Tuesday, November 1, 2016

ဘာဝနာလမ်း (၃)






(အမေးအဖြေ အဆက်)

မေး။   ဆရာ . . . ပုံမှန်အားဖြင့် လူတွေက တင်ပလ္လင်ခွေထိုင်ပြီး တရားအားထုတ်ကြပါတယ်။ ကျွန်တော်က နည်းနည်း အသက်ကြီးနေပြီး အကြာကြီးထိုင်ရင်း တရားအားထုတ်ဖို့ အခက်အခဲ ဖြစ်စေတဲ့ ကျောက်ကပ်ရောဂါလည်း ရှိနေတော့ . . . ဘယ်လိုလဲ။  ကျွန်တော် အားထုတ်ဖို့ နည်းလမ်း မရှိတော့ဘူးလား။ ဒါမှမဟုတ် တစ်ခြားနည်းနဲ့ . . . ကျောဆန့်လှဲရင် အားထုတ်နိုင်ပါသလား။
ဖြေ။   မျှော်လင့်ချက် ရှိပါသေးတယ်။ ကုလားထိုင်ပေါ်မှာ ခါးဆန့်ပြီး ထိုင်နိုင်ပါတယ်။ စောစောက ခင်ဗျား ပြောခဲ့သလို လျောင်းခြင်း ရိယာပုထ်နဲ့လည်း အားထုတ်နိုင်ပါတယ်။ ဒါပေမယ့် ယူထားတဲ့ ရိယာပုထ်နဲ့ တကယ့်ကို နိုးကြားတက်ကြွနေဖို့ အရေးကြီးပါတယ်။ လဲလျောင်းနေရင်းနဲ့ ဟောက်သံ ထွက်လာနိုင်လို့ပါ။ လျောင်းခြင်း ရိယာပုထ်နဲ့ အားထုတ်နိုင်အောင် လေ့ကျင့်ရတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်
အရမ်းကောင်းတဲ့၊ လက်တွေ့ကျတဲ့ မေးခွန်းတွေ မေးကြတဲ့အတွက် ၀မ်းသာမိပါတယ်။ ငါးမိနစ်လောက် ခဏ နားကြရအောင်။ နားချိန်အတွင်းမှာ . . . ကျွန်တော် ပြောခဲ့တဲ့အတိုင်း . . . ကိုယ်လုပ်နေတာကို ဘယ်လောက်ထိ သိမှတ်နိုင်သလဲ သတိထားကြည့်ပါ။ ဒါ့ကြောင့် ရပ်နေတုန်းမှာ၊ လမ်းလျှောက်နေတုန်းမှာ၊ ဘာပဲ လုပ်နေလုပ်နေ လှုပ်ရှားမှုကို နှေးအောင် ကြိုးစားပါ။ သိမှတ်မှုရဲ့ အရေးပါပုံကို ကျွန်တော် အလေးပေး ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို သိမှတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ဒီလို သိမှတ်မှုကို လေ့ကျင့်ရာမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းက အထောက်အကူ ပြုပါတယ်။
ဟုတ်ပြီ . . . အပြင်ထွက်စရာရှိရင် ငါးမိနစ်ကြာတော့ ပြန်လာပါ။
[ ခဏနား ] 
သိမှတ်မှု ဘာဝနာ အလုပ်ပေး
ကျွန်တော်တို့ အားထုတ်နေတဲ့ ဘာဝနာအလုပ်ဟာ အလွန်ပဲ ရိုးရှင်ပါတယ်။ ကျွန်တော် ဟောပြောခဲ့တဲ့ အထဲမှာ သိမှု၊ သတိရှိမှု၊ နိုးကြားမှုရဲ့ အရေးပါပုံကို အလေးပေးခဲ့ပါတယ်။ ဟုတ်ပြီ . . . အရေးကြီးတဲ့ ဒီစွမ်းရည်ကို တည်ဆောက်ကြမယ်။
ထိုင်နေချိန်မှာ အခိုက်တန့်တိုင်း အခိုက်တန့်တိုင်း သိနေနိုင်အောင်၊ သတိမြဲနေအောင်၊ နိုးကြားနေအောင် အစွမ်းကုန် ကြိုးစားကြမယ်။
ဖော်ရွေမှု နဲ့ သိမ်မွေ့မှုကိုလည်း ကျွန်တော် အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဖော်ရွေမှု နဲ့ သိမ်မွေ့မှုကို သိမှတ်မှုနဲ့ ပေါင်းစပ်နိုင်အောင် ကြိုးစားကြမယ်။ ကိုယ်နဲ့စိတ်မှာ ဘာပဲ ဖြစ်လာဖြစ်လာ ဖော်ရွေမှု နဲ့ သိမ်မွေ့မှုကို ခံစားနိုင်အောင် ကြိုးစားပါ။ ဒါ့ကြောင့် . . . ကျွန်တော် ပြောလိုက်တဲ့အတိုင်း . . . ကျွန်တော်တို့ အားထုတ်တဲ့ ဘာဝနာဟာ အလွန်ပဲ ရိုးရှင်းပါတယ်။
မျက်လုံးတွေကို ပိတ်ထားလိုက်နိုင်ပါပြီ။
တွေးတောနေတယ်ဆိုရင် အတွေးကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိလိုက်ပါ။
အတွေ့အထိ ခံစားရတယ်ဆိုရင် အခိုက်အတန့်တိုင်းမှာ ခံစားရတာကို သိလိုက်ပါ။
ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားနိုင်ပါတယ်။ အခန်းထဲမှာ ငြိမ်းချမ်းမှု နဲ့ တိတ်ဆိတ်မှုကို ခံစားနေတာပါ။
လုံးလုံးလျားလျား ငြိမ်သက်တဲ့ ခန္ဓာကိုယ်နဲ့ ထိုင်နေတာကို တွေ့ကြုံခံစားနေတာပါ။
ခန္ဓာကိုယ် ငြိမ်သက်ရင် စိတ်က ငြိမ်သက်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ငြိမ်သက်နေတာကို တွေ့ကြုံခံစားနိုင်ပါတယ်။
ကိုယ်နဲ့စိတ်အပေါ်မှာ ဖော်ရွှေမှု ခံစားရပါတယ်။ သိမ်မွေ့မှု ခံစားရပါတယ်။
[ ခေါင်းလောင်းသံ ]
ဘာဝနာအလုပ် ပြီးဆုံးပြီလို့ မထင်လိုက်ပါနဲ့။ အခိုက်တန့်တိုင်း အခိုက်တန့်တိုင်း ကိုယ်နဲ့စိတ်မှာ ဖြစ်ပေါ်နေတာကို ဆက်ပြီး သိနေပါ။ မျက်လုံးတွေ ဖွင့်လိုက်ပါ။
တစ်နည်းအားဖြင့် . . . ဘာဝနာအလုပ်ရဲ့ အစနဲ့အဆုံးဆိုတာ မရှိပါဘူး။ သတိရဲ့ အရေးပါပုံ၊ သိမှုရဲ့ အရေးပါပုံ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် တရားထိုင်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရွတ်ဖတ်ပူဇော်ကြပါစို့။
ရွတ်ဖတ်ပူဇော်စရာ သုံးခု ပေးပါမယ်။ ပထမ တစ်ခုက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်ပါတယ်။  နောက်တစ်ခုက ကောင်းစွာရွတ်ဆိုခြင်းလို့ အဓိပ္ပာယ်ရတဲ့ သာဓု ဖြစ်ပါတယ်။
အစဉ်အလာ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ ဒါကို မကြာခဏ ကြားရပါလိမ့်မယ်။ နောက်ဆုံး ရွတ်ဆိုစရာ ပါဠိက ငြိမ်းချမ်းမှုလို့ အဓိပ္ပာယ်ရတဲ့ သန္တိ ဖြစ်ပါတယ်။ အဲ့ဒီနောက် တရုတ်လို ရွတ်ဖတ်ပူဇော်တာနဲ့ အဆုံးသတ်ပါမယ်။ 
ဟုတ်ပါပြီ . . . ရွတ်ဖတ်ပူဇော်နေချိန်မှာ ရွတ်ဖတ်ပူဇော်မှုရဲ့ အကူအညီနဲ့ ဒီအချိန် ဒီနေရာ၊ ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားနိုင်အောင် ကြိုးစားကြပါမယ်။
[ ရွတ်ဖတ်ပူဇော်ခြင်း ]
အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပေးခဲ့တဲ့ အကြံပြုချက်တွေကို လက်တွေ့ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားကြပါ။ သူတစ်ပါးအတွက်လည်း မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားကြပါ။  ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင်၊ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်အောင် လေ့ကျင့်သင်ယူပါ။ မွေးမြူထားတဲ့ ဒဏ်ရာတွေကို ကုစားပါ။
အသိရှိရှိနဲ့ နေထိုင်ရှင်သန်နိုင်အောင်၊ သိမှတ်မှုနဲ့ နေထိုင်ရှင်သန်နိုင်အောင်၊ အပြည့်အ၀ နိုးကြားတဲ့စိတ်နဲ့ နေထိုင်ရှင်သန်နိုင်အောင် ကြိုးစားပါ။
မနှစ်သက်စရာ စိတ်ခံစားမှုတွေ ပေါ်လာရင် ကျွန်တော် အကြံပြု တင်ပြခဲ့တဲ့အတိုင်း ကိုင်တွယ်ဖြေရှင်းပါ။
ဘ၀ရဲ့ ဦးတည်ရာ အသစ်ကို တွေ့နိုင်အောင် ကြိုးစားပါ။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ ဆင်းရဲဒုက္ခ မဖန်းတီးတဲ့ ဘ၀နေနည်း အသစ်ပဲ ဖြစ်ပါတယ်။ 
ပိုပြီးပျော်ရွှင်လာတာ၊ ပိုပြီးငြိမ်းချမ်းလာတာ၊ ကိုယ့်ကိုယ်ကိုယ် ဖော်ရွေလာနိုင်တာတွေ တွေ့ကြုံရနိုင်ပါတယ်။
အများကြီး ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ပြန်တွေ့ကြပါမယ်။ မနက်ဖြန်ကျရင် အသက်ရှုမှုကို သိမှတ်တဲ့ အကျင့်နည်းအကြောင်း ဟောပြောပါမယ်။ ဒီအကျင့်ကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ဟောပြောပါမယ်။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Godwin Samararatne
The Basics of Buddhist Meditation (4 Talks)
Talks in Chi Lin Nunnery, Hong Kong
7th - 10th October 1998
(http://www.godwin-home-page.net/Living-Meditation-HK-98/Living-Meditation.htm)

No comments:

Post a Comment