္ပဇ္ဇိဿန္တိ - အစရှိသည်ဖြင့် ဆိုထားပါတယ်။) စိတ်ဝင်စားစရာပါပဲ။

စိတ်ဝင်စားစရာကောင်းတဲ့ ဒီ နိဒါန်းမှာ စဉ်းစားစရာတွေ ပါနေပါတယ်။ တံမြက်လှဲတဲ့ ဇာတ်ဝင်ခန်းဟာ ဖြစ်ရပ်မှန်လား။ ဇာတ်လမ်းဆင်မှုလား။ နိဒါန်းမှာပါတဲ့ အဖြစ်အပျက်တွေဟာ တကယ့် ဖြစ်ရပ်မှန်တွေလား။ ကျမ်းပြုသူ စာရေးဆရာက သူ့ကျမ်း သူ့မှတ်တမ်း ခန့်ထည်သွားအောင် ခွင်ချလိုက်တာလား။

ဖြစ်ရပ်မှန်ဆိုရင် ဘယ်ကျမ်းကို ကိုးကားမလဲ။ ကဿပဘုရားရှင်ရဲ့ ပိဋကတ်ကို ကိုးကားမလား၊ ဂေါတမဘုရားရှင်ရဲ့ ပိဋကတ်ကို ကိုးကားမလား။ မိလိန္ဒပဉှာ ကျမ်းစာမှာတော့အတီတေ ကိရ ကဿပဿ ဘဂဝတော သာသနေအစရှိသည်ဖြင့် ဆိုထားပါတယ်။ ကိရ . . . တစ်ဆင့်စကား ကြားဖူးတာကို ပြန်ပြောတာလို့ ဆိုပါတယ်။ တစ်ဆင့်ကြားဖူးတဲ့ လူပြောသူပြော အရပ်စကား ဖြစ်တဲ့အတွက် အထောက်အထား ခိုင်မာတယ်လို့ မဆိုနိုင်ပါဘူး။

ဇာတ်လမ်းဆင်ထားတာ ဆိုရင်တော့ အကွက်ဆင်တာ မစေ့စပ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာ ရဟန်းတော်က ရှင်သာမဏေကို တံမြက်စည်းရိုးနဲ့ ရိုက်တာဟာ ပြဿနာပါ။ ရဟန်းတော်က ရှင်သာမဏေကို ရိုက်တာနှက်တာမျိုး ဘုရားဟော ပိဋကတ်ကျမ်းစာတွေမှာ မတွေ့ဖူးပါဘူး။ နိဟိတဒဏ္ဍော နိဟိတသတ္ထော ဆိုတဲ့အတိုင်း သူတစ်ပါးကို ထိခိုက်နာကျင်စေနိုင် သေကျေပျက်စီးစေနိုင်တဲ့ တုတ်ဓားလက်နက်ကို ပယ်စွန့်တော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရဲ့ သိမ်မွေ့တဲ့ အကြင်နာနည်းလမ်းကို အတုလိုက်ပြီး လျှောက်လှမ်းကြရမှာ, ယဉ်ကျေးသိမ်မွေ့ကြရမှာ ဖြစ်ပါတယ်။ ရဟန်းက ရှင်သာမဏေကို ရိုက်တာဟာ ဒီနေ့ခေတ် အမြင်မှာလည်း လက်ခံနိုင်စရာ မဟုတ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဟာကွက် နောက်တစ်ခုက . . . သာမဏေ အမှိုက်ကျုံးရာမှာ မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့သဘော ထင်ရှားနေပါတယ်။ ရဟန်းတော်က ရှင်သာမဏေကို ရိုက်တယ်။ ရှင်သာမဏေက ငိုတယ်။ ကြောက်လို့ လုပ်ရတယ်။ ဒီနေရာမှာ မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့ ကုသိုလ်ဟာ အဘိဓမ္မာသဘောအရ သသင်္ခါရိကကုသိုလ် ဖြစ်ပါတယ်။  စိတ်ထဲက လိုလိုလားလား တက်တက်ကြွကြွ ကြည်ကြည်နူးနူးနဲ့ ပြုလုပ်တဲ့ အသင်္ခါရိက ကုသိုလ်လောက် မထက်မြက်ပါဘူး။

အမေးအဖြေ ကျမ်းစာနဲ့အပြည့် အဘိဓမ္မာ သဘောတရားတွေ ပါနေပေမဲ့ ကျမ်းကိုမွန်းတဲ့ နိဒါန်းကတော့ အဘိဓမ္မာ သဘောတရားနဲ့ မကိုက်ညီလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်စစ်ပေါက်ပေါက် မေးတတ်ဖို့နဲ့ မေးတိုင်းဖြေနိုင်ဖို့ အရင်းခံ အကြောင်းတရား ကုသိုလ် အထောက်အပံ့ ပြုလုပ်ကြတဲ့ အမှိုက်ကျုံးတဲ့ ဇာတ်ဝင်ခန်းမှာ မိလိန္ဒမင်းကြီး လောင်းလျာ ရှင်သာမဏေအတွက် ဉာဏ်ပညာ ထက်မြက်စေနိုင်တဲ့ ဉာဏသမ္ပယုတ်သဘော, အသင်္ခါရိကသဘော, တိဟိတ်ကုသိုလ် ပြုလုပ်မှု သဘောတွေ လစ်ဟာနေပါတယ်။

ဂေါတမ မြတ်စွာဘုရား ကိုယ်တော်တိုင် ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ ကိစ္စကတော့ သိပ်မထူးဆန်းလှဘူး ထင်ပါတယ်။ မင်းတုန်းမင်းကြီးတောင်မှ ဘဝတစ်ခုမှာ စန္ဒမုခီ ဘီလူးမ ဖြစ်ခဲ့ပြီး မန္တလေးတောင်ပေါ်မှာ ဂေါတမဘုရားနဲ့ တွေ့ခဲ့တယ်၊ သူ့ရင်သားကိုဖြတ်ပြီး မြတ်စွာဘုရားကို လှူခဲ့တယ်၊ ဒီဘီလူးမဟာ နောင်တစ်ချိန်မှာ မင်းတုန်းမင်း ဖြစ်လာလိမ့်မယ်လို့ မြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူခဲ့တယ်လို့ ဆိုကြပါတယ်။ သူ့ရင်သားကို ဘုရားလှူနေတဲ့ ဘီလူးမ ရုပ်တု မန္တလေးတောင်ပေါ်မှာ ရှိပါတယ်။ ဒီလို ထွင်လုံး ဗျာဒိတ်ဇာတ်တွေ အများအပြား ရှိနေတဲ့အတွက် မိလိန္ဒပဉှာ ကျမ်းစာထဲက ဗျာဒိတ်ဟာ မထူးဆန်းလှဘူးလို့ ဆိုရတာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဆိုနိုင်စရာ ရှိပါသေးတယ်။ အမှိုက်လှဲကြ အမှိုက်ကျုံးကြပြီး ဗျာဒိတ် ရခဲ့ကြတဲ့ ဖြစ်ရပ်ဟာ တကယ့်အမှန် ဖြစ်ပေမယ့် အကြောင်းမတိုက်ဆိုင်တဲ့ အတွက်ကြောင့် ကဿပမြတ်စွာဘုရားလည်း မဟောခဲ့ဘူး၊ ဂေါတမမြတ်စွာဘုရားလည်း မဟောခဲ့ဘူး။ ဘုရားရှင်နှစ်ဆူ ဟောတော်မမူခဲ့ပေမယ့် ကျမ်းဆရာက ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ အတိတ်ကို ဆင်ခြင်သုံးသပ် သိမြင်ပြီး သူမြင်တဲ့အတိုင်း ရေးခဲ့တာလို့ ဆိုနိုင်ပါသေးတယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ကျမ်းဆရာလည်း ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရနိုင်တာပါပဲ။ ကျမ်းဆရာ အနေနဲ့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရခဲ့ရင်တောင်မှ အနာဂတံသဉာဏ်တော့ ရခဲ့ဟန် မတူပါဘူး။ အနာဂတံသဉာဏ် ရခဲ့ရင်တောင်မှ အရှင်နာဂသေနနဲ့ မိလိန္ဒမင်းကြီးတို့ ဗျာဒိတ်ရကြတယ်ဆိုတဲ့ အဖြစ်ပျက်နဲ့ ပတ်သက်လို့ အနာဂတ်ကာလမှာ ဉာဏ်နုံ့သူတွေ ဝေဝါးထွေပြားစရာ ဖြစ်လာနိုင်မလားလို့ ကြိုတင်သုံးသပ်ဖို့ အနာဂတံသ ဉာဏ်တော်ကို အသုံးချခဲ့ဟန် မတူဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

၂။ မပြီးပြတ်တဲ့ မေးခွန်း -

ကျမ်းစာထဲမှာပါတဲ့ စိတ်ဝင်စားစရာ စဉ်းစားစရာလေးတွေအကြောင်း ဆက်ပြီး ဆွေးနွေးပါမယ်။ စိတ်ဝင်စားစရာ နောက်တစ်ခုက မေးခွန်း မပြတ်တာ ဖြစ်ပါတယ်။ ဒီကျမ်းစာထဲမှာ မိလိန္ဒမင်းကြီးက မေးခွန်းတွေ မေးပါတယ်။ အရှင်နာဂသေနကလည်း မင်းကြီးမေးတိုင်း ဖြေဆိုပါတယ်။ အမေးအဖြေတွေကို စုပြီး ကျမ်းစာလုပ်လိုက်တော့ မိလိန္ဒပဉှာ ဖြစ်လာပါတယ်။ စပ်စပ်စုစု စစ်စစ်ပေါက်ပေါက် မေးတတ်တဲ့ မိလိန္ဒမင်းကြီးဟာ အကြောင်းအရာ တစ်ခုနေ ဆက်စပ်ဆက်စပ် ပြီးတော့လည်း မေးခွန်းတွေ မေးပါတယ်။ ဆက်စပ်မေးခွန်းတွေ ပါဝင်နေတာဟာ ဒီကျမ်းစာရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆက်စပ်မေးခွန်းတွေ မေးတယ်ဆိုပေမယ့် အမြဲတမ်းကြီး ဆက်ဆက်ပြီး မေးနေတာတော့ မဟုတ်ပါဘူး။ တစ်ချို့နေရာတွေမှာ ဆက်မေးသင့်ပါလျက်နဲ့ အရှင်ဘုရားရဲ့ ဖြေဆိုမှုဟာ သင့်တော်ပါပေတယ် ဆိုပြီး ရပ်တန့်သွားတာတွေ ရှိပါတယ်။ ငါသာဆိုရင် ဒီလို ဆက်မေးလိုက်မှာလို့ စာဖတ်သူ စိတ်ကူးမိမဲ့ နေရာမျိုးတွေ ရှိပါတယ်။ ဆက်စပ်ပြီး သိချင်စရာတွေကို ဆက်မမေးဘဲ ထားခဲ့တာတွေပါ။ ဆက်မေးသင့်ပါလျက်နဲ့ မမေးတော့တဲ့ အတွက်ကြောင့် မေးတတ်တဲ့မင်းနဲ့ ဖြေတတ်တဲ့ အရှင်တို့ရဲ့ အမေးအဖြေမှတ်တမ်းမှ ဟုတ်ရဲ့လား၊ စာရေးဆရာ တစ်ယောက်တည်းက ဇာတ်ကောင်တွေ ဖန်တီး, အမေးအဖြေ ခွင်ဆင်ပြီး ရေးထားတာများလားလို့ စဉ်းစားချင်စရာ ဖြစ်နေပါတယ်။

