Showing posts with label 02C. Buddhism (Translation) - ဗုဒ္ဓဘာသာ (ဘာသာပြန်). Show all posts
Showing posts with label 02C. Buddhism (Translation) - ဗုဒ္ဓဘာသာ (ဘာသာပြန်). Show all posts

Saturday, February 15, 2025

ကမ္ဘာ့ကျင့်ဝတ် - ၄။ ဘာသာတရားချင်း နာလည်မှု

(. . . . . မှ အဆက် )


ထာဝရဘုရားနဲ့ မသက်ဆိုင်ဘူး၊ ဘာသာရေးနဲ့ မဆိုင်ဘူးဆိုတဲ့ သဘောတရားက ကျုပ်အတွက်တော့ ကြောက်စရာ မဟုတ်ပါဘူး။ ဒီသဘောတရားကို ပြောလိုက်တော့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရာမှာ အရေးပါခဲ့ကြတဲ့ ဒေါက်တာ အမ်ဘေဒကာတို့ ဒေါက်တာ ရာဇိန္ဒြတို့ကို အမှတ်ရမိပါတယ်။ သူတို့ဟာ အမျိုးမျိုး ကွဲပြားနေကြတဲ့ ဘာသာတရားတွေကို ပေါင်းစည်းချင်ကြသူတွေပါ။ ဘာသာရေးကို ငြင်းပယ်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်မှာ ဩဇာကြီးမားခဲ့တဲ့ မဟတ္တမဂန္ဒီ ဆိုရင်လည်း အင်မတန်ပဲ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘာသာတရားတွေရဲ့ ဝတ်ပြုဆုတောင်းခြင်းတွေကို သူ့ရဲ့ နေ့စဉ်ဘုရားစာ ရွတ်ဖတ်ပူဇော်မှုထဲမှာ ထည့်သွင်းပူဇော်ခဲ့ပါတယ်။ ဒီနေ့ခေတ် ပြုလုပ်ကြတဲ့ ပွဲလမ်းသဘင်တွေမှာ သူ့နည်းကို ကျင့်သုံးနေကြပါတယ်။

 

အိန္ဒိယမှာ ဘာသာတရားချင်း နာလည်မှု အရေးပါလာတာ နှစ်ပေါင်း နှစ်ထောင်ကျော်ပါပြီ။ ဥပမာ ပြရရင် တိုင်းသူပြည်သားတွေ ဘာသာတရား အားလုံးအပေါ်မှာ လေးစားကြဖို့ အင်ပါယာဘုရင် အသောက မင်းကြီးက အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ခဲ့ပါတယ်။ မတူတဲ့ ဘာသာရေး အယူအမြင်တွေ ဆွေးနွေးကြတဲ့ ဘာသာရေးသမားတွေရဲ့ အစဉ်အလာကို ရှေးဟောင်း အိန္ဒိယ ကျမ်းစာတွေမှာ တွေ့နိုင်ပါတယ်။ ဘာသာမဲ့သူတွေ၊ နောက်ဘဝကို မယုံကြည်သူတွေနဲ့ ဆွေးနွေးတာတွေလည်း ရှိပါခဲ့ပါတယ်။ မွတ်ဆလင် အင်ပါယာဘုရင် အပ်ကဘာတို့လို အုပ်ချုပ်သူတွေဟာ မတူကွဲပြားတဲ့ ဘာသာရေးသမားတွေနဲ့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ တစ်ဘက်သားရဲ့ ယုံကြည်မှုကို လေးစားခဲ့ကြပါတယ်။

