Monday, September 2, 2013

တရားမင်းသခင် - ၆၁။ အမေ့အတွက် သစ္စာလက်ဆောင်




သက်တော် ခုနစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်သော ဘဒ္ဒကဉ္စနာ (ယသောဓရာ) ထေရီမကြီးသည် အခြားဘိက္ခုနီများနှင့်အတူ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ကြွချီတော်မူနေ၏။ ဘဒ္ဒကဉ္စနာသည် မဂ်လေးပါး ဖိုလ်လေးပါးသို့ ဆိုက်ရောက်ပြီးသော အရိယာ သူတော်စင် ရဟန္တာထေရီမကြီး ဖြစ်၏။ အိုမင်း ရင့်ရော်နေပြီဖြစ်သော ထေရီမကြီးသည် အားအင်ချိနဲ့၍ တုန်တုန်ခိုက်ခိုက် ဖြစ်နေ၏။ ခါးအနည်းငယ်ကိုင်း၍ လက်ပြင်ကုန်းကုန်း ဖြစ်နေပြီး လမ်းလျှောက်တောင်ဝှေးကို ကိုင်စွဲလျက် ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေ၏။ ဆံပင်ဖြူ ခါးကိုင်း၍ ပါးရေနားရေ ကိုယ်ရေတို့ တွန့်နေပြီ ဖြစ်သော်လည်း မေတ္တာ အကြင်နာ ပြည့်ဝသော မျက်နှာထားမှာ ကြည်လင်သန့်ရှင်း၍ လန်းလန်းဆန်းဆန်း ရှိနေ၏။ ဆွဲဆောင်နိုင်သည့် ညှို့ဓာတ်ပါသော အပြုံးပွင့်တို့က ထေရီမကြီး၏ မျက်နှာသွင်ပြင်ကို အလှဆင်ပေးထား၏။ ထေရီမကြီးသည် ကောင်းမြတ်မှန်ကန်သော စကားတို့ကိုသာ သိမ်မွေ့ညင်သာစွာ ပြောဆိုလေ့ရှိ၏။ ရဟန္တာ ထေရီမများ ဖြစ်ကြသော နန္ဒာနှင့် ပဋာစာရီတို့သည် ဘဒ္ဒကဉ္စနာ ထေရီမကြီး၏ နောက်မှ လိုက်ပါနေကြ၏။ သားအပေါ် ထားရှိသည့် ဂေဟဿိတပေမ သံယောဇဉ်ကြောင့် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်နိုင်သေးသည့် ကဿပဘိက္ခုနီသည် နောက်ဆုံးမှ လိုက်ပါလာ၏။ မြို့တော် သာဝတ္ထိကို မြင်တွေ့လိုက်ရသော ကဿပဘိက္ခုနီသည် သားငယ်အကြောင်း ကြံစည်စဉ်းစားမိခဲ့သမျှတို့ သူ့စိတ်ထဲ ပြန်ပေါ်လာသောကြောင့် စိတ်လှုပ်ရှားသွား၏။ သားငယ်နှင့် မိခင်တို့ ခွဲခွာခဲ့ရသည်မှာ ခုနစ်နှစ် ရှိခဲ့ပြီ ဖြစ်၏။ ကဿပဘိက္ခုနီသည် အနီးအပါး ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စိတ်မထိန်းနိုင်အောင် ဖြစ်နေ၏။

သာဝတ္ထိမှ ကောသမ္ဗီသို့ သွားနေသည့် လှည်းငါးရာတို့သည် လမ်းမပေါ်၌ ဘိက္ခုနီမကြီးများနှင့် ဆုံမိ၏။ လှည်းတန်းကို ရှောင်ကွင်းကြသော ဘိက္ခုနီ ထေရီမကြီးတို့သည် လမ်းမ၏ လက်ျာဘက်ကို ယူလိုက်ကြ၏။ လှည်းတန်းကြီး ဆုံးရန် အချိန် အတော် ကြာပေလိမ့်မည်။ ထေရီမကြီးတို့ လှည်းတန်းကို ကျော်ကြည့်လိုက်လျှင် လမ်းမ၏ ဘယ်ဘက်ခြမ်းကို လှမ်း၍ မြင်နိုင်ကြ၏။ ကဿပဘိက္ခုနီသည် ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းရင် လမ်းမ၏ ရှေ့သို့ မကြာမကြာ လှမ်းမျှော်ကြည့်နေ၏။ မောင်းနှင်နေသည့် လှည်းနှစ်စီး နှစ်စီးတို့၏ အကြားအကြား၌ ပေါ်ပေါ်လာသည့် လမ်းမ၏ ဘယ်ဘက်ခြမ်းကိုလည်း လှမ်း၍လှမ်း၍ မျှော်ကြည့်နေ၏။ သူ့သားဖြစ်သူ သာမဏေ ကုမာရကဿပ ဤလမ်းတစ်လျှောက် ဆွမ်းခံကြွလိမ့်မည်ဟု ထင်မိသောကြောင့် သားကို မြင်လိုစိတ်ဖြင့် မျှော်ငေးနေခြင်း ဖြစ်သည်။