ဆက်မေးသင့်ပါလျက်နဲ့ မမေးဘဲ ရပ်လိုက်တဲ့ နမူနာတစ်ခု ပြပါမယ်။ အရှင်ဘုရား အနေနဲ့ နောက်ဘဝ ပဋိသန္ဓေ နေရအုံးမှာလားလို့ မိလိန္ဒမင်းကြီးက မေးပါတယ်။ အရှင်ဘုရားက ရဟန္တာလားလို့ ဆိုလိုတာပါ။ အရှင်နာဂသေနက ဟုတ်တယ်၊ မဟုတ်ဘူး ပြတ်ပြတ်သားသား မဖြေပါဘူး။ ကိလေသာရှိရင် နောက်ဘဝ ပဋိသန္ဓေနေရအုံးမယ်၊ ကိလေသာ မရှိတော့ရင် နောက်ဘဝ ပဋိသန္ဓေ မနေရတော့ဘူးလို့ ယေဘုယျ သဘောတရားကို ဖြေပါတယ်။ ဒီ အဖြေကို မိလိန္ဒမင်းကြီးက သဘောကျသွားတယ်လို့ ဆိုပါတယ်။ အရှင်နာဂသေနရဲ့ ပုဂ္ဂလိက အခြေအနေကို သိချင်လို့ မေးတာပဲ၊ အရှင်ဘုရားမှာ ကိလေသာ ရှိသေးသလားလို့ ဆက်မမေးသင့်ဘူးလား။ စပ်စပ်စုစုနဲ့ ဆက်စပ်မေးခွန်းတွေ မေးတတ်တဲ့ မင်းတရားကြီး ဒီနေရာမှာ ဘာဖြစ်လို့ ဆက်မမေးတော့တာလဲ။ ကျမ်းပြုသူ စာရေးဆရာက မေးခွင့်မပြုလို့ ဆက်မမေးတာလားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်မနေဘူးလား။

 

 

၃။ ဆွဲအားရဲ့ စိန်ခေါ်ချက် -

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုကိုတော့ ဗြဟ္မလောကပဉှာခန်းမှာ တွေ့ရပါတယ်။ ဗြဟ္မာ့ပြည်နဲ့ လူ့ပြည် အကွာအဝေးကို ဆွေးနွေးတဲ့အခန်း ဖြစ်ပါတယ်။ လူ့ပြည်နဲ့ ဗြဟ္မာ့ပြည် ဘယ်လောက်ဝေးသလဲလို့ မိလိန္ဒ မင်းကြီးက မေးပါတယ်။ အိမ်အထွတ်လောက်ရှိတဲ့ ကျောက်တုံးကြီး တစ်ခုဟာ ဗြဟ္မာ့ပြည်ကနေ ကျလာမယ်၊ တစ်ရက်မှာ ယူဇနာပေါင်း လေးသောင်းရှစ်ထောင် ခရီးတွင်မယ်၊ အဲ့ဒီ ကျောက်တုံးဟာ လေးလအကြာမှာ လူ့ပြည်ရောက်မယ်။ အဲ့ဒီလောက် ဝေးတယ်လို့ အရှင်နာဂသေနက ဖြေပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး တွက်ဆကြည့်မယ်ဆိုရင် ကျောက်တုံးကြီးဟာ တစ်ရက်မှာ ယူဇနာ လေးသောင်းရှစ်ထောင်နှုန်းနဲ့ ကျလာတယ်ဆိုတော့ လေးလဆိုတော့ ယူဇနာပေါင်း ငါးဆယ့်ခုနစ်သိန်း ခြောက်သောင်း (၇၆၀၀၀၀) ဖြစ်ပါတယ်။ တစ်ယူဇနာကို ရှစ်မိုင်နှုန်းနဲ့ ပြန်တွက်ရင် မိုင်ပေါင်း လေးဆယ့်ခြောက်သန်း ရှစ်သောင်း(၄၆၀၈၀၀၀၀) ဖြစ်ပါတယ်။ လူ့ပြည်နဲ့ ဗြဟ္မာ့ပြည် အဲ့ဒီလောက် ဝေးတယ်လို့ ဆိုရမှာပါ။ အရှင်ရဲ့ အဖြေကို မင်းကြီးက သဘောကျတယ်လို့ ဆိုပါတယ်။ မင်းကြီးလည်း အကွာအဝေးကို ရုတ်တရက် တွက်ချက်ဖို့ ခက်ခဲနေတဲ့အတွက် ထားပါတော့လို့ သဘောကျလိုက်တာများလား။

သဘောကျတယ်ပဲ ထားပါဦး။ ဗြဟ္မာ့ပြည်ကနေ ကျောက်တုံးကြီး ကျလာမယ်ဆိုတဲ့ နေရာမှာ အစွန်းထွက် ပြဿနာ ရှိနေပါတယ်။ Gravitational force ဆိုတဲ့ ဆွဲအား ကို ထည့်မတွက်ခဲ့တာပါ။ မိလိန္ဒမင်းကြီးကလည်း ဆက်စပ်ပြီး မစပ်စုခဲ့ပါဘူး။ အဲ့ဒီခေတ်တုန်းက ဆွဲအားနိယာမကို မဖော်ထုတ်ရသေးတဲ့အတွက် တွေးခေါ်စဉ်းစားမှု ယုတ္တိနယ် ကျဉ်းခဲ့ပါတယ်။ ဆွဲအားနိယာမကို လူတွေ မသိသေးဘူး၊ မဖော်ထုတ်ရသေးဘူး ဆိုပေမဲ့ ဆွဲအားသဘောကတော့ ရှိနေခဲ့ပြီးသားပဲ ဖြစ်ပါတယ်။

ဆွဲအားကို ထည့်စဉ်းစားမယ်ဆိုရင် လူ့ပြည်ဆီ ကျလာတဲ့ ကျောက်တုံးကြီးဟာ တစ်ရက်တစ်ရက်မှာ ယူဇာနာ လေးသောင်းရှစ်ထောင်နှုန်းနဲ့ ကျလာလို့ မရပါဘူး။ တစ်သမတ်အလျဉ်နဲ့ ကျမလာနိုင်ပါဘူး။ ကမ္ဘာနဲ့ နီးလာလေ ဆွဲအား ပိုပြင်းပြီး ကျတဲ့နှုန်း မြန်လာလေ ဖြစ်ရမှာပါ။ နောက်တစ်ခုက တွက်ဆခဲ့တဲ့ အကွာအဝေးကနေ ကျလာတဲ့ ကျောက်တုံးကြီးဟာ (သာမန်အိမ်တစ်လုံးလောက် ရှိအုံးတောင်မှ) ကမ္ဘာဆီ ကျမလာနိုင်ပါဘူး။ အဲ့ဒီလောက် အကွာအဝေးမှာရှိတဲ့ အဲဒီလို ကျောက်တုံးကြီးအပေါ် ကမ္ဘာ့ဆွဲအား သက်ရောက်မှု မရှိသလောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျောက်တုံးကြီးဟာ အာကာသထဲ လွင့်မျောနေဖို့ပဲ ရှိပါတော့တယ်။

ဒါက နိဗ္ဗာန်ရောက်ကြောင်းတော့ မဟုတ်လှပါဘူး။ သူ့ခေတ်နဲ့ သူ့အခါ အဆင်ပြေခဲ့ပေမယ့် ဒီနေ့ခေတ် ကာလမှာ ခေတ်ကာလ ဗဟုသုတ, ခေတ်ကာလ အသိဉာဏ်နဲ့ တွက်ဆကြည့်ရင် အဆင်မပြေတာကို ဆိုလိုတာပါ။

၄။ လောင်ကျွမ်းမှု ပြဿနာ - ဥပမာကြောင့် ရှုပ်ထွေးမှု

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုက လောင်ကျွမ်းမှုပြဿနာ ဖြစ်ပါတယ်။ နေရယိကဂ္ဂိဉဏှဘာဝပဉှာခန်းမှာ ငရဲမီး ပူလောင်ပုံကို ဆွေးနွေးထားပါတယ်။ ငရဲပြည်က ငရဲမီးဟာ လူ့ပြည်က သာမန်မီးထက် အဆများစွာ ပိုပူတယ်၊ ပိုပြင်းတယ်လို့ ဆိုပါတယ်။ လူ့ပြည်က သာမန်မီးနဲ့ ကျောက်ခဲလေး တစ်လုံးကို တစ်နေကုန်အောင် လောင်ကျွမ်းရင်တောင်မှ ကျောက်ခဲလေး ကျေပျက်မသွားနိုင်ပေမယ့် ငရဲပြည်က ငရဲမီးနဲ့ ဆိုရင်တော့ ကျောက်တုံးကြီးကိုတောင် တစ်ချက်တည်းနဲ့ ဟုတ်ကနဲ လောင်ကျွမ်းပစ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။ ငရဲပြည်က ငရဲမီး အဲ့ဒီလောက် ပြင်းပေမဲ့ ငရဲသားကို လောင်ကျွမ်းတဲ့ အခါမှာတော့ ငရဲသား တစ်ချက်တည်းနဲ့ ကျေပျောက်မသွားဘဲ အပြစ်ရှိသလောက် ခံရပြီးမှ ငရဲက လွတ်မြောက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ငရဲပြည်က ငရဲမီးရဲ့ ပြင်းအားနဲ့ ငရဲသားကို လောင်ကျွမ်းမှု အပေါ်မှာ မိလိန္ဒမင်းကြီး မရှင်းမရှင်း ဖြစ်နေပါတယ်။ ငရဲမီးသာ ပြောသလောက် ပြင်းထန်မယ်ဆိုရင် ငရဲသားကို တစ်ချက်တည်း လောင်ကျွမ်းပစ်လိုက်ပါ့လား၊ ဘာ့ကြောင့် ငရဲသက် ရှည်နေရတာလဲလို့ မေးခွန်းထုတ်ပါတယ်။

ငရဲသား ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံကြောင့် ပြန်ပြန်ရှင်ပြီး အဖန်ဖန် လောင်ကျွမ်းခံနေရတာလို့ အရှင်နာဂသေန ဖြေပါတယ်။

အဓိက အကြောင်းရင်းကတော့ ကံစွမ်းသတ္တိပဲ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် မေးလိုရင်းရော အဖြေပါ ရှင်းပါတယ်။ ရှင်းနေတာကို ဥပမာနဲ့ ဆက်ပြောပါ့အုံး ဆိုတော့ ဥပမာတွေနဲ့ ဆက်ပြောပါတယ်။ ဥပမာတွေကလည်း သာမန်စာဖတ်သူအတွက် ဆိုရင်တော့ ကောင်းမွန်တဲ့ ဥပမာတွေလို့ ဆိုနိုင်ပါတယ်။ စေ့စေ့စပ်စပ် လိုက်ဖတ်ပြီး ဆက်စပ်မှုတွေနဲ့ ကြံဆမိတဲ့အခါ ရှုပ်ထွေးသွားပါတယ်။

ဥပမာတွေနဲ့ ရှင်းပြတဲ့ နေရာမှာ တိရစ္ဆာန်တွေ တစ်ကောင်နဲ့ တစ်ကောင် အကောင်လိုက် မျိုကြတဲ့အခါ မျိုတဲ့အကောင်မှာ အစာမကြေတာရယ်လို့ မရှိဘူး။ စားတဲ့မျိုတဲ့ တိရစ္ဆာန်ရဲ့ ဗိုက်ထဲမှာ အစားအမျို ခံရတဲ့ သတ္တဝါ အကောင်ရဲ့ အရိုးတွေတောင် ကျေပျက်လောင်ကျွမ်းသွားကြတယ်။ ဒါပေမယ့် ဗိုက်ထဲက သန္ဓေသားကျတော့ ဘာမှ မဖြစ်ဘူး။ အဲ့ဒါ ဘာ့ကြောင့်လဲလို့ အရှင်နာဂသေနက ပြန်လှန်မေးခွန်း ထုတ်ပါတယ်။ ကံကြောင့် ဖြစ်မှာပါလို့ မင်းကြီးက ဖြေပါတယ်။ ထိုနည်းတူပဲ ငရဲသားရဲ့ ကံကြောင့်ပေါ့လို့ နောက်ဆုံး အဖြေ ပေးလိုက်ပါတယ်။ အလားတူ ဥပမာတွေ ရှိပါသေးတယ်။ ထားလိုက်ပါတော့။ နောက်ဆုံး အရှင်နာဂသေနရဲ့ ရှင်းလင်း ဖြေဆိုချက်တွေကို ထုံးစံအတိုင်း မိလိန္ဒမင်းကြီးက သဘောကျသွားလေသတည်း ပါပဲ။

သဘောမကျစရာက စောစောက ပြောခဲ့သလို မေးလိုရင်း ဖြေလိုရင်း ရှင်းနေပေမဲ့ ဥပမာနဲ့ ဆက်ရှင်းလိုက်တဲ့ နေရာမှာ မရှင်းမရှင်း ဖြစ်ရတာပါ။ စားတဲ့မျိုတဲ့ တိရစ္ဆာန်ရဲ့ ဗိုက်ထဲမှာ အမျိုခံရတဲ့ အကောင်ရဲ့ အရိုးတွေတောင် ကျေပျက်လောင်ကျွမ်း သွားရပေမဲ့ မျိုတဲ့အကောင်ရဲ့ ဗိုက်ထဲက သန္ဓေသားကျတော့ ဘာမှ မဖြစ်တာဟာ ကံစွမ်းသတ္တိကြောင့်ဆိုတဲ့ နှိုင်းယှဉ်ချက်ဟာ နားရှုပ်စရာ ဖြစ်ပါတယ်။ ကံကြောင့် ဆိုတာထက် ခန္ဓာဗေဒ ဖွဲ့စည်းပုံကြောင့်လို့ နားလည်သင့်ပါတယ်။

အမျိုခံရတဲ့ အကောင်က မျိုတဲ့အကောင်ရဲ့ အစာအိမ်ထဲ ရောက်သွားပြီး အစာချေ စနစ်ရဲ့ ချေဖျက်တာကို ခံလိုက်ရတာ၊ မျိုတဲ့အကောင်ရဲ့ သန္ဓေသားကတော့ သားအိမ်ထဲမှာမို့ ဘေးကင်းနေတာ မဟုတ်လား။ ကံနဲ့ ဆိုင်လို့လား။ သန္ဓေသားကို အစာအိမ်ထဲ ထည့်လိုက်ရင် သန္ဓေသားလည်း လောင်ကျွမ်းချေဖျက်ခံရမှာပဲ မဟုတ်လား။

သူ့ခေတ် သူ့အခါက သူ့ကျမ်းစာနဲ့သူ သဘောကျစရာ ဖြစ်ခဲ့တဲ့ ခိုင်းနှိုင်းဖြေဆိုမှုဟာ ခုနေခါမှာ အခုလို ဆက်စပ်စဉ်းစားလိုက်ရင် စဉ်းစားစရာ ဖြစ်နေပါတယ်။

ဒီနေရာမှာ သန္ဓေသား လောင်ကျွမ်းချေဖျက်မခံရဘဲ သားအိမ်ထဲမှာ ဘေးကင်းနေတာဟာ ကံစွမ်းသတ္တိက နေရာချပေးလိုက်တာကြောင့်လို့ ကံစွဲကြီးကြီးနဲ့ အတွန့်တက်နိုင်ပါသေးတယ်။ သတ္တဝါတွေအပေါ် ကံစွမ်းသတ္တိရဲ့ သက်ရောက်မှုကို ငြင်းစရာ မရှိပေမယ့် အရာရာအတွက် ကံနဲ့ဆက်စပ်ကြည့်နေဖို့ မလိုဘူးဆိုတာကို သတိထားသင့်ပါတယ်။ ကံတရားအပြင် သဘာဝတရားတွေ နိယာမတရားတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အရာရာမှာ ကံကိုသာ လက်ညှိုးထိုးနေရင် ပုဗ္ဗေကတဟေတုကဒိဋ္ဌိ အယူမှားနဲ့ ငြိသွားနိုင်ပါတယ်။

ဒါတွေကတော့ မိလိန္ဒပဉှာ ကျမ်းစာကို ဖတ်မှတ်လေ့လာရင်း တွေ့မိတဲ့ စိတ်ဝင်စားစရာ, စဉ်းစားစရာလေးတွေကို မျှဝေရုံ သက်သက်ပါ။ စိတ်ဝင်စားလို့ စဉ်းစားချင်တယ်ဆိုရင် ဆက်လက်လေ့လာပြီး စဉ်းစားကြဖို့ အစဖော်ပေးလိုက်ပါတယ်။ အရေးမကြီးလို့ စိတ်မဝင်စားဘူး ဆိုရင်လည်း မေ့ထားလိုက်ပါ။

Thursday, March 13, 2025

ပြည်တော်ဝင်ကြွ တပေါင်းလ


---

သာယာတဲ့ လတစ်လအဖြစ် တပေါင်းလကို ညွှန်းဆိုကြပါတယ်။ အထူးသဖြင့် ဆောင်းအကုန် နွေအကူး ကြားကာလ ဖြစ်တဲ့အတွက် မပူလွန်း အအေးလွန်း ရာသီဥတု သာယာချိန်လို့ ဆိုကြပါတယ်။ နှင်းတွေ ဖွဲဖွဲကျလို့ အေးစိမ့်နေတာလည်း မဟုတ်၊ မိုးတွေ စွေနေလို့ အနေကျုံ့မှာလည်း မပူရ၊ နွေသင်္ကေတ ဖုန်တွေမြူတွေလည်း တထောင်းထောင်း မထသေးချိန်မို့ သာယာတယ်လို့ ဆိုကြပါတယ်။ စာဆိုရှင်တို့ ဖွဲ့ဆိုချီးကျူးကြတဲ့လ ဖြစ်ပါတယ်။ ထိုထို စာဆိုရှင်တို့ ထွန်းကားခဲ့တဲ့ ခေတ်ကာလဟာ တောင်သူလယ်သမားတွေဟာ ကျွဲနဲ့နွားနဲ့ အတူရုန်းပြီး တောင်သူလုပ်ကြရပါတယ်။ တပေါင်းလမှာ သီးနှံတွေ ရိပ်သိမ်းပြီးစ တောင်သူလုပ်ငန်းတွေ ရပ်နားထားကြတာမို့ တောင်သူလယ်သမားတွေအတွက်လည်း အနားရချိန် ဖြစ်ပါတယ်။ အဲဒီခေတ်က စာဆိုတွေ ဖွဲ့ခဲ့ကြတဲ့ တပေါင်းလရဲ့ အလှတရားကို ခုခေတ်လူတွေ ခံစားနိုင်ကြပါ့အုံးမလား သံသယ ဖြစ်မိပါတယ်။ စက်မှုလယ်ယာ အပါအဝင် တိုးတက်မှုတွေ အသင်္ချေ၊ ဆုတ်ယုတ်မှုတွေ အန္တနဲ့ ရာသီဥတုတွေလည်း ဖောက်ပြန်ပြောင်းလဲနေလေတော့ ကမ္ဘာအပူဆုံးဒေသ, ကမ္ဘာလေထု အညစ်ညမ်းဆုံး မြို့ရွာဒေသက လူတွေဟာ တပေါင်းလရဲ့ သာယာပုံကို အရုပ်ရေးပြရင်တောင် ခံစားနိုင်ကြပါ့မလား။

 

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓသာသနာအတွက် အထင်ကရ ဖြစ်ရပ်တွေ တပေါင်းလမှာ ဖြစ်ခဲ့ ရှိခဲ့ပါတယ်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဟာ ထီးနန်းစည်းစိမ်ကို စွန့်ခွာပြီး တောထွက်ရပြု, ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာ ကျင့်ပြီးတဲ့နောက် သစ္စလေးပါး ထိုးထွင်းသိမြင်ပြီး ဘုရားဖြစ်လာခဲ့ပါတယ်။ ဘုရားဖြစ်ပြီးတဲ့အခါ အရပ်တကာ ဒေသစာရီ လှည့်လည်ပြီး တရားဟောရင်း ရာဇဂြိုဟ်မြို့ ရောက်ရှိတော်မူလာပါတယ်။ ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတော်မူရင်း အင်္ဂတိုင်းနဲ့ မဂဓတိုင်းက ဒကာဒကာမတွေကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူနေတယ် ဆိုတဲ့အကြောင်း ကပိလဝတ်ပြည်က သုဒ္ဓေါဒနမင်းကြီး သတင်းကြားလိုက်ရချိန်မှာ သားတော်ဘုရားကို ဖူးတွေ့လိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်ခဲ့ပါတယ်။

အမတ်တစ်ယောက်နဲ့ အခြံအရံ တစ်ထောင်ကို စေလွှတ်ပြီး မြတ်စွာဘုရားကို ရာဇဂြိုဟ်ကနေ ကပိလဝတ် နေပြည်တော် ကြွချီဖို့ ပင့်လျှောက်ခိုင်းလိုက်ပါတယ်။ ဘုရားပင့်ဖို့ တာဝန်ပေးခံရတဲ့ တမန်တော်တွေဟာ မြတ်စွာဘုရားဆီ ရောက်တဲ့အခါ တရားနာ, တရားရကြလို့ မြတ်စွာဘုရားထံမှာ ရဟန်းပြုနေလိုက်ကြပြီး ဘုရားပင့်ဖို့ တာဝန်ကို လျစ်လျူရှူ ထားလိုက်ကြပါတယ်။ ဒါကြောင့် အမတ်တစ်ယောက်နဲ့ အခြံအရံ တစ်ထောင်ကို ဘုရားပင့်ဖို့ နောက်တစ်ကြိမ် ထပ်လွှတ်ရပြန်ပါတယ်။ နောက်ထပ်လွှတ်တိုင်းလည်း တမန်တော်တွေဟာ တရားနာ တရားရပြီး ဘုရားပင့်ဖို့ တာဝန်ကို လျစ်လျူရှူ ထားလိုက်ကြတဲ့အတွက် ဆယ်ကြိမ်တိတိ စေလွှတ်ရပါတယ်။ ဆယ်ကြိမ်မြောက် နောက်ဆုံး စေလွှတ်ရာမှာတော့ ဖွားဖက်တော် ကာဠုဒါယီ အမတ်နဲ့ အခြွေအရံ တစ်ထောင်ကို စေလွှတ်တာ ဖြစ်ပါတယ်။ ကာဠုဒါယီ အမတ်နဲ့ အခြံအရံ တစ်ထောင်လည်း တရားနာ, တရားရကြပြီး မြတ်စွာဘုရားထံမှာ ရဟန်းပြုကြပေမယ့် ကာဠူဒါယီ ရဟန်းဟာ ဘုရားပင့်ရမယ့် တာဝန်ကို လျစ်လျူ ရှုမထားဘဲ မြတ်စွာဘုရား ကပိလဝတ်နေပြည်တော် ကြွဖြစ်အောင် ပင့်လျှောက်ပါတယ်။ အဲ့ဒီလို ပင့်လျှောက်တဲ့အတွက် မြတ်စွာဘုရား ကပိလဝတ်ပြည်  ကြွတော်မူချိန်ဟာ သာယာတဲ့ တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ မြတ်စွာဘုရား ပြည်တော်ဝင်ဖို့ စတင်ကြွလှမ်းတဲ့နေ့ ဖြစ်တဲ့အတွက် တပေါင်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ် တစ်ရက်ပင် ဖြစ်ပါတယ်။

 

ကာဠူဒါယီရဟန်း မြတ်စွာဘုရားကို ပင့်လျှောက်ရာမှာ တပေါင်းလရဲ့ ရာသီဥတု သာယာပုံ၊ လမ်းခရီး လှပပုံတွေကို ချီးကျူးဖွဲ့ဆိုပြီး ပင့်လျှောက်တာ ဖြစ်ပါတယ်။

၅၂၇။     ‘‘အင်္ဂါရိနော  ဒါနိ ဒုမာ ဘဒန္တေ, ဖလေသိနော ဆဒနံ ဝိပ္ပဟာယ၊

တေ အစ္စိမန္တောဝ ပဘာသယန္တိ, သမယော မဟာဝီရ ဘာဂီ ရသာနံ။

၅၂၇။     အရှင်ဘုရား ယခုအခါ သစ်ပင်တို့သည် ပွင့်သီးလိုကြကုန်သည်ဖြစ်၍ ရော်ရွက်ဝါတို့ကို ခြွေချ ကုန်လျက် မီးကျီးအသွေး နီတွေးသော ဖူးညွှန့်ရှိနေကြပါကုန်၏၊ ထိုသစ်ပင်တို့သည် မီးလျှံကဲ့သို့ (အရပ်လေး မျက်နှာတို့၌) ထွန်းပတောက်ပြောင်ပါကုန်၏၊ အတ္ထရသစသည်တို့၏ စုဝေးပေါင်းဆုံရာ ဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား (နေပြည်တော်သို့ ကြွတော်မူရန်) အချိန်တန်ပါပြီ။

 

၅၂၈။     ‘‘ဒုမာနိ  ဖုလ္လာနိ မနောရမာနိ, သမန္တတော သဗ္ဗဒိသာ ပဝန္တိ၊

ပတ္တံ ပဟာယ ဖလမာသသာနာ, ကာလော ဣတော ပက္ကမနာယ ဝီရ။

၅၂၈။     သစ်ပင်တို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိကြပါကုန်၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့သည်လည်း (ရနံ့တို့ဖြင့်) သင်းပျံကြိုင်လှိုင်ကြပါကုန်၏၊ ထိုသစ်ပင်ကို အရွက်ဟောင်းတို့ ပယ်စွန့်၍ အသီးသီးရန် တောင့်တကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤရာဇ ဂြိုဟ်ပြည်မှ ထွက်ကြွတော်မူရန် အချိန်တန်ပါပြီ။

