Thursday, October 10, 2013

တရားမင်းသခင် - ၆၂။ ရှင်ဒေ၀ဒတ်၏ နောက်ဆုံးနေ့



မည်သည့် အထောက်အပံ့မှ မရရှိတော့ဘဲ ပစ္စည်းလေးပါး ဆင်းရဲနေသူ ဒေ၀ဒတ် ရဟန်းသည် သူ့တပည့်ကြီး ကောကာလိက၏ ထိုးနှက်တိုက်ခိုက်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံလိုက်ရပြီးနောက် အသည်းအသန် နာမကျန်း ဖြစ်လေ၏။ ကိုယ်ရောစိတ်ပါ အလွန်အမင်း ဆင်းရဲပင်ပန်းနေရသူ ရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကို သတိရမိ၏။ ဘ၀မကူးမီ ဘုရားရှင်ထံ အရောက်သွား၍ ကျူးလွန်မိသမျှ အပြစ်တို့ကို ခွင့်လွှတ်ရန် တောင်းပန်လို၏။ သို့ဖြစ်၍ ဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထိသို့ သွားရောက်ချင်နေသည်။ သို့သော် အခြံအရံများ မရှိတော့ပြီဖြစ်၍ သာဝတ္ထိသို့ သွားရောက်ရန် ယာဉ်တစ်စီးကိုပင် မရရှိနိုင်တော့ပေ။ တပည့်ကြီး နှစ်ပါးသာလျှင် ရှင်ဒေ၀ဒတ်ကို မစွန့်မခွာဘဲ ကျန်နေရစ်ခဲ့၏။ ထိုတပည့်ကြီး နှစ်ပါးက ရှင်ဒေ၀ဒတ်ကို ဝေါနှင့်ထမ်းသယ်၍ သာဝတ္ထိသို့ ပို့ပေးရသည်။ ခြေလျင်ဝန်ဆောင်ခရီး ဖြစ်သောကြောင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်ရှိရန် လပေါင်းများစွာ ကြာလေ၏။ ဘုရားရှင်၏ ရှေ့တော်မှောက်သို့ မရောက်မီ နာမကျန်းဖြစ်၍ ညစ်ပတ်နံစော်နေသည့် သူ့ခန္ဓာကို ရေချိုး၍ သုတ်သင်ရှင်းလင်းသင့်သည်ဟု ရှင်ဒေ၀ဒတ် စိတ်ကူးမိ၏။ ရေချိုးလိုစိတ် ဖြစ်ပေါ်နေသူ ရှင်ဒေ၀ဒတ်သည် လမ်းဘေးရေကန် တစ်ခု အနီးသို့ ရောက်သောအခါ သူ့တပည့်ကြီးများကို ရပ်တန့်ရန် အချက်ပေးလိုက်၏။

ရှင်ဒေ၀ဒတ်ကို ဝေါနှင့်သယ်ယူနေကြသည့် တပည့်ကြီးတို့သည် ရှင်ဒေ၀ဒတ်၏ ဆန္ဒအတိုင်း ရပ်တန့်လိုက်ပြီး ဝေါယာဉ်ကို မြေပြင်ပေါ်သို့ ချလိုက်ကြ၏။ တပည့်ကြီးများ အလွန်အမင် ပင်ပန်းနေကြ၏။ ဟောဟဲလိုက်၍ အမောဆို့နေကြသည်။ မြေပြင်ပေါ် ထိုင်ချလိုက်ရင်း ကိုယ်ပေါ်ရှိ ချွေးသီးချွေးပေါက်တို့ကို လက်နှင့်သတ်ချလိုက်ကြ၏။ ဇေတ၀န် ကျောင်းတော်ဆီ မျှော်ကြည့်ရင်း ဆရာသခင် ရှင်ဒေ၀ဒတ်ကို ပြိုင်တူ လျှောက်ထားလိုက်ကြ၏။

“အရှင်ဘုရား . . . ဇေတ၀န်ကျောင်းကို မြင်နေရပြီ။”