အိန္ဒိယရဲ့ ဒုဝန်ကြီးချုပ်ဟောင်း အက်ဒဝါနီနဲ့ စကားပြောဖူးပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အိန္ဒိယရဲ့ ဒီမိုကရေစီစနစ် အောင်မြင်တာဟာ နားလည်သည်းခံနိုင်မှု အလေ့အကျင့်၊ မတူကွဲပြားမှုနဲ့ ပြောဆိုဆွေးနွေး ငြင်းခုံမှုတွေကြောင့် ဖြစ်တယ်လို့ ဒုဝန်ကြီးချုပ်က ယုံကြည်ပါတယ်။ လက်ရှိ အိန္ဒိယ နိုင်ငံသား အများစုဟာ ဟိန္ဒူဘာသာဝင်တွေပါ။ ဟိန္ဒူတွေကြားမှာ မွတ်ဆလင်တွေလည်း ရှိနေပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ မွတ်ဆလင် ဘာသာဝင် ဒုတိယ အများဆုံး ရှိနေတဲ့ နိုင်ငံပါ။ ဆစ်ခ်ဘာသာဝင်တွေ၊ ခရစ်ယန်ဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ဇိုရိုအက်စတားဘာသာဝင်တွေ၊ ဂျူးဘာသာဝင်တွေလည်း သန်းပေါင်းများစွာ ရှိနေပါတယ်။ ဟိန္ဒူဘုရားကျောင်းနဲ့ မွတ်ဆလင်ဗလီတွေ ဘေးချင်းကပ်လျက်သား ရှိနေတဲ့ မြင်ကွင်းဟာ အိန္ဒိယမှာ မထူးဆန်းပါဘူး။ တောရွာငယ်လေးတွေမှာတောင် ဒါမျိုးတွေ ရှိပါတယ်။

ရာဂျစတန် ပြည်နယ်ထဲက မွတ်ဆလင် အများစု နေထိုင်တဲ့ ကျေးရွာတစ်ရွာကို ရိုမေးနီးယားက သုတေသီတစ်ယောက် သွားခဲ့ဖူးပါတယ်။ အဲဒီရွာက လူနည်းစုဖြစ်တဲ့ ဟိန္ဒူဘာသာဝင်တွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ကြတာကို တွေ့ရတဲ့အတွက် သူ အံ့ဩရတယ်လို့ ဆိုပါတယ်။ အနောက်နိုင်ငံက မီဒီယာတွေမှာ အဆိုးဘက်က ရေးသားကြတဲ့ အိန္ဒိယရဲ့ လူမှုရေး ပဋိပက္ခတွေကိုပဲ သူဖတ်ဖူးခဲ့တာကိုး။ လူမှုရေး ကဏ္ဍမှာ အကြမ်းဖက်မှုတွေ မလွှဲသာ မရှောင်သာ ရှိတတ်ပေမယ့် အများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပါတယ်။ ဘာသာရေး၊ လူမျိုးရေး မတူကွဲပြားမှုတွေကြားမှာ အပြန်အလှန် နားလည်မှုနဲ့ ငြိမ်းချမ်းနေတာပါ။ အကြမ်းမဖက်ခြင်း အဟိံသတရားကို အိန္ဒိယရဲ့ ဘာသာတရား အားလုံးက လက်ခံကြပါတယ်။ ကမ္ဘာက လေ့လာသင်ယူနိုင်တဲ့ အချက် ပါပဲ။

( ဆက်ရန် . . . . . )

 

အနှစ်ချုပ် မြန်မာပြန် -

BEYOND RELIGION: Ethics for a Whole World

by His Holiness the Dalai Lama

Tuesday, November 1, 2016

ဘာဝနာလမ်း (၃)






(အမေးအဖြေ အဆက်)

မေး။   ဆရာ . . . ပုံမှန်အားဖြင့် လူတွေက တင်ပလ္လင်ခွေထိုင်ပြီး တရားအားထုတ်ကြပါတယ်။ ကျွန်တော်က နည်းနည်း အသက်ကြီးနေပြီး အကြာကြီးထိုင်ရင်း တရားအားထုတ်ဖို့ အခက်အခဲ ဖြစ်စေတဲ့ ကျောက်ကပ်ရောဂါလည်း ရှိနေတော့ . . . ဘယ်လိုလဲ။  ကျွန်တော် အားထုတ်ဖို့ နည်းလမ်း မရှိတော့ဘူးလား။ ဒါမှမဟုတ် တစ်ခြားနည်းနဲ့ . . . ကျောဆန့်လှဲရင် အားထုတ်နိုင်ပါသလား။
ဖြေ။   မျှော်လင့်ချက် ရှိပါသေးတယ်။ ကုလားထိုင်ပေါ်မှာ ခါးဆန့်ပြီး ထိုင်နိုင်ပါတယ်။ စောစောက ခင်ဗျား ပြောခဲ့သလို လျောင်းခြင်း ရိယာပုထ်နဲ့လည်း အားထုတ်နိုင်ပါတယ်။ ဒါပေမယ့် ယူထားတဲ့ ရိယာပုထ်နဲ့ တကယ့်ကို နိုးကြားတက်ကြွနေဖို့ အရေးကြီးပါတယ်။ လဲလျောင်းနေရင်းနဲ့ ဟောက်သံ ထွက်လာနိုင်လို့ပါ။ လျောင်းခြင်း ရိယာပုထ်နဲ့ အားထုတ်နိုင်အောင် လေ့ကျင့်ရတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်
အရမ်းကောင်းတဲ့၊ လက်တွေ့ကျတဲ့ မေးခွန်းတွေ မေးကြတဲ့အတွက် ၀မ်းသာမိပါတယ်။ ငါးမိနစ်လောက် ခဏ နားကြရအောင်။ နားချိန်အတွင်းမှာ . . . ကျွန်တော် ပြောခဲ့တဲ့အတိုင်း . . . ကိုယ်လုပ်နေတာကို ဘယ်လောက်ထိ သိမှတ်နိုင်သလဲ သတိထားကြည့်ပါ။ ဒါ့ကြောင့် ရပ်နေတုန်းမှာ၊ လမ်းလျှောက်နေတုန်းမှာ၊ ဘာပဲ လုပ်နေလုပ်နေ လှုပ်ရှားမှုကို နှေးအောင် ကြိုးစားပါ။ သိမှတ်မှုရဲ့ အရေးပါပုံကို ကျွန်တော် အလေးပေး ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို သိမှတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ဒီလို သိမှတ်မှုကို လေ့ကျင့်ရာမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းက အထောက်အကူ ပြုပါတယ်။
ဟုတ်ပြီ . . . အပြင်ထွက်စရာရှိရင် ငါးမိနစ်ကြာတော့ ပြန်လာပါ။
[ ခဏနား ] 
သိမှတ်မှု ဘာဝနာ အလုပ်ပေး
ကျွန်တော်တို့ အားထုတ်နေတဲ့ ဘာဝနာအလုပ်ဟာ အလွန်ပဲ ရိုးရှင်ပါတယ်။ ကျွန်တော် ဟောပြောခဲ့တဲ့ အထဲမှာ သိမှု၊ သတိရှိမှု၊ နိုးကြားမှုရဲ့ အရေးပါပုံကို အလေးပေးခဲ့ပါတယ်။ ဟုတ်ပြီ . . . အရေးကြီးတဲ့ ဒီစွမ်းရည်ကို တည်ဆောက်ကြမယ်။
ထိုင်နေချိန်မှာ အခိုက်တန့်တိုင်း အခိုက်တန့်တိုင်း သိနေနိုင်အောင်၊ သတိမြဲနေအောင်၊ နိုးကြားနေအောင် အစွမ်းကုန် ကြိုးစားကြမယ်။
ဖော်ရွေမှု နဲ့ သိမ်မွေ့မှုကိုလည်း ကျွန်တော် အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဖော်ရွေမှု နဲ့ သိမ်မွေ့မှုကို သိမှတ်မှုနဲ့ ပေါင်းစပ်နိုင်အောင် ကြိုးစားကြမယ်။ ကိုယ်နဲ့စိတ်မှာ ဘာပဲ ဖြစ်လာဖြစ်လာ ဖော်ရွေမှု နဲ့ သိမ်မွေ့မှုကို ခံစားနိုင်အောင် ကြိုးစားပါ။ ဒါ့ကြောင့် . . . ကျွန်တော် ပြောလိုက်တဲ့အတိုင်း . . . ကျွန်တော်တို့ အားထုတ်တဲ့ ဘာဝနာဟာ အလွန်ပဲ ရိုးရှင်းပါတယ်။
မျက်လုံးတွေကို ပိတ်ထားလိုက်နိုင်ပါပြီ။
တွေးတောနေတယ်ဆိုရင် အတွေးကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိလိုက်ပါ။
အတွေ့အထိ ခံစားရတယ်ဆိုရင် အခိုက်အတန့်တိုင်းမှာ ခံစားရတာကို သိလိုက်ပါ။
ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားနိုင်ပါတယ်။ အခန်းထဲမှာ ငြိမ်းချမ်းမှု နဲ့ တိတ်ဆိတ်မှုကို ခံစားနေတာပါ။
လုံးလုံးလျားလျား ငြိမ်သက်တဲ့ ခန္ဓာကိုယ်နဲ့ ထိုင်နေတာကို တွေ့ကြုံခံစားနေတာပါ။