 

 

၅၂၉။     ‘‘နေဝါတိသီတံ န ပနာတိဥဏှံ, သုခါ ဥတု အဒ္ဓနိယာ ဘဒန္တေ၊

ပဿန္တု တံ သာကိယာ ကောဠိယာ စ, ပစ္ဆာမုခံ ရောဟိနိယံ တရန္တံ။

၅၂၉။     အရှင်ဘုရား ယခု ရာသီဥတုသည် အေးလည်းမအေးလွန်း၊ ပူလည်းမပူလွန်းလှပါ၊ ချမ်းသာစွာ ခရီးရှည်သွားခြင်းငှါ သင့်လျော်လှပါ၏၊ အနောက်ကို မျက်နှာမူ၍ ရောဟနီမြစ်ကို ကူးတော်မူသော အရှင်ဘုရားကို သာကီဝင်မင်းမျိုးတို့သည်၎င်း ကောလိယ မင်းမျိုးတို့သည်၎င်း ဖူးမျှော်ကြပါစေကုန်လော့။

၅၃၀။     ‘‘အာသာယ ကသတေ ခေတ္တံ, ဗီဇံ အာသာယ ဝပ္ပတိ၊

အာသာယ ဝါဏိဇာ ယန္တိ, သမုဒ္ဒံ ဓနဟာရကာ၊

ယာယ အာသာယ တိဋ္ဌာမိ, သာ မေ အာသာ သမိဇ္ဈတု။

၅၃၀။     (လယ်သမားသည်) စပါးကို လိုလားတောင့်တသဖြင့် လယ်ထွန်ပါ၏၊ အသီးကို လိုလားတောင့်တ သဖြင့်သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါ၏၊ ပစ္စည်းဥစ္စာ စုဆောင်းလိုကုန်သော ကုန်သည်တို့သည် (အမြတ်အစွန်းကို) လိုလားတောင့်တသဖြင့် သမုဒ္ဒရာကို ကူးကြပါကုန်၏၊ (ထို့အတူ) အကျွန်ုပ်သည်လည်း (မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ကြွတော်မူလိမ့်မည်ဟူသော) အကြင်လိုလားတောင့်တချက်ဖြင့် (ဤအရပ်၌) ရပ်တည်နေပါ ၏၊ တပည့်တော်၏ ထိုလိုလား တောင့်တချက်သည် ပြီးပြည့်စုံပါစေသတည်း။

ဒီလို အစရှိတဲ့ ဂါထာတွေနဲ့ ချီးကျူးဖွဲ့နွဲ့ပြီး ပင့်လျှောက်တဲ့အကြောင်း ကာဠုဒါယိတ္ထေရဂါထာ ပါဠိတော်မှာ တွေ့ရှိရပါတယ်။

နောက်ဆက်တွဲ အနေနဲ့ မြတ်စွာဘုရား ကပိလဝတ်ပြည် ရောက်ရှိတဲ့အခါ သုဒ္ဓေါဒနမင်းကြီးနဲ့ ဆွေတော်မျိုးတော်တွေက မြတ်စွာဘုရားနဲ့ တပည့်သား သံဃာတွေ သီတင်းသုံးဖို့ နိဂြောဓာရုံ ကျောင်းတိုက် ဆောက်လုပ်လှူဒါန်းကြပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဒီ ပြည်တော်ဝင်ခရီးမှာ ဂါထာတစ်ထောင် ပါဝင်တဲ့ ဝေဿန္တရာ ဇာတ်တော်ကို ဟောတော်မူပါတယ်။ မဟာဓမ္မပါလဇာတ် ဟောတော်မူတဲ့အခါမှာ သုဒ္ဓေါဒနမင်းကြီး အနာဂါမ် တည်ခဲ့ပါတယ်။ မိထွေးတော် ဂေါတမီလည်း တရားဓမ္မ နာယူရလို့ သောတာပန် တည်ခဲ့ပါတယ်။ ယသော်ဓရာ မင်းသမီးကို အကြောင်းပြုပြီး စန္ဒကိန္နရီဇာတ်ကို ဟောတော်မူခဲ့ပါတယ်။ လက်ထပ်အံ့ဆဲဆဲ ညီတော်နန္ဒမင်းသားကို ရဟန်းပြုပေးခဲ့သလို ရွှေအိုးကြီးလေးလုံး အမွေတောင်းတဲ့ သားတော် ရာဟုလာကိုလည်း ရှင်သာမဏေ ပြုစေပြီး သာသနာ့အမွေ ပေးခဲ့ပါတယ်။ ဒါ့ပြင် သာကီဝင်မင်းသား တစ်ထောင်တို့လည်း ရဟန်းပြုခဲ့ကြပါတယ်။ ဆွေတော်မျိုးတော်တွေ သာသနာတော်ကို ကြည်ညိုလာအောင် ဆောင်ရွက်တဲ့နေရာမှာ ထူးချွန်တဲ့အတွက် ကာဠုဒါယီ ရဟန်းကိုလည်း ကုလပသာဒဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့ပါတယ်။

မြတ်စွာဘုရား ပြည်တော်ဝင်ခဲ့တဲ့ တပေါင်းလဟာ သာယာလှပတဲ့အပြင် ထူးခြားတဲ့ သာသရေး ဖြစ်ရပ်တွေနဲ့လည်း ဆက်စပ် ပတ်သက်နေပါတယ် . . . . .

Thursday, August 12, 2021

မျိုးဆက်သစ် ငါ့ရှင်ငယ်များသို့ (၅)

ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ဖြစ်ကြတဲ့အလျောက် ဗုဒ္ဓတရားတော်နဲ့ ကန့်လန့်ကြီး လွဲမသွားဖို့၊ အပြင်လောကက အသံတွေကို နားထောင်ဖို့၊ နားလည်ဖို့ အရေးကြီးတဲ့အကြောင်း ပြောချင်ပါတယ်။ ကိုယ်ချည်းပဲ ပိတ်နေလို့ မရတော့ဘဲ အပွင့်ကမ္ဘာထဲ ဝင်ဆန့်ဖို့ဆိုရင် ဒီနှစ်ချက်က တကယ့်ကို အရေးကြီးပါတယ်။


ယေဘုယျစကား ပြောရရင် ဘုရားသားတော် ရဟန်းတော်တွေ ဖြစ်နေမှတော့ ဘုရားဟော တရားတွေနဲ့ ရင်းနှီးပြီးသားပါ။ ပိဋကတ် စာပေတွေ လေ့လာနေကြတာပဲလေ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဘုရားသားတော်တွေ ဖြစ်နေပါလျက်နဲ့ ဘုရားရဲ့ တရားတော်နဲ့ အလှမ်းကွာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပုထုဇဉ် သဘာဝမို့၊ ပိဋကတ်ပင်လယ်က ကျယ်လွန်းလို့၊ ပိဋကတ်တော်ဆီ ချဉ်းကပ်ရာမှာ ချဉ်းကပ်နည်း အားနည်းချက် ရှိနေလို့ စသည်အားဖြင့် အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။

ပိဋကတ်နဲ့ အတန်အသင့် နီးစပ်မှု ရှိပေမယ့်၊ တစ်နည်းပြောရရင် ဓမ္မာစရိယအဆင့် ရောက်နေပေမယ့် ဗုဒ္ဓတရားတော် အခြေခံမူနဲ့ အလှမ်းဝေးလွန်းသွားတဲ့ ဆရာတော်တစ်ပါးနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ပြန်ပြောချင်ပါတယ်။ ၁၉၉၆ ဝန်းကျင်လောက်က ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးပါ။ နေရာကတော့ မိုးကုတ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ဆရာတော်ရဲ့ ကျောင်းတိုက်နာမည်ကိုတော့ မမှတ်မိတော့ပါဘူး။ နာမည်အတိအကျ မှတ်မိရင်လည်း ထည့်မပြောသင့်ဘူး ထင်ပါတယ်။ သူ့အတွေးအခေါ် အကောက်အယူတွေက အဆင်မပြေလှလို့ပါ။ အဲ့ဒီတုန်းက မန်း နပသ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းနဲ့အတူ အလည်လိုက်သွားရင်း ဆရာတော့်ဆီ ခဏသွားပြီး ဦးချ ဂါရဝပြုကြတယ်။ စာတတ်ပေတတ် ဆရာတော်ကြီးက ရဟန်းငယ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သာသနာ့တက္ကသိုလ် တက်နေကြတဲ့ ရဟန်းငယ်တွေကို ကြည့်ပြီး အနာဂတ် သာသနာရေးအတွက် အားတက်နေပုံရတယ်။ ကျွေးစရာတွေ ချကျွေးတယ်၊ ပေးစရာတွေ ပေးစွန့်တယ်။ သာသနာစိတ် မွေးကြဖို့ တိုက်တွန်းတယ်။ အဲ့ဒီထိ အကောင်းချည်းပါပဲ။ ဘာသာခြားအပေါ် ရှုမြင်ပုံကျတော့ တော်တော် ကြမ်းတယ်။ အထူးသဖြင့် အဲ့ဒီအချိန်က လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေမှာ မွတ်ဆလင်တွေအပေါ် သူ ရှုမြင်ပုံက ‌တော်တော် ကြောက်စရာကောင်းတယ်။ အဲ့ဒီ အချိန်က ဗလီမီးရှို့တာလို ရမ်းကားမှုတွေ မကြာခဏ ကြားနေရတဲ့ အချိန်။ ဆရာတော်ကြီးက အဲ့ဒီလို လုပ်ရပ်တွေကို သဘောကျ ထောက်ခံနေတာ။ သာသနာ့ အန္တရာယ်ကို ရှင်းထုတ်နေတာလို့ မြင်တော်မူနေတယ်။

တစ်ဦးတည်းရဲ့ သဘောထားကတော့ အဲ့ဒါမျိုးတွေ မမြင်ချင်၊ မကြားချင်၊ မပတ်သက်ချင်၊ အားမပေးချင်တာ။ သဘောထားချင်း မတူပေမယ့် ဆရာတော်ကြီးဆိုတော့ ဒါမျိုးတွေတော့ မဖြစ်သင့်ပါဘူး ဘုရားလို့ ဘယ်ပြောရဲမှာလဲ။ ငြိမ်ငြိမ်ပဲ နားထောင်နေရတာပေါ့။ အတူ နားထောင်နေတဲ့ သူငယ်ချင်းက အသာနေဖို့ မျက်စိတစ်ဘက်မှိတ်ပြီး ပြုံးစိစိနဲ့ အချက်ပြတယ်။ ဘာသာခြားကို နှိပ်ကွပ်ရမယ်၊ သာသနာ့အန္တရာယ် ရှင်းထုတ်ရမယ် ဆိုတာကို ပါဠိတော် အကိုးအကားနဲ့ မိန့်တော်မူတာ။ ဓမ္မာစရိယအဆင့် ဆရာတော်ကြီးက ပါရာဇိကဏ် ပါဠိတော်ထဲက ရှင်ဓနိယ ဝတ္ထုကို အကိုးပြတယ်။ ရှင်ဓနိယရဲ့ ကျောင်းကို ဘုရားရှင်က ဖျက်ခိုင်းတော်မူခဲ့တယ်၊ သာသနာ့တော်အတွက် အန္တရာယ်ရှိလို့ ဖျက်ခိုင်းတာ တဲ့။ သာသနာ့အတွက် အန္တရာယ် ဖြစ်လာရင် ရဟန်းတစ်ပါးရဲ့ ကျောင်းကိုတောင် ဖျက်မှတော့ ဗလီဖျက်တာ ဘာဆန်းလဲ ဆိုတဲ့သဘော။ ဆက်စပ် စဉ်းစားကြည့်ဖို့ ဓနိယဝတ္ထုကို နည်းနည်း ပြန်ကြည့်ရအောင်။

"မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ ထိုအချိန်တွင် များစွာသောရဟန်းတို့သည် ဣသိဂိလိတောင်နံပါးတွင် မြက်မိုးကျောင်းငယ်တို့ကို ပြုလုပ်ကာ ဝါကပ်တော်မူ၏။ သုံးလလွန်မြောက်သော် ကျောင်းငယ်တို့ကို ဖျက်ကာ သွားလိုရာသို့ ဖဲကုန်၏။ သို့သော် အသျှင်ဓနိယသည် ထိုအရပ်၌သာ ဆောင်းရော နွေပါ ဆက်လက်နေ၏။
ထိုအခါ အသျှင်ဓနိယ၏ မြက်မိုးကျောင်းငယ်ကို မြက်ရိတ်သူ၊ ထင်းခွေသူတို့သည် ဖျက်၍ မြက်နှင့် သစ်သားတို့ကို ယူ၏။ ထို့နောက် အသျှင်ဓနိယသည် ကျောင်းငယ်ကို ပြန်လည် ဆောက်လုပ်၏။ ထိုအခါတွင်လည်း မြက်ရိတ်သူ၊ ထင်းခွေသူတို့သည် ကျောင်းငယ်ကို ဖျက်ဆီးကာ ယူကြပြန်၏။ ဤသို့ဖြင့် သုံးကြိမ်တိုင်အောင်ပင် ကျောင်းငယ်သည် အဖျက်ဆီးခံရလေသည်။ ထိုအခါ အသျှင်ဓနိယသည် မြေညက်ဖြင့်ပြီးသော ကျောင်းကို ဆောက်လုပ်ပြန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်ခြေမှ ဆင်းသက်တော်မူလာ၍ အသျှင်ဓနိယ၏ ကျောင်းကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ထို(မဂ်ဖိုလ်) မှ အချည်းနှီးဖြစ်သော ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်။ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်ပေ” ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် “ရဟန်းတို့ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို မပြုလုပ်အပ်။ ပြုလုပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ ထို့နောက် ရဟန်းတို့သည် အသျှင်ဓနိယ၏ ကျောင်းငယ်ကို ဖျက်ဆီးကုန်၏။"

ဒီဝတ္ထုမှာ ရှင်ဓနိယရဲ့ မြေညက်ကျောင်းဆိုတာ ရွံ့ကျောင်းပဲ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီ ရွံ့ကျောင်းဟာ တစ်ခြားရဟန်းတွေ ဆောက်နေကျ မြက်မိုးကျောင်းတွေနဲ့စာရင် ထူးဆန်းနေတယ်၊ ကောင်းမွန်နေတယ်၊ သာယာစရာ၊ တွယ်တာစရာ ဖြစ်နေတယ်၊ ဒါ့ကြောင့် ဘုရားရှင်က မြေညက်ကျောင်းကို တားမြစ်တော်မူတာလို့ နားလည်မိပါတယ်။ တဏှာလောဘဘက် ယိမ်းမသွားအောင် တားမြစ်တာပါ။ အဲ့ဒါကို ကိုးကားပြီး ဒေါသရှေ့ထားတဲ့ ဗလီဖျက်ဆီးရေးတွေ ထောက်ခံအားပေးတဲ့ ဆရာတော်ကြီးဟာ ပါဠိတော်နဲ့ ညီပါရဲ့လား။ စဉ်းစားစရာပါ။ စဉ်းစားမိခဲ့တယ်။ ဒါပေမယ့် စာတတ်ပေတတ်နဲ့ အပြောကျယ်၊ အပြောကောင်း ဆရာတော်ကြီး ဖြစ်နေတော့ စောဒက မတက်ရဲခဲ့ဘူးပေါ့။

ငါ့ရှင်လေးတို့ အနေနဲ့ ပိဋကတ်စာတွေ သင်ထားပါလျက်နဲ့ သင်ထားတဲ့စာကို လိုရာအဓိပ္ပာယ် မရရအောင် ကောက်ယူပြီး ဗုဒ္ဓတရားတော်နဲ့ ကန့်လန့်ကြီး လွဲသွားတာမျိုး မဖြစ်ဖို့ သတိပေးပါရစေ။ အပြင်လောကက အသံတွေကို နားထောင်ဖို့၊ နားလည်ဖို့ လိုအပ်တဲ့အကြောင်းကိုတော့ အလျဉ်းသင့်မှပဲ ဆက်ပြောပါတော့မယ်။

🙂
ရှင်အာစာရ

Tuesday, August 10, 2021

အောက်မေ့မိပါသော ကဗျာ စာပေပညာရှင်ကြီးများ (၂)

 Aug 8, 2021

(ကပ်​ဘေးရှောင်ရင်း အပျင်းပြေ ဖတ်ဖို့)
-----

၃။ မောင်သစ်ဝေ (မြင်ခြံ)

ထွေထွေထူးထူး ပြောပြနေစရာ မလိုတဲ့ အကျော်ဒေယျ မိတ်ဆွေကြီး။ တွတ်ပီရဲ့ ဗိုက်ကလေးလို လူရှိန်အောင် ပုန်းပုန်းနေလေ့ ရှိသူ။ သူနဲ့အတူ ဖြတ်သန်းခဲ့ပြီး နေ့စွဲတွေတိုင်းမှာ ကဗျာ နဲ့ စာပေမှာသာမက နယ်ပယ်အားလုံးနီးပါးမှာ လက်တွဲလို့ ရတဲ့သူ။

သူနဲ့ စတွေ့ကတည်းက သူ့ကို ကဗျာဆရာလို့ မသိချင်လို့ကို မရခဲ့။ သူ့ကြော်ငြားအားနဲ့သူ။ သူ့ကဗျာတစ်ပုဒ် မဂ္ဂဇင်းမှာ ပါလာတိုင်း နီးစပ်သူတွေကို သူငယ်ချင်း တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲတွေထိ လက်ဖက်ရည်တိုက်ပြီး ကဗျာတွေ လေးငါးပုဒ်လောက် ရွတ်ရွတ်ပြတတ်လို့ ကဗျာဆရာမှန်း သိခဲ့ရတာ။ သူ ကဗျာရွတ်ချိန်မှာတော့ လက်ဖက်ရည်ဖန်ဆိမ့်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူစာ၊ အီကြာကွေးတွေလောက်ပဲ စိတ်ရောက်နေတော့ သူကဗျာတွေကို သိပ်မခံစားမိခဲ့ဘူးပေါ့လေ။

သူ့မှာ ချစ်စရာတွေ အများကြီးထဲက မျက်ကွယ်ပြုထားလို့ မရတာ တစ်ခုက သူ့ရဲ့ ပရဟိတ စိတ်ဓာတ်။ တွေ့ဆုံပွဲတွေမှာ အိုးခွက်ပန်းကန်ဆေးတာမျိုး၊ လက်ဖက်သုပ်တာမျိုး။ ကြီးကျယ်ကျယ် ကိစ္စတွေမှာတော့ ပညာရေး ပရဟိတမှာ အတန်အသင့် ထွန်းပေါက်တယ် ပြောရမယ်။ ဓမ္မဂင်္ဂါလို သိပ်မကြွားတတ်လို့သာ ကမ္ဘာလွှမ်းခြုံ ပညာရေးအကွက်ထဲထိ ထဲထဲဝင်ဝင် မရောက်သေးတာ။ အလုပ်က အခိုင်ရယ်။ မကြွားတတ်ဘူး ဆိုပေမယ့်။ သူ့ရဲ့ ပညာရေး ပရဟိတ လုပ်ငန်းဖြစ်တဲ့ အလင်းဉယျာဉ်ကျောင်း ဟိုတနှစ်က အောင်ချက်ကောင်းခဲ့တာကို အဖွဲ့လိုက် ရေဘေးအကူ သွားတဲ့အခါ၊ လူမမာမေး သွားတဲ့အခါလိုမျိုး ပညာရေးနဲ့ အဆက်အစပ်ဝေးတဲ့ တွေ့ဆုံပွဲတွေမှာတောင် စကားဝိုင်းထဲ ထည့်ထည့် ပြောတတ်သေးတယ်။ တစ်နိုင်ငံလုံး အောင်ချက်ကောင်းမှတော့ သူ့ကျောင်းလည်း အောင်ချက်ကောင်းပြီပေါ့။ သူ့တစ်ကျောင်းတည်း အောင်ချက်လျှော့ထားခဲ့လို့မှ မရတာလေ။ ဘာပဲဖြစ်ဖြစ် ဝင်ခွင့်ဖြေခိုင်းပြီး လူရွေးလက်ခံတာမျိုး မလုပ်တာကိုကပဲ သူ့ကျောင်းရဲ့ လေးစားစရာ တစ်ခုပါ။

သူနဲ့ ပတ်သက်လို့ ကြောက်စရာကောင်းတာ တစ်ခုက အချစ်ကြမ်းတဲ့ ပျော်ရွှင်ပုံပဲ။ သူပျော်ရင် နီးရာလူကို တွေ့ရာ ဖမ်းကိုက်လိုက်တာ။ တော်တော် အချစ်ကြမ်းတယ်။ သူကိုက်တာ ခံရတဲ့သူ ကာကွယ်ဆေး ထိုးစရာ မလိုလို့ တော်သေးတယ်။ စကားဝိုင်းထဲမှာ သူ ပြောရင်းဖြစ်ဖြစ်၊ နားထောင်ရင်းဖြစ်ဖြစ် သူ သဘောကျတာ တစ်ခုခု ပါလာပြီ၊ သူကလည်း ဟှိဟှိ ဆိုပြီး နှစ်ချက်ပူး ထရယ်ပြီဆိုရင် သတိသာ ထားပေတော့။ သူပျော်တာကလည်း ခဏခဏ ပျော်နေတတ်တာဆို‌တော့ လန့်တော့ လန့်ရတယ်။ သူ့မိတ်ဆွေတွေထဲမှာ သူကိုက်တာ မခံရဖူးသူ တော်တော်ရှားမယ်။ သူ ကိုက်ဖို့ ရွံရတဲ့သူလောက်ပဲ အကိုက်မခံရမှာ။ ကိုဗစ်က လေ့ကျင့်ပေးလိုက်တဲ့ နေထိုင်မှု ပုံစံသစ်အတိုင်း ခြောက်ပေခွာပြီး တွေ့ကြတဲ့ အခါမှာတော့ သူ ဘယ်လို ကိုက်မယ် မသိ။

ထားပါတော့။ သူက ကဗျာဆရာဆိုတော့ သူ့ကဗျာအကြောင်းပြောတာ ပိုကောင်းပါတယ်။ စောစောက ပြောခဲ့သလို သူရွတ်ပြချိန်မှာ သူ့ကဗျာတွေကို စိတ်မဝင်စားနိင်ပေမယ့် နောက်မှ အေးအေးဆေးဆေး ဖတ်ကြည့်တော့ သူ့ကဗျာ နှစ်ပုဒ် ကြိုက်မိတယ်။ ဆေးပြင်းလိပ် နဲ့ မြစ်။ ဆေးပြင်းလိပ်က သူများညွှန်းလို့။ မောင်ခိုင်မာ ထင်တယ်။ မြစ်ကိုတော့ ကြိုက်လို့ကို ကြိုက်တာ။ သူ့ရဲ့ အအောင်မြင်ဆုံးလို့ ဆိုနိုင်တဲ့ မိသံလွင်ကိုတော့ ဖတ်ကောင်းရုံလောက်လို့ပဲ ထင်မိတယ်။ သိပ်မကြိုက်တာက အချစ်ကဗျာရှည် ဖြစ်နေလို့။ သူနဲ့ အချစ်နဲ့ ဆုံမှတ်ရှိမယ်လို့မှ မထင်နိုင်တာ။ ကဗျာအရ စာအရ ရေးဖွဲ့တာသာ ဖြစ်ပြီး ဖြစ်ရပ်မှန်နဲ့ တော်တော်ဝေးမယ် ထင်ရတယ်။ သူ့ကျော်ကြားမှုကို အကြောင်းပြုပြီး ကဗျာပေါက်ဖို့ အကြံအဖန် ထုကြတာများလား။ အချစ်တွေ၊ နှလုံးသား ကိစ္စတွေမှာ ထဲထဲဝင်ဝင် ရှိကြတဲ့ မောင်စူးရဲ (တန့်ဆည်)တို့၊ လူမွန်တို့၊ လောကတို့၊ ဖက်တီးတို့လို လူပြန်တော် ပညာရှင်တွေက ရှဲဒိုးရေးပေးပြီး လုပ်စားကြတာများလား။ သူ့စကား ပြန်ငှားရရင် မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်ပေါ့။