အတိဒုက္ခ ရောက်နေသူ ရှင်ဒေ၀ဒတ်အတွက် ဇေတ၀န်ကျောင်းဟူသော စကားသံကို ကြားလိုက်ရခြင်းသည်ပင်လျှင် နှစ်လိုဖွယ်ရာ ဖြစ်နေ၏။ အားအင်ချိနဲ့နေသူ ရှင်ဒေ၀ဒတ်သည် ဝေါယာဉ်ကို လက်နှက်ဘက်နှင့် ဖိထောက်ကာ အားယူ၍ ခေါင်းထောင်ကြည့်လိုက်သည်။ ဇေတ၀န် ကျောင်းတော်ဆီသို့ မျက်ရည်ပြည့်သည့် မျက်လုံးများဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။ မျက်ရည်များကြောင့် အမြင်ေ၀၀ါးနေသည်။ လက်နှစ်ဘက်ကို တုန်တုန်ခိုက်ခိုက် မတင်ပူးယှက်ကာ ဘုရားရှင်ကို ရည်ရွယ်၍ ဇေတ၀န် ကျောင်းတော်ဆီသို့ ရှိခိုနေ၏။ လက်အုပ်ချီမိုး ရှိခိုးနေစဉ် မျက်ရည်များ တပေါက်ပေါက် ကျလာ၏။ အောင့်သက်သက် နာကျင်နေသည့် ရင်ဘတ်ကို လက်သီးဆုပ်နှင့် ထုပုတ်လိုက်ပြီး စကားပြောရန် ကြိုးစား၏။ သို့သော် လည်ချောင်ယားလာပြီး ချောင်းနက်ကြီး ဆိုနေသောကြောင့် စကားမပြောလိုက်နိုင်ပေ။ ချောင်းဆိုးမရပ်နိုင်သဖြင့် အသက်လု၍ ရှူနေရသည်။ ချောင်းတဟွတ်ဟွတ် ဆိုးနေရင် တစ်ကိုယ်လုံး နှုံးခွေသွားပြီး ဝေါယာဉ်ထဲ လဲကျသွားကာ သွေးစိမ်းများ အန်ချလိုက်၏။ ပါးစပ်ကို လက်နှင့်ပွတ်သုတ်လိုက်ရာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံသွား၏။ ချက်ချင်းပင် ယင်မမဲရိုင်းများ တစ်ကောင်ပြီးတစ်ကောင် ရောက်လာကြကာ သွေးများပေကျံနေသည့် မျက်နှာနှင့် တစ်ကိုယ်လုံးအနှံ့ ၀ိုင်းအုံနေကြ၏။ ရှင်ဒေ၀ဒတ်သည် ယင်မမဲရိုင်းများကို မောင်းထုတ်ရန်ပင် ခြေလက်တို့ကို မလှုပ်ရွေ့နိုင်တော့ပေ။

ဆာလောင်မွတ်သိမ့်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ နှုံးခွေနေသူ တပည့်ကြီးတို့သည် ဝေါယာဉ်၏ တက်ဘက်တစ်ချက်၌ ခြေပစ်လက်ပစ် ထိုင်နေရင်း မြေပြင်ကိုငေးကြည့်လျက် နှုတ်ဆိတ်နေကြ၏။ ရှင်ဒေ၀ဒတ်သည် ဝေါယဉ်ပေါ်၌ လဲလျောင်းရင်း ချောင်းဆိုးနေ၏။ နာကျင်သည့် ရင်ဘက်ကို လက်နှင့်ဖိထားသည်။ ပက်လက်အိပ်နေရင် ဟာလာဟင်းလင်း ကောင်းကင်ပြင်ကို ငေးကြည့်နေ၏။ ကောင်းကင်းမှာ ရှင်းလွန်းလှ၏။ တိမ်မျှင်တစ်စမျှပင် မရှိပေ။ ရှင်ဒေ၀ဒတ်သည် နေအလင်းကို မကြည့်နိုင်သောကြောင်း မျက်လုံးများကို စေ့စေ့ပိတ်ထားလိုက်၏။ စကားဆိုရန် ကြိုးစားသော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ ပါးစပ်ပွင့်အောင်ပင် မဖွင့်နိုင်တော့ပေ။ လက်ထောက်၍ ထလိုက်ရန်လည်း အင်အား မရှိတော့ပေ။ သို့ဖြစ်၍ ဝေါယာဉ်ကို လက်နှင့် ကုတ်ခြစ်နေ၏။ တပည့်ကြီး နှစ်ပါးကို အချက်ပေး၍ ခေါ်နေခြင်း ဖြစ်၏။ တပည့်ကြီး နှစ်ပါးသည် ဆရာသခင် အချက်ပေး၍ ခေါ်နေသည်ကို သိသော်လည်း ပင်ပန်းလှသောကြောင့် ငြိမ်သက်နေကြ၏။ ဆရာသခင်ကို မတုံ့ပြန်နိုင်ကြပေ။ အ၀ိစိ ငရဲ့သို့ အရှင်လတ်လတ် ရောက်နေရပြီဟု ရှင်ဒေ၀ဒတ် ခံစားမိ၏။ ရှိရှိသမျှ အားအင်တို့ကို စုစည်း၍ ဝေါယာဉ်ကို လက်နှင့်ဖိထောက်ကာ မြေပြင်ပေါ် မတ်တတ်ရပ်ရန် ကြိုးစား၏။ ရှေးဦးစွာ ညာခြေကို မြေပြင်ပေါ် ချလိုက်၏။ ထို့နောက် ဘယ်ခြေကိုပါ မြေပြင်ပေါ် နင်းလိုက်သည်နှင့် မျက်လုံးများ ပြာဝေသွား၏။ တစ်ပြိုက်နက်တည်းမှာပင် မထိန်းနိုင်အောင် ချောင်းဆိုးလာပြန်၏။ ချောင်းသံ တိတ်သွားပြီး လည်ချောင်းခြစ်၍ ညီးတွားရင်း အမှိုက်တစ်စကဲ့သို့ အသက်မဲ့စွာ ပြေပြင်ပေါ် လဲကျသွား၏။ ရှင်ဒေ၀ဒတ်၏ ခန္ဓာကိုယ်သည် မြေပြင်ဖုန်မှုံ့ထဲ၌ တုန်တုန်ယင်ယင် ဖြစ်နေ၏။ မြေပြင်ပေါ်၌ လျောင်းစက်ရင်း ရှင်ဒေ၀ဒတ် အသက်ရှု ရပ်သွားတော့သည်။


:)
ရှင်အာစာရ



-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment