Wednesday, October 5, 2016

ဘာဝနာလမ်း (၁)



(က) ဘာ့ကြောင့် ဘာဝနာအလုပ်ကို  လူကြိုက်များလာရသလဲ?
ပထမဆုံး အနေနဲ့ အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ချင်ပါတယ်။ ဒီကို တစ်ခေါက်ပြန်ရောက်လာပြီး မိတ်ဆွေဟောင်းတွေ တွေ့ရတာ အရမ်းပျော်ပါတယ်။  မျက်နှာသစ်တွေ တွေ့ရတာလည်း ကောင်းပါတယ်။ နည်းနည်း ဟောပြောပြီး မေးခွန်းမေးချိန် လာပါမယ်။ အဲ့ဒီနောက်မှာ အတူတူ တရားထိုင်ကြမယ်။ ပါဠိလိုရော တရုတ်လိုပါ ရွတ်ဖတ်ပြီး အဆုံးသတ်ပါမယ်။ 
အခုတစ်တစ်ခေါက် ဒီကိုရောက်တော့ ကျွန်တော့်မိတ်ဆွေက ပြောပါတယ်။ ဒီနိုင်ငံမှာ ဘာဝနာအလုပ်ကို ပိုပြီး စိတ်ဝင်စားလာကြတယ်၊ တရားပြတဲ့ ဆရာသမားတွေလည်း ဒီနိုင်ငံကို လာကြတယ်တဲ့။ ကြားရတာ ၀မ်းသာပါတယ်။ ဒါကို ကျွန်တော် မအံ့သြပါဘူး။ ကမ္ဘာ့နေရာအနှံ့မှာ၊ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ဘာဝနာ အလုပ်ကို ပိုပိုပြီး စိတ်ဝင်စားလာကြတယ် ဆိုတာကို ကျွန်တော် သိထားလို့ပါ။ ဒီတော့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဒီနေ့ကမ္ဘာမှာ အခုလို ဘာဝနာ အလုပ်ကို စိတ်ဝင်စားကြတာ ဘာကြောင့်လဲ။ အကြောင်းပြချက် အမျိုးမျိုးကို စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျ အကြောင်းပြချက်ကတော့ ဒီကမ္ဘာမှာ ဆင်းရဲဒုက္ခတွေ ပိုပိုများလာတဲ့ အတွက်ကြောင့်လို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ လူသားတွေဟာ၊ အောက်ထစ်ဆုံးအားဖြင့် လူတစ်ချို့ဟာ ငြိမ်းချမ်းမှုကို၊ ဒုက္ခလွတ်လမ်းကို ရှာဖွေနေကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှုတွေ ပိုမိုခံစားနိုင်ဖို့၊ ဒုက္ခလွတ်လမ်း ရှာတွေ့ဖို့ အထောက်အကူ ပြုပေးမယ့် ဘာဝနာအလုပ်ရဲ့ သဘောတရား တစ်ချို့ကို ကျွန်တော် တင်ပြပါမယ်။ 
ယန္တရားဆန်ခြင်း
ခေတ်သစ်ကမ္ဘာမှာ စက်မှုထွန်းကားပြီး စက်ရုံတွေ တိုးပွားလာခြင်းရဲ့ အကျိုးဆက် တစ်ခုကတော့ လူသားတွေ စက်ရုပ်ဆန်လာတာ၊ ပုံစံကျ လည်ပတ်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာဝနာ လုပ်ငန်းကနေပြီး အရေးကြီးတဲ့ အဖြေနှစ်ခု ပေးပါတယ်။