ဒါပါပဲလေ။ ဒီလောက်ဆိုရင် အလွမ်းသိပ်သည်းဆ ထိုက်သလောက်တော့ ကျသွားပါပြီ။ သူ ဖုန်းဆက်နေသေးသမျှ သူ ကျန်းမာနေတုန်းပဲလို့ ယူဆလိုက်ပါတယ်။

၄။ ဓမ္မဂင်္ဂါ

သူလည်း ခေသူတော့ မဟုတ်။ မောင်သစ်ဝေထက် ဆယ်ဆလောက် ကြော်ကြားသူ။ အထူး မိတ်ဆက်စရာတောင် မလိုသူ။ သူ့ရဲ့ “ကိုယ်တိုင်ကြွား အတ္ထုပ္ပတ္တိ”ကို ဖတ်ဖူးရင်တော့ သူဘာလဲ၊ ကိုယ်ဘာလဲဆိုတာ မှန်းလို့ရမှာပါ။ မစိုးရိမ် တိုက်သစ်မှာ လူချင်းမသိခင် သူ့ပုံကို မြင်လိုက်ကတည်းက သူ့အကြောကို မှန်းမိခဲ့တယ်။ တကယ့်တကယ် လူချင်း သိကြခင်ကြပြီ ဆိုတော့လည်း . . . . . (ဆက်ရန်)

🙂
ရှင်အာစာရ

အောက်မေ့မိပါသော ကဗျာ စာပေ ပညာရှင်ကြီးများ (၁)

 Aug 6, 2021

(ကပ်ဘေးရှောင်ရင်း အပျင်းပြေ ဖတ်ဖို့)
-----
ကန့်သတ်မှုတွေကြောင့် မတွေ့တာ ကြာပြီမို့လား မသိ။ ပတ်သက်ရာ ပတ်သက်ကြောင်း ကဗျာ စာပေ ပညာရှင်ကြီးတွေကို သတိရမိတယ်။ (လူချင်း တွေ့ချင်သေးတာတော့ မဟုတ်။) အထူးသဖြင့် မန်းနပသ မျိုးဆက်တွေကို။

၁။ ကိုဘပု
သစ်ကပ်ပန်းကြီး ကြွေပြီတဲ့။ မကြာခင် ရက်ပိုင်းအတွင်းက သူကြွေလွင့်ကြောင်း ကြားလိုက်ရတယ်။ အောက်စီဂျင် ရှူနေရတယ်လို့ ကြားရပြီး နှစ်ရက်လောက်ပဲ ကြာမယ်ထင်တယ်။ သူက မန်း နပသ အာဒိကမ္မိက ကနဦး အသုတ်က ဖြစ်ပေမယ့် သူ စာမေးပွဲ နှစ်ကျတွေများလို့ အပတ်စဉ် (၄)နဲ့ ချိတ်မိခဲ့တယ်။ အတန်းတော့ မတူ။ အဲ့ဒီခေတ်က စာပေရေးရာ ကျောင်းတွင်း အခြေအနေက ဖယောင်းလှမ့်ပြီး ကူးရတဲ့ လက်နှိပ်စက်ခေတ်။ လက်နှိပ်စက်ခေတ် ဆိုပေမယ့် သူတို့တွေ ကဗျာစာအုပ်ထုတ်ရင် သရုပ်ဖော် ပုံလေးတွေပါ ပါတယ်။ ဘယ်လို လုပ်ကြတယ်တော့ အလှမ်းမမီခဲ့။ စီနီယာကျောင်းသား ဆရာတော်တွေ ထုတ်ဝေတဲ့ ကဗျာစာအုပ်လေးတစ်အုပ် ရခဲ့ပြီး အဲ့ဒီထဲက ကဗျာတစ်ပုဒ်ကို သဘောကျခဲ့တယ်။ အဲ့ဒီ ကဗျာကြောင့် သူတို့စာအုပ်လေးကို ပိုပြီး တန်ဖိုးထားခဲ့ရတယ်။ ကဗျာဆရာက ကိုဘပု (စည်ကား)။ ကဗျာကိုတော့ တိတိကျကျ ကျက်မထားမိခဲ့။ ထုံးစံ မရှိလို့ပါ။ ကဗျာ အဓိပ္ပါယ်ကတော့. .. .. . သစ်ပင်ကို တွယ်ကပ်ပွင့်တဲ့ သစ်ကပ်ပန်းနဲ့ တင်စားတဲ့ ဘဝကဗျာ။ ကဗျာခေါင်းစဉ်ကလည်း "သစ်ကပ်ပန်း" ထင်တာပါပဲ။ ပစ္စည်းလေးပါး အလှူကို မှီခိုရတဲ့ ရဟန်းဘဝကို အမြင့်စံ သစ်ကပ်ပန်းနဲ့ တင်စားဖွဲ့ဆိုထားတဲ့ ကဗျာ။ အဲ့ဒီ ကဗျာကို ဖွဲ့ဆိုတဲ့ ကဗျာဆရာဟာ သူပဲလို့ သိလိုက်ရချိန်မှာ ဟိုဘက်ရွာက ဦးသာသန ဖြစ်နေတယ်။ ပုပြတ်ပြတ် ညိုတုတ်တုတ်နဲ့ လေးလေးပင်ပင်ကြီး။ သူတို့ ပြောလို့သာ ယုံရတာ။ ဘယ်လိုမှ မှတ်မိနိုင်စရာ အကြောင်းမရှိ။ သူ့ကို သိခဲ့တုန်းက သူက ပိန်ပိန်ပါးပါး သွက်သွက်လက်လက် ဖြူးဖြူးဖွေးဖွေး။ ရွာမှာ ရှင်ပြုတုန်းက သူနဲ့ အမျိုးမကင်းမို့ မုံရွာ သီတာရုံကျောင်းမှာ စာဝါလိုက်နေတဲ့ သူ့ကို အလှူပွဲ လှမ်းပင်ကြတော့ သူကြွလာတယ်။ ရှင်ပြုတဲ့နေ့ သင်္ကန်းဝတ်တော့ သူက သင်္ကန်း ကိုင်ပေးသေးတယ်။ ရှင်ပြုပေးတဲ့ ဆရာတော်ကြီးက ကိုရင်အောင်ဌေး လုပ်ပါ့အုံးဆိုတော့ သူက လာကူပေးတယ်။ အရွယ်ငယ်ချိန် ထုံးစံအတိုင်း ပိန်ပိန်ပါးပါး။ မြို့မှာနေတဲ့ စာသင်သားမို့ ယုံကြည်ချက် အပြည့်နဲ့ သွက်သွက်လက်လက်။ ဖြူဖြူဖွေးဖွေး ဆိုတာကတော့ အဲ့ဒီတုန်းက ထင်မိခဲ့တာပဲ ဖြစ်မှာပါ။ အဲ့ဒီတုန်းကလည်း ညိုစိမ့်စိမ့်ပဲ ဖြစ်မှာပါ။ မြို့ပြ အငွေ့အသက် ခိုလှုံထားသူဆိုတော့ သပ်သပ်ရပ်ရပ်တော့ ရှိမှာပေါ့။ အဲ့ဒါကိုပဲ ရွံ့ထဲဖုန်ထဲက ကလေးငယ်က ဖြူတယ်လို့ ထင်မိတာ ဖြစ်မှာပါ။ သူ့ကို စံပြရှေ့သွား ရှင်တစ်ပါးအဖြစ် မဝံ့မရဲ အားကျမိခဲ့တာတော့ သေချာပါတယ်။ ခုကျတော့လည်း သူ့ကို အားမကျရဲတော့ပြန်။ သူ့လမ်းကို လိုက်လျှောက်ဖို့ အဆင်သင့် မဖြစ်နိုင်သေး။ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေ ဂရုတစိုက် လိုက်နာရအုံးမယ်။ မလိုက်နာသူတွေ လိုက်နာကြဖို့ တရားဟောပြ သာသနာပြုရအုံးမယ်။ အားလုံးအတူ ဖြတ်ကျော်နေကြရတဲ့ ခရီးကြမ်းအတွက် ထည့်ဝင်စရာတွေ အများကြီး ကျန်နေသေးလို့ပါ။

၂။ ဘဂု
ကြွေလွင့်သွားတဲ့ ကဗျာဆရာရဲ့ နောက်ကကပ်ပြီး ဆက်ပြောရပေမယ့် သူကတော့ အကောင်းကြီး ရှိပါသေးတယ်။ တော်တော်နဲ့လည်း ကြွေအုံးမှာ မဟုတ်ပါဘူး။ မကြွေသေးဖို့လည်း ဆုတောင်းပေးရပါတယ်။ မဟုတ်ရင် သူ့ကို ကြောက်ရသေးတာ။ အောက်ထစ်ဆုံး ပါးစပ်နဲ့တော့ ဆောင့်ကန်မှာ သေချာတယ်။ ဘဂု ဆိုတာကတော့ သူ့ရဲ့ ကလောင်နာမည် မဟုတ်ပါဘူး။ မောင်သစ်ဝေ (မြင်းခြံ) ခေါ်လေ့ရှိတဲ့ နာမည်ပါ။ ကဗျာဆရာရဲ့ ပါးစပ်ကထွက်တော့လည်း ကဗျာနာမည်ပဲပေါ့။ သူ့မှာ ကလောင်နာမည်ရယ်လို့လည်း ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် သူကတော့ ငယ်ငယ်ကတည်းက ကဗျာဆရာ ဖြစ်ခဲ့တယ် ပြောတာပဲ။ သတိထားမိသလောက် ပြောရရင် သူ့ကျန်းမာရေးအရ ကြုံရတဲ့ အကြီးစား ခွဲစိတ်မှုကြီး တစ်ခုကို အောင်မြင်စွာ ဖြတ်သန်းပြီးမှ သူ့ဆီက ကဗျာတွေ စာတွေ ဒလဟော ထွက်လာတယ် ထင်တာပဲ။ ဆရာဝန်တွေက သူ့ကို ခွဲရင်းစိတ်ရင်း ကဗျာကြော စာကြောတွေ ဖွင့်ပေးလိုက်တာများလား မသိ။ သူ့ ဖေ့စ်ဘွတ် စတေးတပ်စ် ကနေ လူမှုရေး၊ နိုင်ငံရေး၊ ဘဝအကြောင်း၊ ပိဋကသုံးပုံ၊ သံသရာချီမော်ကွန်း၊ မော်ဒန်နဲ့ မော်ဒန်လွန် အထွေထွေ အွန်လိုင်းစာပေ အလုပ်တွေ တွင်တွင်ကြီး ထုတ်လုပ်နေသူကတော့ တောင်ကြီး မင်းကျောင်းဆရာတော်။ မန်း နပသ အပတ်စဥ် (၄) ကျောင်းသားဟောင်းကြီး (အမွေလွှဲပေးမယ့် 😁) လက်ရှိအပိုင် ကျောင်းတိုက်တော်ကြီး လုံအောင်ပိတ်လို့ ကိုဗစ်လွတ်အောင် ပုန်းရှောင်နိုင်ပါစေကြောင်း။

ထွေထွေထူးထူး ပြောပြနေစရာ မလိုတဲ့ အကျော်ဒေယျ မိတ်ဆွေကြီး။ တွတ်ပီရဲ့ ဗိုက်ကလေးလို လူရှိန်အောင် ပုန်းပုန်းနေလေ့ရှိသူ။ သူနဲ့အတူ ဖြတ်သန်းခဲ့ပြီး နေ့စွဲတွေတိုင်းမှာ ကဗျာ နဲ့ စာပေမှာသာမက . .. ... .. ။

(ဆက်ရန်. ... .)

😁
ရှင်အာစာရ

Tuesday, August 3, 2021

မျိုးဆက်သစ် ငါ့ရှင်ငယ်များသို့ (၄)

 (မျိုးဆက် တစ်ဆက်စာ အောင်ခြင်းရှစ်ပါး)
ငါ့ရှင်လေးတို့ကို ဦးတည်ပြောနေရင်း စာဖတ်ခြင်းနဲ့ ပတ်သက်ပြီး ပြောသင့်တယ်လို့ (ထုံးစံအတိုင်း) ထင်မိတာ မှားမယ် မထင်ပါဘူး။ စာဖတ်ကြရေး ဆိုတာက အများပြောနေကျ စကားပါ။ ငါ့ရှင်​လေးတို့ သိပြီးသားပါ။ ဖတ်တဲ့သူတွေလည်း ဖတ်နေကြတယ်ဆိုတာ သိပါတယ်။ ဒီတော့ စာဖတ်ဖို့ အထူး မပြောတော့ပါဘူး။ စာဖတ်တိုင်းလည်း မဟုတ်ဘူး၊ စာဖတ်ရုံနဲ့လည်း မပြီးဘူး ဆိုတာကိုပဲ ဖြည့် ပြောချင်ပါတယ်။
 
စာဖတ်ခြင်းနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကလည်း စာဖတ်ပျင်းသူမို့ စာဖတ်ဖို့ အထူး မတိုက်တွန်းချင်တာပါ။ အခြေအနေပေးလို့၊ ဝါသနာလည်းပါလို့ ဖတ်နိုင်မယ်ဆိုရင် များများဖတ်တာ ကောင်းပေမယ့် လူတိုင်းလူတိုင်း မဖြစ်မနေ အများကြီး ဖတ်နေစရာတော့ မလိုဘူး ထင်ပါတယ်။ စာတွေ မဖြစ်မနေ ဖတ်ရမယ့် အခါမျိုးမှာ တော်ရုံတန်ရုံ ဖတ်လိုက်တယ်ဆိုရင်ကို အလုပ်ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို စိတ်ပါပါ မပါပါ ဖတ်တော့ ဖတ်ရပါတယ်။ လုံးဝ မဖတ်လို့တော့ မရပါဘူး။
 
ဖတ်ပြီဆိုရင် စောစောက ပြောခဲ့တဲ့အတိုင်း ဖတ်ရုံနဲ့တော့ မပြီးပါဘူး။ စာဖတ်ရာက ရလိုက်တဲ့ အကြောင်းအရာ အချက်အလက်နဲ့ ပတ်သက်ပြီး ဆက်လက်ဖတ်ရှုတာတွေ၊ ဆက်စပ်စဉ်းစားတာတွေ၊ ဆက်လက်စဉ်းစားတာတွေ အရေးတကြီး လိုအပ်ပါတယ်။ စဉ်းစားတာထက် ပိုအရေးကြီးတာက ဘယ်လို ဆုံးဖြတ်ချက်ချမယ်၊ ဘယ်လို အသုံးချမယ် ဆိုတာတွေ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မှန်ဖို့၊ အသုံးချ မမှားဖို့တွေကတော့ အရေးအကြီးဆုံး ဖြစ်သလို အခက်ဆုံး အရာတွေလည်း ဖြစ်ပါတယ်။
 
စောစောက ပြောလိုက်တဲ့ စာတွေ သိပ်ဖတ်ဖို့ မလိုဘူး ဆိုတဲ့စကားကို ပြန်ကောက်ရရင်...... သိပ်မလိုဘူးလို့ ပြောရတာက..... လိုရင်းဖြစ်တဲ့ ဆုံးဖြတ်ချက်ချမှု နဲ့ အသုံးချမှု အပိုင်းတွေကို စာဖတ်ခြင်းဆီကပဲ ရနိုင်တာ မဟုတ်လို့ပါ။ ဇတ်ကားကြည့်ရင်းနဲ့ အတွေးပေါက် အကြံရတာမျိုး၊ သီချင်းနားထောင်ရင်း ဆုံးဖြတ်ချက် ချမိတာမျိုးတွေ ရှိနိုင်လို့ပါ။
 
ကိုယ့်တွေ့ စဥ်းစာမိတာလေး တစ်ခု နမူနာ ပြချင်ပါတယ်။ နမူနာ သက်သက်ပါ။ စောစောက ဝန်ခံခဲ့တဲ့အတိုင်း စာဖတ်ပျင်းသူ တစ်ယောက် အနေနဲ့ စာဖတ်ရာက ရလိုက်တဲ့ စဥ်းစားချက် မဟုတ်ပါဘူး။ ဘုရားနံရံပေါ်က အောင်ခြင်းရှစ်ပါး ဗုဒ္ဓဝင် ပန်းချီတွေကို ဖူးရင်းကနေ အတွေးပေါက်ခဲ့တာလေးပါ။
 
မြတ်စွာဘုရား အောင်တော်မူခဲ့တဲ့ အောင်ခြင်းရှစ်ပါးဟာ အောင်တဲ့ဘက်ကို အလေးပေးပြီး အောင်ခြင်းလို့ ခေါ်ထားတာပါ။ လောကသဘာဝ တွေ့ကြုံရင်ဆိုင် ဖြေရှင်းရတာကို အလေးပေးမယ်ဆိုရင် ပြဿနာရှစ်မျိုးလို့ ဆိုနိုင်တယ် မဟုတ်လား။ ဒါက စဥ်းစားပုံ တစ်ခု။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပြဿနာရှစ်မျိုး ကြုံကြိုက်တော်မူခဲ့ရလေ၏ ပေါ့။ 
 
တွေ့ခဲ့ရတဲ့ အောင်ခြင်းရှစ်ပါးမှာ မာရံ ယက္ခံ ဂဇံ စောရံ .... အစရှိတဲ့ အများသိတဲ့ ဂါထာအတိုင်း မာရ်နတ်မင်း၊ အာဠာဝက ဘီလူး၊ နာဠာဂိရိ ဆင်၊ ခိုးသူ အင်္ဂုလိမာလ ဆိုပြီး စဥ်ထားတာ မဟုတ်ပါဘူး။ ဝါစဉ်အလိုက် အောင်တော်မူပုံတွေကို စဉ်ထားတာပါ။ အဲ့ဒီလို တစ်မျိုး စဉ်ထားတာကို စိတ်ဝင်စားမိလိုက်ပါတယ်။ စဉ်ပုံက.... ဘုရားဖြစ်တဲ့နေ့မှာပဲ မာရ်နတ်ကို အောင်တော်မူတယ်။ (၅)ဝါမြောက်မှာ သစ္စက ပရိဗိုဇ်ကို အောင်တော်မူတယ်။ (၁၁) ဝါမြောက်မှာ နန္ဒောပနန္ဒ နဂါးမင်း နဲ့ ဗကဗြဟ္မာကြီးတို့ကို အောင်တော်မူတယ်။ (၁၄) ဝါမြောက်မှာ အင်္ဂုလိမာလ နဲ့ စိဉ္စမာန တို့ကို အောင်တော်မူတယ်။ (၁၆)ဝါမှာ အာဠာဝက ဘီလူးကို အောင်တော်မူတယ်။ ဝါတော် (၂၀)မှာ နာဠာဂိရိ ဆင်ကို အောင်တော်မူတယ်။
 
ခြုံကြည့်လိုက်ရင် မြတ်စွာဘုရားဟာ ဒီပြဿနာ ရှစ်မျိုးကို နှစ်ပေါင်းနှစ်ဆယ်အတွင်း၊ တစ်နည်းပြောရရင် မျိုးဆက်တစ်ခုစာ ကာလအတွင်း ရင်ဆိုင်ဖြေရှင်းတော်မူခဲ့ရတယ်လို့ ဆိုရမှာပါ။ သာသနာတော် အသစ်တစ်ခု ထူတောင်တော် မူရာမှာ အတိုက်အခံ ဆန့်ကျင်တဲ့ဘက်က မျိုးဆက်တစ်ခုစာ ကာလအတွင်း ထိုးနှက်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုရမှာပါ။ အဲ့ဒီနောက်မှ ငြိမ်ကျသွားတာ မဟုတ်လား။
ပြဿနာ ရှစ်မျိုးကို လှိုင်းသဘောမျိုးနဲ့ ကြည့်မယ်ဆိုရင် ဘုရားဖြစ်ဖြစ်ခြင်း အတိုက်အခံလှိုင်းနဲ့ ကြုံခဲ့ရတယ်၊ (၁၁)ဝါ နဲ့ (၁၄)ဝါ တို့မှာ လှိုင်းအထန်ဆုံးလို့ ဆိုရမယ် မဟုတ်လား။
 
မလွယ်ဘူးနော် မြတ်စွာဘုရားရှင်တောင်မှ မျိုးဆက်နဲ့ချီပြီး လှိုင်းတွေကို တော်လှန်တော်မူခဲ့ရတာ။ တော်လှန်စရာတွေကလည်း အများသား။ ကြီးလည်း သိပ်ကြီးတာကြီးတွေ။ မယ်တော် ခမည်းတော် အမှူးပြုတဲ့ နန်းတွင်းမိသားစု အပါအဝင် လူများစုက အစဥ်အလာ လက်ခံယုံကြည်ထားတဲ့ ဟိန္ဒူ ဗြာဟ္မဏဝါဒ၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု၊ ကျွန်စနစ် .... အကြီးကြီးတွေ ကိုင်တော်မူခဲ့ရတာ။
 
အောင်ခြင်းရှစ်ပါးကနေ ဒီလိုတော့ စဥ်းစားမိတယ် ဆိုတာကို မျှဝေတာပါ။ အသုံးချမှု အပိုင်းနဲ့ ဆက်စပ်စဥ်းစားတာတွေ၊ ဆက်လက်စဥ်းစားတွေကိုတော့ ငါ့ရှင်လေးတို့ပဲ ဆက်လုပ်ကြဖို့ တိုက်တွန်းပါရစေ။ မလုပ်ချင်ရင်လည်း ရပါတယ်။ အေးဆေးပါ။
 
:)
ရှင်အာစာရ

Monday, August 2, 2021

စိုင်ပြင် ကိုဗစ် မေတ္တာစာ

ဒီကပ်ဘေးမှာ စိုင်ပြင်နဲ့တကွ အလှမ်းမီရာ​တွေကို ကူညီဖို့ ကြိုးစားနေကြပါတယ်။ အောက်စီဂျင်စက် မရောက်သေးပေမယ့် အောက်စီဂျင်အိုးတွေ အသင့်အတင့် လုံလောက်တဲ့ ပမာဏတော့ ရှိထားကြပါပြီ။ လတ်တလောမှာ လိုအပ်သူတွေ ရှူနိုင်အောင် အဖြစ်နိုင်ဆုံး နည်းလမ်းတွေကို အသုံးပြုပြီး ကူပေးနေကြပါတယ်။ ကိုယ် ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင် ဘေးကင်းစေချင်တဲ့ စေတနာနဲ့ရော လက်တွေ့ လုပ်ပေးနေသူတွေကို စာနာ နားလည် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပါ အတတ်နိုင်ဆုံး ကျန်းမာအောင် နေပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
 
ကူးစက်မှုတွေ လျော့နည်းသွားအောင်၊ ပပျောက်သွားအောင် အသွားအလာ၊ အနေအထိုင် ဆင်ခြင်သတိ ရှိကြစေချင်ပါတယ်။ တစ်လတန်သည်၊ နှစ်လတန်သည် ကာလတစ်ခုပဲ သည်းခံကြရမှာပါ။ မကူးစက်အောင် နေလို့ရပါတယ်။ အောက်ထစ်ဆုံး ကူးစက်မှု နည်းအောင် နေလို့ရပါတယ်။ အတတ်နိုင်ဆုံး အိမ်မှာပဲ နေတယ်၊ မလွှဲသာလို့ အပြင်ထွက်ရရင် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးနိုင်တယ်ဆိုရင် ဟုတ်လှပါပြီ။
 
ဒီကြားထဲက ရောဂါရလိုက်တယ် ဆိုရင်လည်း တစ်ခြားသူတွေ မကူးအောင် နေပေးကြဖို့ လိုပါတယ်။ ပိုးကူးစက်တာ ခံလိုက်ရပြီဆိုရင် မိသားစုဝင်တွေဆီ၊ ဆွေမျိုးမိတ်ဆွေတွေဆီ မကူးစက်အောင် နေထိုင်နိုင်ဖို့က အရေးအကြီးဆုံးပါ။ အများစုက ရောဂါကို ကိုယ်ခံအားနဲ့ တိုက်ထုတ်နိုင်ကြပါတယ်။ ထပ်ဆင့် ကူးစက်ခံရသူတွေ ခံနိုင်ရည် မရှိရင်သာ အထိနာမှာမို့ ထပ်ဆင့် မကူးစက်ဖို့ အရေးကြီးတာပါ။
ဖြစ်ခဲ့ပြီ ဆိုရင် အဖြစ်မှန်ကို ဖုံးကွယ်ထားပြီး တိတ်တဆိတ် ရောဂါပိုး ဖြန့်ဝေမိနေသလိုမျိုး မဖြစ်ရအောင်လည်း ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး တစ်ကိုယ်ရည် ကင်းကင်းရှင်းရှင်း လုံလုံခြုံခြုံ နေသွားကြဖို့ လိုပါတယ်။ ရောဂါပိုး ရလိုက်တာဟာ ရှက်စရာ မဟုတ်ပါဘူး။ အကြောက်လည်း မကြီးပါနဲ့။ အများစု ပြန်ကောင်းလာတဲ့ သတင်းတွေ ကြားသိနေကြတာပဲ မဟုတ်လား။ 
 
တစ်ယောက်ယောက် ဖြစ်သွားပြီဆိုရင် ဘေးပတ်ဝန်းကျင်ကလည်း လွန်လွန်ကျူးကျူး ခွဲခြားဆက်ဆံတာ၊ နှိမ်ချပစ်ပယ်တာ၊ လိုအပ်တာထက်ပိုပြီး ဝေးဝေးရှောင်တာတွေ မလုပ်မိကြဖို့ လိုပါတယ်။ အစဉ်အလာအရ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလွန်အကျူး ကိစ္စတွေဟာ ကျန်းမာရေးအတွက် အထောက်အကူ မပြုပါဘူး။ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှု မရှိသလောက်ပါ။ ပြဿနာတွေကိုသာ ​ကြီးထွားစေတာပါ။
အနှစ်ချုပ်ရရင်. .. .. ကပ်ဘေးကို အတူရင်ဆိုင် ကျော်ဖြတ်ဖို့ အလိုအပ်ဆုံးကတော့ ဗြဟ္မစိုရ် နှလုံးသားပဲ ဖြစ်ပါတယ်။ စိုင်ပြင်နှင့်တကွ ဒေသတိုင်းမှာ ကပ်ဘေးကင်းပါစေကြောင်း. .. .. . ။

နှာခေါင်းကိစ္စ မပေါ့ဆကြစေလို

Aug 1, 2021

-----
 
ကိုဗစ် ကူးစက်ပိုးရဲ့ ဝင်ပေါက်ဟာ ပါးစပ်၊ နှာခေါင်း နဲ့ မျက်လုံး သုံးနေရာလို့ ဆိုကြပါတယ်။ ဒီသုံးပေါက်အနက် နှာခေါင်းပေါက်က အများဆုံးဝင်တာလို့ သုံးသပ်မိပါတယ်။ ကျန်တဲ့ နှစ်ပေါက်ဖြစ်တဲ့ မျက်လုံးနဲ့ ပါးစပ်ကနေ ဝင်ရောက် ကူးစက်တာဟာ တော်တော်ကို နည်းမယ် ထင်ပါတယ်။ မျက်လုံးကတော့ အနည်းဆုံး ဖြစ်မှာပါ။
 
မျက်လုံးဟာ နူးညံ့တဲ့အတွက် ယိုစိမ့်ပြီး ဝင်နိုင်တဲ့နေရာ ဖြစ်သွားပုံရပါတယ်။ ရောဂါရှိတဲ့သူဆီက ထွက်လာတဲ့ပိုးတွေ မျက်လုံးထဲ တိုက်ရိုက် ဝင်ဖို့ အခွင့်အလမ်း တော်တော် နည်းမှာပါ။ ပိုးရှိတဲ့နေရာကို လက်နဲ့ ကိုင်မိတယ်၊ ပိုးတွေ လက်ထဲ ပါလာတယ်၊ အဲ့ဒီကနေ လက်နဲ့ မျက်လုံးကို ပွတ်မိပြီး မျက်လုံးကနေ ပိုးဝင်သွားမယ်၊ ပါစပ်နဲ့ လက်နဲ့ ထိစပ်ရာကနေ ပါးစပ်ကနေ ပိုးဝင်သွားမယ်။ အဲ့ဒီလို ကူးတာ ဖြစ်မှာပါ။ အဲ့ဒီလို မဖြစ်ရအောင် လက်ဆေးကြရတာပေါ့။ အဲ့ဒီကနေ. .. . လက်ဆေးကြရမယ်ဆိုတဲ့ ကျန်းမာရေး အသိကို လက်တွေ့ကျင့်သုံးမှု များလာကြပြီး လက်မှာ ကပ်ပါလာတဲ့ ပိုးမွှားတွေ ကူးစက်ပြန့်နှံ့ဖို့ အခွင့်အရေး ပိုနည်းလာမယ် ထင်ပါတယ်။ လက်ဆေးတာအပြင် လက်မှာ ပေကျံတာ မဖြစ်ရအောင် လက်သရမ်းပြီး ဟိုကိုင်သည်ကိုင် မလုပ်မိအောင် သတိထားလာနိုင်ကြတယ်လို့လည်း သုံးသပ်မိပါတယ်။ လက်သန့်ရှင်းရေး ရှိကြပါတယ်။ ပါးစပ်ကနေ အသက်ရှူရင်းနဲ့လည်း ရှူသွင်းတဲ့လေနဲ့အတူ ရောဂါပိုး ဝင်သွားနိုင်ပါတယ်။ အဲ့ဒီလို မဖြစ်ရအောင် လူချင်းတွေ့ကြရတဲ့ အခါမှာ ပါးစပ်ကိုပါ ဖုံးအုပ်ကာကွယ်ကြရတာပါ။ ဒီတော့. .. . ပိုးဝင်ဖို့ ဖြစ်နိုင်ချေ အများဆုံးနေရာဟာ စောစောက ပြောခဲ့တဲ့အတိုင်း နှာခေါင်းပေါက်ပဲ ဖြစ်ပါတယ်။
 
ပြဿနာရဲ့ အဓိက ဝင်ပေါက်ဖြစ်တဲ့ နှာခေါင်းဟာ မဖြစ်မနေ လုပ်ဆောင်ရတဲ့ အသက်ရှူမှုဖြစ်စဉ် အရ ကိုဗစ်ပိုး ပြန့်ပွားဖို့ အထောက်အကူ ဖြစ်နေပါတယ်။ နှာခေါင်းဟာ ဝင်လေထွက်လေတွေနဲ့ မပြတ်လှုပ်ရှား သက်ဝင်နေပါတယ်။ လူက မသိလိုက်ချိန်၊ သတိမထားမိချိန်တွေမှာတောင် အသက်ရှူမှု ဖြစ်စဉ်က အမြဲဖြစ်နေရတာပါ။ ဒါ့ကြောင့် အမှုမဲ့ အမှတ်မဲ့ သွားလာလှုပ်ရှားရင်း ကူးစက်နိုင်ပါတယ်။ အိပ်ပျော်နေကြချိန်မှာတောင် ကူးစက်မှုတွေ ဖြစ်နေနိုင်ပါတယ်။ ရောဂါပိုး ရှိတဲ့သူက မှုတ်ထုတ်လိုက်တဲ့ လေနဲ့အတူ နှာခေါင်းထဲကနေ ပိုးတွေ ထွက်လာတယ်။ နီးစပ်သူက အဲ့ဒီလေကို ရှူသွင်းယူလိုက်တယ်။ ရှူသွင်းလိုက်တဲ့ လေနဲ့အတူ ပိုးတွေပါ ဝင်သွားတယ်။ ရောဂါရှိသူရဲ့ နှာခေါင်းထဲက ထွက်လာတဲ့ ပိုးတွေဟာ ရောဂါမရှိသူရဲ့ နှာခေါင်းထဲ ဝင်သွားခြင်းအားဖြင့် ကူးစက်တာဟာ ကူးစက်မှုရဲ့ ရာခိုင်နှုန်း အများစု ဖြစ်မယ် ထင်ပါတယ်။ 
 
နှာခေါင်းရဲ့ ခန္ဓာဗေဒ တည်ဆောက်ပုံကလည်း ရောဂါပိုး ပြန့်နှံ့ဖို့ အားပေးသလို ဖြစ်နေပါတယ်။ နာခေါင်းသာ နားရွက်လို အပွင့်အပြန့် ဖြစ်နေမယ်၊ ဒါမှမဟုတ် လူ့သဘာဝမှာ နှာခေါင်းနဲ့ အသက်ရှူတာ မဟုတ်ဘဲ နားရွက်နဲ့သာ အသက်ရှူမယ်ဆိုရင် ရောဂါပိုး လွင့်ထွက်ပြန့်နှံံ့မှု ပိုးနည်းသွားမှာပါ။ လက်ရှိမှာတော့ အသက်ရှူရတဲ့ နှာခေါင်းဟာ သေနပ်ပြောင်းလို ဖြစ်နေတော့ ထွက်သွားတဲ့လေက အဝေးကို ပိုရောက်မှာပေါ့။ ဒီတော့ ပိုးတွေ ပိုပြန့်မှာပေါ့။ ရောဂါရှိသူရဲ့ ပါးစပ်က ထွက်တဲ့ပိုးဟာ စကားကျယ်ကျယ်ပြောရင် ပိုထွက်တယ်၊ ပိုပြန့်တယ်လို့ သတိပေးထားကြလေတော့ ပြောင်းရှည်သေနပ်က ထွက်တဲ့ကျည်ဆံ အဝေးကို ပိုရောက်သလို နှာခေါင်းပြောင်းဝက ထွက်လာတဲ့ပိုးတွေ ပိုပြန့်မယ် ဆိုတာကို သတိထားကြရမှာပါ။ ချောင်းဆိုးလိုက်တဲ့အခါ၊ နှာချေလိုက်တဲ့ အခါတွေမှာ ပါးစပ်က ပိုးထွက်တာဟာ ထွက်ပြန့်အား တော်တော်ကောင်းပေမယ့် ဖြစ်နိုင်တဲ့ နှာချေ ချောင်းဆိုး အကြိမ်ရေကို ကြည့်မယ်ဆိုရင် နှာခေါင်းက ထွက်တဲ့ ပြန့်နံ့မှုလောက် မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလို ပြန့်နှံ့မှုနယ်က လွတ်အောင် လူချင်းဝေးဝေး ခွာနေကြရတာပါ။ 
 
ပိုးဝင်ဖို့ အဓိက ဝင်ပေါက်လည်းဖြစ်၊ ပိုးထွက်ဖို့ အဓိက ထွက်ပေါက်လည်းဖြစ်တဲ့ နှာခေါင်းကို လုံခြုံအောင် ထိန်းကြဖို့ ​ဖြစ်ပါတယ်။ နှာခေါင်းကို ထိန်းတဲ့နေရာမှာ ကိုယ်တိုင် နှာခေါင်းစည်း တပ်ဖို့ထက် ကိုယ်နဲ့ဆက်စပ်သူ နှာခေါင်းစည်းတပ်ထားဖို့က ပိုအရေးကြီးပါတယ်။ တစ်နည်း ပြောရရင် နှာခေါင်းက ထွက်လာတဲ့လေ၊ လေနဲ့အတူ ထွက်လာတဲ့ပိုးကို ပိုပြီး ထိန်းကြရမှာပါ။ အထွက်ကိုထိန်းဖို့က အဓိကပါ။ တစ်ဘက်လူရဲ့ နှာခေါင်းထဲက ပိုးတွေ ထွက်လာပြီဆိုရင် ကိုယ့်နှာခေါင်းထဲ ဝင်လာဖို့ တော်တော်များနေပါပြီ။ ကိုယ်က နှာခေါင်စည်း တပ်ထားတယ် ဆိုရင်တောင် သူ့ဆီက ထွက်လာတဲ့ ပိုးတွေ အပေါက်ရှာပြီး ကိုယ့်ထဲ ဝင်လာနိုင်ပါတယ်။ 
 
အဲ့ဒီတော့ ကိုယ်နဲ့ နီးစပ်ရသူ နှာခေါင်းစည်း တပ်မထားရင် အတပ်ခိုင်းပါ။ ပြောမရရင်၊ မပြောချင်ရင် အဲ့ဒီလိုလူကို ဝေးဝေးက ရှောင်ပါ။
 
လေနဲ့အတူ ပြန့်နှံ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်ပိုးဟာ လေထဲမှာ တောင်ပံခတ်ပြီး ပျံသန်းနေတာ မဟုတ်ပါဘူး။ ကိုယ့်ဆီကို တောင်ပံခတ်ပြီး ပျံသန်းလာတာလည်း မဟုတ်ပါဘူး။
 
ဒီတော့ လူချင်းထိတွေ့ဆက်ဆံမှု ရပ်ဝန်းထဲက အသက်ရှုမှု လေစီးကြောင်း နယ်ပယ်ကို ခန့်မှန်းပြီး အလိုက်သင့် ရှောင်ရှားတတ်ရင်ကို စိုးရိမ်ရေမှတ်ထိ မရောက်နိင်လောက်တော့ပါဘူး။