Sunday, October 9, 2016

ဘာဝနာလမ်း (၂)

 


မနှစ်သက်စရာ စိတ်ခံစားမှု

စိုးရိမ်တာ၊ ကြောက်ရွံ့တာ၊ ၀မ်းနည်းတာ၊ အပြစ်ရှိတယ်လို့ ခံစားရတာလိုမျိုး မနှစ်သက်စရာ ခံစားမှုတွေနဲ့ ဒီကလူတိုင်း ရင်းနှီးကြမယ် ထင်ပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့နဲ့ တော်တော်လေး ရင်းနှီးပါတယ်။ ဒါတွေ တွေ့ကြုံခံစားရတဲ့ အခါမှာ ပုံမှန်အားဖြင့် သူတို့ကို ကိုင်တွယ်ဖြစ်ရှင်းစရာ နည်းလမ်းမရှိတော့ပါဘူး။ ဒါ့ကြောင့် လူသားတွေဟာ သူတို့အပေါ်မှာ  တကယ့်ကို လွှမ်းမိုးထိန်းချုပ် သက်ရောက်နိုင်စွမ်းရှိတဲ့ မနှစ်သက်စရာ စိတ်ခံစားမှုတွေရဲ့ ကူကယ်ရာမဲ့ သားကောင်တွေ ဖြစ်လာကြပါတယ်။ ဘာဝနာ လုပ်ငန်းမှာတော့ မနှစ်သက်စရာ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းစနစ်တွေ၊ နည်းလမ်းတွေ ရှိပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ စိတ်ဝင်စားစရာ စာအုပ်တစ်အုပ် ရှိပါတယ်။ “စိတ်ခံစားမှုဆိုင်ရာ အသိဥာဏ်”တဲ့။ ဒီစာအုပ်ကို ကြားဖူးတဲ့သူ ရှိပါသလား။ ဟုတ်ပြီ . . . ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ စာရေးဆရာက ပြောပါတယ်။ လူသားတွေဟာ ဥာဏ်ရည်ညွှန်းကိန်း (အိုင်ကျူ) မြင့်သည်ထက်မြင့်မြင့် ဖွံ့ဖြိုးလာအောင် ကြိုးစားနေကြပါတယ်၊ ဒါပေမယ့် စိတ်ခံစားမှုတွေကို အသိဥာဏ်ရှိရှိ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကို ဖွံ့ဖြိုးအောင်လုပ်ဖို့က ပိုပြီးတော့ အရေးကြီးတာပါ တဲ့။ အရောင်းသွက်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ အများကြီး လုပ်ပြီးပါပြီ။ ခေတ်သစ်ကမ္ဘာမှာ မနှစ်သက်စရာ စိတ်ခံစားမှုတွေဟာ တကယ့်စိန်ခေါ်မှု ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။



အခု ဒီမှာ . . . ဘာဝနာအလုပ်က၊ အထူးသဖြင့် သိမှတ်မှုသဘောက ဒီစိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူ ပြုပေးပါတယ်။ နည်းလမ်း တစ်ခုကတော့ စိတ်ခံစားမှုတွေကို မျိုသိပ်မထားဘဲ၊ ထိန်းချုပ်မထားဘဲ စိတ်ခံစားမှုတွေ ဖြစ်ပေါ်နေတဲ့ အခိုက်မှာ သိမှတ်လိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်ခြားနည်းလမ်းတွေ၊ နည်းစနစ်တွေ ဘာဝနာအလုပ်ထဲမှာ ရှိနေပါသေးတယ်။ ဒီခံစားမှုတွေ မဖြစ်ပေါ်အောင် တားဆီးလို့ မရပါဘူး။ စိတ်ခံစားတွေကြောင့် စိတ်ဒုက္ခ ခံစားမနေဘဲ စိတ်ခံစားမှုတွေ ပေါ်လာတဲ့အခါ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကိုပဲ သင်ယူသင့်ပါတယ်။