တစ်အချက်က . . . လူသားတွေဟာ ပိုပိုပြီး စက်ရုပ်ဆန်လာကြပါတယ်။ လူတွေက စက်ယန္တရားကိုလည်း ကြိုက်ကြပါတယ်။ ခံစားချက် မရှိတော့သလိုပါပဲ။ ခံစားချက် ကင်းမဲ့တဲ့ လက္ခဏာ တစ်ခုကတော့ လူတွေဟာ ပိုပိုပြီး ကြမ်းတမ်းလာကြပါတယ်။ အဇ္ဈတ္တ ကြမ်းတမ်းမှုတွေ၊ သူတစ်ပါးအပေါ် ကြမ်းတမ်းမှုတွေ ပိုများလာပါတယ်။ သူနေထိုင်ရှင်သန်တဲ့ သူ့အသိုက်အ၀န်း၊ သူ့ပတ်ဝန်းကျင်အပေါ် ကြမ်းတမ်းမှုတွေ ပိုလာပါတယ်။ ဒါ့ကြောင့် လက်ရှိကမ္ဘာမှာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ၊ ဂေဟစနစ် ပြဿနာတွေဟာ ကြီးလေးတဲ့ ပြဿနာတွေ ဖြစ်နေပါတယ်။ ဒီနေရာမှာ ခံစားချက် ကင်းမဲ့တာ၊ နွေးထွေးမှု ကင်းမဲ့တာကို ဖြေရှင်းဖို့အတွက် မေတ္တာဘာဝနာက တကယ့်ကို အထောက်အကူ ပြုပါတယ်။ ကျွန်တော် သုံးနေကျစကားကတော့ . . . ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့မိတ်ဆွေ ဖြစ်ကြဖို့အတွက် မေတ္တာဘာဝနာက ကူပံ့ပေးတယ် . . . ဆိုတာပါပဲ။
ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့မိတ်ဆွေ ဖြစ်တယ်ဆိုရင် အလိုအလျောက်ပဲ . . . ကိုယ့်ရဲ့အပြုအမူက ကိုယ့်အတွက်  မိုက်မဲတာ၊ အပြစ်ရှိတာမျိုး မဟုတ်တော့ပါဘူး။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးပါတော့တယ်။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ နှလုံးသား ပွင့်လင်းနိုင်ဖို့ မေတ္တာဘာဝနာက ကူညီပေးပါတယ်။ 
မေတ္တာဘာဝနာက ကျွန်တော်တို့ကို ကူညီပေးနိုင်တဲ့ နောက်တစ်နည်းက ဒီလိုပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့မှာ စိတ်ဒဏ်ရာတွေ ရရှိနိုင်ပါတယ်။ အတိတ်က ဖြစ်ခဲ့တဲ့ ဒဏ်ရာတွေပါ။ ကိုယ်က သူတစ်ပါးအပေါ် ပြုမိရာက ရလာတဲ့ဒဏ်ရာတွေ၊ သူတစ်ပါးက ကိုယ့်ကို ပြုမူလိုက်လို့ ရလာတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒဏ်ရာမရဖူးတဲ့ လူသားရယ်လို့ မရှိဘူး ထင်ပါတယ်။ ဒဏ်ရာတွေကို ဖက်တွယ်ထားခြင်းဟာ ခေတ်သစ်ကမ္ဘာမှာ ဆင်းရဲဒုက္ခရဲ့ ကြီးမားတဲ့ အကြောင်းရင်း ဖြစ်မယ်ထင်ပါတယ်။ ဒီဒဏ်ရာတွေဟာ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ ဆင်းရဲဒုက္ခ မြောက်များစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီဒဏ်ရာတွေကို ကုစားဖို့ မေတ္တာဘာဝနာက ကူပံ့ပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်အောင်၊ သူတစ်ပါးကို ခွင့်လွှတ်တတ်အောင် လေ့လာသင်ယူပြီးတော့ ကုစားရတာပါ။ ကိုယ့်ရဲ့ အဇ္ဈျတ္တ ပျော်ရွှင်ငြိမ်းချမ်းမှပဲ ကိုယ်သယ်ဆောင်ထားတဲ့ ဒဏ်ရာတွေကို ကုစားနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အဇ္ဈျတ္တမှာ ပျော်ရွှင်ငြိမ်းချမ်းမှုကို ခံစားရတဲ့အခါ ပျော်ရွှင်ငြိမ်းချမ်းမှုက ကူးပျံ့သွားနိုင်ပါတယ်။ သူတစ်ပါးအပေါ် သက်ရောက်နိုင်ပါတယ်
 