တစ်ပါးတည်း ဆွမ်းခံကြွသူ သာမဏေ ကုမာရကဿပသည် နောက်မှ မီလာသည့် လှည်းတန်းကြီးကို လမ်းဖယ်ပေးခဲ့ပြီး တိတ်ဆိတ်ညင်သာစွာ ဆက်လက် လျှောက်လှမ်းလာခဲ့၏။ သာမဏေနှင့် ထေရီမကြီးတို့ ခရီးရင်ဆိုင် ဆုံမိကြပြီး လှည်းတန်းကြီး ခြားလျက် လမ်းမ၏ တစ်ဘက်တစ်ချက်၌ ရှိနေကြ၏။

စိတ်လှုပ်ရှားလျှက် “သား . . . သား”ဟု ဟစ်အော်ရင်း လှည်းနှစ်စီးကြားမှ ဇွတ်ဖြတ်ဝင်၍ သူ့ထံသို့ လာနေသည့် ကဿပ ဘိက္ခုနီကို သာမဏေ ကုမာရကဿပ တအံ့တသြ တွေ့လိုက်ရသည်။ လှည်းနှစ်စီးကြား ခုန်ဝင်လိုက်သည့် ကဿပ ဘိက္ခုနီသည် ၀န်ဆောင်နွား၏ ဦးချိုဖျားနှင့် သီသီကလေး လွတ်သွား၏။ ဘိက္ခုနီသည် သာမဏေကို ပွေ့ဖက်လိုဟန်ဖြင့် လက်နှစ်ဘက်ကို ဆန့်တန်းထား၏။ သားဖြစ်သူ သာမဏေမှာ ရဟန္တာဖြစ်သည်ကို သတိထားမိလိုက်ချိန်၌ သားဖြစ်သူကို ပွေ့ဖက်မိတော့မလို ဖြစ်နေ၏။ သာမဏေသည် သပိတ်ပိုက်လျက် ရုပ်တုတစ်ခုကဲ့သို့ မတုန်မလှုပ် ရပ်နေ၏။ ဘိက္ခုနီသည် သားကို ပွေ့ဖက်ရန် ဟန်ပြင်ထားသည့် လက်များကို ရုပ်သိမ်းလိုက်သော်လည်း “သား . . . သား”ဟု ဟစ်အော်ခေါ်နေဆဲဖြစ်၏။ နို့စို့အရွယ် နို့ဆာ၍ ငိုတတ်သူ သားငယ်ကို မိခင်က ခွဲခွာခဲ့သည်မှာ ဆယ့်ငါးနှစ် ရှိပြီ ဖြစ်၏။ မိခင် ဘိက္ခုနီသည် သားငယ် သာမဏေ၏ ဖွံ့ထွားသည့် ကိုယ်ခန္ဓာကို ငေးကြည့်နေ၏။ သားငယ်၏ ကြော့ရှင်းသော လည်တိုင်နှင့် တောက်ပသည့် မျက်နှာသွင်ပြင်ကို ရှုမ၀အောင် ဖြစ်နေပြီး အာဘောင်အာရင်း သန်သန်နှင့် မနားတမ်း ပြောဆိုနေတော့၏။