ဘာဝနာအလုပ်ရဲ့ အခန်းကဏ္ဍ နောက်တစ်ခုကတော့ . . . ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ရဲ့ ဆရာသခင် ဖြစ်နိုင်အောင်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်အောင်၊ ကိုယ့်သန္တာန်မှာ ယုံကြည်မှု အပြည့်အ၀ ထားရှိနိုင်အောင် သင်ယူရာမှာ ဘာဝနာအလုပ်က ကူပံ့ပေးတာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အရင်းအမြစ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတာကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ကိုယ့်လက်နက်ကိုယ် တိုးတက်အောင်လုပ်ဖို့ နဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာရင် ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေ သွန်သင်ညွှန်ကြားတာဟာ အလွန်ခက်ခဲ့တဲ့ သွန်သင်ညွှန်ကြားမှု ဖြစ်ပါတယ်။ ဒါပေမယ့် အလွန် အရေးကြီးတဲ့ သွန်သင်ညွှန်ကြားချက် ဖြစ်ပါတယ်။ အဲ့ဒါရဲ့ ရလာဒ်က ဘာလဲ။ သူတစ်ပါးကို အပြစ်မတင်ဘဲ၊ ကြုံရတဲ့ ပတ်ဝန်းကျင်ကို အပြစ်မတင်ဘဲ ကိုယ့်သန္တာန်မှာ ဖြစ်လာတာကို ကိုယ်ပဲ တာဝန်ယူဖို့ လေ့ကျင့်သင်ယူနိုင်ခြင်း ဖြစ်ပါတယ်။ စိတ်မှာ ဒီလိုပြောင်းမှု ဖြစ်လာပြီဆိုရင် ကိုယ်ကြုံရတဲ့ ဘယ်အသိုက်အ၀န်း၊ ဘယ်ပတ်ဝန်းကျင်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိလာပါတယ်။

ပတ်ဝန်းကျင်တိုင်းမှာ ဘယ်လို နေထိုင်ရှင်သန်ရမယ်၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးသက်ရောက်မှု မခံရအောင် ဘယ်လို လေ့လာသင်ရမယ်ဆိုတာ ဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ ဥပမာတစ်ခု တင်ပြပြီး နိဂုံးချုပ်ချင်ပါတယ်။ ခိုင်းနှိုင်းထားတာက ကြာပန်းတစ်ပွင့် ဖြစ်ပါတယ်။  သိကြတဲ့ အတိုင်းပါပဲ . . . ကြာပန်းဟာ ရွှံ့ထူးတဲ့ ရေမှာ ပေါက်ပွားပါတယ်။ ကြာပန်းမှာ ရွှံ့ညွန်နဲ့ မသန့်ရှင်းတဲ့ရေတွေ  ၀ိုင်းရံထားပေမယ့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးသက်ရောက်မှုကို မခံရပါဘူး။

ဒါ့ကြောင့် ဒီခေတ်သစ်ကမ္ဘာမှာ စိန်ခေါ်မှုတွေ မြောက်များစွာ ရှိနိုင်ပါတယ်၊ ခက်ခဲတဲ့ အခြေအနေတွေ အများကြီး ရှိနိုင်ပါတယ်၊ ပြဿနာတွေ အုံလိုက်ကျင်းလိုက် ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမယ့် ဘာဝနာ ကျင့်သုံးခြင်းအားဖြင့် အဲ့ဒါတွေကို စိန်ခေါ်မှုတွေအဖြစ် ရှုမြင်နိုင်ပါတယ်။ လေ့လာသင်ယူနိုင်ပါတယ်။ ကြုံရတဲ့ ပတ်ဝန်းကျင်ရဲ့  လွှမ်းမိုးသက်ရောက်မှု မခံရအောင် ကြာပန်းလို ကျင့်ကြံနိုင်ပါတယ်။

