ဒါဟာ ကျုပ်ဆိုလိုတဲ့ လောကကျင့်ဝတ်ရဲ့ အခြေခံ ဖြစ်ပါတယ်။ လောကလို့ ပြောလိုက်တော့ ဘာသာတရားနဲ့ မဆိုင်ပါဘူး။ ဘာသာမဲ့၊ ဘုရားမဲ့ဆိုတဲ့ စကားမှာ ပြဿနာရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ခရစ်ယန် မိတ်ဆွေတွေ၊ မွတ်ဆလင် မိတ်ဆွေတွေအတွက် ဘုရားမဲ့ဆိုတဲ့ ကိစ္စက ပြဿနာ ရှိနိုင်ပါတယ်။ ကျုပ်က ထာဝရဘုရားနဲ့ဆိုင်တဲ့ ဘာသာတရားကို ဆန့်ကျင်နေတဲ့သဘောမျိုး သက်ရောက်သွားနိုင်ပါတယ်။ ဘာသာတရားကို လူတွေထဲက ဆွဲထုတ်ပစ်နေတာလို့ ထင်သွားနိုင်ပါတယ်။ ကျုပ်ဆိုလိုတာက အဲ့ဒါမျိုး မဟုတ်ပါဘူး။
ကျုပ် နေထိုင်ရာ အိန္ဒိယမှာ ဘာသာတရားနဲ့ မဆိုင်တဲ့ လောကသဘောက တစ်မျိုးပါ။ အိန္ဒိယမှာ လောကီအစိုးရ အုပ်ချုပ်မှု ရှိပါတယ်။ ဘာသာတရား အားလုံးကို လေးစားရတဲ့ အစိုးရစနစ်ပါ။ ဘာသာတရား တစ်ခုခုကို ယုံကြည်ကိုးကွယ်သူပဲပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုမှ မယုံကြည်တဲ့ ဘာသာမဲ့ပဲဖြစ်ဖြစ် အားလုံးကို တပြေးညီ ဆက်ဆံရတဲ့ အစိုးရစနစ်ပါ။ အိန္ဒိယမှာ ထာဝရဘုရားတို့ ဘာသာတရားတို့နဲ့ မဆိုင်တဲ့ လောကသဘောဟာ ဘာသာရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဘာသာတရား အားလုံးကို အသိအမှတ်ပြု လက်ခံပါတယ်။ အားလုံးကို လေးစားရပါတယ်။
ဥရောပမှာတော့ မတူတဲ့ နောက်ခံသမိုင်း ရှိပါတယ်။ ဟို ရှေးရှေးတုန်းက သိပ္ပံပညာ အရေးပါလာတော့ ဥရောပသားတွေက ဘာသာရေးကို ဆန့်ကျင်လာကြပါတယ်။ ဘာသာရေးဟာ ခေတ်နဲ့ မညီဘူးလို့ ထင်လာကြပါတယ်။ ရှေ့ဆက်တိုးတက်ဖို့အတွက် အဟန့်အတားလို့ မြင်လာကြပါတယ်။ ဥပမာအားဖြင့် ပြင်သစ်တော်လှန်ရေး ကာလအတွင်း အမြင်သစ်တွေ အမျိုးမျိုး ရှိခဲ့ရာမှာ ဘာသာရေးကို ဆန့်ကျင်တာလည်း ပါပါတယ်။ ဘာသာရေးဟာ ပြဿနာသာဖြစ်တယ် အဖြေမဟုတ်ဘူးလို့ တွေးခေါ်ပညာရှင် တစ်ချို့က ယုံကြည်ကြပါတယ်။ ဘာသာရေးဟာ တိုးတက်မှုကို ဟန့်တာတယ်လို့ ယုံကြည်ကြပါတယ်။ နှစ်ဆယ်ရာစုမှာ အကြီးမားဆုံး အယူအဆဖြစ်တဲ့ မာ့ခ်စ်ဝါဒကတော့ ဘာသာရေးဟာဘိန်းလို့တောင် ဆိုပါတယ်။ လူတွေငြိမ်ဝပ်အောင် ထိန်းချုပ်တဲ့ မူးယစ်ဆေး တဲ့။