“သား . . . သား . . .။ အမေ့ သား . . .။ သားကိုပဲ . . . သားအကြောင်းကိုပဲ အမေ . . . တစ်ချိန်လုံး စဉ်းစားနေတာ။ သားဟာ အမေ့ ကမ္ဘာပါ။ အမေ . . . သားကို လိုက်ရှာနေတာ။ သားနဲ့တွေဖို့ အမေ ရောက်လာတာ . . .။ သားကို အမေ ခွဲခဲ့တုန်းက . . . သားက . . . နို့စို့အရွယ်ပဲ ရှိသေးတာ။ နို့ဆာရင် . . . ငိုသေးတယ်။ ခုတော့ သား . . . အရပ်အမောင်း တော်တော်ကြီး ထွားနေပါပေါ့လား။ သား . . . ကြံ့ခိုင် သန်စွမ်းလိုက်တာ . . .။ အော် . . . မုဆိတ်ကျင်စွယ်တွေတောင် ရိပ်ထားတာပါလား။ ကံကောင်း ထောက်မလို့ သားနဲ့အမေ ပြန်တွေ့ရတာပဲ။ သားကို ချစ်တဲ့စိတ်နဲ့ အမေ . . . မူးမေ့သွားတော့မလို့ . . .။ သား . . .။ အို . . . အမေ့သား . . .။ အခု သား ဘယ်သွားမှာလဲ။ အမေ့သား ဆာနေပြီလား။ အမေက  . . . နေ့နေ့ညည . . . သားကိုပဲ သတိရနေတာ။ အခု သားကို တွေ့လိုက်ရတော့ အမေ . . . အမေ့နို့ရည်တွေ သက်ကျလာပြီ . . .။ သားအပေါ်ထားတဲ့ အမေ့မေတ္တာထက် ကြီးကျယ် မြင့်မြတ်တဲ့ အရာရယ်လို့ ဒီလောကမှာ မရှိပါဘူး သားရယ် . . .။”

ကဿပဘိက္ခုနီသည် ပြင်းပျသော ဂေဟဿိတပေမဖြင့် သားဖြစ်သူကို ငေးမော ကြည့်ရှုလျက် သားဖြစ်သူကို လက်ျာရစ် ပတ်၍ လျှောက်နေရင်း အရူးမ တစ်ယောက်ကဲ့သို့ တတွတ်တွတ် ပြောဆိုနေ၏။

သာမဏေ ကုမာရကဿပသည် ဘိက္ခုနီမကြီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အမေ ဖြစ်သည်ဟု သိလိုက်၏။ မိခင်ကို တုပ်နှောင်ထားသည့် သားဟူသော ချစ်ခြင်းဖြင့် တွယ်တာသည့် သံယောဇဉ်ကြိုးကို ဖြေလျှော့ရန် ရည်ရွယ်၍ . . .

“မယ်တော် . . . မယ်တော်က ကိုရင့်ကို . . . မယ်တော့်သားလို့ ဘယ်လိုလုပ် သိတာလဲ”ဟု မိခင်ကို မေး၏။

“သားရယ် . . . သားနဲ့အမေ . . . ဆယ့်ငါးနှစ် မကလို့ . . . အနှစ်သုံးဆယ်ထိ ခွဲခွာနေရရင်တောင်မှ အမေက ကိုယ့်သားကိုယ် မှတ်မိတာပေါ့။ ကိုယ့်သားကိုယ် တွေ့လို့မှ ကိုယ့်သားမှန်း မသိရင် . . . အမေ မဟုတ်လို့ပေါ့ကွယ်။”

“မယ်တော်ကြီးနဲ့ ခွဲခဲ့ရတုန်းက . . . ကိုရင်က နို့စို့အရွယ် ရှိသေးတာပဲ။ အခု . . . အများကြီး ကွားခြားနေပြီပဲ။”

“အမေ့ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ အမေ့သွေး အမေ့သား . . . အမေ့သား အရင်းကို အမေ မမှတ်မိနိုင်ပါဘူးလို့ သားက ဆိုလိုတာလား။ အမေဆိုတာ ထူးထူးခြားခြား အာရုံခံနိုင်တယ် သားရဲ့ . . .။ အနံ့ခံပြီး သိတာပေါ့ သားရယ်။ အမေ . . . ပြောမပြတတ်လောက်အောင် . . . အတိုင်းမသိ . . . ပျော်သွားတာပဲ။

သားကို အမေ ၀မ်းနဲ့လွယ်ထားရတုန်းက . . . အမေ နှိမ့်ချခံရတာတွေ . . . စွပ်စွပ်စွဲစွဲ စော်ကားခံရတာတွေ . . . မိုးမဆုံး မြေမဆုံးပါပဲ သားရယ် . . .။ အမေ စော်ကားခံရလေလေ သားအပေါ်ထားတဲ့ အမေ့မေတ္တာ ကြီးမားလာလေလေပဲ။

အမေပါကွယ် . . .။ သားရဲ့အမေ အစစ်ပါ . . .။

အမေ့နို့တွေ နို့ရည်သက်နေပြီ . . .။ သားအတွက် နို့ရည်တွေ . . . တင်းနေပြီ။ အမေ့ သားလေး . . .။ ငယ်ငယ်ကလို ပျော်ပျော်ရွှင်ရွှင် နို့စို့ပါဦး . . .။”