ဒါတွေဟာ မေတ္တာဘာဝနာရဲ့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတွေပဲ ဖြစ်ပါတယ်။ ခေတ်သစ်ကမ္ဘာက အသည်းအသန် လိုအပ်နေတာတွေ ဖြစ်ပါတယ်။ ကမ္ဘာ့အကြမ်းဖက်မှု၊ ခေတ်သစ်ကမ္ဘာမှာ ကျွန်တော်တို့ တွေ့နေရတဲ့ အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် ဆိုတာကို အကြံပြု တင်ပြချင်ပါတယ်။
သိမှတ်မှုရဲ့ အခန်းကဏ္ဍ
ပိုပိုပြီး ယန္တရားဆန်လာနေတဲ့ လူသားတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တဲ့ ဘာဝနာလုပ်ငန်းရဲ့ အခန်းကဏ္ဍ နောက်တစ်ခုကတော့ သိမှတ်မှု အလေ့အကျင့်၊ ပစ္စုပ္ပန်မှာ ရှိနေတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ နိုးကြားတက်ကြွတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မေတ္တာဘာဝနာ လိုပါပဲ ဒီသိမှတ်မှု အပိုင်းမှာလည်း အကျိုးအာနိသင်တွေ အများကြီး ရှိပါတယ်။ အကျိုးအာနိသင် တစ်ခုကတော့ အသိမြဲအောင် ကူညီပေးတာ ဖြစ်ပါတယ်။ အခိုက်အတန့် တစ်ခုပြီးတစ်ခု ကိုယ့်စိတ်မှာ၊ ကိုယ်ရုပ်မှာ၊ ကိုယ့်သန္တာန်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အတတ်နိုင်ဆုံး သိဖို့ ကူညီပေးပါတယ်။

ဒီလို သိမှတ်မှုကနေ . . . ကိုယ့်ကိုယ်ကိုယ် ဘာတွေ ပြုမိနေတယ်၊ သူတစ်ပါးအပေါ် ဘာတွေ ပြုမိနေတယ်ဆိုတာ သိနိုင်တဲ့ ထိုးထွင်းသိမြင်မှုကို ဖွံ့ဖြိုးစေပါတယ်။ ကိုယ့်အဇ္ဈတ္တမှာ ဆင်းရဲဒုက္ခတွေ ဘယ်လို ဖန်တီးမိတယ်၊ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို ဘယ်လို ဖန်တီးမိတယ်ဆိုတာ သိလာနိုင်ပါတယ်။

တစ်ခါတစ်ရံ သို့မဟုတ် အမြဲတမ်း ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို ကိုယ်ကိုယ်တိုင် ဘယ်လို ဖန်တီးမိတယ်ဆိုတာ သိလိုက်နိုင်ဖို့အတွက် သိမှတ်မှုက ကူညီပေးပါတယ်။ ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို ကိုယ်ကိုယ်တိုင် ဖန်းတီးတာပဲလို့ သတိနဲ့ သိလိုက်တဲ့ အခါမှာ ကိုယ်ဖန်တီးတဲ့ ဒုက္ခက လွတ်မြောက်ဖို့ ကိုယ်ကိုယ်တိုင်သာလျှင် တတ်နိုင်တယ်ဆိုတာ ထင်ရှားလာပါတယ်။ ဘာဝနာဆိုတာ ကိုယ့်ကြောင့်ဖြစ်တဲ့ ရောဂါအတွက် ဆေးဝါး ရှာဖွေတဲ့ နည်းလမ်းတစ်မျိုး ဖြစ်တယ်လို့ ဖွင့်ဆိုလိုက်ချင်ပါတယ်။

သိမှတ်မှုရဲ့ အခန်းကဏ္ဍ နောက်တစ်ခုက ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားဖို့ ကူညီပေးပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက . . . ကျွန်တော်တို့ဟာ အချိန်ကာလ အများစုမှာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရှင်သန်နေကြပါတယ်။ အတိတ်နဲ့ ရှင်သန်နေကြတယ်၊ အနာဂတ်နဲ့ ရှင်သန်နေကြတယ် ဆိုတာကို ကျွန်တော်တို့ သိဖို့ ခက်ပါတယ်။ အဲ့ဒီလို ရှင်သန်မှုက အကျင့်ဖြစ်နေလို့ပါ။ ယန္တရားဆန်နေကြလို့ပါ။ အသိသတိ မရှိကြလို့ပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါး အတွက်ပါ ပြဿနာတွေ ဖန်တီးမိတဲ့ နည်းလမ်းနဲ့ အတိတ်ကို ဘယ်လို အသုံးပြုနေတယ်၊ အနာဂတ်ကို ဘယ်လို အသုံးပြုနေတယ် ဆိုတာကို နားလည်သဘောပေါက်အောင် သိမှတ်မှုက ကူညီပေးပါတယ်။

အတိတ်ကိုရော၊ အနာဂတ်ကိုပါ ကျွန်တော်တို့ အသုံးပြုစရာ မလိုပါဘူး။ အတိတ်နဲ့ အနာဂတ်ကို ဆန်းသစ်တဲ့နည်းနဲ့ အသုံးပြုပုံကတော့ ရှိပါတယ်။ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်ကနေ လေ့လာသင်ယူနိုင်တယ်ဆိုရင် ပြောတာပါ။ လေ့လာစရာ အတွေ့အကြုံအဖြစ်၊ ဆရာတစ်ဆူ အဖြစ်နဲ့ အတိတ်ကို ရှုမြင်နိုင်တယ် ဆိုရင်ပေါ့။ ဒါကြောင့် အတိတ်က ဘယ်လိုအမှားတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ လုပ်ခဲ့မိတာတွေကို ဆုပ်ကိုင်ထားတာထက်၊ အပြစ်ရှိတယ်လို့ ခံစားနေတာထက်၊ ဆင်းရဲဒုက္ခ ရောက်နေတာထက် . . . ပြီးခဲ့တဲ့ မှားယွင်းမှုတွေကနေ ဘာတွေ လေ့လာသင်ယူနိုင်သလဲ ဆိုတာကိုပဲ မေးခွန်းထုတ်လိုက်ပါ။ အတိတ်နဲ့ ပတ်သက်ဖို့ အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အတိတ်ကို ၀န်ထုပ်ဝန်ပိုးအဖြစ် သယ်ဆောင်နေတာပဲ ဖြစ်ပါလိမ့်မယ်။ အချိန်အများစုမှာ ကျွန်တော်တို့ သယ်ဆောင်နေမိတဲ့ ၀န်ထုပ်ကို လွှတ်ချနိုင်အောင် ဒီလိုတွေးခေါ်ပုံက၊ ဒီအလေ့အကျင့်က ကူညီပေးပါတယ်။

အလားတူပါပဲ။ အနာဂတ်ကိုလည်း မိတ်ဆွေအဖြစ် အသုံးပြုနိုင်ပါတယ်။ သိကြတဲ့ အတိုင်းပါပဲ . . . အနာဂတ်ကို စဉ်းစားတဲ့အခါ စိုးရိမ်ရတတ်ပါတယ်။ မလုံခြုံမှုကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် အနာဂတ်နဲ့ မိတ်ဆွေဖွဲ့နိုင်တယ်၊ အနာဂတ်နဲ့ ပတ်သက်လို့ ပွင့်လင်းနိုင်တယ် ဆိုရင်တော့ အနာဂတ်နဲ့ ဆက်ဆံပတ်သက်ရာမှာ ဆန်းသစ်တဲ့ နည်းတစ်ခုပါပဲ။ ဒါ့ကြောင့် အသိရှိရှိနဲ့ အသက်ရှူတဲ့ အခါမှာ ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားတတ်အောင် သိမှတ်မှုကနေ သင်ယူနိုင်ပါတယ်။ အတိတ် အနာဂတ်တို့နဲ့ ဆက်ဆံပတ်သက်တဲ့ နေရာမှာ အတိတ်ကို ဆရာအဖြစ် ရှုမြင်နိုင်တယ်၊ အနာဂတ်ကို မိတ်ဆွေလို သဘောထားနိုင်တယ်ဆိုရင် လှပတဲ့ အသက်ရှင်နည်း၊ ဆန်းသစ်တဲ့ အသက်ရှင်နည်း၊ ပျော်စရာကောင်းတဲ့ အသက်ရှင်နည်း၊ ငြိမ်းချမ်းတဲ့ အသက်ရှင်နည်း ဖြစ်ပါလိမ့်မယ်။

သိမှတ်မှုကို အသုံးပြုတဲ့ နောက်တစ်နည်း ရှိပါသေးတယ်။ နာမ်ခန္ဓာ နဲ့ ရုပ်ခန္ဓာမှာ ဘာတွေဖြစ်နေတယ် ဆိုတာ လေ့လာဖို့၊ ဖော်ထုတ်ဖို့၊ ရှာဖွေဖို့၊ စူးစမ်းဖို့အတွက် သိမှတ်မှုကို အသုံးပြုနိုင်ပါတယ်။ မနှစ်သက်စရာ စိတ်ခံစားမှုတွေနဲ့ ဘယ်လိုဆက်ဆံ ပတ်သက်မလဲ ဆိုတာဟာ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ တကယ့် စိန်ခေါ်မှု တစ်ခုပါ။ ခေတ်သစ်လူသား ရင်ဆိုင်နေရတဲ့ ပြဿနာ တစ်ခုကတော့ စိတ်ဖိစီးမှု ပြဿနာပါပဲ။ နေရာတိုင်းမှာ ရှိတဲ့ ပြဿနာပါ။  ဒါ့ကြောင့် လူတွေဟာ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေနေကြပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ စိတ်ဖိစီးမှုကို စီမံနည်းဆိုတဲ့ သင်တန်းတွေ ရှိနေတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့က စိတ်ဖိစီးမှုကို အမြစ်ဖြတ်ဖို့ မကြိုးစားကြပါဘူး။ စီမံရုံ စီမံကြတာပါ။ ထိန်းချုပ်ကြတာပါ။ စိတ်ဖိစီးမှု ကြုံရတဲ့အခါ . . . ဘယ်လို အခြေအနေမှာ စိတ်ဖိစီးမှု ဖြစ်တာလဲ၊ ကျွန်တော်တို့မှာ အမှန်တကယ် ဘာတွေ ဖြစ်နေတာလဲ၊ စိတ်ပိုင်းဆိုင်ရာလား၊ ရုပ်ပိုင်းဆိုင်ရာလား . . . ရှာဖွေဖော်ထုတ်နိုင်အောင် သိမှတ်မှုက ကူညီပေးပါတယ်။ တွေ့ကြုံခံစားရတဲ့ မနှစ်သက်စရာ စိတ်ခံစားမှုကို ဒီနည်းနဲ့ ဖော်ထုတ်နိုင်ပါတယ်၊ လေ့လာနိုင်ပါတယ်၊ ရှာဖွေနိုင်ပါတယ်၊ စူးစမ်းနိုင်ပါတယ်။


:)
ရှင်အာစာရ

-----
နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Godwin Samararatne
The Basics of Buddhist Meditation (4 Talks)
Talks in Chi Lin Nunnery, Hong Kong
7th - 10th October 1998
(http://www.godwin-home-page.net/Living-Meditation-HK-98/Living-Meditation.htm)

No comments:

Post a Comment