ဟုတ်ပြီ . . . မေးစရာ မေးခွန်းတွေရှိရင် မေးကြပါ။ မေးခွန်းတွေမေးဖို့ အရေးကြီးပါတယ်။

အမေး အဖြေ

မေး။  ။ တရားထိုင်နေတုန်း ပျော်ရွင်ကျေနပ်မှု ဖြစ်လာပြီ၊ နှစ်သက်မှု ပီတိ ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်က တုန်လှုပ်ပါတယ်။ အဲ့ဒီလိုဖြစ်တာ ကောင်းပါသလား။

ဖြေ။   ။ ပျော်ရွှင်မှု နဲ့ နှစ်သက်မှု တွေ့ကြုံခံစားရတယ်ဆိုလို့ အားရကျေနပ်မိပါတယ်။ ဘာဝနာ အလုပ်မှာ ပျော်ရွှင်မှု နဲ့ နှစ်သက်မှု တွေ့ကြုံခံစားရဖို့ အလွန်ပဲ အရေးကြီးပါတယ်။ တရားထိုင်နေတုန်း ပျော်ရွင်ကျေနပ်မှု ဖြစ်တဲ့အခါ၊ နှစ်သက်မှု ပီတိ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က တုန်လှုပ်တယ်ဆိုရင် ခန္ဓာကိုယ် တုန်လှုပ်တယ်လို့ပဲ သိမှတ်ပါ။ ဘာကို တွေ့ကြုံခံစားနေရတယ်ဆိုတာ တိတိကျကျ သိနိုင်အောင် ကြိုးစားပါ။ ဒီလို ကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်လာရင် သူတို့ကို ဆုပ်ကိုင်စွဲလမ်း မထားဖို့ အရေးကြီးပါတယ်။

မေးခွန်းတွေ ရှိပါသေးလား။

မေး။   အနာဂတ်ကို သင့်တော်တဲ့ နည်းလမ်းနဲ့ ဘယ်လို အသုံးချမလဲ။ ဥပမာ . . . ရုံးမှာ အထက်လူကြီးနဲ့ ဆက်ဆံရတဲ့အခါ ပထမတော့ . . . အထက်လူကြီး မှားနေတာ၊ ရှုမြင်ပုံ လွှဲနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် . . . အနာဂတ်မှာ အခြေအနေ ဆိုးလာနိုင်တယ်လို့ စိုးရိမ်မိပြီး စိတ်ခံစားမှု ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနောက် . . . အထက်လူကြီးရဲ့ သဘောထားကို ပြင်ပေးဖို့ ကြိုးစားပါတယ်။ အခြေအနေ ကောင်းလာနိုင်တယ်လို့ ထင်ရတာပေါ့။ ဒါပေမယ့် . . . အခြေအနေကို မှန်မှန်ကန်ကန် မကိုင်တွယ်မိခဲ့ဘူး ဆိုတာကို နောက်မှ သိလိုက်ရတယ်။ ကောင်းအောင် လုပ်နိုင်ခဲ့သင့်တာပေါ့။ ကျွန်တော် မေးချင်တာက . . . မြန်မြန်ဆန်ဆန် လုပ်လိုက်ပြီး လုပ်မိခဲ့တာကို နောက်မှပြန်ပြီး ပူပန်နေမယ့်အစား လက်ရှိ ကိုယ်လုပ်နေတာဟာ ပြဿနာကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့နည်းလမ်း ဖြစ်တယ်ဆိုတာ ဘယ်လို အတည်ပြုနိုင်မလဲ။