“မယ်တော်ကြီး . . . အဲဒီ ဂေဟဿိတ သံယောဇဉ်ကြောင့် . . . မယ်တော်ကြီး ခုချိန်ထိ သစ္စာတရားကို ထိုးထွင်းပြီး မသိနိုင်သေးတာပဲ။ ကိုရင့်ကိုပဲ ချစ်မနေပါနဲ့။ မယ်တော်ကြီးရဲ့ မေတ္တာကို ကန့်သတ်မထားပါနဲ့။ စကြ၀ဠာ အနန္တမှာ ရှိကြတဲ့ အနန္တ သတ္တ၀ါတွေအထိ မယ်တော်ကြီးရဲ့ မေတ္တာကို ဖြန့်ကျက်လိုက်ပါ။”

“ဟုတ်ပြီ . . . သား။ အမေ့ မေတ္တာကို . . . ဖြန့်ကျက်မယ်။ သား စကားကို အမေ နားထောင်မယ်။ သားဆီက . . . အမေ တရားတစ်ပုဒ်လောက် နာပါရစေ . . .။ ဘယ်တရားကမှ သားဆီက အမေ နာရတဲ့ တရားထက် မမြင့်မြတ်နိုင်ပါဘူး။ သား . . . အမေ့ကို သစ္စာတရား ဟောပါဦး . . .။ ကြည်ညိုသဒ္ဓါပွားပြီး ရိုရိုသေသေနဲ့ . . . အလေးအနက်ထားပြီး အမေ . . . တရားနာပါ့မယ်။”

ကဿပ ဘိက္ခုနီသည် ပြောပြောဆိုဆိုနှင့် သားဖြစ်သူ သာမဏေ၏ ရှေ့မှောက်၌ ဒူးထောက် ထိုင်ချလိုက်ပြီး အေးဆေးတည်ငြိမ်စွာ နားစွင့်နေ၏။

“မယ်တော် . . . မယ်တော်ဟာ သားကို ချစ်တတ်လွန်းတဲ့အတွက် ကမ္ဘာပေါ်မှာ ရှာမှရှားတဲ့ စံပြမိခင်တစ်ယောက်လို့ လူတွေက မယ်တော့်ကို အသိအမှတ် ပြုကြတယ်။ မယ်တော်ရဲ့ အချစ်က မယ်တော့်ကို ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ပေးနိုင်သလား . . .။”

“သားရယ် . . . စောင်းမြောင်းတာတွေ စွပ်စွဲတာတွေ စော်ကားတာတွေ အမျိုးမျိုးကို အမေ ရင်ဆိုင်ခဲ့ရတာပါ။ သားအတွက် မေမေ ကျခဲ့ရတဲ့ မျက်ရည်တွေဟာ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာထဲက ရေတွေထက် ပိုများပါတယ်။ အမေ့ရှေ့မှာ သား ရောက်နေတာ မြင်လိုက်ရတော့ အမေ ရင်ဆိုင်ခဲ့ရတာတွေ အားလုံးကို မေ့သွားတာပဲ . . .။ သားကို မြင်လိုက်ရတော့ အမေ ဖြေသိမ့်နိုင်ပါပြီ။ အမေ ပျော်လိုက်တာ သားရယ် . . .။”

“ကိုရင့်ကို မတွေ့ရ မမြင်ရတဲ့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကို မယ်တော်ကြီး ဘယ်လို ဖြတ်သန်းခဲ့သလဲ။”

“သားရယ် . . . အမေ အိပ်နေတဲ့ အခါမှာပဲ ဖြစ်ဖြစ် နိုးနေတဲ့ အခါမှာပဲ ဖြစ်ဖြစ် . . . အမေ . . . သားနဲ့အတူ ရှိနေတာပါ။ သားနဲ့လည်း စကားပြောလို့ ရတာပဲ။ သားကို ပွေ့ဖက်ထားလို့လည်း ရတာပဲ။ သားကိုတောင် အမေ . . . နို့တိုက်လိုက်သေးတယ် . . .။ အမေ့ ရင်ခွင်ထဲမှာ နို့စို့ရင်း . . . သား ခြေလေး တွဲလောင်းချထားတာ . . . ခုထိ မြင်ယောင်မိသေးတယ်။ . . . အမေ့ရဲ့ စိတ်ကူးကမ္ဘာပေါ့ . . . သားရယ် . . .။ သားကို မျက်မြင်ကိုယ်တွေ့ တွေ့ချင်စိတ်တွေ ပြင်းထန်လာရင်တော့ . . . အမေ မျက်ရည်စို့ရတော့တာပေါ့။ စားနေတဲ့ အစာလည်း ပါးစပ်ထဲမှာပဲ . . . မျိုချလို့ မရတော့ဘူး . . .။ အမေ သိမ်ငယ်ခဲ့ရတယ် . . . စိတ်ပန်း ကိုယ်ပန်းနဲ့ လေးလေးပင်ပင်ကြီး ခံစားနေခဲ့ရတယ် သားရယ် . . .။”