ဒီလို သမိုင်းနောက်ခံ ရှိတဲ့အတွက် ဘုရားနဲ့မဆိုင်တဲ့ လောကီအကြောင်း ပြောလိုက်ရင် ဘာသာရေးကို ဆန့်ကျင်တာလို့ အနောက်နိုင်ငံတွေမှာ ထင်တတ်ကြပါတယ်။
ကျုပ်အနေနဲ့ကတော့ ဘာသာရေးက လူတွေရဲ့ ကြီးပွားတိုးတက်မှုကို ဟန့်တားတယ်လို့ မယုံကြည်ပါဘူး။ ဘာသာရေးအပေါ် အဆိုးမြင်သူ တစ်ချို့ကိုလည်း ကျုပ် နားလည်ပါတယ်။ ဘာသာရေး အလွဲသုံးစားလုပ်တာကို မြင်ရတဲ့အခါ အဆိုးမြင်ကြတာပေါ့။ တစ်ဘက်သားကို ထိန်းချုပ်ဖို့ တစ်ဘက်သားကို ဒုက္ခပေးဖို့ ဘာသာရေးကို အသုံးချတာ မြင်ရတော့ မကျေမနပ် ဖြစ်ကြတာပေါ့။ ဘာသာရေး အစုအဖွဲ့တွေ မကောင်းမှု ပြုလု်ပခဲ့ကြတာကို သမိုင်းက အထင်အရှား ပြသနေပါတယ်။ မညှင်းပန်း မနှိပ်စက်ရေး အဟိံသဝါဒကို သင်ကြားပေးတဲ့ ဗုဒ္ဓဘာသာတောင်မှ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။
တရားမျှတမှုဆီ ဦးတည်ပြီး ဘာသာရေးအပေါ် ဝေဖန်တဲ့သူတွေရဲ့ အသံကို နားစွင့်သင့်တယ် ထင်ပါတယ်။ ကျင့်သုံးရမယ့် တရားဓမ္မကို မကျင့်သုံးဘဲ အပြောတစ်ခြား အလုပ်တစ်ခြားနဲ့ ဟန်ဆောင်လိမ်ညာတာ၊ တရားမျှတမှု မရှိတာလိုမျိုး ဘာသာရေးသမားတွေ ဘာသာရေး အစုအဖွဲ့တွေရဲ့ မှားယွင်းမှုတွေကို ထောက်ပြတာဟာ ဘာသာတရား တိုးတက်ဖို့ အထောက်အကူ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာသာရေးသမားတွေ ဘာသာရေးအစုအဖွဲ့တွေကို ဝေဖန်တာဟာ ဘာသာရေးကို ဝေဖန်တာနဲ့ မတူဘူး ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ လူမှုဘဝ တရားမျှတရေးနဲ့ အဓိကကျတဲ့ ဘာသာရေး သွန်သင်ချက်တို့ အတူလက်တွဲနိုင်တယ်လို့ ယုံကြည်ပါတယ်။ အကြင်နာတရား ထားရှိဖို့၊ ကရုဏာ သက်တတ်ဖို့၊ ခွင့်လွှတ်နိုင်ဖို့၊ ရိုးသားနိုင်ဖို့အတွက် ဘာသာတရား အားလုံးက သင်ကြားပေးပါတယ်။ ဘာသာတရား အားလုံးရဲ့ အနှစ်သာရဟာ လူ့အရည်အသွေး လူ့ဂုဏ်သိက္ခာ တိုးတက်ဖို့ ဖြစ်ပါတယ်။
Ref:
အနှစ်ချုပ် မြန်မာပြန်ဆိုသည် -
BEYOND RELIGION: Ethics for a Whole World
by His Holiness the Dalai Lama
No comments:
Post a Comment