အမည်မှာ
မောင်ကျော်ဇင်ဖြိုး ဖြစ်ပါသည်။ အသက်မှာ ငယ်လွန်းသေးသဖြင့် မူကြိုပင် မတက်နိုင်သေးသော
အရွယ် ဖြစ်ပါသည်။ ကျောင်းကန်ဘုရားနှင့် နီးစပ်မှုရှိသဖြင့် ရဟန်းများကို “ဘုန်းဘုန်း”ဟု
ခေါ်တတ်သူ ဖြစ်ပါသည်။ လက်ကိုင်ဖုန်း၌ ပါရှိသည့် ကစားနည်းများစွာကို ကစားတတ်သူ ဖြစ်သည့်အလျှောက်
“ဘုန်းဘုန်း ဖုန်းထဲမှာ ဂိမ်းမရှိရင် သားသား ထည့်ပေးမယ်။ ဇက်ပြာ ဖွင့်လိုက်အုံးမယ်”ဟု
သူ၏ နည်းပညာ ဗဟုသုတကို ကြွားလုံးထုတ်လေ့ ရှိပါသည်။ ပွဲလမ်းသဘင် မှန်သမျှကို “မင်္ဂလာဆောင်”ဟုသာ
သူ ထင်ပုံရသည်။ ကျောင်းတွင်း၌ ကျင်းပသည့် ပွဲလမ်းများစွာကို သူ ကြုံဖူးသည်ဖြစ်ရာ “ဘုရားကြီး
မင်္ဂလာဆောင်တုန်းက . . .”ဟူ၍ အစချီကာ သူ၏ ဘုရားပွဲ အတွေ့အကြုံကို မျှဝေလေ့ ရှိပါသည်။ “ချစ်စဖွယ်။”
တစ်နေ့သ၌
အဓိပတိဒါယာဒ (ရာဟုလာ၊ စိုင်ပြင်) ကျောင်းဆောင်အတွင်း၌ မောင်ကျော်ဇင်ဖြိုး တစ်ယောက်တည်း
ဘောလုံး ကစားပါသည်။ နာယက ဆရာတော်က ကျောင်းဆောင်အတွင်း မဆော့ရန် စကားဖြင့် တားမြစ်ပါသည်။
မရပါ။ ဘောလုံးကိုသာ သိမ်းယူလိုက်ရပါတော့သည်။ “မှတ်ကရော ကွာ။”
မောင်ကျော်ဇင်ဖြိုး၏
အမှတ်အတေးသည် နောက်နေ့အထိ အသက်ဝင်နေပါသေးသည်။ သူ့အမေသည် ဆရာတော်အတွက် ငါးမုန့် ကြော်လေရာ
“သူ့ကို ငါးမုန့် မကျွေးနဲ့။ သားသား ဘောလုံးကို သူ သိမ်းတာ။ သူ့ကို မခေါ်ကြနဲ့။” ဆရာတော်ကို
ပစ်ပယ် ဒဏ်ခတ်ဖို့ စည်းရုံးပါပြီ။ “မှတ်ပြီလား?”
မောင်ကျော်ဇင်ဖြိုးသည်
မထင်လျှင် မထင်သလို လုပ်မည့်သူသာ ဖြစ်ပေမည်။ နာယက ဆရာတော်အပေါ် သူ၏ အမြင် မကြည်လင်မှု
အားကြီးလွန်းလာလျှင် . . . “သူ့ကို ဒီကျောင်းမှာ
မထားတော့ဘူး”ဟူ၍ ပွင့်ထွက်လာသည်အထိ . . . ရယ်ရပါသည်။ “ကလေးဆိုး။”
မောင်ကျော်ဇင်ဖြိုး
ကျောင်းနေအရွယ် ရောက်လာလျှင် ရှိလာနိုင်သည့် ကလေးဆိုး အမူအရာများကို စိတ်မှန်းဖြင့်
မြင်ယောင်၍ . . . ပြုံးလိုက်မိပါသည်။ နေရာတကာ သူ့စိတ် . . . သူကသာ အမြဲတမ်း အနိုင်ယူလိုပြီး
သူ့နှင့် ဆန့်ကျင်သူ ကျောင်းနေဘက် တစ်ယောက်ယောက်အပေါ် မကျေနပ်လျှင် “သူ့ကို မခေါ်ကြနဲ့”ဟု
ပစ်ပယ် ဒဏ်ခတ်ရေးလမ်း ဖော်လိမ့်မည်လား။ “သူနဲ့ခေါ်ရင် မင်းတို့ကိုပါ ငါ ဆော်မှာ” ဟု
အငြိုးနှင့် စူစွာတတ်သည့် ကျောင်းသားငကျယ် ဖြစ်မည်လား။ “ဆိုးလတ်ထှာ။”
ကျောင်းသားအရွယ်ထိ
အကျင့်ဆိုး ပါသွားလျှင် မကောင်းလှ ပေမင့် ပြင်နိုင်ခွင့် ရှိပါသေးသည်။ ခွင့်လွှတ်နိုင်ဖွယ်လည်း
ရှိပါသေးသည်။ သို့သော် . . . . . လူလားမြောက်၍ ကြီးပျင်းလေသော်၊ ထို့ပြင် ရှင်ရဟန်း
တစ်ဆူတစ်ပါး ဖြစ်ခဲ့ငြားသော် . . . ချစ်စဖွယ် အမူအကျင့်များ ဖော်ကျူးခဲ့လျှင် အသရေ
တင့်ပေမင့် ကလေးဆိုး ဟန်မူယာတို့ ခေါင်းထောင်လာခဲ့လျှင်ကား ရယ်အားထက် ရွံအားသာ သန်ကြပါလိမ့်မည်။
“ဥုံဖွ။ လွဲပါစေ။”
:)
ရှင်အာစာရ
(ခေတ္တ
မန္တလေး)
No comments:
Post a Comment