ခန္ဓာကိုယ် ငြိမ်သက်ရင် စိတ်က ငြိမ်သက်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ငြိမ်သက်နေတာကို တွေ့ကြုံခံစားနိုင်ပါတယ်။
ကိုယ်နဲ့စိတ်အပေါ်မှာ ဖော်ရွှေမှု ခံစားရပါတယ်။ သိမ်မွေ့မှု ခံစားရပါတယ်။
[ ခေါင်းလောင်းသံ ]
ဘာဝနာအလုပ် ပြီးဆုံးပြီလို့ မထင်လိုက်ပါနဲ့။ အခိုက်တန့်တိုင်း အခိုက်တန့်တိုင်း ကိုယ်နဲ့စိတ်မှာ ဖြစ်ပေါ်နေတာကို ဆက်ပြီး သိနေပါ။ မျက်လုံးတွေ ဖွင့်လိုက်ပါ။
တစ်နည်းအားဖြင့် . . . ဘာဝနာအလုပ်ရဲ့ အစနဲ့အဆုံးဆိုတာ မရှိပါဘူး။ သတိရဲ့ အရေးပါပုံ၊ သိမှုရဲ့ အရေးပါပုံ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် တရားထိုင်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရွတ်ဖတ်ပူဇော်ကြပါစို့။
ရွတ်ဖတ်ပူဇော်စရာ သုံးခု ပေးပါမယ်။ ပထမ တစ်ခုက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်ပါတယ်။  နောက်တစ်ခုက ကောင်းစွာရွတ်ဆိုခြင်းလို့ အဓိပ္ပာယ်ရတဲ့ သာဓု ဖြစ်ပါတယ်။
အစဉ်အလာ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ ဒါကို မကြာခဏ ကြားရပါလိမ့်မယ်။ နောက်ဆုံး ရွတ်ဆိုစရာ ပါဠိက ငြိမ်းချမ်းမှုလို့ အဓိပ္ပာယ်ရတဲ့ သန္တိ ဖြစ်ပါတယ်။ အဲ့ဒီနောက် တရုတ်လို ရွတ်ဖတ်ပူဇော်တာနဲ့ အဆုံးသတ်ပါမယ်။ 
ဟုတ်ပါပြီ . . . ရွတ်ဖတ်ပူဇော်နေချိန်မှာ ရွတ်ဖတ်ပူဇော်မှုရဲ့ အကူအညီနဲ့ ဒီအချိန် ဒီနေရာ၊ ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားနိုင်အောင် ကြိုးစားကြပါမယ်။
[ ရွတ်ဖတ်ပူဇော်ခြင်း ]
အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပေးခဲ့တဲ့ အကြံပြုချက်တွေကို လက်တွေ့ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားကြပါ။ သူတစ်ပါးအတွက်လည်း မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားကြပါ။  ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင်၊ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်အောင် လေ့ကျင့်သင်ယူပါ။ မွေးမြူထားတဲ့ ဒဏ်ရာတွေကို ကုစားပါ။
အသိရှိရှိနဲ့ နေထိုင်ရှင်သန်နိုင်အောင်၊ သိမှတ်မှုနဲ့ နေထိုင်ရှင်သန်နိုင်အောင်၊ အပြည့်အ၀ နိုးကြားတဲ့စိတ်နဲ့ နေထိုင်ရှင်သန်နိုင်အောင် ကြိုးစားပါ။
မနှစ်သက်စရာ စိတ်ခံစားမှုတွေ ပေါ်လာရင် ကျွန်တော် အကြံပြု တင်ပြခဲ့တဲ့အတိုင်း ကိုင်တွယ်ဖြေရှင်းပါ။
ဘ၀ရဲ့ ဦးတည်ရာ အသစ်ကို တွေ့နိုင်အောင် ကြိုးစားပါ။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ ဆင်းရဲဒုက္ခ မဖန်းတီးတဲ့ ဘ၀နေနည်း အသစ်ပဲ ဖြစ်ပါတယ်။ 
ပိုပြီးပျော်ရွှင်လာတာ၊ ပိုပြီးငြိမ်းချမ်းလာတာ၊ ကိုယ့်ကိုယ်ကိုယ် ဖော်ရွေလာနိုင်တာတွေ တွေ့ကြုံရနိုင်ပါတယ်။
အများကြီး ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ပြန်တွေ့ကြပါမယ်။ မနက်ဖြန်ကျရင် အသက်ရှုမှုကို သိမှတ်တဲ့ အကျင့်နည်းအကြောင်း ဟောပြောပါမယ်။ ဒီအကျင့်ကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ဟောပြောပါမယ်။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Godwin Samararatne
The Basics of Buddhist Meditation (4 Talks)
Talks in Chi Lin Nunnery, Hong Kong
7th - 10th October 1998
(http://www.godwin-home-page.net/Living-Meditation-HK-98/Living-Meditation.htm)

