Thursday, November 16, 2017

ပါရမီဒီပနီ အနှစ်ချုပ် (၃)




အမေး - ၅။ သဗ္ဗညုဗောဓိဆု၊ ပစ္စေကဗောဓိဆု အစရှိသော ဆုတစ်မျိုးမျိုးကို တောင်းကုန်သော အလောင်းအလျာတို့သည် ဗျာဒိတ်ရသောအခါမှ စ၍ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်သလော။ သို့မဟုတ် ဗျာဒိတ်မရဘဲ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်သလော။


အဖြေ - ၅။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝကတို့သည် ဗျာဒိတ်မရဘဲ ပွင့်ရိုး ကျွတ်ရိုး မရှိပေ။ ဗျာဒိတ်ရမှ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်၏။ ပကတိသာဝကတို့သည်ကား ဗျာဒိတ်ရသည်လည်း ရှိ၏။ ဗျာဒိတ်မရသည်လည်း ရှိ၏။


အမေး - ၆။ ဗောဓိဆု တစ်ခုခုအတွက် ဗျာဒိတ်ရပြီးသော အလောင်းအလျာတို့သည် ဗျာဒိတ်ခံထားသည့် ဗောဓိမှ အခြားသော ဗောဓိဆု တစ်ခုခုကို တောင့်တသေးသလော။ အခြားဆုကို မတောင့်တတော့ပြီလော။


အဖြေ - ၆။ ဗျာဒိတ်ရပြီးသော သဗ္ဗညု ဘုရားလောင်းတို့သည် အခြားသော ဗောဓိများကို အိပ်မက်မှာပင် ယူလိုစိတ် မရှိတော့ပေ။


ဘုရားလောင်းတို့ ၀ိပဿနာတရား အားထုတ်သောအခါ အနုလောမဉာဏ်ရလျှင် ရပ်တန့်ကြ၏။ မဂ်ဖိုလ်ရရန် အားမထုတ်တော့ပေ။ သာဝကအဖြစ် ကျွတ်တမ်းမဝင်ပေ (အနုလောမဉာဏံ အာဟစ္စ တိဋ္ဌန္တိ။ မဂ္ဂဖလတ္ထံ ၀ါယမံ န ကရောန္တိ။ ဃဋိကာရသုတ် အဋ္ဌကထာ)။ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်ရလျှင် ရပ်တန့်ကြကုန်၏ (အနုလောမဂေါတြဘုံ အာဟစ္စ ထပေန္တိ။ ပဏ္ဏာသအဋ္ဌကထာ၊ ပုဂ္ဂလပညတ်အဋ္ဌကထာ)။ အနုလောမဉာဏ်၏ အနီးအပါး၊ ဂေါတြဘူဉာဏ်၏ အနီးအပါးဖြစ်သော သင်္ခါရုပေက္ခာဉာဏ်အထိ ဆိုက်ရောက်ကြ၏ (အနုလောမဂေါတြဘူသမီပံ။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ)။ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဉာဏ်ရှစ်ပါး ရ၏။ ကိုးခုမြောက် သစ္စာနုလောမိကဉာဏ် မရတော့ပေ (သင်္ခါရုပေက္ခာဉာဏန္တိ အဋ္ဌဉာဏာနိ ပါပုဏိ။ နဝမံ သစ္စာနုလောမိကမေဝ အပဋိလဒ္ဓပုဗ္ဗံ။ ဇိနာလင်္ကာရဋီကာ)။


ပစ္စေကဗုဒ္ဓါ လောင်းလျာတို့သည် သာသနာတော်တွင်း ကြုံကြိုက်သောအခါ မဂ်ဖိုလ်ရလိုစိတ်ဖြင့် အားထုတ်ကြသေး၏။ သို့သော် နိယတဗျာဒိတ်၏ အာနုဘော်ကြောင့် မဂ်ဖိုလ် မရနိုင်ပေ (သာဝကတ္တံ န ဝဇန္တိ။ ပစ္စေကဗုဒ္ဓအပဒါန်)။


အရှင်ဒဗ္ဗအလောင်း စသည်ကဲ့သို့ ဗျာဒိတ်ရပြီးသော သာဝကတို့သည်လည်း တစ်ပါးသော ဗောဓိများ ယူလိုစိတ် ဖြစ်ကြသေး၏။ သို့သော် မရနိုင်ပေ (ပဗ္ဗတသိခရံ အာရုဟိတွာ . . . . . သမဏဓမ္မံ အာရဘိံသု။ ထေရဂါထာအဋ္ဌကထာ)။


အမေး - ၇။ ဗောဓိဆု တစ်ခုခုကို မရည်မှတ်ဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့််ကျင့်သူသည် အဘယ်ဗောဓိဖြင့် တရားထူးရသနည်း။


အဖြေ - ၇။ သမ္မာသမ္ဗောဓိဆု၊ ပစ္စေဗောဓိဆု၊ အဂ္ဂသာဝကဗောဓိဆု၊ မဟာသာဝကဗောဓိဆုတို့ကို လိုလားတောင့်တမှသာလျှင် သက်ဆိုင်ရာဆုကို ရနိုင်၏ (ဆန္ဒတာ)။ မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ တောင့်တ၍ ၀ိဝဋ္ဋကုသိုလ် ပြုဆည်းပူးသူသည် ၀ိသေသဆု တစ်ခုခုကို တောင့်တခြင်း မရှိသောကြောင့် ဗျာဒိတ်ဝိသေသကို မရနိုင်။ ဗောဓိတစ်ခုခုဖြင့် ပွင့်ခြင်း ကျွတ်ခြင်းငှာ မထိုက်။ ပကတိသာဝက အဖြစ်ဖြင့်သာ ကျွတ်တမ်းဝင်ရ၏။


ဤနေရာ၌ ၀ိဝဋ္ဋကုသိုလ်ကို ကာလကြာမြင့်စွာ ပြုလုပ်ပြီးဖြစ်လျှင် ပါရမီထုထည် ကြီးမားလှသောကြောင့် အလိုရှိရာ ဗောဓိ တစ်ခုခုဖြင့် ကျွတ်နိုင်သင့်သည် မဟုတ်လောဟု မေးဖွယ် ရှိ၏။


ဗောဓိတစ်ခုခုဖြင့် မကျွတ်သင့်ဟုသာ ဖြေရမည်။ ဗောဓိတစ်ခုခု၏ ဂုဏ်ကျေးဇူးကို မသိ၊ သက္ကာယဒိဋ္ဌိ အထုံဝါသနာ အားကြီးသဖြင့် စွန့်ခြင်းကြီး ငါးမျိုးကဲ့သို့သော ခက်ခဲသည့် ပါရမီ အမှုတို့ကို မပြုကျင့်ဝံ့၊ ပါရမီဖြည့်ရာ ကာလတို့ကို ကြာလွန်းသည်ဟု ထင်၍ ကြောက်ရွံ့သည်။ ထို့ကြောင့် ပြုသောကုသိုလ်မှာ အစွမ်းသတ္တိ ညံ့သည်။ မည်မျှပင် ကာလကြာသော်လည်း ကြီးမားသော ပါရမီထုထည် ဖြစ်မလာပေ။ ထို့ကြောင့် ပကတိသာဝက အဖြစ်ဖြင့်သာ ကျွတ်တမ်းဝင်ရ၏။


ဗောဓိဆုထူး တစ်ခုခုကို မတောင့်တဝံ့ကုန်သူတို့သည် ကျွတ်လွတ်ချိန် မနှောင့်နှေးရအောင် ၀ိဝဋ္ဋကုသိုလ် ပြုဆည်းပူး၍ ကြုံကြိုက်ဆဲ ဘုရားသာသနာတွင်း၌ပင် ကျွတ်လွတ်ရေးအတွက် ဆောလျှင်စွာ အားထုတ်သင့်ကြ၏။

(ဆက္ရန္ . . . . .)

:)
ရွင္အာစာရ

No comments:

Post a Comment