“မယ်တော်ကြီး . . . သင်္ကန်းဝတ်ထားတဲ့ အပူသည် မိခင်တစ်ယောက်အဖြစ် မယ်တော့်ကို မြင်မိတယ်။ ကိလေသာ ပယ်ခွာတဲ့ ဘုရားသမီးတော် ဘိက္ခုနီတစ်ပါးအဖြစ် မမြင်မိဘူး။ မယ်တော်ကြီး . . . ကိုရင့်ကို ထွေထွေထူးထူး မဆက်ဆံပါနဲ့။ ကိုရင်နဲ့ ပတ်သက်လို့ ထွေထွေထူးထူး မခံစားပါနဲ့။ တွယ်တာမှု သံယောဇဉ်ကြောင့် ဆင်းရဲရတယ်လို့ ဘုရားသခင် ဟော်တော်မူပါတယ်။ ဒီကမ္ဘာ လောကဟာ နှောင်ကြိုးတွေနဲ့ တုပ်နှောင်ခံထားရတာပဲ။ နှောင်ကြိုးတွေကို ဖြေလျှော့ပြီး ၀ိမုတ္တိရသကို ခံစားချင်တယ်ဆိုရင် လောကီဆန္ဒ လောကီတပ်မက်မှုတွေကို သုတ်သင်နိုင်ရမယ်။ မယ်တော်ကြီးရဲ့ မိခင်မေတ္တာဟာ မယ်တော်ကြီးကို လူသားမိခင်ပဲ ဖြစ်စေနိုင်တယ်။ သတ္တ၀ါတွေ ချမ်းသာဖို့အတွက် ကိုယ်ကျိုးစွန့်လွှတ်ပြီး တရားရှာတဲ့ ဘိက္ခုနီတစ်ပါးဖြစ်အောင် လုပ်မပေးနိုင်ဘူး။ မယ်တော်ကြီး . . . ကိုရင်ကတော့ ၀ိမုတ္တိကို ရထားပြီးပြီ။ ကိလေသာ မှန်သမျှကို ချိုးဖျက်ပြီးပြီ။ ဘာသံယောဇဉ်မှ မရှိတော့ဘူး မယ်တော်ကြီး . . .”ဟု သာမဏေက မိန့်ကြား၏။

လှည်းတန်းထဲမှ နောက်ဆုံး လှည်းတစ်စင်း ကျော်လွန်ဖြတ်သန်း နေချိန်၌ ဘဒ္ဒကဉ္စနာ ထေရီမကြီးနှင့် အခြား ဘိက္ခုနီ နှစ်ပါးတို့သည် ကဿပဘိက္ခုနီနှင့် သားငယ်သာမဏေတို့ထံသို့ ရောက်ရှိလာကြ၏။ သား၏ရှေ့၌ ဒူးထောက်နေဆဲဖြစ်သော ကဿပဘိက္ခုနီသည် မတ်တတ်ရပ်လိုက်ပြီး ပီတိမျက်ရည်များကို သုတ်ပစ်နေ၏။ သူ့သင်္ကန်း၌ နို့ရည်စိုနေသည့် နေရာကို ဖုံးကွယ်နေ၏။ ထွက်ခွာသွားနေသော သားငယ် သာမဏေကို နောက်ဆုံးအနေနှင့် လှမ်း၍ ကြည့်လိုက်ပြီး ဘဒ္ဒကဉ္စနာ ထေရီမကြီးကို ရိုကျိုးစွာ လျောက်ထားနေ၏။

“အရှင်မ . . . တပည့်တော် . . . သားဆီက တရားနာခဲ့ရပါတယ်။ တပည့်တော် . . . သံယောဇဉ်တွေကို ပယ်စွန့်လိုက်ပါပြီး ဘုရား . . .။”


:)
ရှင်အာစာရ


-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment