Sunday, February 16, 2025

ကမ္ဘာ့ကျင့်ဝတ် (၅)

 ( . . . . . မှ အဆက် )

ဘုံတန်ဖိုး -

ရှေးဟောင်း အိန္ဒိယ အယူအဆတွေ ဖြန့်ဝေနေတဲ့ ခေတ်သစ်တမန်တော်ပါလို့ ကျုပ်ကိုယ်ကျုပ် ရည်ညွှန်းလေ့ ရှိပါတယ်။ ကျုပ်ဖြန့်ဝေတဲ့ အဓိက တရားနှစ်ခုကတော့ အကြမ်းမဖက်ခြင်းနဲ့ ကွဲလွဲမှုတွေကြားမှာ ဟန်ချက်ညီညီ နေထိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးဟာ ရှေးဟောင်း အိန္ဒိယ ယဉ်ကျေးမှုကနေ လာတာပါ။ ကျုပ်က တိဗက်လူမျိုးတစ်ယောက် ဖြစ်ပေမယ့် အိန္ဒိယရဲ့ သားကောင်းတစ်ယောက်လို့ ခံစားရပါတယ်။ ကျုပ် ကလေးဘဝကတည်းက အိန္ဒိယက အဆုံးအမတွေကို လေ့လာသင်ယူခဲ့တာပါ။ ခြောက်နှစ်သား ကတည်းက စခဲ့တာပါ။ အိန္ဒိယရဲ့ နာလန္ဒာတက္ကသိုလ်က ဆရာကြီးတွေရဲ့ ကျမ်းစာတွေကို ဖတ်မှတ်လေ့လာတာပါ။ နောက်ပြီး ကျုပ်က အိန္ဒိယ အစားအစာလည်း ကြိုက်တယ်ဗျ။

 

ထာဝရဘုရားနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အိန္ဒိယရဲ့ လောကီအတွေးအခေါ်ကို ဖြန့်ဝေရတာ အထောက်အပံ့ပေးရတာ ကျေနပ်စရာကောင်းပါတယ်။ ဒီအယူအဆက လူတိုင်းအတွက် အထောက်အပံ့ ဖြစ်နိုင်လို့ပါ။ အားလုံး ဆက်စပ်နေတဲ့ ဒီနေ့ကမ္ဘာမှာ ယုံကြည်ရာ ဘာသာတရားချင်း မတူသူတွေ၊ ဘာသာစကားချင်း မတူသူတွေ၊ ယဉ်ကျေးမှုချင်း မတူသူတွေ အတူတကွ နေထိုင်ကြရတာဟာ မထူးဆန်းလှပါဘူး။ ခရီးသွားတဲ့အခါ၊ အထူးသဖြင့် အနောက်နိုင်ငံတွေဆီ ခရီးသွားတဲ့အခါမျိုးမှာ မကြာခဏ တွေ့ရပါတယ်။ ဒီနေ့ခေတ်မှာ အိမ်နီးချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်ရှင်တွေဟာ ကိုယ်နဲ့ မတူတဲ့ ဘာသာစကား ပြောကြတာတွေ ရှိပါတယ်။ အစားအစာလည်း မတူတတ်ကြပါဘူး။ ကိုးကွယ်ယုံကြည်ရာ ဘသာတရားလည်း မတူတတ်ကြပါဘူး။

 

လေးစားမှုနဲ့ နားလည်မှုနဲ့ အတူတူ နေထိုင်ရှင်သန်တတ်အောင် လေ့လာသင်ယူဖို့ အရေးကြီးပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ နေထိုင်ရတာကို တစ်ချို့က သဘောကျပါတယ်။ တစ်ချို့သူတွေ အတွက်တော့ အခက်အခဲ ရှိပါတယ်။ သူတို့အတွက် ဝေဝါးမှုတွေ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနိုင်ပါတယ်။ မကျေမနပ် ဒေါသဖြစ်တာမျိုးတောင်မှ ရှိတတ်ပါတယ်။ ဒီကနေတစ်ဆင့် ရက်စက်ကြမ်းတမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ လူမျိုးမတူသူ၊ နိုင်ငံမတူသူ၊ ဘာသာမတူသူတွေကို ဖယ်ရှားပစ်ရမယ် ဆိုတဲ့ အတွေးအခေါ် ဝင်လာနိုင်ပါတယ်။

 