ဖြေ။   ။ အဲ့ဒီလို အထက်လူကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်ပါ။ အထက်လူကြီးရဲ့ သဘောထားကို ပြောလဲချင်တယ်လို့ ခင်ဗျား ပြောပါတယ်။ မအောင်မြင်နိုင်တဲ့ ကိစ္စပါ။ အထက်လူကြီးအပေါ် ထားတဲ့ ခင်ဗျားရဲ့ သဘောထားကို ပြောင်းလဲဖို့ပဲ လေ့ကျင့်သင့်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် အထက်လူကြီးကို ခင်ဗျားရဲ့ ဓမ္မမိတ်ဆွေလို သဘောထားလိုက်ပါ။ သူက ခင်ဗျားကို သင်ကြားပေးနေလို့ပါ။ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ဖို့ သူက သင်ပေးနေပါတယ်။ ဒါဟာ သိမှတ်မှုရဲ့ အရေးပါပုံ ဖြစ်ပါတယ်။ အထက်လူကြီး ပြောတာ၊ အထက်လူကြီး လုပ်တာကို အရေးမစိုက်ပါနဲ့။ အထက်လူကြီး ပြောတဲ့အပေါ်၊ အထက်လူကြီး လုပ်တဲ့အပေါ် ခင်ဗျားရဲ့စိတ် တုံ့ပြန်ပုံကို ရှုကြည့်ဖို့ပဲ အရေးစိုက်ပါ။

အထက်လူကြီးနဲ့ ပတ်သက်လို့ လက်တွေ့စမ်းသပ်ရတာ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။  သူ့ကို စိတ်ဆိုးမယ့်အစား၊ သူ့ကို ပြဿနာလို့ ရှုမြင်မယ့်အစား စောစောက ပြောခဲ့သလို ဓမ္မမိတ်ဆွေအဖြစ် ရှုမြင်နိုင်အောင် လေ့ကျင့်ပါ။ အထက်လူကြီးနဲ့ တွေ့နေချိန်မှာ ဘယ်လို ခံစားမှု ဖြစ်ပေါ်နေတယ်၊ ခံစားမှုတွေ ဘယ်လောက်ကြာအောင် ဖြစ်ပေါ်နေတယ်ဆိုတာ သိအောင် ကြိုးစားနိုင်ပါတယ်။ ဒီနေ့ အထက်လူကြီးနဲ့ ပတ်သက်လို့ ဘာဖြစ်ခဲ့တယ်ဆိုတာကို လက်တွေ့စမ်းသပ် ကြည့်နိုင်ပါတယ်။ နောက်နေ့မှာ အထက်လူကြီးနဲ့ ပတ်သက်လို့ ဘာဖြစ်တယ်ဆိုတာ ကြည့်မယ်။ ခင်ဗျားအတွက် လေ့လာသင်ယူမှု အတွေ့အကြုံ ဖြစ်တာကြောင့် အထက်လူကြီးနဲ့ တွေ့ဖို့ ခင်ဗျား မျှော်နေမယ်။

ကောင်းမြတ်တဲ့ အထက်လူကြီးကို ရထားတာ၊ သူက ခင်ဗျားစိတ်ကို ပြန်ကြည့်ဖို့ မှန်တစ်ချပ် ထောင်ပြပေးနေတာ ဖြစ်တဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိနိုင်ပါတယ်။ အထက်လူကြီးကို အပြစ်တင်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ခြင်းအားဖြင့် အထက်လူကြီးကိုရော ကိုယ့်ကိုယ်ကိုယ်ပါ အကောင်းမြင်လာနိုင်ပါတယ်။

ကျွန်တော်ပေးတဲ့ အကြံပြုချက်တွေကို အခြေအနေ အားလုံးနဲ့ ဆက်စပ်ပြီး အသုံးပြုနိုင်ပါတယ်။ အထက်လူကြီးနဲ့မှ မဟုတ်ပါဘူး။

နောက်ဆုံး မေးခွန်းတစ်ခု မေးဖို့ အချိန်ကျန်ပါသေးတယ်။


:)
ရှင်အာစာရ

-----
နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။                                                                
Godwin Samararatne
The Basics of Buddhist Meditation (4 Talks)
Talks in Chi Lin Nunnery, Hong Kong
7th - 10th October 1998
 

No comments:

Post a Comment