Sunday, October 9, 2016

ဘာဝနာလမ်း (၂)

 


မနှစ်သက်စရာ စိတ်ခံစားမှု

စိုးရိမ်တာ၊ ကြောက်ရွံ့တာ၊ ၀မ်းနည်းတာ၊ အပြစ်ရှိတယ်လို့ ခံစားရတာလိုမျိုး မနှစ်သက်စရာ ခံစားမှုတွေနဲ့ ဒီကလူတိုင်း ရင်းနှီးကြမယ် ထင်ပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့နဲ့ တော်တော်လေး ရင်းနှီးပါတယ်။ ဒါတွေ တွေ့ကြုံခံစားရတဲ့ အခါမှာ ပုံမှန်အားဖြင့် သူတို့ကို ကိုင်တွယ်ဖြစ်ရှင်းစရာ နည်းလမ်းမရှိတော့ပါဘူး။ ဒါ့ကြောင့် လူသားတွေဟာ သူတို့အပေါ်မှာ  တကယ့်ကို လွှမ်းမိုးထိန်းချုပ် သက်ရောက်နိုင်စွမ်းရှိတဲ့ မနှစ်သက်စရာ စိတ်ခံစားမှုတွေရဲ့ ကူကယ်ရာမဲ့ သားကောင်တွေ ဖြစ်လာကြပါတယ်။ ဘာဝနာ လုပ်ငန်းမှာတော့ မနှစ်သက်စရာ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းစနစ်တွေ၊ နည်းလမ်းတွေ ရှိပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ စိတ်ဝင်စားစရာ စာအုပ်တစ်အုပ် ရှိပါတယ်။ “စိတ်ခံစားမှုဆိုင်ရာ အသိဥာဏ်”တဲ့။ ဒီစာအုပ်ကို ကြားဖူးတဲ့သူ ရှိပါသလား။ ဟုတ်ပြီ . . . ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ စာရေးဆရာက ပြောပါတယ်။ လူသားတွေဟာ ဥာဏ်ရည်ညွှန်းကိန်း (အိုင်ကျူ) မြင့်သည်ထက်မြင့်မြင့် ဖွံ့ဖြိုးလာအောင် ကြိုးစားနေကြပါတယ်၊ ဒါပေမယ့် စိတ်ခံစားမှုတွေကို အသိဥာဏ်ရှိရှိ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကို ဖွံ့ဖြိုးအောင်လုပ်ဖို့က ပိုပြီးတော့ အရေးကြီးတာပါ တဲ့။ အရောင်းသွက်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ အများကြီး လုပ်ပြီးပါပြီ။ ခေတ်သစ်ကမ္ဘာမှာ မနှစ်သက်စရာ စိတ်ခံစားမှုတွေဟာ တကယ့်စိန်ခေါ်မှု ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။



အခု ဒီမှာ . . . ဘာဝနာအလုပ်က၊ အထူးသဖြင့် သိမှတ်မှုသဘောက ဒီစိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူ ပြုပေးပါတယ်။ နည်းလမ်း တစ်ခုကတော့ စိတ်ခံစားမှုတွေကို မျိုသိပ်မထားဘဲ၊ ထိန်းချုပ်မထားဘဲ စိတ်ခံစားမှုတွေ ဖြစ်ပေါ်နေတဲ့ အခိုက်မှာ သိမှတ်လိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်ခြားနည်းလမ်းတွေ၊ နည်းစနစ်တွေ ဘာဝနာအလုပ်ထဲမှာ ရှိနေပါသေးတယ်။ ဒီခံစားမှုတွေ မဖြစ်ပေါ်အောင် တားဆီးလို့ မရပါဘူး။ စိတ်ခံစားတွေကြောင့် စိတ်ဒုက္ခ ခံစားမနေဘဲ စိတ်ခံစားမှုတွေ ပေါ်လာတဲ့အခါ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကိုပဲ သင်ယူသင့်ပါတယ်။

ဘာဝနာအလုပ်ရဲ့ အခန်းကဏ္ဍ နောက်တစ်ခုကတော့ . . . ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ရဲ့ ဆရာသခင် ဖြစ်နိုင်အောင်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်အောင်၊ ကိုယ့်သန္တာန်မှာ ယုံကြည်မှု အပြည့်အ၀ ထားရှိနိုင်အောင် သင်ယူရာမှာ ဘာဝနာအလုပ်က ကူပံ့ပေးတာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အရင်းအမြစ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတာကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ကိုယ့်လက်နက်ကိုယ် တိုးတက်အောင်လုပ်ဖို့ နဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာရင် ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေ သွန်သင်ညွှန်ကြားတာဟာ အလွန်ခက်ခဲ့တဲ့ သွန်သင်ညွှန်ကြားမှု ဖြစ်ပါတယ်။ ဒါပေမယ့် အလွန် အရေးကြီးတဲ့ သွန်သင်ညွှန်ကြားချက် ဖြစ်ပါတယ်။ အဲ့ဒါရဲ့ ရလာဒ်က ဘာလဲ။ သူတစ်ပါးကို အပြစ်မတင်ဘဲ၊ ကြုံရတဲ့ ပတ်ဝန်းကျင်ကို အပြစ်မတင်ဘဲ ကိုယ့်သန္တာန်မှာ ဖြစ်လာတာကို ကိုယ်ပဲ တာဝန်ယူဖို့ လေ့ကျင့်သင်ယူနိုင်ခြင်း ဖြစ်ပါတယ်။ စိတ်မှာ ဒီလိုပြောင်းမှု ဖြစ်လာပြီဆိုရင် ကိုယ်ကြုံရတဲ့ ဘယ်အသိုက်အ၀န်း၊ ဘယ်ပတ်ဝန်းကျင်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိလာပါတယ်။

ပတ်ဝန်းကျင်တိုင်းမှာ ဘယ်လို နေထိုင်ရှင်သန်ရမယ်၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးသက်ရောက်မှု မခံရအောင် ဘယ်လို လေ့လာသင်ရမယ်ဆိုတာ ဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ ဥပမာတစ်ခု တင်ပြပြီး နိဂုံးချုပ်ချင်ပါတယ်။ ခိုင်းနှိုင်းထားတာက ကြာပန်းတစ်ပွင့် ဖြစ်ပါတယ်။  သိကြတဲ့ အတိုင်းပါပဲ . . . ကြာပန်းဟာ ရွှံ့ထူးတဲ့ ရေမှာ ပေါက်ပွားပါတယ်။ ကြာပန်းမှာ ရွှံ့ညွန်နဲ့ မသန့်ရှင်းတဲ့ရေတွေ  ၀ိုင်းရံထားပေမယ့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးသက်ရောက်မှုကို မခံရပါဘူး။

ဒါ့ကြောင့် ဒီခေတ်သစ်ကမ္ဘာမှာ စိန်ခေါ်မှုတွေ မြောက်များစွာ ရှိနိုင်ပါတယ်၊ ခက်ခဲတဲ့ အခြေအနေတွေ အများကြီး ရှိနိုင်ပါတယ်၊ ပြဿနာတွေ အုံလိုက်ကျင်းလိုက် ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမယ့် ဘာဝနာ ကျင့်သုံးခြင်းအားဖြင့် အဲ့ဒါတွေကို စိန်ခေါ်မှုတွေအဖြစ် ရှုမြင်နိုင်ပါတယ်။ လေ့လာသင်ယူနိုင်ပါတယ်။ ကြုံရတဲ့ ပတ်ဝန်းကျင်ရဲ့  လွှမ်းမိုးသက်ရောက်မှု မခံရအောင် ကြာပန်းလို ကျင့်ကြံနိုင်ပါတယ်။

ဟုတ်ပြီ . . . မေးစရာ မေးခွန်းတွေရှိရင် မေးကြပါ။ မေးခွန်းတွေမေးဖို့ အရေးကြီးပါတယ်။

အမေး အဖြေ

မေး။  ။ တရားထိုင်နေတုန်း ပျော်ရွင်ကျေနပ်မှု ဖြစ်လာပြီ၊ နှစ်သက်မှု ပီတိ ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်က တုန်လှုပ်ပါတယ်။ အဲ့ဒီလိုဖြစ်တာ ကောင်းပါသလား။

ဖြေ။   ။ ပျော်ရွှင်မှု နဲ့ နှစ်သက်မှု တွေ့ကြုံခံစားရတယ်ဆိုလို့ အားရကျေနပ်မိပါတယ်။ ဘာဝနာ အလုပ်မှာ ပျော်ရွှင်မှု နဲ့ နှစ်သက်မှု တွေ့ကြုံခံစားရဖို့ အလွန်ပဲ အရေးကြီးပါတယ်။ တရားထိုင်နေတုန်း ပျော်ရွင်ကျေနပ်မှု ဖြစ်တဲ့အခါ၊ နှစ်သက်မှု ပီတိ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က တုန်လှုပ်တယ်ဆိုရင် ခန္ဓာကိုယ် တုန်လှုပ်တယ်လို့ပဲ သိမှတ်ပါ။ ဘာကို တွေ့ကြုံခံစားနေရတယ်ဆိုတာ တိတိကျကျ သိနိုင်အောင် ကြိုးစားပါ။ ဒီလို ကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်လာရင် သူတို့ကို ဆုပ်ကိုင်စွဲလမ်း မထားဖို့ အရေးကြီးပါတယ်။

မေးခွန်းတွေ ရှိပါသေးလား။

မေး။   အနာဂတ်ကို သင့်တော်တဲ့ နည်းလမ်းနဲ့ ဘယ်လို အသုံးချမလဲ။ ဥပမာ . . . ရုံးမှာ အထက်လူကြီးနဲ့ ဆက်ဆံရတဲ့အခါ ပထမတော့ . . . အထက်လူကြီး မှားနေတာ၊ ရှုမြင်ပုံ လွှဲနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် . . . အနာဂတ်မှာ အခြေအနေ ဆိုးလာနိုင်တယ်လို့ စိုးရိမ်မိပြီး စိတ်ခံစားမှု ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနောက် . . . အထက်လူကြီးရဲ့ သဘောထားကို ပြင်ပေးဖို့ ကြိုးစားပါတယ်။ အခြေအနေ ကောင်းလာနိုင်တယ်လို့ ထင်ရတာပေါ့။ ဒါပေမယ့် . . . အခြေအနေကို မှန်မှန်ကန်ကန် မကိုင်တွယ်မိခဲ့ဘူး ဆိုတာကို နောက်မှ သိလိုက်ရတယ်။ ကောင်းအောင် လုပ်နိုင်ခဲ့သင့်တာပေါ့။ ကျွန်တော် မေးချင်တာက . . . မြန်မြန်ဆန်ဆန် လုပ်လိုက်ပြီး လုပ်မိခဲ့တာကို နောက်မှပြန်ပြီး ပူပန်နေမယ့်အစား လက်ရှိ ကိုယ်လုပ်နေတာဟာ ပြဿနာကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့နည်းလမ်း ဖြစ်တယ်ဆိုတာ ဘယ်လို အတည်ပြုနိုင်မလဲ။

ဖြေ။   ။ အဲ့ဒီလို အထက်လူကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်ပါ။ အထက်လူကြီးရဲ့ သဘောထားကို ပြောလဲချင်တယ်လို့ ခင်ဗျား ပြောပါတယ်။ မအောင်မြင်နိုင်တဲ့ ကိစ္စပါ။ အထက်လူကြီးအပေါ် ထားတဲ့ ခင်ဗျားရဲ့ သဘောထားကို ပြောင်းလဲဖို့ပဲ လေ့ကျင့်သင့်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် အထက်လူကြီးကို ခင်ဗျားရဲ့ ဓမ္မမိတ်ဆွေလို သဘောထားလိုက်ပါ။ သူက ခင်ဗျားကို သင်ကြားပေးနေလို့ပါ။ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ဖို့ သူက သင်ပေးနေပါတယ်။ ဒါဟာ သိမှတ်မှုရဲ့ အရေးပါပုံ ဖြစ်ပါတယ်။ အထက်လူကြီး ပြောတာ၊ အထက်လူကြီး လုပ်တာကို အရေးမစိုက်ပါနဲ့။ အထက်လူကြီး ပြောတဲ့အပေါ်၊ အထက်လူကြီး လုပ်တဲ့အပေါ် ခင်ဗျားရဲ့စိတ် တုံ့ပြန်ပုံကို ရှုကြည့်ဖို့ပဲ အရေးစိုက်ပါ။

အထက်လူကြီးနဲ့ ပတ်သက်လို့ လက်တွေ့စမ်းသပ်ရတာ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။  သူ့ကို စိတ်ဆိုးမယ့်အစား၊ သူ့ကို ပြဿနာလို့ ရှုမြင်မယ့်အစား စောစောက ပြောခဲ့သလို ဓမ္မမိတ်ဆွေအဖြစ် ရှုမြင်နိုင်အောင် လေ့ကျင့်ပါ။ အထက်လူကြီးနဲ့ တွေ့နေချိန်မှာ ဘယ်လို ခံစားမှု ဖြစ်ပေါ်နေတယ်၊ ခံစားမှုတွေ ဘယ်လောက်ကြာအောင် ဖြစ်ပေါ်နေတယ်ဆိုတာ သိအောင် ကြိုးစားနိုင်ပါတယ်။ ဒီနေ့ အထက်လူကြီးနဲ့ ပတ်သက်လို့ ဘာဖြစ်ခဲ့တယ်ဆိုတာကို လက်တွေ့စမ်းသပ် ကြည့်နိုင်ပါတယ်။ နောက်နေ့မှာ အထက်လူကြီးနဲ့ ပတ်သက်လို့ ဘာဖြစ်တယ်ဆိုတာ ကြည့်မယ်။ ခင်ဗျားအတွက် လေ့လာသင်ယူမှု အတွေ့အကြုံ ဖြစ်တာကြောင့် အထက်လူကြီးနဲ့ တွေ့ဖို့ ခင်ဗျား မျှော်နေမယ်။

ကောင်းမြတ်တဲ့ အထက်လူကြီးကို ရထားတာ၊ သူက ခင်ဗျားစိတ်ကို ပြန်ကြည့်ဖို့ မှန်တစ်ချပ် ထောင်ပြပေးနေတာ ဖြစ်တဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိနိုင်ပါတယ်။ အထက်လူကြီးကို အပြစ်တင်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ခြင်းအားဖြင့် အထက်လူကြီးကိုရော ကိုယ့်ကိုယ်ကိုယ်ပါ အကောင်းမြင်လာနိုင်ပါတယ်။

ကျွန်တော်ပေးတဲ့ အကြံပြုချက်တွေကို အခြေအနေ အားလုံးနဲ့ ဆက်စပ်ပြီး အသုံးပြုနိုင်ပါတယ်။ အထက်လူကြီးနဲ့မှ မဟုတ်ပါဘူး။

နောက်ဆုံး မေးခွန်းတစ်ခု မေးဖို့ အချိန်ကျန်ပါသေးတယ်။


:)
ရှင်အာစာရ

-----
နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။                                                                
Godwin Samararatne
The Basics of Buddhist Meditation (4 Talks)
Talks in Chi Lin Nunnery, Hong Kong
7th - 10th October 1998