ဒီလို လူမှုရေး ပဋိပက္ခတွေ ကမ္ဘာအနှံ့မှာ အများအပြား ရှိနေပါတယ်။ အလုပ်အကိုင် အခြေအနေအရ ရွှေ့ပြောင်းလုပ်ကိုင်လာကြရတော့ အခြေအနေတွေ ပိုပြီးတော့တောင် ဆိုးလာနိုင်ပါတယ်။ စိတ်မကောင်းစရာပါပဲ။

 

ဘာသာရေးတွေ၊ ယဉ်ကျေးမှုတွေ၊ အမျိုးအနွယ်တွေကို ဂရုမစိုက်ဘဲ အားလုံးလက်ခံနိုင်တဲ့ ကောင်းမြတ်တဲ့ တန်ဖိုးတွေ ဂုဏ်သိက္ခာတွေအပေါ် မူတည်ပြီး နေထိုင်ရှင်သန်နည်း ရှာဖွေဖို့ အရေးကြီးတယ် ထင်ပါတယ်။ ဒါကို လောကတရား လောကကျင့်ဝတ်လို့ ခေါ်ချင်ပါတယ်။

 

ဒီသဘောတရားကို လက်ခံနိုင်တဲ့သူ တစ်ချို့ကတောင်မှ ကိုယ်ကျင့်တရားနဲ့ ဘာသာရေး ခွဲခြားလို့ ရနိုင်ပါ့မလားလို့ မေးခွန်းထုတ်နိုင်တယ်ဆိုတာကို ကျုပ် နားလည်ပါတယ်။ ဒီသဘောတရားကို လူတွေကြား ချပြတဲ့ အခါမှာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်ကျင့်တရားအကြောင်း မပြောဖို့ အကြံပေးကြပါတယ်။ သူတို့က စိုးရိမ်ကြတာကိုး။ ကိုယ်ကျင့်တရားနဲ့ ဘာသာရေး ခွဲထုတ်လိုက်ခြင်းဟာ မှားတယ်၊ လူ့အသိုက်အဝန်းမှာ ပြဿတွေ ပိုများလာလိမ့်မယ်လို့ သူတို့ ယုံကြည်ကြပါတယ်။ အိမ်ထောင်ကွဲတာတွေ၊ ကိုယ်ဝန်ဖျက်ချတာတွေ၊ မူးယစ်ဆေးစွဲတာတွေ ပိုများလာလိမ့်မယ်လို့ ထင်ကြပါတယ်။ ဘာသာတရားကသာ လုပ်ပေးနိုင်တဲ့ တန်ဖိုးတွေ ပျောက်ဆုံးသွားပြီး ပြဿနာတွေ တက်လာမယ်လို့ ထင်ကြပါတယ်။ ကိုယ်ကျင့်တရား ခိုင်မာအောင် ဘာသာတရားကပဲ လုပ်ပေးနိုင်တယ်လို့ ယုံကြည်ကြတာပါ။ ဘာသာရေးကို ဖယ်လိုက်ရင် နှိုင်းရအမှန်တရားကိုပဲ ရနိုင်မယ်၊ တစ်ယောက်အတွက် မှန်ကန်ပြီး တစ်ခြားတစ်ယောက်အတွက် မမှန်ကန်တာမျိုးတွေ ရှိလာမယ်လို့ ထင်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာ ခွဲခြားသိနိုင်ဖို့ ခက်ခဲပါတယ်။

 

ဒီ ဆန့်ကျင်ဘက် အမြင်ကို လေးစားပါတယ်။ ဒါပေမယ့် ဒီအယူအဆကိုတော့ ကျုပ် မဖြန့်ဝေပါဘူး။ ဘာသာရေး အယူအဆတွေ၊ ဘာသာရေး ယုံကြည်ချက်တွေ အပေါ်မှာ အခြေမခံဘဲ တူညီတဲ့ လူ့သဘာဝ၊ တူညီတဲ့ လူ့အတွေ့အကြုံတွေဆီကနေ ကိုယ်ကျင့်တရားတွေ အလိုအလျောက် သဘာဝကျကျ ထွက်ပေါ်လာနိုင်တယ်လို့ ကျုပ် ယုံကြည်ပါတယ်။

 


 

( ဆက်ရန် . . . . . )

 

အနှစ်ချုပ် မြန်မာပြန် -

BEYOND RELIGION: Ethics for a Whole World

by His Holiness the Dalai Lama

No comments:

Post a Comment